← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

"ကောင်းလိုက်တာ… ကောင်းလိုက်တာ… ကောင်းလိုက်တာ…"

​ချန်ချန်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လိုက်ကာ သူမ၏ ပျော်ရွှင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။

"စီနီယာလျန်… ရှင့်မှာ နက်ရှိုင်းမြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိပြီး တာအိုဧကရာဇ်ရဲ့ ရင်းနှီးတဲ့ သစ္စာရှိလက်အောက်ငယ်သားပဲ အခုလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး ကျေးဇူးပြု၍ ထပါဦး" ချန်ချန်က တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

​ချန်ချန်သည် လျန်ဟယ်၏ ခြေထောက်အောက်ရှိ ပြောင်းလဲနေသော ကြာပန်းကို ကြည့်လိုက်သည်။ ကြာပန်းတွင် အဆုံးမရှိသော အသက်စွမ်းအင်နှင့် လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။

ချန်ချန်သည် သူမ၏ စိတ်ထဲတွင် အလွန် ဝမ်းမြောက်သွားမိသည်။ ဤဆရာသခင်လျန်ဟယ်သည် ကိုယ်ပိုင်တာအိုကို အတော်​​လေးပေါက်မြောက်ထားပုံရကာ သူ၏ စွမ်းအားကို ပုံမှန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ပေ။ လျန်ဟယ်သည် ယခင် လူသန်ကြီး ကျုန်းဟုန်ထက် များစွာ ပိုမိုသန်မာသည်။

​လျန်ဟယ်သည် ချန်ချန်၏ စကားကို ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး တည်ငြိမ်သွားသည်။

​"တာအိုဧကရာဇ်ရဲ့ ဆက်ခံသူက စိတ်ထားကောင်းတာပဲ"

လျန်ဟယ်က ကျေနပ်စွာ တွေးလိုက်မိသည်။

"တာအိုဧကရာဇ်က လူရွေးမမှားခဲ့ဘူးပဲ"

​လျန်ဟယ်သည် ချန်ချန် အမိန့်ပေးသည့်အတိုင်း မတ်တတ်ရပ်လိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ပထမဆုံး နတ်ဘုရားဗိမာန်ဂူ ပွင့်နေသည်ကို မြင်လိုက်ရသည်။

​"ဗိမာန်ဂူပွင့်နေပြီပဲ ကျုန်းဟုန်လည်း အလုံပိတ်ထားရာကနေ လွတ်မြောက်လာပြီး ဧကရီကို ကူညီဖို့ ရောက်နေလောက်ပြီ"

လျန်ဟယ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

​"ဒါပေမဲ့ ငါဘာလို့ ကျုန်းဟုန်ကို မတွေ့ရတာလဲ"

​ရှေးခေတ်ကာလတုန်းက ကျုန်းဟုန်သည် လျန်ဟယ်နှင့် အလွန်ရင်းနှီးသည်။ လျန်ဟယ်၏ စွမ်းအားနှင့် ကျုန်းဟုန်၏ စွမ်းအားကွာခြားမှုက ကြီးမားသော်လည်း သူတို့၏ သံယောဇဉ်မှာ အလွန်ခိုင်မာသည်။

​ယခုအခါ သူတို့သည် နှစ်ပေါင်း​များစွာကြာ အိပ်စက်နေကြပြီးနောက် နတ်ဘုရားဗိမာန်ဂူမှ နိုးထလာကြပြီ ဖြစ်သည်။

တာအိုဧကရာဇ် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ညီအစ်ကိုနှစ်ယောက် အောင်ပွဲခံကာ ဝိုင်သောက်နိုင်ကြဦးမည်။ ညီအစ်ကိုနှစ်ယောက် ပေါင်းပြီး ဧကရီ နတ်ဘုရားဖြစ်လာသည်အထိ သူမအား ကာကွယ်ကာ စောင့်ရှောက်နိုင်ကြဦးမည်ဖြစ်သည်။

