အခန်း (၂၀)
Vol. 2 Ch. 20
"ဘိုးဘေး ဘာကို ဆိုလိုတာလဲဟင်"
ကျုံးထျန်းယွဲ့ ကျုံးရှန်ကို မော့ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ ကျုံးထျန်းယွဲ့သည် အသက်ရှစ်နှစ်သာရှိသေးပြီး ငယ်ရွယ်သေးသည်။
သူမသည် ငယ်စဉ်ကတည်းက မြင့်မြတ်နယ်မြေရှိ အကြီးအကဲများ၏ အကာအကွယ်အောက်တွင် ကြီးပြင်းခဲ့ရသည့်အပြင် ကျုံးချီမင်ကလည်း သူမကို အလွန်အမင်း ချစ်ခင်မြတ်နိုးသည်။
သူမက ရွှေဇွန်းကိုက်ပြီး မွေးဖွားလာသူဖြစ်ကာ လူ့လောက၏ အေးစက်ရက်စက်မှုများကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
"ယွဲ့အာ မင်းကို ဘိုးဘေးက မေးခွန်းတစ်ခု မေးမယ်"
ကျုံးရှန်က တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ မိန်းကလေးတစ်ယောက်က သူများထက် နိမ့်ကျပြီး မွေးဖွားလာတယ် ဆိုပါစို့..."
"အဲဒီမိန်းကလေးက အမြဲတမ်း အရှက်ခွဲခံရပြီး လူတိုင်းက သူ့ကို အထင်သေးနေကြတယ်"
"မိဘတွေနဲ့ အကြီးအကဲတွေကတောင် သူ့ကို ရွံရှာပြီး စွန့်ပစ်ထားမယ် ဝန်ထုပ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားမယ်"
"ဂိုဏ်းထဲက စီနီယာအစ်ကိုတွေကတောင် သူ့ကို သတ်ချင်နေကြတယ် ဆိုပါစို့"
ကျုံးရှန်က စကားကို ခေတ္တရပ်လိုက်သည်။ သူ၏ မျက်လုံးများက အဝေးတစ်နေရာကို နက်ရှိုင်းစွာ စိုက်ကြည့်နေသည်။
"ရုတ်တရက် တစ်နေ့မှာ အဲဒီမိန်းကလေးက သူ့ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားကို ရရှိသွားတယ် သူက အဲဒီလူတွေရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်သွားတယ်"
"ပြောစမ်းပါ အဲဒီမိန်းကလေးက မြင့်မြတ်တဲ့နတ်ဘုရား ဖြစ်လာမလား ဒါမှမဟုတ် မိစ္ဆာ ဖြစ်လာမလား"
ကျုံးရှန်က ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ကျုံးရှန်၏ ရှင်းလင်းပြတ်သားသော အသံသည် ကျုံးထျန်းယွဲ့၏ နားထဲသို့ ဆက်တိုက် ဝင်ရောက်လာသည်။
ထိုအသံသည် ကျုံးထျန်းယွဲ့ကို ကြောက်ရွံ့မှုနှင့် ကိုယ်ချင်းစာမှုတို့ကို ခံစားရစေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထသွားသည်။
ကျုံးထျန်းယွဲ့သည် လင်းယွန်မျှော်စင်ရှိ ထုံထိုင်းနေသော အလောင်းကောင်ကဲ့သို့ ဖြစ်နေသော လူများကို ပြန်သတိရလိုက်သည်။ သူမ မဖြေဘဲ မနေနိုင်တော့ပေ။
"ဘိုးဘေး… သမီးထင်တာတော့ အဲဒီမိန်းကလေးက မိစ္ဆာဖြစ်ဖို့ ရွေးချယ်မှာ သေချာတယ် မိစ္ဆာဘုရင်မကြီး ဖြစ်လာမှာ"
ကျုံးထျန်းယွဲ့က အော်ဟစ်လိုက်သည်။
