← Chapters

အခန်း (၅၄၄-၅၄၅)

Vol. 34 Ch. 544-545

အခန်း (၅၄၄-၅၄၅)

Vol. 34 Ch. 544-545

Chapter 544

တစ်ကမ္ဘာလုံး၏ ပစ်မှတ် ၁

ထို့နောက်တွင် ဝတ်စုံ၏ အစိတ်အပိုင်းများမှာ ကျုံ့သွားပြီး မူလီများမှာ အလိုအလျောက် တင်းကျပ်သွားသည်၊၊

ထိုခဏချင်းမှာပင် သူသည် အားကောင်းသော ယန္တရားတစ်ခု၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရသည်၊၊

အတွင်းဘက်ရှိ ပျော့ပျောင်းသော အလွှာက သူ့ကို အလိုက်သင့် ထိန်းထားပေးသည်၊၊

လင်းရှန်သည် သူ၏လက်ကို မြှောက်လိုက်ပြီး ဟိုလိုဂရမ်အမြင်အာရုံမှတစ်ဆင့် သူ၏ ယန္တရားလက်မောင်းကို ကြည့်လိုက်သည်၊၊

ထို့နောက် လက်သီးကို ဖြည်းညှင်းစွာ ဆုပ်လိုက်သည်၊၊

နှောင့်နှေးမှု လုံးဝမရှိဘဲ စွမ်းအားထုတ်လွှတ်မှုစနစ်က ချက်ချင်း တုံ့ပြန်လာပြီး စွမ်းအားများ စီးဆင်းလာသည်၊၊

ဤလက်ဖြင့် သံမဏိကို စက္ကူကဲ့သို့ ချေဖျက်နိုင်မည်ဖြစ်ကြောင်း သူ ခံစားနေရသည်၊၊

[မောင်းနှင်သူ၏ အသက်ရှင်သန်မှု အခြေအနေကို စစ်ဆေးနေသည်...]

[အခြေအနေ တည်ငြိမ်သည်၊၊ နှလုံးခုန်နှုန်း... ခန္ဓာကိုယ် အပူချိန်...]

[ပေါင်းစပ်ထိန်းချုပ်မှုစနစ်ကို အသက်သွင်းလိုက်ပြီ၊၊]

[လက်ရှိ တိုက်ခိုက်ရေး လေ့ကျင့်မှု တန်ဖိုး - ၀]

[မောင်းနှင်သူ၏ လှုပ်ရှားမှုပုံစံနှင့် ပိုမိုကိုက်ညီစေရန် လှုပ်ရှားမှုနှင့် တိုက်ခိုက်ရေးဒေတာများကို လေ့လာရန် လိုအပ်သည်၊၊]

ဝတ်စုံအတွင်းတွင် လင်းရှန်၏ မျက်လုံးများသည် ဟိုလိုဂရမ်မျက်နှာပြင်၏ အလင်းပြန်မှုကြောင့် တောက်ပနေသည်၊၊ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်၊၊

“အရင်က ဝတ်စုံရဲ့ လှုပ်ရှားမှု ဒေတာတွေကို ကူးယူစရာမလိုဘူး—ဒီဝတ်စုံကို အစကနေပဲ အကုန်လေ့လာခိုင်းလိုက်မယ်”

ချန်ဆီရွှမ်သည် အလွန်တိုတောင်းသော အချိန်အတွင်းမှာပင် ၎င်းကို ကျွမ်းကျင်သွားခဲ့သည်၊၊ ဤဝတ်စုံ၏ Aiမှာ အလွန်မြင့်မားသည်မှာ သိသာသည်၊၊

၎င်းမှာ တစ်ကိုယ်လုံးဖုံးအုပ်ထားသော ဝတ်စုံဖြစ်သော်လည်း ယူနစ်-၀၁ ကို မောင်းနှင်ရသည်နှင့် အတွေ့အကြုံချင်း လုံးဝကွာခြားသည်၊၊

ယူနစ်-၀၁ မှာ တန်ချိန်တစ်သောင်း လေးလံပြီး အင်ဂျင်ပေါင်းလေးဆယ်ကျော် ပါဝင်ကာ လူနှစ်ဦး၏ အာရုံကြောချိတ်ဆက်မှု လိုအပ်သည်၊၊

၎င်းသည် တစ်ကမ္ဘာလုံး၏ အလေးချိန်ကို ထမ်းထားနိုင်သော်လည်း ၎င်း၏ လျင်မြန်မှုမှာ တစ်ကိုယ်ရည်သုံးဝတ်စုံများကို မယှဉ်နိုင်ပေ—ရှားရှား၏ ဆယ်လီကိုပင် မမီပေ၊၊