​ဤတာဝန်က အလွန်အရေးကြီးကာ အောင်မြင်ရန်အတွက် သူ၏အသက်ကိုပေးဆပ်ဖို့လိုအပ်လျှင် ပေးဆပ်ရပေမည်။

​လျန်ဟယ်၏ နတ်ဘုရားစိတ်အာရုံသည် အမွေအနှစ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသော်လည်း သူဘာမှ ရှာမတွေ့ပေ။

​သူသည် ကျုန်းဟုန်၏ ပုံရိပ်မပြောနှင့် အရှိန်အဝါကို အာရုံမခံမိချေ။

​"ဒီကောင်ကတော့ ဧကရီရဲ့ အနားမှာ မနေဘဲ ဘယ်တွေ လျှောက်သွားနေတာလဲ"

လျန်ဟယ်က မျက်မှောင်ကြုတ်သွားကာ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။

​လျန်ဟယ် စကားမဆုံးခင်မှာပင် ချန်ချန်က ကျုန်းဟုန်၏ နတ်ဘုရားဗိမာန်ဂူရှေ့သို့ ပြေးသွားလိုက်ကာ ဗိမာန်ဂူရှေ့တွင် ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးလိုက်သည်။

​"စီနီယာလျန် ဆရာကျုန်းက.. ဆရာကျုန်းက အသတ်ခံလိုက်ရပြီ"

​"ကျွန်မတို့ အပြင်ဘက်မှာ စွမ်းအားကြီးတဲ့ ရန်သူနဲ့ တွေ့ခဲ့တယ် ဆရာကျုန်းရဲ့ စွမ်းအားက ရန်သူ့ထက် အားနည်းနေခဲ့တော့ ဆရာကျုန်းက ကျွန်မကို ကယ်တင်ဖို့ သူ့ရဲ့ ရွှေအမြုတေကို ကိုယ်တိုင် ဖောက်ခွဲခဲ့တယ် အခု ဆရာကျုန်း သေဆုံးသွားပြီ"

​ချန်ချန်သည် အသံကုန်ဟစ်၍ ဝမ်းနည်းစွာ ငိုကြွေးလိုက်လေသည်။ သူမ၏ ဝမ်းနည်းပူဆွေးမှုသည် မြင်တွေ့ရသူတိုင်း၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။ သူမသည် အကျိုးနည်းလှအောင်ပင် ဟန်ဆောင်ကောင်းလှသည်။

အစောကလေးပင် ကျုန်းဟုန်အား အားနည်းသောကြောင့် အသုံးမကျဟူ၍ ကျိန်ဆဲနေခဲ့သော်လည်း ယခုအခါတွင်တော့ ဝမ်းနည်းစွာ ငိုကြွေးနေကြသည်။

​"မဖြစ်နိုင်ဘူး..."

လျန်ဟယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​"ကျုန်းဟုန်... ကျုန်းဟုန်က တကယ်သေသွားပြီလား"

​"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"

​လျန်ဟယ်သည် ချန်ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

​"ဘုန်း…"

ကြီးမားသော ပန်းရောင်အရိပ်တစ်ခု လျန်ဟယ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုအရိပ်သည် လျန်ဟယ်၏ ကျောနောက်ဘက်မှ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

​လျန်ဟယ်ထံမှ ဖြာထွက်လာသော ကြီးမားသည့် အသက်စွမ်းအင်ကြောင့် အမွေအနှစ်နယ်မြေအတွင်း ရွှေကြာပန်းများ ချက်ချင်း ပွင့်လန်းလာသည်။

​ကြာပန်းများ ပွင့်လန်းလာပြီးနောက် ကြာပွင့်ဖတ်များသည် ရွှေရောင်ဓားများကဲ့သို့ ထွက်လာကြသည်။

​သို့သော် ဤအသက်စွမ်းအင်သည် ချန်ချန်ကို ရှောင်ကွင်းသွားကာ ချန်ချန်၏ ဘေးဘက်နှစ်ဖက်ဆီသို့ ဖြာထွက်သွားကြသည်။