"ပြီးတော့ သူက သူ့ကို အနိုင်ကျင့်ပြီး နာကျင်အောင်လုပ်ခဲ့တဲ့ လူတွေအကုန်လုံးကို သတ်ပစ်မှာ"
"ဘာလို့လဲဆိုတော့ အဲဒီလူတွေအကုန်လုံးက လူဆိုးတွေလေ"
ကျုံးထျန်းယွဲ့၏ မျက်နှာလေးသည် အလေးအနက်ထားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအမူအရာက ကျုံးရှန်ကို သဘောကျစွာဖြင့် ရယ်မောမိစေသည်။
"လူဆိုးလား… သူရဲကောင်းလား…"
"နတ်ဘုရားလား… မိစ္ဆာလား…"
"နတ်ဘုရားနဲ့ မိစ္ဆာ ကြားမှာ ဘာကွာခြားချက် ရှိလို့လဲ"
"ဒီမေးခွန်းမှာ အဖြေတစ်ခုတည်း မရှိဘူး အဖြေဆိုတာ မတူညီတဲ့ အမြင်တွေအပေါ်မှာပဲ မူတည်နေတာ"
"လိပ်ပြာတစ်ကောင်ကိုသတ်လိုက်ရင် လူဆိုးဖြစ်ပြီး ပိုးဟပ်ကိုသတ်လိုက်ရင်ကြ သူရဲကောင်းတဲ့လား လိပ်ပြာနဲ့ ပိုးဟပ် နှစ်ကောင်လုံးက နိမ့်ကျတဲ့သက်ရှိတွေပါပဲ"
ကျုံးထျန်းယွဲ့က သူမ၏ ခေါင်းသေးသေးလေကို သုံးကာ ကျုံးရှန်၏ စကားများကို ထပ်ခါတလဲလဲ တွေးတောနေမိသည်။
မသိလိုက်ဘာသာဖြင့် သူတို့နှစ်ဦးသည် တောင်နောက်ဘက်ရှိ ဂူအပြင်ဘက်သို့ ရောက်ရှိလာကြသည်။
ကျုံးရှန်၏ နတ်ဘုရားစိတ်အာရုံသည် ကြီးမားသော ဒီရေလှိုင်းကြီးကဲ့သို့ ထွက်ပေါ်လာပြီး ဂူထဲသို့ ဝင်ရောက်သွားပြီး ဂူတစ်ခုလုံးကို ချက်ချင်း စစ်ဆေးလိုက်သည်။
သိပ်မကြာလိုကပင် ကျုံးရှန်သည် ဂူ၏ နက်ရှိုင်းသော နေရာတွင် အလွန်ထူးဆန်းသော နေရာတစ်ခုကို အာရုံခံလိုက်မိသည်။
ကျုံးရှန်က ထိုနေရာကို နတ်ဘုရားစိတ်အာရုံဖြင့် မည်မျှပင် စစ်ဆေးပါစေ။ ပုံမှန်မဟုတ်သော အရာတစ်ခုမှ မတွေ့ရပေ။
သို့သော် ထိုနေရာ၏ ထူးဆန်းမှုမှာ ထိုနေရာက အလွန် ပုံမှန်ဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုနေရာက ပုံမှန်ဆန်လွန်းနေသည်။
မသိလျှင် အခြားသူများ အာရုံမစိုက်လာအောင်အတွက် တမင်ပုံမှန်ဖြစ်အောင် ပြင်ဆင်ထားသကဲ့သို့ဖြစ်နေသည်။
ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင် လုံးဝမရှိလောက်အောင် သန့်ရှင်းနေသည်။ ဤအခြေအနေက ပုံမှန်မဟုတ်ဘဲ ထိုနေရာတွင် ဖုန်ကွယ်ထားသော အရာတစ်ခုခု ရှိနေရမည်။
"ထွက်ခဲ့စမ်း…"
ကျုံးရှန်က ပြတ်သားစွာဖြင့် အမိန့်ပေးလိုက်သည်။
ဒီရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားသော နတ်ဘုရားစိတ်အာရုံများသည် ပြန်လည် စုစည်းလာကြကာ လက်မောင်းခန့် အရွယ်အစားရှိသော ရွှေရောင် တုတ်တံတိုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုထူးဆန်းသော နေရာအပေါ်သို့ ရောက်ရှိသွားသည်။
