အခန်း (၁၈)
Vol. 2 Ch. 18
ချန်ချန်သည် အမွေအနှစ်ကို ရရှိပြီး မြင့်မြတ်နယ်မြေ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာကတည်းက သူမ၏ စိတ်ထားနှင့် စရိုက်တို့သည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
ယခင်က သူမသည် တိတ်ဆိတ်ငြိမ်သက်ပြီး ခေါင်းငုံ့ခံနေတတ်သူဖြစ်ကာ အန္တရာယ်များမှ ဘေးကင်းစေရန် အရိပ်ထဲတွင်သာ ပုန်းအောင်းနေတတ်သူ ဖြစ်သည်။
သို့သော် ယခုအခါတွင်တော့ သူမ၏ လုပ်ရပ်များသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသော ဒေါသများဖြင့် ပြည့်နှက်နေသည်။
သူမသည် ယခင် အတွင်းစည်းတပည့်များနှင့် အကြီးအကဲများကို မညှာမတာ သတ်ဖြတ်ခဲ့သည်။ ဂိုဏ်းချုပ်၏ မိသားစုတစ်ခုလုံးကိုပင် ခေါင်းဖြတ်သတ်ခဲ့သည်။ ဂိုဏ်းချုပ်၏ သားဖြစ်သူကို ခြေလက်များ ဖြတ်တောက်ကာ မသေဆုံးသွားစေရန် ကုသဆေးများ တိုက်ကျွေးထားခဲ့သည်။
ထိုဂိုဏ်းချုပ်၏သားသည် မသေဆုံးမီ သုံးရက်နှင့် သုံးညတိုင်တိုင် သနားစဖွယ် ညီးညူငိုကြွေးခဲ့ရသည်။
ထိုအဖြစ်အပျက်ကြောင့် လင်းယွန်ဂိုဏ်းမှ အသက်ရှင်ကျန်ရစ်သူ တပည့်များနှင့် အကြီးအကဲများသည် ချန်ချန်ကို အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။
ချန်ချန် မပျော်မရွှင်ဖြစ်ပါက ဂိုဏ်းတစ်ခုလုံးကို ထပ်မံ သတ်ဖြတ်ပစ်မည်ကို စိုးရိမ်နေကြသဖြင့် လင်းယွန်ဂိုဏ်းတစ်ခုလုံးသည် သူမ၏ အမှောင်ရိပ်အောက်တွင် နေထိုင်နေကြရသည်။
ချန်ချန်သည် ရင်ဘတ်မှ ဒဏ်ရာကို လက်ဖြင့်ဖိထားပြီး လမ်းတစ်လျှောက် ယိုင်နဲ့နဲ့ လျှောက်လာခဲ့သည်။
"ဘုန်း…"
အမွေအနှစ်ဂူထဲသို့ ဝင်ရောက်ခါနီးတွင် သူမ၏ ခြေထောက်သည် မြေကြီးထဲမှ ထွက်နေသော မာကျောသည့် အရာဝတ္ထုတစ်ခုနှင့် တိုက်မိသွားသည်။ ချန်ချန်သည် လန်ကျသွားပြီး ပြင်းထန်စွာ လဲကျသွားသည်။
သူမသည် လျင်မြန်သွက်လက်စွာဖြင့် ချက်ချင်း ပြန်ထလိုက်သော်လည်း ကျောက်တုံးကို ခလုတ်တိုက်မိသည်ဟု ထင်မှတ်ကာ ဒေါသတကြီး ရှက်ရွံ့သွားမိကာ သူမသည် ခြေထောက်၌ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်ပြီး ထိုနေရာကို ဒေါသတကြီး ကန်ကျောက်လိုက်သည်။
"ခွပ်…"
"အားးး ငါ့ခြေထောက်"
ကျယ်လောင်သော သတ္တုသံတစ်ခု ထွက်ပေါ်လာပြီး ချန်ချန်သည် ရုတ်တရက် နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။
ကန်ချက်သည် စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော်လည်း သူမ၏ ခြေထောက်သည် နာကျင်မှုကြောင့် တဆစ်ဆစ် ကိုက်ခဲသွားရသည်။