​အသက်စွမ်းအင်များသည် ချန်ချန်ကို ကာကွယ်ပေးထားသော မမြင်ရသည့် နံရံတစ်ခုကဲ့သို့ ဖြစ်နေသည်။

​"တာအိုဧကရာဇ်ရဲ့ လက်အောက်ငယ်သားကို သတ်ရဲတယ်ပေါ့ တကယ့်ကို ရဲတင်းလွန်းတယ် သတ်တဲ့လူက ဘယ်လောက်တောင် ရဲတင်းလဲဆိုတာ ငါကြည့်ရသေးတာပေါ့"

​"အတိတ်ကို ပြန်သွားစေ အနာဂတ်ကို ပြသစေ"

​"ကြီးမြတ်သော တာအိုလမ်းစဉ်ကို ရှာဖွေစေ"

​လျန်ဟယ်က ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေ့ရှိ လေဟင်းလင်းပြင်ကို ဖွဖွလေး ထိလိုက်သည်။

​ထိုအခါစီးဆင်းနေသော မြစ်တစ်စင်း ပေါ်လာပြီး ထိုမြစ်သည် ပုံရိပ်များစွာကို သယ်ဆောင်လာပြီး လျင်မြန်စွာ စီးဆင်းသွားသည်။

​ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် လျန်ဟယ်၏ မျက်လုံးရှေ့တွင် ပြန်လည်ပေါ်လာသည်။

​ကျုန်းဟုန် ရုတ်တရက် ပေါက်ကွဲသွားသည့် ပုံရိပ်သည် လျန်ဟယ်ကို ဒေါသကြောင့် အံကြိတ်သွားစေသည်။

​နောက်ထပ် မြင်ကွင်းတစ်ခုတွင် ကျုန်းဟုန်သည် သူ၏ ကိုယ်ပိုင် ဓမ္မတာအို ရွှေအမြုတေကို ဖျက်ဆီးလိုက်သည်ကို ပြသနေသည်။ ဤမြင်ကွင်းသည် လျန်ဟယ်၏ ဒေါသကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။

သို့သော် အလွန်အမင်းထူးဆန်းနေသည့် အချက်သည်တော့ ရွေ့လျားနေသော ပုံရိပ်များထဲတွင် ယင်ထျန်းလှေ၊ ကျုန်းဟုန်နှင့် ချန်ချန်တို့ကိုသာ မြင်တွေ့လိုက်ရပြီး အစမှ အဆုံးထိ လျန်ဟယ်သည် အခြားဘယ်သူ့ကိုမှ မတွေ့ရပေ။

​ဤ မြင်ကွင်းသည် ကျုန်းဟုန်က မိမိကိုယ်ကို သတ်သေလိုက်သကဲ့သို့ ဖြစ်နေကာ ကျုန်းဟုန်က ဘာမှမရှိဘဲ ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေသည်။

​ဤသည်က အလွန် ထူးဆန်းနေသည်။ လျန်ဟယ် မျက်ခုံးပင့်လိုက်မိသည်။ သူ၏ မျက်နှာတွင် အလွန် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာသည်။

​ဤအခြေအနေက ပုံမှန်မဟုတ်ပဲ လျန်ဟယ်သိထားသမျှ အသိဥာဏ်ဗဟုသုတအားလုံးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။

​လျန်ဟယ်၏ မြင့်မားသော ကျင့်ကြံမှုဖြင့် ရန်သူသည် သူတော်စင် သို့မဟုတ် နတ်ဘုရား ဖြစ်နေလျှင်တောင် လျန်ဟယ်အနေဖြင့် တန်ကြေးတစ်ခု ပေးဆပ်လိုက်ရုံဖြင့် မှုန်ဝါးဝါး ပုံရိပ်အချို့ကို မြင်တွေ့နိုင်သင့်သည်။

​သို့သော် ယခုတွင် ဘာမှ မရှိပေ။ သူဘာမှ မမြင်ရပေ။

​"ထူးဆန်းတယ် အရမ်းကို ထူးဆန်းတယ်"

