အခန်း (၁၆)
Vol. 2 Ch. 16
ကျုန်းဟုန်သည် တင်းမာနေသော မျက်နှာထားဖြင့် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားသည်။
စိတ်ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာပြီးနောက် သားရဲကြီးငါးကောင်သည် အရွယ်အစား အဆများစွာ ကြီးထွားလာကာ သွေးရောင်စွမ်းအင်များက ထိုသားရဲများ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေသည်။
ကျုန်းဟုန်၏ ကျောပြင်တွင် အေးစက်သော ချွေးစီးများ ကျဆင်းလာကာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရသည်။
ကောင်းကင်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်း ပိတ်လုနီးပါး ဖြစ်နေသော်လည်း အလွန်အားကောင်းသော အရှိန်အဝါတစ်ခုသည် ထိုနေရာမှတစ်ဆင့် အရှိန်ဟုန်ပြင်းစွာ ဖြတ်သန်းလာသည်။
"ကြယ်ထိုးခွဲသံလက်သီး သွေးမိစ္ဆာ သားရဲများ"
"ဝုန်းးး"
ကောင်းကင်ပြိုကျသကဲ့သို့ နားကွဲမတတ် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် ဘယ်ဘက်လက်သီးမှ လာခြင်းဖြစ်သည်။
နောက်တစ်ခဏတွင် ကျုန်းဟုန်သည် အလွန်လျင်မြန်လှသော အမြန်နှုန်းဖြင့် ကုန်းပတ်ပေါ်တွင် လဲလျောင်းနေသော ချန်ချန်ကို ဆွဲယူကာ ထိတ်လန့်တကြား ထွက်ပြေးလေသည်။
တစ်ချိန်တည်းတွင် အဆုံးမဲ့ ဟင်းလင်းပြင်ထဲ၌ ကျုံးရှန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် လမ်းလျှောက်လာနေသည်။
မသေမျိုးတစ်သန်းတောင်တန်းသည် အလွန်ဝေးကွာလှပြီး နန်ယန်စီရင်စုအတွင်း မတူညီသော အရပ်မျက်နှာနှစ်ခုတွင် တည်ရှိသည်။
ကျုံးရှန်သည် သူ၏ မဟာသဘာဝလွန် စွမ်းအားများကို အသုံးပြုကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး တည်နေရာကို ရှာဖွေကာ ဖြတ်ကျော်လာခဲ့လျှင်ပင် ဦးတည်ရာနေရာသို့ ရောက်ရှိရန် ထွက်သက်ဝင်သက် နှစ်ကြိမ် သုံးကြိမ်ခန့် ကြာမြင့်ပေလိမ့်မည်။
ဤအမြန်နှုန်းထားသည် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
သိထားရသည်မှာ နိယာမနယ်ပယ်၏ အဆင့် ၂၅ တွင်ရှိနေသည့် ကျွမ်းကျင်သူ ကျုန်းဟုန်သည်ပင် ရှေးဟောင်းနက်နဲသော နေရာရွှေ့ပြောင်းခြင်းနည်းလမ်းကို အသုံးပြုခဲ့လျှင်ပင် ဤနေရာသို့ ရောက်ရန် နှစ်ရက်ကြာမြင့်ခဲ့သည်။
"ဟမ်.."