သို့သော် ချန်ချန်သည် ဉာဏ်ကောင်းသူဖြစ်ကာ မြေကြီးထဲရှိ အရာဝတ္ထုသည် သာမန်ကျောက်တုံး မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
ချန်ချန်သည် နာကျင်မှုကို လျစ်လျူရှုကာ မြေကြီးပေါ် ဒူးထောက်လိုက်၍ လက်နှစ်ဖက်လုံးတွင် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုပြီး မြေကြီးကို အသည်းအသန် တူးဆွလိုက်သည်။
မြေကြီးများကို ဖယ်ရှားလိုက်သောအခါ ဖြူဖျော့ဖျော့ အပြာရောင် လက်စွပ်တစ်ကွင်း ပေါ်လာသည်။ ထိုလက်စွပ်သည် အလွန် ချောမွေ့နူးညံ့သော အထိအတွေ့ရှိသည်။
သူမ ထိုအရာကို ထိလိုက်သောအခါ သူမ၏ စိတ်အာရုံသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားသည်။ သူမ၏ အထွတ်အထိပ်တာအိုခန္ဓာ သည် ထိုမြှုပ်နှံထားသော အရာဝတ္ထုနှင့် ဆန်းကြယ်သော ဆက်နွယ်မှုတစ်ခု ရှိနေကြောင်း ခံစားလိုက်ရကာ ထိုလက်စွပ်သည် အဖိုးတန်ရတနာတစ်ခု ဖြစ်ကြောင်း သူမသိလိုက်သည်။
ဤထူးဆန်းသော ခံစားချက်က ချန်ချန်ကို အသည်းအသန် ဆက်လက်တူးဆွရန် တွန်းအားပေးလိုက်သည်။ မကြာမီ ထိုအရာဝတ္ထု၏ ပုံသဏ္ဌာန်အပြည့်အစုံ ပေါ်လာသည်။
ထိုအရာသည် လခြမ်းကွေးပုံသဏ္ဌာန် လက်စွပ်တစ်ကွင်း ဖြစ်ကာ သူမကို ခလုတ်တိုက်မိစေခဲ့သော အရာမှာ လက်စွပ်၏ အစွယ်များထဲမှ တစ်ခု၏ ထိပ်ဖျားလေးသာ ဖြစ်သည်။
ချန်ချန်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များက လက်စွပ်ပေါ်မှ ဖုန်မှုန့်များကို သန့်စင်ပေးလိုက်သည်။
"ဒါ... ဒါက"
လက်စွပ်၏ မျက်နှာပြင်ကို ပွတ်သပ်ကြည့်ရင်း သူမ၏လက်များ တုန်ရီသွားသည်။ ထို့နောက် သူမသည် လက်စွပ်ကို ခေါင်းပေါ်သို့ မြှောက်လိုက်သည်။
"ဂျိန်းးး"
ထိုအခါ တောက်ပနေသော ကောင်းကင်ပြာကြီးသည် ရုတ်တရက် မည်းမှောင်သွားပြီး မိုးကြိုးများက ဒေါသတကြီး ဟိန်းဟောက်လာသည်။ ကြီးမားသော ခရမ်းရောင် နတ်ဘုရားလျှပ်စီးကြောင်းကြီးတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး လက်စွပ်ကို ရိုက်ခတ်လိုက်သည်။
ထို့နောက် ထူထဲသော လျှပ်စီးစွမ်းအင်များသည် လက်စွပ်ထံမှ ပေါက်ကွဲထွက်လာသည်။ လက်စွပ်၏ အရောင်သည် အပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး တောက်ပကာ ထူးခြားခမ်းနားလာသည်။
ထိုအလင်းရောင်သည် မိုင်တစ်ရာအကွာအဝေးအထိ တောက်ပနေပြီး ခရမ်းရောင် နေမင်းကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ချန်၏ မီတာတစ်ထောင် ပတ်လည်ရှိ အရာအားလုံးကို လျှပ်စီးများက ရိုက်ခတ်ဖျက်ဆီးပစ်လိုက်သည်။