​"ရန်သူက ပုံရိပ်ယောင်ပညာရှင်လား ရန်သူက ကျုန်းဟုန်ကို လှည့်စားပြီး သူ့ရဲ့ ဓမ္မတာအို ရွှေအမြုတေကို ကိုယ်တိုင် ဖောက်ခွဲအောင် လုပ်လိုက်တာလား"

​ရှေးခေတ်ကာလတုန်းက ​အိပ်မက်ပုံရိပ်ယောင် သူတော်စင် တစ်ပါးရှိခဲ့သည်။ ထိုသူတော်စင်သည် ပုံရိပ်ယောင်နည်းစနစ်များဖြင့် သူတော်စင်တစ်ပါးဖြစ်လာခဲ့ခြင်းဖြစ်သည်။

​သူတော်စင်၏ ပုံရိပ်ယောင်နည်းစနစ်များသည် အိပ်မက်ကို လက်တွေ့ဘဝအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထိုနည်းစနစ်များသည် မျက်လှည့်နည်းများကို အသုံးပြုရုံဖြင့် ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်သည်။

​သူတော်စင်၏ ပုံရိပ်ယောင် ကျွမ်းကျင်မှုသည် အလွန်အားကောင်းသောကြောင့် နတ်ဘုရားအဆင့် ဧကရာဇ်တစ်ပါးပင်လျှင် အချိန်အနည်းငယ်ကြာ လှည့်စားခံရနိုင်ပြီး ဧကရာဇ်သည် အိပ်မက်ထဲတွင် လုံးဝ လမ်းပျောက်သွားနိုင်သည်။

​လျန်ဟယ်သည် အာရုံစိုက်ကာ ခေတ္တမျှ တွေးတောလိုက်သော်လည်းပဲ သူ့ထံတွင် အဖြေမရှိသေးပေ။

​လျန်ဟယ်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အတိတ်သို့ ပြန်စီးဆင်းနေသော အချိန်မြစ်ကို ရပ်တန့်လိုက်သည်။

​ထို့နောက် သူသည် ညင်သာသော စိတ်ဝိညာဉ်စွမ်းအင်ကို ဖန်တီးလိုက်ပြီး ချန်ချန်ကို မြေကြီးပေါ်မှ ဖြည်းညှင်းစွာ မတင်လိုက်သည်။

​"မင်းသမီး ဝမ်းမနည်းပါနဲ့တော့"

လျန်ဟယ်က နူးညံ့သော အသံဖြင့် ပြောလိုက်သည်။

​"ကျွန်တော်တို့ရဲ့ တာဝန်က မင်းသမီး ကျင့်ကြံစဉ်ကာလတစ်လျှောက် ဘေးကင်းအောင် ကာကွယ်ပေးဖို့ပါပဲ ကျွန်တော်တို့ရဲ့ တာဝန်က မင်းသမီး တာအိုလမ်းစဉ်ကို ရှာတွေ့ဖို့ ကူညီပေးဖို့ပါပဲ ကျုန်းဟုန်က မင်းသမီးကို ကာကွယ်ရင်း သေဆုံးသွားရတာက သူ့ကံတရားပါပဲ"

​"မင်းသမီး စိတ်ပူစရာ မလိုပါဘူး ဒီလူသတ်သမားက ပုံရိပ်ယောင်နည်းစနစ်တွေကို သုံးခဲ့ပုံရတယ် လူသတ်သမားက ထူးဆန်းတဲ့ နည်းလမ်းတွေကို သုံးခဲ့တာ"

"တကယ်လို့ မင်းသမီးဆီမှာ ပုံရိပ်ယောင်တွေကို ဖြိုခွင်းနိုင်ပြီး စိတ်ကို ကြည်လင်စေတဲ့ ရတနာတစ်ခုသာ ရှိရင် ရန်သူက ဘာမှမဟုတ်တော့ဘူး"

