အခန်း (၁၇)
Vol. 2 Ch. 17
"ကြီးမြတ်သော တာအိုဧကရာဇ်... မင်းက ရှေးခေတ်ကာလကတည်းက သေဆုံးခဲ့ပြီးပြီ ဒါပေမဲ့ မင်းက ပြန်လာဖို့ ကြိုးစားပြီး ကောင်းကင်တာအိုကို လှည့်စားဖို့ ကြိုးစားနေတုန်းပဲ"
"မင်းက အနာဂတ်ကို တွက်ချက်ဖို့ နတ်ဘုရားစွမ်းအားကို အသုံးပြုခဲ့တယ် ဆက်ခံသူတစ်ယောက်ကို မြင်ခဲ့တယ် ဒါပေမဲ့ မင်း အပြောင်းအလဲတစ်ခုကို မမြင်ခဲ့ဘူး အဲဒီအပြောင်းအလဲက ငါပဲ"
ကျုံးရှန်က အေးဆေးတည်ငြိမ်သော ယုံကြည်မှုဖြင့် ရယ်မောလိုက်သည်။ ဧကရာဇ်၏ အရှိန်အဝါ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူခံစားလိုက်ရသည်။
"ဟမ့်…"
ကျုံးရှန်က လက်တစ်ဖက်ကို လျင်မြန်စွာ ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ဝဲနေသော ကြယ်ထိုးခွဲသံလက်သီးကို ဖမ်းယူလိုက်သည်။
ရွှေအမြုတေပေါက်ကွဲမှုက ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားဖြင့် ပေါက်ကွဲခဲ့သော်လည်း ထိုရှေးဟောင်းလက်နက်မှာမူ အထိအခိုက်ကင်းနေခဲ့သည်။
ကြယ်ထိုးခွဲသံလက်သီးထံမှ သတ္တုတစ်စတောင် ပဲ့ထွက်သွားခြင်း မရှိပေ။ ကျုံးရှန်က သူ့လက်ထဲရှိ သံလက်သီးကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် သူ၏အကြည့်နှင့်အတူ သူ၏ အားကောင်းသော နတ်ဘုရားစိတ်အာရုံက သံလက်သီးအပေါ် လွှမ်းခြုံသွားသည်။
"ခရက်…"
ပဲစေ့ကို ကိုက်လိုက်သကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာကာ ကျုံးရှန်သည် သံလက်သီးပေါ်ရှိ ဝိညာဉ်အမှတ်အသားများကို လုံးဝ ဖျက်ဆီးပြစ်လိုက်လေသည်။
ထိုအခါ သူတော်စင်အဆင့်လက်နက်သည် ရုန်းကန်နေမှုကို ရပ်တန့်သွားပြီး ကြယ်ထိုးခွဲသံလက်သီးသည် ပိုင်ရှင်မဲ့ ရတနာတစ်ခု ပြန်ဖြစ်သွားတော့သည်။
ထို့နောက် ကျုံးရှန်သည် သွေးရောင်သားရဲခေါင်းငါးလုံးကို ထုတ်ယူလိုက်ပြီး သံလက်သီးပေါ်သို့ တစ်ခုပြီးတစ်ခု တပ်ဆင်လိုက်သည်။
ယခုအခါ ကြယ်ထိုးခွဲသံလက်သီးသည် ပြန်လည်ပြည့်စုံသွားပြီ ဖြစ်သည်။ ကျုံးရှန်သည် သူတော်စင်အဆင့်လက်နက်ကို လက်ထဲတွင် ကိုင်ထားလိုက်သည်။