သစ်ပင်များနှင့် ကျောက်တုံးများသည် လျှပ်စီးထိမှန်ပြီး မီးများလောင်ကျွမ်း ပေါက်ကွဲကုန်သည်။
ဝုန်းးး
ဝုန်းးး
ဂျိန်းးးး
ဝုန်းးးး
ချန်ချန်၏လက်စွပ်ကြောင့် ဖြစ်ပေါ်လာနေသည့် ထူးဆန်းသော မုန်တိုင်းသည် မိနစ်အနည်းငယ်ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားသည်။
မုန်းတိုက်ပြီးနောက်တွင် တောင်တန်းတစ်ခုလုံးရှိ သစ်ပင်များနှင့် ကျောက်တုံးများ အားလုံး ပျက်စီးသွားပြီး တောင်အခြားတစ်ဖက်ရှိ ရွာငယ်လေးကိုပင် လျှပ်စီးများ ထိမှန်ခဲ့သည်။ ရွာသားရာပေါင်းများစွာ ချက်ချင်း သေဆုံးသွားခဲ့ကြသော်လည်း ချန်ချန်သည်တော့ ထိုရွာသားများကို တစ်ချက်ပင် လှည့်မကြည့်ပေ။
မလှမ်းမကမ်းရှိ လင်းယွန်မျှော်စင်တွင် သေမျိုးတပည့်များနှင့် အကြီးအကဲများသည် မြေကြီးပေါ်တွင် ဝပ်တွားနေကြပြီး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။
ချန်ချန်သည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကျင့်စဥ်တစ်ခုကို ကျင့်ကြံနေသည်ဟုပင် သူတို့ ထင်မှတ်သွားကြသည်။
ချန်ချန်သည် လက်စွပ်ပတ်လည်ရှိ ခရမ်းရောင်အလင်းတန်းကို စူးစိုက်ကြည့်လိုက်ကာ မိစ္ဆာသတ် ဟူသော ရှေးဟောင်းစာလုံးများကို သတ္တုပေါ်တွင် ထွင်းထုထားသည်ကို မြင်လိုက်ရသည်။
"ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်..."
"ဟားဟားဟား ကံကောင်းခြင်းဆိုတာ ဘာလဲ ဒါကမှ ကံကောင်းခြင်း"
"ဒါက တာအိုဧကရာဇ်ရဲ့ မြင့်မြတ် လက်နက် သူ နတ်ဘုရားမဖြစ်ခင်တုန်းက အသုံးပြုခဲ့တဲ့ ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ပဲ"
"ကောင်းကင်မိုးကြိုး စွမ်းအားနဲ့ဆိုရင် မိစ္ဆာတွေအားလုံး ပျက်သုဉ်းရမယ်။"
"ဒီလက်စွပ်သာ ငါ့လက်ထဲရှိရင် ကျုံးထျန်းယွဲ့... နင်ခွေးမ နင်က ငါ့ကို ဘာနဲ့များ ပြန်တိုက်နိုင်ဦးမှာလဲ"
ချန်ချန်သည် ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အရူးတစ်ယောက်ကဲ့သို့ အချိန်အကြာကြီး ရယ်မောနေလိုက်သည်။
သူမ၏ ပျော်ရွှင်မှုများ ငြိမ်သက်သွားပြီးနောက် အမွေအနှစ်ဂူထဲသို့ ဝင်ရောက်လာခဲ့သည်။
"ငါ အခု နိယာမနယ်ပယ် အဆင့် (၂) ကို ရောက်နေပြီ။ ဒုတိယမြောက် နတ်ဘုရားဗိမာန်အစောင့်အရှောက်ကို နှိုးထနိုင်ပြီ"
သူမက အေးစက်သော ယုံကြည်မှုဖြင့် ရေရွတ်လိုက်သည်။
"ဟို ကျုန်းဟုန်က တကယ့်အမှိုက်ပဲ ရှေးခေတ်တုန်းက နိယာမနယ်ပယ် အဆင့် (၂၅) ရှိတဲ့ ကျွမ်းကျင်သူဖြစ်ပြီး သူများသတ်တာ ခံလိုက်ရတယ်"