​"ဒါက မင်းသမီးရဲ့ ကံတရားဆိုတော့ ကျွန်တော်တို့ မကြာခင် လူသတ်သမားနဲ့ ပြန်တွေ့ရမှာပါ အဲဒီအချိန်ကျရင် ကျုန်းဟုန်အတွက် ကျွန်တော် လက်စားချေပေးမယ် လူသတ်သမားရဲ့ ဝိညာဉ်ကိုဆွဲထုတ်ပြီး အကြိမ်ကြိမ် မီးရှို့ပစ်မယ်"

​ချန်ချန်က ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးများထဲရှိ နတ်ဘုရားအလင်းရောင်သည် တောက်ပလာခဲ့သည်။

​"စီနီယာလျန် ရှင့်မှာ ပုံရိပ်ယောင်တွေကို ဖြိုခွင်းနိုင်တဲ့ ရတနာရှိလား" ချန်ချန်က မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။

​လျန်ဟယ်၏ အကြည့်က ချန်ချန်၏ လက်ရှိ ခရမ်းရောင်အလင်းတန်းများ စီးဆင်းနေသော လက်စွပ်ပေါ်သို့ ရောက်ရှိသွားသည်။

​လျန်ဟယ်၏ မျက်လုံးများထဲတွင် နတ်ဘုရားအလင်းတန်းတစ်ခု ပေါ်လာသည်။

​"ဒီ ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်က ကောင်းကင်ကိုးထပ် ခရမ်းရောင် နတ်ဘုရားလျှပ်စီးကို ခေါ်ယူနိုင်ပြီး ပုံရိပ်ယောင်တွေကို ဖြိုခွင်းနိုင်တယ် ဒီလက်စွပ်က ပုံရိပ်ယောင်တွေရဲ့ သေမင်းပဲ"

--------------

​ထိုအချိန်တွင် ကျစ်ယာ့ စီရင်စုရှိ ​လင်းယွန်ဂိုဏ်း၏ အပြင်ဘက် မြစ်ငယ်လေး တစ်စင်း၏ ဘေးတွင် တည်ငြိမ်နေသော လေဟင်းလင်းပြင်တွင် ဂယက်လှိုင်းများ ရုတ်တရက် ပေါ်လာသည်။

​ထို့နောက် မီတာအနည်းငယ် ကျယ်ဝန်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပွင့်လာပြီး အထဲမှ ချောမောပြီး ပျော်ရွှင်နေသော လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်။

​ကလေးမလေးတစ်ဦးကလည်း လူငယ်၏ အဝတ်အစားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လူငယ်လေးနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်လာသည်။

​"ကဲ... ငါတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ"

​"ဒီကောင်မလေးက စီရင်စုတစ်ခုလုံးကို ဖြတ်ကျော်ဖို့ နယ်ပယ်ဖောက်ထွက်ခြင်း အဆောင်လက်ဖွဲ့ နှစ်ခုတောင် သုံးခဲ့တာပဲ" ကျုံးရှန်က ရယ်မောရင်း ပြောလိုက်သည်။

​ကျုံးရှန်သည် ဂူရှိရာ ဦးတည်ချက်ကို စိုက်ကြည့်လိုက်သည်။ မသေမျိုးတစ်သောင်း တိုက်ကြီး၏ စီရင်စုနယ်မြေများသည် အလွန် ကျယ်ဝန်းလှသည်။

​ကျစ်ယာ့ စီရင်စုမှ နန်ယန် စီရင်စုသို့ သွားရောက်ရာတွင် ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး သွားလာလျှင်ပင် နေ့တစ်ဝက်နီးပါး ကြာမြင့်သည်။

​ကျင့်ကြံသူတစ်ယောက်သည် စီရင်စုတစ်ခုကို ဖြတ်ကျော်ရန် ပျံသန်းသွားမည်ဆိုပါက အနည်းဆုံး နှစ်ဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။

​ကလေးမလေးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ထွက်လာပြီး ကျုံးရှန်၏ အဝတ်အစားကို လွှတ်လိုက်သည်။