သူတို့၏ လှုပ်ရှားမှုကြားတွင် နှောင့်နှေးမှုမှာ အလွန်ကွာခြားသည်၊၊

၎င်းမှာ ရူပဗေဒနိယာမများကြောင့် ရှောင်လွှဲ၍မရသောအရာ ဖြစ်သည်၊၊

တစ်ကိုယ်ရည်သုံးတိုက်ပွဲဝင်ဝတ်စုံ၏ အားသာချက်မှာ မိမိ၏ ကိုယ်လက်အင်္ဂါများကဲ့သို့ပင် လွယ်ကူစွာ လှုပ်ရှားနိုင်ခြင်းဖြစ်သည်—နှောင့်နှေးမှု လုံးဝမရှိသလောက်ပင် ဖြစ်သည်၊၊

၎င်းမှာ လူသားတို့၏ အားနည်းလှသော သဘာဝခုခံရေးကို ဖြေရှင်းပေးသည့် ပြင်ပအရေပြားတစ်ခုကဲ့သို့ အလုပ်လုပ်ပေသည်၊၊

အထူးသဖြင့် မျိုးရိုးဗီဇပြောင်းလဲသူများအတွက်မူ ဤဝတ်စုံမှာ အခြေအနေကို ပြောင်းလဲစေနိုင်သော အရာဖြစ်သည်၊၊

သူတို့၏ လျင်မြန်မှု၊ တုံ့ပြန်မှု၊ ခွန်အား—တိုက်ခိုက်ရေးအတွေ့ကြုံများပင်လျှင်—ယန္တရားစနစ်နှင့် အပြည့်အဝပေါင်းစပ်သွားနိုင်သည်၊၊

အားကောင်းသော ဝတ်စုံတစ်ခုသည် မျိုးရိုးဗီဇပြောင်းလဲသူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်၊၊

ထိုရှုထောင့်မှကြည့်လျှင် ဖီးနစ်အဖွဲ့စည်း၏ စွမ်းရည်အညွှန်းကိန်းမှာ မျိုးရိုးဗီဇပြောင်းလဲသူတစ်ဦး၏ တကယ့်တိုက်ခိုက်ရေးစွမ်းအားကို တိုင်းတာရန်အတွက် အခြေခံအချက်အလက်မျှသာ ဖြစ်သည်၊၊

လူသားတို့၏ နည်းပညာနှင့် ယန္တရားများသည် လူသားတို့၏ ဆင့်ကဲပြောင်းလဲမှုနှင့် ကိုက်ညီသွားသောအခါ သဘာဝလွန်စွမ်းအားများကို ယှဉ်ပြိုင်နိုင်ရန် အမှန်တကယ်ပင် ဖြစ်နိုင်ချေရှိလာသည်၊၊

ထို့ကြောင့်လည်း စွမ်းရည်မရှိသော အသက်ရှင်ကျန်ရစ်သူ ၉၀ ရာခိုင်နှုန်းမှာ အမှောင်ညများကို ကျော်ဖြတ်၍ ဆက်လက်ရှင်သန်နေနိုင်ကြခြင်း ဖြစ်သည်၊၊

Howler-Class စွမ်းအားဝတ်စုံ၏ စနစ်များနှင့် ရင်းနှီးကျွမ်းဝင်ပြီးနောက် လင်းရှန်သည် ဝတ်စုံထဲမှ ထွက်လာခဲ့သည်၊၊ သူကိုယ်တိုင်ဖန်တီးထားသော လက်ရာကို အပြင်မှကြည့်ရင်း စိတ်လှုပ်ရှားမှုနှင့်အတူ ကြီးမားသော အောင်မြင်မှုကို ခံစားနေရသည်၊၊

ပိုင်ဝမ်စစ်တပ်စခန်းတွင် Iron Guard 3 စစ်သုံးစက်ရုပ်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးကတည်းက သူသည် Iron Man ကဲ့သို့ တိုက်ပွဲဝင်ဝတ်စုံမျိုးကို ကိုယ်တိုင်ပြုလုပ်ရန် ရည်မှန်းထားခဲ့ခြင်းဖြစ်သည်၊၊ ယခုမူ ထိုအိပ်မက်မှာ နောက်ဆုံးတွင် လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်သည်၊၊

လင်းရှန်၏ စွမ်းရည်မှာ အခြားသူများနှင့် မတူပေ၊၊ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ရှုချင်းကဲ့သို့သော မျိုးရိုးဗီဇပြောင်းလဲသူများကို လုံးဝမမီနိုင်ပေ၊၊

ဆွဲငင်အားမှန်ဘီလူးနှင့် ယန္တရားမြှင့်တင်မှုစွမ်းရည်များ မရရှိမီက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ထောက်ပံ့ရေးစွမ်းရည်ထက် အများကြီး နိမ့်ကျခဲ့သည်၊၊