"တာအိုဧကရာဇ်က ဘာလို့များ ဒီလိုအမှိုက်ကောင်ကို ပထမ နတ်ဘုရားဗိမာန်တော်ရဲ့ အစောင့်အရှောက်အဖြစ် ထားခဲ့တာပါလိမ့်။ ဗိမာန်တော်ကို တည်ဆောက်ခဲ့တဲ့ အရင်းအမြစ်တွေ နှမြောစရာပဲ"
ချန်ချန်သည် သေဆုံးသွားသော ကျုန်းဟုန်ကို မကျေနပ်မှုများစွာဖြင့် လှောင်ပြောင်လိုက်သည်။ သူမသည် နတ်ဘုရားလက်စွပ်ကို ကိုင်ဆောင်ပြီး မှောင်မဲနေသော ဂူထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ဂူထဲတွင် ကွေ့ကောက်သော လမ်းများသည် နေရာအနှံ့ ဖြာထွက်နေပြီး မြေအောက်နက်ရှိုင်းသော နေရာထိ ရောက်ရှိသည်။ သို့သော် ချန်ချန်သည် လမ်းကြောင်းကို ကောင်းစွာ သိရှိထားသည်။
သူမသည် လမ်းခွဲများကို လွယ်ကူစွာ ဖြတ်သန်းသွားသည်။ မကြာမီ သူမသည် မြေအောက်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားသည်။
အနက်ရောင်နှင့် အဖြူရောင် ရှိသော စတုရန်းပုံ ရှေးဟောင်းကြေးမုံပြင်တစ်ခု အမှောင်ထဲတွင် ပေါ်လာသည်။
ကြေးမုံပြင်သည် သူမရောက်လာသည်ကို အာရုံခံမိပုံရသည်။ ထိုအရာမှ အသံမထွက်သလို မည်သူမျှ အာရုံမခံနိုင်သော စွမ်းအင်မျိုးလည်း မရှိပေ။ ချန်ချန်မဟုတ်သည့် အခြားသူများသာဆိုလျှင် ကြေးမုံကြီးသည် မျက်စိအရှေ့တွင်ရှိနေလျှင်တောင်မှ မြင်နိုင်စွမ်းရှိမည် မဟုတ်လိမ့်ပေ။
ချန်ချန်သည် ခံစားချက်မဲ့နေသော မျက်နှာဖြင့် မှန်ထဲသို့ ခုန်ဝင်လိုက်သည်။ ထိုအခါ ရှေးဟောင်းကြေးမုံပြင်သည် မူလက မရှိခဲ့သကဲ့သို့ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
ချန်ချန် မှန်ထဲသို့ ခုန်ဝင်လိုက်သည်နှင့် တပြိုင်နက် သူမသည် အခြားဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိသွားသည်။
ဤနေရာရှိ အရာအားလုံးသည် အစစ်အမှန်ဂူနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
သူမသည် မှန်ကမ္ဘာ၏ လမ်းကြောင်းအတိုင်း လိုက်ပါသွားပြီး အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။
ဤနေရာတွင် တောင်များ မရှိသလို လင်းယွန်မျှော်စင်လည်း မရှိပေ။ ကြီးမားခမ်းနားသော နန်းတော်အဆောက်အအုံကြီး တစ်ခုသာ ရှိသည်။ အဆောက်အအုံများသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါလှသည်။
သို့သော် ချန်ချန်သည် နန်းတော်များကို လှည့်ပင်မကြည့်ခဲ့ပေ။ သူမသည် ဘေးဘက်ရှိ ကြီးမားသော ဗိမာန်ဂူဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဤနေရာတွင် မြင့်မားသော ဗိမာန်ဂူ ကိုးလုံး တန်းစီလျက် ရှိနေသည်။ ပထမဆုံး ဗိမာန်ဂူမှာ ပွင့်နေပြီးဖြစ်ပြီး ထိုနေရာသည် ကျုန်းဟုန် ထွက်လာခဲ့သော နေရာဖြစ်သည်။