ကျုံးရှန်သည် သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသော သွေးဆာနေသည့် စွမ်းအင်ငါးခုကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုစွမ်းအင်များသည် ကျုံးရှန်ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ဝင်ရောက်လာသည်။
"ဒါတွေက ကြယ်ထိုးခွဲသံလက်သီး လက်နက်ပေါ်က သွေးမိစ္ဆာသားရဲ ခေါင်းငါးလုံးမလား"
ကျုံးရှန် တွေးလိုက်သည်။
"ဒီပစ္စည်းက ရှေးဟောင်းဟင်းလင်းပြင်သံလက်သီးသူတော်စင် ရဲ့ အမှတ်အသား လက်နက်ပဲ"
"ဒဏ္ဍာရီတွေအရ ရှေးခေတ်တုန်းက တာအိုဧကရာဇ်နဲ့ ဟင်းလင်းပြင်သံလက်သီးသူတော်စင်တို့က မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြပြီး နတ်ဘုရားသားရဲတွေ မိစ္ဆာသားရဲတွေကို အတူတူ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုကြတယ်"
"အထွတ်အထိပ်တာအိုခန္ဓာ နဲ့ သူတော်စင်တာအိုအရိုး ကို အသီးသီး ဆက်ခံကြတဲ့ ဆက်ခံသူနှစ်ယောက်က ဒီလို ရေစက်ဆိုးနဲ့ ပြိုင်ဘက်တွေ ဖြစ်လာမယ်လို့ ငါမထင်ထားခဲ့မိဘူး"
"ကံတရားက လူတွေကို လှည့်စားသလို လူတွေကလည်း ကံတရားကို ပြန်လှည့်စားတတ်ကြတယ်ကိုး"
ကျုံးရှန်သည် နောင်တကြီးစွာဖြင့် သက်ပြင်းချလိုက်သည်။
သူတော်စင်တာအိုအရိုးကို ကျုံးထျန်းယွဲ့အား ပေးအပ်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ကြောင်း ကျုံးရှန် မေ့နေပုံရသည်။
ကျုံးရှန် သက်ပြင်းချလိုက်စဉ်မှာပင် သွေးမိစ္ဆာစွမ်းအင်ငါးခုသည် ကျုံးရှန်ထံသို့ ရောက်ရှိလာသည်။
"မင်းတို့ ရောက်လာမှတော့ သခင်အစစ်ဆီကို ပြန်သွားလိုက်ကြတော့"
ကျုံးရှန်က ပေါ့ပါးစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဆန်းကြယ်ပြီး ဖော်ပြ၍မရနိုင်သော စွမ်းအင်စီးကြောင်းတစ်ခု ဟင်းလင်းပြင်ထဲတွင် ပေါ်လာသည်။
ထို့နောက် သွေးမိစ္ဆာစွမ်းအင်ငါးခုသည် လေထုခဲသွားသကဲ့သို့ ထိုနေရာတွင် ရပ်တန့်သွားပြီး မူလကတိုက်ခိုက်မည့် အရှိန်အဟုန်များ ပျောက်ကွယ်သွားကြသည်။
သွေးရောင်လိပ်ပြာငါးကောင်ကဲ့သို့ ထိုစွမ်းအင်များသည် နေရာတွင်ပင် နိမ့်ချည်မြင့်ချည် ဖြစ်နေကြသည်။
"ဒီကိုလာခဲ့"
ကျုံးရှန်က လက်လှမ်းပြီး ဖမ်းယူလိုက်သည်။
သွေးမိစ္ဆာစွမ်းအင်များသည် ချက်ချင်းပင် သွေးရောင် ရှိသော သားရဲခေါင်းငါးလုံးအဖြစ် ပြောင်းလဲကာ ကျုံးရှန်၏ လက်ထဲသို့ ရောက်ရှိလာသည်။
"ဝီ...."