"ဒီပစ္စည်းက ပျော်စရာကောင်းသားပဲ"
ကျုံးရှန်က သဘောကျစွာ ရယ်မောလိုက်သည်။
"စွမ်းအားက ကလေးတစ်ယောက်အတွက်တော့ မဆိုးဘူး သံလက်သီးက သူတော်စင်တာအိုအရိုးနဲ့ဆိုရင် ကွက်တိပဲ"
"အဲဒီအစေခံက ဒီကစားစရာလေးနဲ့ ငါ့ကို တားဖို့ကြိုးစားတာလား"
ကျုံးရှန်က သနားသလို ခေါင်းခါလိုက်သည်။
ကျုံးရှန်က ယင်ထျန်းလှေကို စစ်ဆေးရန် သူ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်သည်။
သင်္ဘောပေါ်ရှိ အစောင့်ထောင်ပေါင်းများစွာသည် နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။ ကျုံးရှန်က အစောင့်များ၏ မှတ်ဉာဏ်များကို ထာဝရ ဖျက်ဆီးလိုက်ပြီးဖြစ်သည်။
ထို့နောက် သူလှည့်ထွက်လိုက်ပြီး ကုန်းပတ်ပေါ်သို့ ပြန်လာလိုက်သည်။
ကျုံးချီမင်သည် ဘိုးဘေးကြီး စွမ်းအားအသုံးပြုသည်ကို တွေ့မြင်လိုက်ရသည်။ သူသည် ဘိုးဘေးက နိယာမနယ်ပယ်၏ အဆင့် ၂၅ ကျွမ်းကျင်သူ ကျုန်းဟုန်ကို လွယ်ကူစွာ ချေမှုန်းလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းဖြစ်သည်။
ကျုံးရှန် ရောက်လာသောအခါ ကျုံးချီမင်နှင့် ကျုံးထျန်းယွဲ့တို့သည် လေးစားကြည်ညိုမှု အပြည့်ဖြင့် ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေး"
ကျုံးချီမင်က ကျေးဇူးတင်စိတ်အပြည့်ဖြင့် အော်ဟစ်လိုက်သည်။
"ဘိုးဘေးရဲ့ စွမ်းအားက ကြီးမြတ်လှပါတယ်… ဘိုးဘေးရဲ့ စွမ်းအားက စကြဝဠာမှာ ပြိုင်ဘက်ကင်းပါတယ်…"
ကျုံးရှန်က လေတစ်ချက် မှုတ်လိုက်ရာ လေပြည်တစ်ဝှေ့ဖြင့် ကျုံးချီမင်နှင့် ကျုံးထျန်းယွဲ့တို့ကို မတ်တတ်ရပ်စေလိုက်သည်။
"မင်းက ဂိုဏ်းချုပ်နေရာမှာ အသုံးမကျပေမဲ့ စကားချိုသပ်တာတော့ တော်သားပဲ"
ကျုံးရှန်က အပြုံးဖြင့် နောက်ပြောင်လိုက်သည်။
ကျုံးချီမင်၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် နီရဲသွားကာ သူက ရှက်နေသော အသံဖြင့် ပြန်ပြောလိုက်သည်။
"ချီမင်က အမှန်အတိုင်း ပြောတာပါ ချီမင်က မြောက့်ပင့်ပြီး ပြောတာ မဟုတ်ပါဘူး..."