သူမသည် ဤနေရာရှိ မြင်ကွင်းများကို စူးစမ်းလိုစိတ်ဖြင့် စိတ်ဝင်တစား လိုက်ကြည့်နေသည်။ ​ထိုကလေးမလေးမှာ ကျုံးရှန်၏ ချစ်စရာကောင်းသော မြေးမလေးကျုံးထျန်းယွဲ့ပင်ဖြစ်သည်။

​ပုံမှန်အားဖြင့် ဤကဲ့သို့ ကံကောင်းခြင်းတွေ ဖန်တီးပေးနိုင်သည့် နေရာမျိုးက ချမ်းသာကြွယ်ဝပြီး ကံကောင်းခြင်းများဖြင့် ပြည့်နှက်နေသင့်သည်။

သို့သော် ဤနေရာတွင်တော့ အရာအားလုံးက ပျက်စီးနေသည်။ မလှမ်းမကမ်းတွင် သေမျိုးဂိုဏ်းတစ်ခု ရှိနေပြီး ဂိုဏ်းသားအားလုံးသည် မြေကြီးပေါ်တွင် ဝပ်တွားနေကြကာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။

​လူတိုင်း၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ တောင်နောက်ဘက်တွင်မူ ရွာတစ်ရွာရှိပြီး ရွာထဲတွင် သွေးများက မြစ်ချောင်းများသဖွယ် စီးဆင်းနေသည်။ သေဆုံးနေသော အလောင်းများသည် မြေပြင်ကို ဖုံးလွှမ်းထားသည်။

​ထိုမြင်ကွင်းသည် ငရဲမှ မြင်ကွင်းတစ်ခုအတိုင်း ဖြစ်နေသည်။ သက်ရှိ သို့မဟုတ် ပျော်ရွှင်မှု၏ အရိပ်အယောင် တစ်ခုမျှ မရှိပေ။

​"ဘိုးဘေး... ဒီနေရာက ဘာလို့ ဒီလိုဖြစ်နေတာလဲဟင်..."

ကျုံးထျန်းယွဲ့က ကြောက်ရွံ့နေသော အသံဖြင့် တီးတိုးမေးလိုက်သည်။

​ကျုံးထျန်းယွဲ့သည် ကျုံးရှန်၏ နောက်မှ လိုက်ပါသွားသည်။ ကျုံးထျန်းယွဲ့ လမ်းတစ်လျောက်တွင် မည်သည့်သက်ရှိကိုမှ မတွေ့ရပေ။

​သူတို့နှစ်ဦးသည် လင်းယွန်မျှော်စင်ထဲသို့ ရဲဝံ့စွာ ဝင်ရောက်သွားကြသည်။ မည်သူမျှ သူတို့နှစ်ဦးကို မေးခွန်းထုတ်ရဲခြင်း မရှိပေ။

​လူတွေက အသက်ရှင်နေကြသော်လည်း သူတို့က လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ ဖြစ်နေကြသည်။

​ဤနေရာက ကြီးမားသော ကြောက်မက်ဖွယ်ရာ တစ်ခုခု၏ လွှမ်းမိုးခြင်းကို ခံထားရပုံရသည်။ ​နန်ယန် စီရင်စု၏ အဝေးလံဆုံးနှင့် အခက်ခဲဆုံး ဒေသများတွင်ပင် သာမန်ပြည်သူများသည် ဤကဲ့သို့ လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်မသွားခဲ့ကြပေ။

​"ဘိုးဘေး... ကျွန်မတို့ နေရာမှန်ကို ရောက်လာတာ ဟုတ်ရဲ့လား" ကျုံးထျန်းယွဲ့က သံသယဖြင့် မေးလိုက်သည်။

​ကျုံးရှန်က ကျုံးထျန်းယွဲ့၏ လက်သေးသေးလေးကို ကိုင်လိုက်ပြီး ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည်။

​"ကလေး… ဒီကမ္ဘာပေါ်က နေရာတိုင်းက မင်း မြင့်မြတ်နယ်မြေမှာ မြင်ခဲ့ရသလိုမျိုး မဟုတ်ဘူး"

All Chapters