ကျုံးရှန်က ထိုတုတ်တံကို ကြီးမားသော အားဖြင့် ရိုက်ချလိုက်သည်။
"ဘုန်းးး"
ပုံမှန်အားဖြင့် နတ်ဘုရားစိတ်အာရုံကို အခြားသူများ အနေဖြင့် မြင်ရမည်မဟုတ်ပဲ အာရုံခံနိုင်ရုံလောက်သာဖြစ်သည်။
သို့သော် ယခုအခါ ကျုံးရှန်သည် နတ်ဘုရားစိတ်အာရုံကို ရုပ်လုံးဖော်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှ တစ်ဆင့်ကျုံးရှန်၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်နက်နက်ပြီး အားကောင်းကြောင်းကို သိမြင်နိုင်လေသည်။
ကျုံးရှန်၏ တိုက်ခိုက်မှုထဲတွင် စွမ်းအင်များစွာပါလေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုထူးဆန်းသော နေရာက တိုက်ခိုက်မှု၏ စွမ်းအင်အများစုကို စုပ်ယူလိုက်သော်လည်း စွမ်းအင်အနည်းငယ် လွတ်ထွက်သွားခဲ့သည်။
ထိုဘေးထွက်စွမ်းအင်အနည်းငယ်သည် ဂူတစ်ခုလုံးနှင့် မြေအောက်ကို ချက်ချင်း ပြိုကျသွားစေသည်။ ထိုသည်သာမက လက်ကျန်စွမ်းအင်သည် မိုင်ပေါင်းများစွာ အကွာအဝေးအထိ မြေကြီးများကို ငလျင်လှုပ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားစေပြီး တောင်များကို ချက်ချင်း ပြိုကျသွားစေသည်။
ထူးဆန်းသည်မှာ တိုက်ခိုက်မှုကို တိုက်ရိုက် စုပ်ယူလိုက်သော နေရာသည် လုံးဝ အထိအခိုက်မရှိ ကျန်ရှိနေခြင်းပင် ဖြစ်သည်။ ထိုနေရာသည် ပြောင်းလဲခြင်း မရှိပေ။
ကျုံးရှန်က သူ၏ ဝတ်ရုံလက်ကို တင့်တယ်စွာ ဝှေ့ယမ်းလိုက်သောခါ ပြုတ်ကျလာသော ကျောက်တုံးများ အားလုံး လွင့်စင်သွားသည်။
ထို့နောက် ကျုံးရှန်သည် ကျုံးထျန်းယွဲ့ကို လေပေါ်သို့ မတလိုက်ပြီး ကောင်းကင်ထက်တွင် ရပ်လျက် ကျုံးရှန်သည် ရုတ်တရက် ပါးစပ်ဟလိုက်သည်။ ပြီးနောက်တွင် သူက "ပျက်စီးစေ" ဟူသော စကားလုံးကို ဖွဖွလေး ရွတ်ဆိုလိုက်သည်။
ထိုအခါ ရှေးဟောင်းဆန်းကြယ်သော သင်္ကေတတစ်ခု ကျုံးရှန်၏ ပါးစပ်မှ ထွက်ပေါ်လာပြီး ထိုသင်္ကေတသည် ထူးဆန်းသော နေရာထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ရှေးဟောင်းဆန်းကြယ်သင်္ကေတနှင့် ထိတွေ့လိုက်သောအခါ ဟင်းလင်းပြင်သည် ရေကန်ကဲ့သို့ ဂယက်ထသွားသည်။
ထို့နောက် အနက်ရောင်နှင့် အဖြူရောင် ယင်ယန်ကြေးမုံပြင် တစ်ခု ထိုနေရာတွင် ပေါ်လာသည်။
"အင်း... ရှေးဟောင်းဒဏ္ဍာရီတွေက မှန်တာပဲ ဒီပစ္စည်းက တကယ်ပဲ အဲဒီအရာ ဖြစ်နေတာကိုး"
"ရှေးဟောင်းနတ်ဘုရား ကြေးမုံ ရဲ့ ဖန်ဆင်းရှင်ရတနာက တာအိုဧကရာဇ် လက်ထဲကို တကယ်ရောက်နေတာပဲ"
"ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ ကြေးမုံပြင်နဲ့ဆိုရင် နတ်ဘုရားအဆင့်တူ စွမ်းအားရှင်တစ်ယောက်ကတောင် တာအိုဧကရာဇ် အမွေအနှစ်ရဲ့ ဇာစ်မြစ်ကို ရှာမတွေ့နိုင်ဘူး"
ကျုံးရှန်၏ အကြည့်က ကြေးမုံပြင်၏ ပုံရိပ်ယောင်အပေါ်သို့ ကျရောက်သွားသည်။
ကျုံးရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ရှေးဟောင်း ကနဦးခေတ် နတ်ဘုရားများတိုက်ကြီးတွင် နတ်ဘုရားအများအပြား ရှိခဲ့သည်။ သူတို့သည် နတ်ဘုရားဆိုသည့် အမည်နာမနှင့် တကယ်ထိုက်တန်ကြအောင် သန်မာခဲ့ကြသည်။
ထိုအခါက မျိုးနွယ်စုပေါင်းများစွာက အာဏာလုခဲ့ကြပြီး မျိုးနွယ်စုပေါင်းများစွာ တစ်ဖက်နှင့်တစ်ဖက် နှစ်ပေါင်းများစွာ စစ်ခင်းခဲ့ကြသည်။
ထိုအချိန်က လူသားများသည် မတိုးတက်သေးပဲ လူရိုင်းသာသာဖြစ်ကြပြီး လူသားနတ်ဘုရားများသည်လည်း အနည်းငယ်သာ ရှိခဲ့သည်။
အခြားမျိုးနွယ်စုများမှ နတ်ဘုရားများသည် လူသားများကို သွေးယဇ်ပူဇော်လေ့ရှိကြသည်။
ထိုအချိနိတုန်းက ထောင်ပေါင်းများစွာသော လူသားအလောင်းများသည် မြေကြီးပေါ်တွင် ပြန့်ကျဲနေတတ်သည်။ လူသားများ၏ သွေးမြူများက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး နေရာတိုင်းတွင် ငိုကြွေးသံများ ပဲ့တင်ထပ်နေခဲ့သည်။
"ကြေးမုံ" ဟု လူသိများသော ကြေးမုံတာအိုနတ်ဘုရားသည် ရှေးဟောင်းကနဦးခေတ်၏ လူသားနတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။
အထွတ်အထိပ် နတ်ဘုရားစွမ်းအားဖြင့် ကြေးမုံနတ်ဘုရားသည် ဖန်ဆင်းရှင်ရတနာဖြစ်သော ယင်ယန်နယ်ပယ်ကြေးမုံပြင် ကို ဖန်တီးခဲ့သည်။
ယင်ယန်နယ်ပယ်ကြေးမုံပြင်သည် ကောင်းကင်တာအိုမှ ကွယ်ဝှက်ထားနိုင်သည်။ ဤကြေးမုံပြင်ဖြင့် ကြေးမုံနတ်ဘုရားသည် ပြောင်းပြန်ကမ္ဘာတစ်ခုကို ဖန်တီးခဲ့သည်။
ထိုကမ္ဘာသည် လူသားမျိုးနွယ်ကို အင်အားကြီးမျိုးနွယ်များ၏ ဘေးအန္တရာယ်မှ ကင်းဝေးစေခဲ့သည်။
နောက်ပိုင်းတွင် ရှေးဟောင်းမျိုးနွယ်များ၏ ကံတရားသည် ကျဆင်းလာခဲ့ကာ နတ်ဘုရားများက ဖရိုဖရဲဖြင့် တိုက်ခိုက်လာကြသည်။ နက်ရှိုင်းသောဟင်းလင်းပြင်မှ နတ်ဆိုးများက ကျူးကျော်လာကြသည်။
နောက်ဆုံးတွင် ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားပြီး နတ်ဘုရားများအားလုံး သေဆုံးသွားကာ ရှေးဟောင်းမျိုးနွယ်စုများ အားနည်းသွားကြသည်။ ထိုသို့ဖြင့် ရှေးဟောင်းကနဦးခေတ် ကုန်ဆုံးသွားသည်။