ကျုံးရှန်က ရှက်နေသော ကျုံးချီမင်ကို လျစ်လျူရှုလိုက်ပြီး ကျုံးထျန်းယွဲ့ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
"ယွဲ့အာ... ရှေးဟောင်း ဟင်းလင်းပြင်သံလက်သီးသူတော်စင်က ဒီကြယ်ထိုးခွဲသံလက်သီးကို အသုံးပြုခဲ့တာ မင်းရဲ့ နတ်ဘုရားအရိုးကလည်း ဟင်းလင်းပြင်သံလက်သီးသူတော်စင်ဆီက လာတာပဲ"
ကျုံးရှန်က ဂရုတစိုက် ရှင်းပြလိုက်သည်။
"ငါ ဒီသူတော်စင်အဆင့်လက်နက်ကို မင်းကိုပေးမယ် ဒီလက်နက်က မင်းနဲ့ဆိုရင် စွမ်းအားအကုန် ထုတ်သုံးနိုင်လိမ့်မယ်"
"နောက်ဆိုရင် လူဆိုးတွေတွေ့ရင် ဒီသံလက်သီးကို သုံး လူဆိုးတွေကို ခေါင်းကွဲအောင်သာ ထုပစ်"
"နားလည်လား…"
ကျုံးရှန်က သံလက်သီးကိုင်ထားသော လက်ကို မြှောက်ပြရင်းပြောလိုက်သည်။ ပြီးနောက် ကျုံးရှန်က သံလက်သီးကို ညင်သာစွာ တွန်းလိုက်သည်။
ထိုအခါ ကြယ်ထိုးခွဲသံလက်သီးသည် ကျုံးထျန်းယွဲ့၏ ရင်ဘတ်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။ သံလက်သီးသည် ကျုံးထျန်းယွဲ့၏ ခန္ဓာကိုယ်ထဲရှိ သူတော်စင်တာအိုအရိုးနှင့် ပျော်ရွှင်စွာ ပေါင်းစပ်သွားပြီး သံလက်သီးနှင့် အရိုးသည် ရေနှင့်နို့ကဲ့သို့ တစ်သားတည်း ဖြစ်သွားကြသည်။
"ယွဲ့အာ သိပါပြီ"
ကျုံးထျန်းယွဲ့က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
သို့သော် ထို့နောက်တွင် ကျုံးထျန်းယွဲ့ တစ်စုံတစ်ခုကို သတိရသွားသည်။ ကျုံးထျန်းယွဲ့က ကျုံးရှန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ဘိုးဘေး… ဟို မိစ္ဆာမ ချန်ချန်ရော"
ကျုံးထျန်းယွဲ့နှင့် ချန်ချန်တို့သည် ကံကြမ္မာအရ ရန်သူများ ဖြစ်ကြသည်။ ကျုံးထျန်းယွဲ့သည် ချန်ချန်ကို အာရုံခံနိုင်ရာ ပေါက်ကွဲမှုတွင် ချန်ချန် မသေဆုံးကြောင်း ကျုံးထျန်းယွဲ့ သိနေသည်။
ကျုံးရှန်က တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
"ချန်ချန် လွတ်သွားတယ်… ပေါက်ကွဲမှုဖြစ်တုန်းက နယ်ပယ်ဖောက်ထွက်ခြင်း အဆောင်လက်ဖွဲ့ရဲ့ ဟင်းလင်းပြင်နိယာမတွေက သူ့ကို အဝေးကြီးဆီ ခေါ်ဆောင်သွားတယ်"
ကျုံးရှန်က လက်လှမ်းပြီး ကျုံးထျန်းယွဲ့၏ ခေါင်းကို ကြင်နာစွာ ပုတ်ပေးလိုက်သည်။
"ဒါပေမဲ့ မင်း ချန်ချန်ကို မကြာခင် ပြန်တွေ့ရမှာပါ"
ကျုံးထျန်းယွဲ့က နားမလည်စွာ မော့ကြည့်လိုက်သည်။ သူမသည် ဘိုးဘေး၏ စကားများကို နားမလည်ပေ။
"ဘိုးဘေး… ဘာကို ဆိုလိုတာလဲ"
ကျုံးချီမင်ကတော့ နားလည်ပုံရသည်။