"ဒုတိယမြောက် ထာဝရအင်မော်တယ်နတ်ဘုရားဗိမာန်ဂူရဲ့ အစောင့်အရှောက်က ကျုန်းဟုန်လောက် မပျော့ညံ့ဖို့ မျှော်လင့်တာပဲ"
သူမက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
သူမ ရှေ့သို့ လျင်မြန်စွာ လျှောက်လှမ်းလိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ပြီး ဗိမာန်ဂူကြီးကို ဖွဖွလေး ထိလိုက်သည်။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး လက်ချောင်းထိပ်များမှ သူမ၏ အနှစ်သာရသွေးစက် နှစ်စက်ကို ညှစ်ထုတ်လိုက်သည်။
"ဂျိန်း"
သူမ၏ သွေးနှစ်စက်အပြင်ရောက်သည်နှင့် ဗိမာန်ဂူကြီးသည် သွေးကို အာရုံခံမိပြီး ပြင်းထန်စွာ တုန်ခါလာသည်။
နတ်ဘုရားဗိမာန်တော်၏ အပြင်ဘက်အုတ်ခဲများနှင့် အမိုးအကာများ ပြုတ်ကျလာပြီး ခဏအကြာတွင် နံရံပြိုကျသွားပြီး လူတစ်ရပ်စာရှိသော အပေါက်တစ်ခု ပေါ်လာသည်။
ထိုအပေါက်ထဲမှ မှိန်ဖျော့သော အလင်းရောင်အောက်တွင် အရပ်ရှည်သော ပုံရိပ်တစ်ခု ဗိမာန်ဂူထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။
ထိုပုံရိပ် ခြေလှမ်းလှမ်းလိုက်တိုင်း ကြာပန်းများ မြေကြီးပေါ်တွင် ပွင့်လန်းလာပြီး လျင်မြန်စွာ ပြန်လည်သေဆုံးသွားကြသည်။
ရှင်ခြင်းနှင့် သေခြင်း သံသရာသည် သူ၏ ခြေထောက်အောက်တွင် အဆုံးမရှိ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပြီး ပန်းလမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေကာ ကြာပန်းရနံ့များကို လေထဲတွင် ပြည့်နှက်သွားစေသည်။
"ဒုန်း…"
နတ်ဘုရားဗိမာန်တော်မှ စွမ်းအားကြီးသော ပုံရိပ်သည် ချန်ချန်၏ ဘေးနားသို့ လျှောက်လာသည်။ သူသည် ခြေတစ်ဖက်ထောက်ပြီး အလွန်အမင်း ရိုသေလေးစားမှုဖြင့် ဒူးထောက်လိုက်သည်။
"တာအိုဧကရာဇ်ရဲ့ လက်အောက်ငယ်သား လျန်ဟယ်က ဧကရီအတွက် အသေခံဖို့ အသင့်ပါပဲ"
တာအိုဧကရာဇ်၏ ဆက်ခံသူကို မြင်တွေ့ရသည်မှာ တာအိုဧကရာဇ်ကိုယ်တိုင်ကို မြင်တွေ့ရသကဲ့သို့ပင် ဖြစ်သည်။ ဤအမိန့်သည် လျန်ဟယ်၏ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ထွင်းထုထားသည်။ သူသည် ထိုအမိန့်ကို ဘယ်သောအခါမျှ မဖီဆန်နိုင်ပေ။
ဧကရီချန်ချန်က သူ့ကိုယ်သေဆိုလျှင် သူကသေရမည်ဖြစ်ပြီး တိုက်ခိုက်ဆိုလျှင် သူကတိုက်ခိုက်ရမည်ဖြစ်သည်။
တာအိုဧကရာဇ်သည် စွမ်းအားကြီးသော အုပ်စိုးသူတစ်ဦး ဖြစ်သည်။ တာအိုဧကရာဇ် ချန်ထားရစ်ခဲ့သော အစီအစဉ်များသည် တကယ်ပင် ထူးခြားဆန်းပြားလှပေသည်။