ကျုံးရှန် ကိုင်လိုက်သည်နှင့် တပြိုင်နက် သားရဲခေါင်းငါးလုံးသည် တုန်ခါလာပြီး ညီးညူသံများ ထွက်ပေါ်လာသည်။
ကြီးမားသော စွမ်းအားတစ်ခု ကျုံးရှန်လက်မှ ထွက်ပေါ်လာသည်။ ထိုခေါင်းများသည် ဉာဏ်ရည်ရှိကြပြီး လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေကြသည်။ သူတို့သည် ထွက်ပြေးရန် အစွမ်းကုန် ရုန်းကန်နေကြသည်။
"ငါပြောတာ နားထောင်စမ်း…"
ကျုံးရှန်က ညင်သာသော်လည်း ပြတ်သားသော အသံဖြင့် အမိန့်ပေးလိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်များ သူ၏လက်မှတစ်ဆင့် စီးဆင်းသွားသည်။ ထိုစွမ်းအင်သည် သားရဲခေါင်းငါးလုံးကို လုံးဝ ဖိနှိပ်လိုက်သည်။
ဤခေါင်းများသည် ကြယ်ထိုးခွဲသံလက်သီး လက်နက်ပေါ်မှ အလှဆင်ပစ္စည်း သက်သက်သာ ဖြစ်သည်။
ထို့နောက် ကျုံးရှန် ခြေတစ်လှမ်းဖြင့် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။
ကျုံးရှန်ထွက်လာပြီသည်နှင့် ပေတစ်ထောင်ရှည်သော အက်ကွဲကြောင်းကြီးသည် တဖြည်းဖြည်း ပိတ်သွားပြီး ကောင်းကင်ကြီးသည်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
ထွက်လာသည်နှင့် ကျုံးရှန်သည် သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်အား ရှာဖွေလိုက်သည်။ ထိုအခါ မိုင်တစ်ရာအကွာသို့ ထွက်ပြေးသွားသော ကျုန်းဟုန်နှင့် ချန်ချန်တို့ကို ကျုံးရှန် ချက်ချင်း တွေ့လိုက်ရသည်။
သူတို့နှစ်ဦး၏ ဘေးပတ်လည်တွင် အားကောင်းသော ဟင်းလင်းပြင်နိယာမတစ်ခု တဖြည်းဖြည်း ဖွဲ့စည်းနေသည်။
ဤသည်မှာ နယ်ပယ်ဖောက်ထွက်ခြင်း အဆောင်လက်ဖွဲ့ အသက်ဝင်တော့မည့် လက္ခဏာဖြစ်သည်။ ဟင်းလင်းပြင်နိယာမ အပြည့်အဝ ဖွဲ့စည်းပြီးပါက ကျုန်းဟုန်နှင့် ချန်ချန်ကို မိုင်ပေါင်း ဘီလီယံချီ ဝေးကွာသော နေရာသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်မည်ဖြစ်ပြီး နန်ယန်စီရင်စုမှ လွတ်မြောက်သွားစေမည်ဖြစ်သည်။
"နယ်ပယ်ဖောက်ထွက်ခြင်း အဆောင်လက်ဖွဲ့လား မဆိုးဘူးပဲ ဒီနှစ်ယောက်က တာအိုဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ ရတနာတွေကို တော်တော်များများ ရထားပုံရတယ်"
ကျုံးရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ကံဆိုးတာကတော့ အားလုံး အလကား ဖြစ်သွားရပြီ"
ကျုံးရှန်သည် ထွက်ပြေးနေသော လူနှစ်ယောက်ရှိရာသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ရုပ်ရှင်ကို အမြန်ရစ်လိုက်သကဲ့သို့ တောင်များနှင့် မြစ်များသည် ပြောင်းပြန်လည်ကာ လျှပ်စီးအမြန်နှုန်းဖြင့် ဖြတ်သန်းသွားသည်။
ကျုံးရှန် ရပ်တန့်လိုက်ချိန်တွင် သူသည် မိုင်တစ်ရာခရီးကို ချက်ချင်း ဖြတ်ကျော်ပြီးဖြစ်ကာ ကျုန်းဟုန်၏ ရှေ့တည့်တည့်တွင် ရောက်နေပြီဖြစ်သည်။
ဤသည်မှာ အထွတ်အထိပ် နတ်ဘုရားစွမ်းအင်ဖြစ်သော လက်တစ်ကမ်းကမ္ဘာ ပင်ဖြစ်သည်။
ထိုလူနှစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပင် လက်တစ်ဖက် ဆန့်ထွက်လာပြီး သူတို့ကို ဖမ်းဆုပ်လိုက်သည်။ ထိုလက်သည် အချိန်ကာလ၏ တိုက်စားခြင်းမခံရသော လူငယ်လေးတစ်ယောက်၏ လက်ကဲ့သို့ ဖြူစင်သန့်ရှင်းနေသည်။
သာမန်လက်တစ်ဖက်ဟု ထင်ရသည်။
သို့သော် ကျုန်းဟုန်နှင့် ချန်ချန်တို့၏ မျက်လုံးထဲတွင်မူ ထိုလက်သည် ဖော်မပြနိုင်သော ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ယူဆောင်လာသည်။
ကမ္ဘာကြီးက အတိုင်းအစမရှိ ကျယ်ပြောသော်လည်း ဤလက်ဝါးအောက်မှ လွတ်မြောက်ရန် နေရာမရှိသကဲ့သို့ ကျုန်းဟုန် ခံစားလိုက်ရသည်။
ရုတ်တရက် ကျုန်းဟုန်၏ မျက်လုံးများ ဗလာဖြစ်သွားသည်။ ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသွားသကဲ့သို့ မျက်လုံးများက ဟာလာဟင်းလင်းနှင့် ထုံထိုင်းသွားသည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင်းရှိ ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်အားလုံး ရူးသွပ်စွာ လည်ပတ်လာပြီး ဒန်တျန်ထဲရှိ အားကောင်းသော ရွှေအမြုတေထဲသို့ စီးဝင်သွားသည်။
"ဝုန်း…"
ကျုန်းဟုန်သည် ချန်ချန်ကို ဆွဲယူပြီး အဝေးသို့ လွှင့်ပစ်လိုက်သည်။
ထို့နောက် ကျုန်းဟုန်သည် ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် ကျုံးရှန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားပြီး တားဆီးလိုက်သည်။
ကျုန်းဟုန်က ကျုံးရှန်ကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက် ကျုန်းဟုန် စကားပြောလိုက်သော်လည်း ထိုအသံသည် အခြားလူတစ်ယောက်၏ အသံဖြစ်နေသည်။
အသံသည် ခမ်းနားထည်ဝါပြီး အားကောင်းကာ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
"မင်းကများ ရာရာစစ ငါ့ရဲ့ အမွေဆက်ခံသူ အင်ပါယာသမီးတော်ကို ထိရဲတယ်ပေါ့ သေစမ်း…"
ကျင့်ကြံခြင်း ရွှေအမြုတေသည် နားကွဲမတတ် အသံကြီးနှင့်အတူ ကွဲကြေသွားသည်။ ထို့နောက် နှစ်ပေါင်းများစွာ စုဆောင်းထားသော စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ လျင်မြန်စွာ ကျုံ့ဝင်သွားသည်။
နောက်ဆုံးတွင် အလွန်သေးငယ်ပြီး အားကောင်းသော အစက်အပြောက်လေး တစ်ခုအဖြစ်သို့ ရောက်သွားသည်။
ထိုခဏ၌ လေထုပင် ခဲသွားသကဲ့သို့ ဖြစ်သွားသည်။
ထိုအစက်အပြောက်လေးသည် ချက်ချင်းပင် ပြန့်ကားလာသည်။
"ဘုန်းး…"
ရွှေအမြုတေသည် ပေါက်ကွဲသွားလေပြီး နန်ယန်စီရင်စုကြီးတစ်ခုလုံးကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
နိယာမနယ်ပယ်၏ အဆင့် ၂၅ အတိတ်ကို ပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ဖောက်ခွဲမှုသည် အလွန်ကြောက်စရာ ကောင်းလှသည်။ အင်မော်တယ်မင်းဆက် တစ်ခုလုံးကို သေမင်းနယ်မြေ ဖြစ်သွားစေနိုင်လောက်အောင် စွမ်းအားကြီးမားသည်။
ထို့အပြင် ကျုံးရှန်သည် ပေါက်ကွဲမှု၏ အလယ်တည့်တည့်တွင် ရှိနေသောကြောင့် အခြေအနေမှာ ပို၍ဆိုးရွားသည်။