"ဘိုးဘေး.. ဘိုးဘေးက မိစ္ဆာမကို တမင်လွှတ်ပေးလိုက်တာလား" ကျုံးချီမင်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်… ငါ သူ့ကို တမင် ထွက်ပြေးခွင့်ပြုလိုက်တာ"
ကျုံးရှန်က ဉာဏ်ပညာပါသော အသံဖြင့်ပြန် ဖြေလိုက်သည်။
"သူက ကံတရားရဲ့ သမီးတော်ပဲ သူ့မှာ ကံကောင်းခြင်းတွေ အများကြီးရှိတယ် ငါသာ အခု သူ့ကို သတ်လိုက်ရင် မကောင်းတာတွေ ဖြစ်လာနိုင်ပြီး အခြေအနေတွေက ခက်ခဲသွားလိမ့်မယ်"
"ပြီးတော့ အကြောင်းပြချက်ကြီးတစ်ခု ရှိသေးတယ်"
"ငါသာ သူ့ကို သတ်လိုက်ရင် ဘာမှမရဘူး ငါက ယွဲ့အာရဲ့ ဆန်းကြယ်ကောင်းကင်အရိုးကိုပဲ ပြန်ရမယ်"
"ငါ သူ့ရဲ့ ဝိညာဉ်ကို ရှာဖွေရင်ပဲဖြစ်ဖြစ် ကောင်းကင်တာအိုကို စစ်ဆေးရင်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ သတင်းအချက်အလက် ဘာမှရမှာ မဟုတ်ဘူး"
"ရှေးဟောင်းဧကရာဇ်တွေရဲ့ ရတနာဆိုတာ အခွင့်အရေးကြီးတစ်ခုပဲ တခြားသူတွေက အဲဒီအခွင့်အရေးကို လွယ်လွယ်နဲ့ မယူနိုင်ကြဘူး"
ကျုံးရှန်သည် လက်များကို ကျောနောက်ပစ်ကာ ရပ်လိုက်သည်။ သူသည် အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ယွဲ့အာက သူ့ကို တိုက်ခိုက်ရင်တော့ ရလဒ်က မတူတော့ဘူး"
"ကောင်းကင်တာအိုဆိုတာ ဘာလဲ…"
"ကောင်းကင်တာအိုဆိုတာ အားနည်းသူကနေ အားကြီးသူအဖြစ် သန်မာလာတာပဲ ကောင်းကင်ရဲ့သမီးတော် သို့မဟုတ် ကံတရားရဲ့ ကလေးသားသမီး ဆိုတာ ကောင်းကင်တာအိုထဲက သန်မာတဲ့လူတစ်ယောက်ပဲ"
"တကယ်လို့ လူတစ်ယောက်က ကံကြမ္မာကို တိုက်ခိုက်ပြီး ကံကောင်းတဲ့လူကို အနိုင်ယူနိုင်ရင် အနိုင်ရတဲ့လူက အဲဒီနေရာကို ရယူလိမ့်မယ် အနိုင်ရတဲ့လူက ကံတရားကို ရယူလိမ့်မယ် အနိုင်ရသူက ရှုံးနိမ့်သူကို ဝါးမြိုပြီး ပိုမိုသန်မာလာလိမ့်မယ်"
ကျုံးချီမင်နှင့် ကျုံးထျန်းယွဲ့တို့သည် ထိုစကားများကို နားထောင်ပြီး လေးနက်စွာ တွေးတောနေကြသည်။
ကျုံးရှန်က စောင့်မနေပေ။
သူက လက်ချောင်းများဖြင့် တွက်ချက်လိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဉ်လက်ကြီးတစ်ခု ဖန်တီးလိုက်ပြီး ကျုံးထျန်းယွဲ့ကို မလိုက်သည်။
"အချိန်ကျပြီ သွားကြစို့ ယွဲ့အာ ဒီရွေးချယ်ခံရသူနဲ့ ကိစ္စဖြတ်ရအောင်" ကျုံးရှန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
ကျုံးရှန်က ကောင်းကင်ကို ဆွဲဖြဲလိုက်သည်။ သူသည် ချန်ချန်၏ တည်နေရာကို အာရုံခံလိုက်မိသည်။ သူက ဟင်းလင်းပြင်နိယာမကို အသုံးပြုပြီး ကျုံးထျန်းယွဲ့ကို လွှမ်းခြုံပေးလိုက်သည်။
ထို့နောက် ကျုံးရှန်သည် ဦးတည်ရာနေရာသို့ တန်းတန်းမတ်မတ် ရွေ့လျားသွားတော့သည်။