ဤကြေးမုံသည်လည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲသည်။ လူသားများသည် ယင်ယန်နယ်ပယ်ကြေးမုံပြင်ကို အားကိုးပြီး စစ်ပွဲ ကာလကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။
ထို့နောက် ယင်ယန်နယ်ပယ်ကြေးမုံပြင်သည် ရုတ်တရက် ကောင်းကင်သို့ ပျံသန်းသွားသည်။ ကြေးမုံပြင်သည် မတူညီသော ကြေးမုံပြင် (၁၀) ခုအဖြစ် ပြောင်းလဲပြီး တိုက်ကြီးအနှံ့ ပြန့်ကျဲသွားခဲ့သည်။
ဒဏ္ဍာရီများအရ လူတစ်ယောက်သည် ကြေးမုံပြင် (၁၀) ခုစလုံးကို ပိုင်ဆိုင်နိုင်ပါက ထိုလူသည် ရှေးဟောင်းကနဦးခေတ်၏ လျှို့ဝှက်ချက်များကို ရှာဖွေနိုင်မည်ဟု ဆိုကြသည်။
ရှေးဟောင်းခေတ် ကုန်ဆုံးပြီး သန်းပေါင်းများစွာသော နှစ်များ ကြာပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ ကံတရားများ ဖြည်းညှင်းစွာ ပြန်လည်ကောင်းမွန်လာသည်။ လူသားမျိုးနွယ်က စတင်ပြီးမြင့်တက်လာခဲ့သည်။
လူသား မဟာပညာရှိများ တစ်ပါးပြီးတစ်ပါး ကမ္ဘာလောကတွင် ပေါ်ထွန်းလာကြသည်။ ပညာရှိများသည် ကျင့်ကြံခြင်းနှင့် တာအိုဗဟုသုတများကို မျှဝေသင်ကြားပေးပြီး ခက်ခဲသည့်ကျင့်ခြင်းမေးခွန်းများကို ဖြေကြားပေးကြသည်။
ရှေးဟောင်းဧကရာဇ်များသည်လည်း တစ်ပါးပြီးတစ်ပါး စွမ်းအားပြလာကြပြီး ဧကရာဇ်များသည် ရှေးဟောင်းနတ်ဘုရားမင်းဆက်များကို တစ်ခုပြီးတစ်ခု တည်ထောင်ခဲ့ကြသည်။
ဥပမာအားဖြင့် တာအိုဧကရာဇ်သည် ထိုခေတ်ကာလ၏ အလွန်စွမ်းအားကြီးသော ဧကရာဇ်တစ်ပါး ဖြစ်သည်။
"ဒီဧကရာဇ်ရဲ့ ဆက်ခံသူကို ရှင်းပြီးရင် ငါဒီကြေးမုံပြင်ကို ချင်ထျန်းတောင်ထွတ်ကို ယူသွားပြီး သေချာလေ့လာရမယ်"
ကျုံးရှန် ပြောပြီးသည်နှင့် တပြိုင်နက် ကြေးမုံပြင်၏ မျက်နှာပြင်ပေါ်တွင် ဂယက်များ ပေါ်လာသည်။
ပုံရိပ်နှစ်ခုသည် ကြေးမုံပြင်ထဲမှ ခုန်ထွက်လာကြသည်။
ပုံရိပ်များသည် ဂူပျက်ကြီးကို ဖြတ်ကျော်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။
ချန်ချန်သည် ကျုံးရှန်ကို မြင်သည်နှင့် တပြိုင်နက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စီနီယာလျန် ဒီလူပဲ ဒီလူက ဆရာကျုန်းကို သတ်ခဲ့တာ ဒီလူက ကျွန်မကို သတ်ဖို့ ကြိုးစားခဲ့တာ သူက တာအိုဧကရာဇ်က အလကားကောင်လို့ ပြောခဲ့တာ"
ချန်ချန်၏ မျက်လုံးများသည် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
သူမသည် ကျုံးရှန်အကြောင်းကို အသည်းအသန် လိမ်ညာပြောဆိုတော့သည်။ ချန်ချန်သည် ကျုံးရှန်နှင့် ကျုံးထျန်းယွဲ့တို့ နှစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်နေပုံရသည်။