တစ်စက္ကန့်မပြည့်ခင်မှာပင် ပေါက်ကွဲမှုသည် မိုင်ပေါင်း တစ်သိန်းအထိ လွှမ်းခြုံသွားပေလိမ့်မည်။
ထိုအချိန်တွင် ကျုံးရှန်မှလွဲ၍ မည်သည့်သက်ရှိမှ အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
ကျုံးချီမင်ပင်လျှင် ထွက်သက်ဝင်သက် တစ်ဝက်လောက်သာ ခံနိုင်ရည်ရှိမည်ဖြစ်သည်။ ယင်ထျန်းလှေကြီး ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
မှော်အတားအဆီး၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ထားလျှင်ပင် ပေါက်ကွဲမှုကြောင့် ချက်ချင်း အစမကျန် ပျက်စီးသွားလိမ့်မည်။
ပေါက်ကွဲမှု မပြန့်ပွားခင် အချိန်ပိုင်းလေးအတွင်းမှာပင် ကျုံးရှန်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပေါက်ကွဲမှုဆီသို့ တိုးဝင်သွားသည်။ ထို့နောက် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ကျုံးရှန်သည် ထိုကြောက်မက်ဖွယ်ကောင်းသော ကိုယ်ဖောက်ခွဲမှု စွမ်းအားကြီးကို လက်ဗလာသက်သက်ဖြင့် အတင်းအဓမ္မ တားဆီးလိုက်သည်။
နောက်ဆုံးတွင် ပေါက်ကွဲမှုသည် ပြိုပျက်သွားပြီး တောက်ပသော စက်လုံးတစ်ခုအဖြစ်သို့ ပြန်လည်ကျုံ့ဝင်သွားသည်။
ကျုံးရှန်က လက်ညှိုးတစ်ချောင်း ထောင်လိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် စည်းတစ်ခု ဝိုင်းလိုက်သည်။
ဝေးကွာသော ဟင်းလင်းပြင် တည်နေရာတစ်ခုကို ရွေးချယ်ပြီး ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခုကို ဆွဲဖြဲလိုက်သည်။
ပြီးနောက်တွင် ကျုံးရှန်သည် စွမ်းအင်စက်လုံးကို ထိုအက်ကွဲကြောင်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။
အဆုံးမဲ့ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာတွင် ထိုစက်လုံးသည် ပြင်းထန်သော အသံကြီးနှင့်အတူ ပေါက်ကွဲသွားသည်။
ပေါက်ကွဲမှုစွမ်းအားသည် ရွှံ့နွံထဲ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့ပျောက်ကွယ်သွားပြီး လှိုင်းဂယက်လေး တစ်ခုပင် မဖြစ်ပေါ်စေခဲ့ပေ။
လူတိုင်း မယုံကြည်နိုင်စွာ ငေးကြည့်နေမိကြသည်။ ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီးသည် မိုင်တစ်ရာအကွာတွင် ရှိသင့်သော်လည်း ယခုအခါ အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ထိုကဲ့သို့သော နည်းလမ်းများသည် လူအုပ်ကြီး၏ တွေးခေါ်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဤမျှ အစွမ်းထက်လှသည့် ပုဂ္ဂိုလ်က မည်သူနည်း။
ကျုံးချီမင်နှင့် ကျုံးထျန်းယွဲ့တို့သာလျှင် ဂုဏ်ယူဝင့်ကြွားမှုနှင့် စိတ်သက်သာရာရမှုတို့ ရောပြွမ်းနေသော မျက်နှာထားများဖြင့် ရှိနေကြသည်။
သူတို့၏ ဘိုးဘေးဖြစ်ထိုက်ပေသည်။ ဤကဲ့သို့ နတ်ဘုရားတစ်ပါးလို အစွမ်းထက်လှသည့် ဘိုးဘေးမျိုး ရှိနေမှတော့ မည်သည့်အင်ပါယာ သို့မဟုတ် မည်သည့်သူတော်စင်ကများ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေကို အနိုင်ကျင့်ရဲဦးမည်နည်း။