--------------
ကျစ်ယာ့ စီရင်စုရှိ လင်းယွန်ဂိုဏ်း၏ အပြင်ဘက်တွင် ချန်ချန်သည် ထိတ်လန့်တကြားဖြင့် တောင်နောက်ဘက်ရှိ ဂူတစ်ခုထဲသို့ အသည်းအသန် ပြေးနေသည်။
ချန်ချန်သည် ကျုံးထျန်းယွဲ့နှင့် တိုက်ပွဲကို ထပ်ခါတလဲလဲ ပြန်သတိရနေမိသည်။
ကျုံးထျန်းယွဲ့က သူမကို လက်သီးတစ်ချက်တည်းနှင့် သတ်လုနီးပါး ဖြစ်ခဲ့သည်။ ချန်ချန်က ဧရာမခြေထောက်ကြီးကို ပြန်မြင်ယောင်လာပြီး ကျွမ်းကျင်သူ ကျုန်းဟုန်သည် အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့သည်ကို ပြန်တွေးလိုက်ကာ သူမကြောက်ရွံ့လာမိသည်။
တာအိုဧကရာဇ်က ကျုန်းဟုန်၏ ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းပြီး ကျုန်းဟုန်ကို ပေါက်ကွဲစေခဲ့သည်။
ထိုမြင်ကွင်းများသည် သူမကို အလွန်ကြောက်လန့်သွားစေခဲ့သည်။ သူမ၏ မာနများ စတင်ကျိုးပဲ့လာပြီး သူမကိုယ်သူမ အားနည်းသလို ခံစားလိုက်ရသည်။
သူမသည်သည် လင်းယွန်ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်ကကဲ့သို့ ခံစားလိုက်ရသည်။ ထိုစဉ်က အတွင်းစည်းတပည့်များက သူမကို အနိုင်ကျင့်ခဲ့ကြသည်။
"ဟွန့်… ဒီနေ့အတွက် ငါလက်စားချေမယ်"
ချန်ချန်က ရူးသွပ်သော ဒေါသဖြင့် အော်ဟစ်လိုက်သည်။
"ငါက ကံတရားရဲ့ အရှင်သခင်ပဲ ငါ့မှာ ကံကောင်းခြင်းတွေ အများကြီးရှိတယ် ငါ ဒုက္ခရောက်လေ ငါပိုသန်မာလာလေပဲ"
"ငါသာ ရှုံးနိမ့်ရင် ကောင်းကင်က ငါ့ကို အခွင့်အရေးတွေ ပိုပေးလိမ့်မယ်"
"ကျုံးထျန်းယွဲ့မှာ သူတော်စင်တာအိုအရိုးရှိရင်ရော ဘာဖြစ်လဲ"
"ကျုံးထျန်းယွဲ့ကို အကာအကွယ်ပေးမဲ့သူ ရှိရင်ရော ဘာဖြစ်လဲ"
"ငါ့မှာလည်း ကံတရားရှိတယ် ငါ့မှာ ပိုတောင်များသေးတယ်"
"ငါပိုသန်မာလာပြီး တစ်နေ့ကြရင် နင်တို့တွေ အကုန်လုံးကို သတ်ဖြတ်မယ်"
ချန်ချန်သည် မျှော်လင့်ချက်များဖြင့် ဂူဆီသို့ ပြေးသွားသည်။ ထိုဂူထဲတွင် ရှေးဟောင်း တာအိုဧကရာဇ်၏ အမွေအနှစ်များနှင့် နတ်ဘုရားသင်္ချိုင်းမှ ရတနာများ ရှိနေသည်။
လမ်းတစ်လျှောက်တွင် လင်းယွန်ဂိုဏ်းမှ တပည့်များက ချန်ချန်ကို မြင်လိုက်ကြသည်။ အကြီးအကဲများပင် သူမကို မြင်ကြသည်။
သို့သော် သူတို့ ချန်ချန်ကို ထိတ်လန့်တကြားဖြင့်သာ ကြည့်နေကြသည်။ သူတို့က အသက်ပင် ရဲရဲ မရှူရဲကြဘဲ ချန်ချန် အနားမရောက်ခင်မှာပင် သူတို့ ထွက်ပြေးသွားကြသည်။
လူများသည် ချန်ချန်ကို ရောဂါဆိုးတစ်ခုကဲ့သို့ ဆက်ဆံကြပြီး အများစုက သူမ၏ မျက်လုံးများကိုပင် စိုက်မကြည့်ရဲကြပေ။