"ခင်ဗျား ဒီကို လာရဲတယ်ပေါ့ ခင်ဗျားက တာအိုဧကရာဇ်ရဲ့ သစ္စာရှိလက်အောက်ငယ်သားကို သတ်ရဲတယ် ဧကရာဇ်ရဲ့ ဆက်ခံသူကို တိုက်ခိုက်ပြီး တာအိုဧကရာဇ်ကိုတောင် စော်ကားရဲတယ်"
"တာအိုဧကရာဇ်ရဲ့ လက်အောက်မှာ ဘယ်သူမှ မရှိတော့ဘူးလို့ ခင်ဗျား တကယ်ထင်နေတာလား ခင်ဗျား အကြိမ်တစ်ထောင် သေသင့်တယ်"
"မင်းသမီး… ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို ပေးပါ"
လျန်ဟယ်က သူ့ရှေ့မှ ကျုံးရှန်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေကာ ဒေါသများ ပေါက်ကွဲထွက်လာသည်။
လျန်ဟယ်က ချန်ချန်ကိုယ်တိုင် လက်စွပ်ပေးသည်ကို စောင့်မနေပေ။ သူက လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ ချန်ချန်၏ လက်ထဲရှိ မိစ္ဆာသတ်လက်စွပ်သည် ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လျန်ဟယ်၏ လက်ထဲသို့ ရောက်ရှိသွားသည်။
လျန်ဟယ်၏ လက်ထဲသို့ လက်စွပ်ရောက်လာသည်နှင့် လက်စွပ်ထံမှ ကြီးမားသော မိုးကြိုးစွမ်းအားများ ထွက်ပေါ်လာသည်။
"မင်း မိစ္ဆာကောင် ဒီနေ့ မင်းကို အသေဆိုးနဲ့ သတ်ပြစ်မယ် မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ် မင်းရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ထပ်ခါထပ်ခါ နှိပ်စက်မယ်"
"ဝှစ်"
လျန်ဟယ်က လျင်မြန်စွာ ရွေ့လျားလိုက်သည်။ သူသည် ကျုံးရှန်၏ ရှေ့သို့ ရောက်လာသည်။
မိစ္ဆာသတ်လက်စွပ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော လျှပ်စီးများ လက်ခနဲ ထွက်ပေါ်လာသည်။ လျှပ်စီးများသည် ကခုန်နေသော နဂါးများကဲ့သို့ ဖြစ်နေပြီး သူတို့နှစ်ဦးကို လုံးဝ ဝန်းရံထားလိုက်သည်။
လျှပ်စီးတစ်ခုစီတွင် ကောင်းကင်မိုးကြိုး စွမ်းအားများ ပါဝင်နေသည်။
ဟင်းလင်းပြင်ကြီးပင် စုတ်ပြဲသွားပြီး အနက်ရောင်အက်ကွဲကြောင်းငယ်များ ပေါ်လာသည်။ ကောင်းကင်မိုးကြိုး ပစ်ခတ်လိုက်လျှင် မိစ္ဆာများအားလုံး သေဆုံးရမည်။
ခက်ထန်သော စိတ်ဝိညာဉ်စွမ်းအားကို ကြည့်ခြင်းအားဖြင့် လျန်ဟယ်၏ ကျင့်ကြံမှုသည် နိယာမနယ်ပယ် အဆင့် (၂၆) သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ ဤအဆင့်သည် အနာဂတ်ကို တွက်ချက်နိုင်စွမ်းရှိသော အဆင့်ဖြစ်သည်။
ဤအဆင့်ရောက်လျှင် အတိတ်ကို မြင်နိုင်ပြီး အနာဂတ်ကို တွက်ချက်နိုင်သည်။
ဤအဆင့်၏ စွမ်းအားသည် နိယာမနယ်ပယ် အဆင့် (၂၅) ကျွမ်းကျင်သူ၏ စွမ်းအားထက် အဆများစွာ ပိုမိုသန်မာအားကောင်းလေသည်။