အချိန်အတော်များများတွင် သူသည် အနန္တရထားကို အရှိန်ပြင်းပြင်း မောင်းနှင်နိုင်ရန်အတွက် ယန္တရားနှလုံးသားကိုသာ အားကိုးခဲ့ရသည်၊၊ ထူးဆန်းသည့် သတ္တဝါများနှင့် ရင်ဆိုင်ရပါက သူ၏ခန္ဓာကိုယ်မှာ အလွန်ပင် အားနည်းလွန်းသည်၊၊ သူဖန်တီးထားသော သံမဏိပြားများ သို့မဟုတ် ရေခဲဒိုင်းကာများပင်လျှင် တိုက်ခိုက်မှုများကို ကြာရှည်မတောင့်ခံနိုင်ပေ၊၊

သို့သော် ယခုအခါ ကိုယ်လုံးပြည့်ဖုံးအုပ်ထားသော ဝတ်စုံနှင့်အတူ သူ၏ ယန္တရားစွမ်းရည်မှာ အကောင်းဆုံးသော အခြေခံစနစ်တစ်ခုကို ရရှိသွားပြီဖြစ်သည်၊၊

ပထမဦးစွာ ဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြင့် သူသည် အကန့်အသတ်မရှိသော စွမ်းအင်ကို ရရှိမည်ဖြစ်ပြီး တိုက်ပွဲအတွင်းမှာပင် ပြုပြင်မှုများ လုပ်ဆောင်နိုင်သည်၊၊

ထို့ပြင် သူသည် ဝတ်စုံကို အမြဲမပြတ် ပြုပြင်မွမ်းမံနိုင်ပြီး နေရာတင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ကာ မွန်းစတားဒီရေများကြားတွင်ပင် ပိုမိုထိရောက်စွာ တိုက်ပွဲဝင်နိုင်မည်ဖြစ်သည်၊၊

ထိုသို့တွေးရင်း လင်းရှန်သည် အချိန်မဖြုန်းတော့ဘဲ ပြန်ထိုင်ကာ ရထားအသစ်တွဲရန်အတွက် ပြင်ဆင်သည့်အနေဖြင့် PX-05 စက်ရုပ်များကို စတင်ထုတ်လုပ်နေသည်၊၊

ကျိအန်းမြို့မှ ထွက်ခွာလာကတည်းက လင်းရှန်သည် အိပ်ချိန် သို့မဟုတ် ထွက်ပြေးချိန်မှအပ အချိန်ကို အလဟဿမဖြုန်းခဲ့ပေ—အမြဲတမ်း ထုတ်လုပ်ခြင်း၊ ဝါးမြိုခြင်း သို့မဟုတ် ပြုပြင်ခြင်းများကိုသာ လုပ်ဆောင်နေခဲ့သည်၊၊

ပင်ပန်းသည်လားဟုဆိုလျှင် သေချာပေါက်ပင်ဖြစ်သည်၊၊

သို့သော် အနန္တရထားမှာ ယခင်ကထက် ပို၍ဘေးကင်းလာပြီး သေဆုံးဒဏ်ရာရမှုနှုန်းမှာလည်း နည်းပါးလှသည်၊၊ ထိုအချက်ကပင် သူ့ကို ဆက်လက်ကြိုးစားရန် လုံလောက်သော တွန်းအားဖြစ်စေသည်၊၊

ဝီး—

ယန္တရားမီးလင်းတန်းများ လက်သွားပြီးနောက် နောက်ထပ် PX-05 စက်ရုပ်တစ်ရုပ်ပေါ်လာပြန်သည်၊၊

ကျန်းကျိုးမြို့တွင်ရှိစဉ်က စက်ရုပ်တစ်ရုပ်ကို ပြုလုပ်ရန် ၃ နာရီမှ ၄ နာရီအထိ ကြာမြင့်ခဲ့သည်၊၊ ထိုစဉ်က သူ၏ ယန္တရားထုတ်လုပ်မှုအဆင့်မှာ အဆင့် ၃ သာ ရှိသေးသည်၊၊ ယခုမူ အဆင့် ၅ ရောက်နေပြီဖြစ်၍ တစ်နာရီမပြည့်မီအချိန်အတွင်း တစ်ရုပ်ပြီးစီးနိုင်သည်၊၊

လင်းရှန် အချိန်ကို ကြည့်လိုက်သည်—၁၉:၀၀ နာရီ၊၊

သူသည် အပိုပစ္စည်းအဖြစ် PX-05 စက်ရုပ်လေးခုကို အရင်ပြုလုပ်ရန် စီစဉ်ထားသည်၊၊ ထို့နောက် Roarer K23 လျှပ်စစ်ဂတ်တလင်သေနတ်များ၊ Meteor-3 စနိုက်ပါရိုင်ဖယ် အုပ်စုလိုက်နှင့် 1130 ကျည်ဆန်များကိုလည်း အမြောက်အမြား ထုတ်လုပ်မည်ဖြစ်သည်—၎င်းတို့ကို လော့ယန်နှင့် လီယီတို့အဖွဲ့ထံ ပေးပို့မည်ဖြစ်သည်၊၊

တစ်ကိုယ်ရည်သုံးစနစ် ပါဝင်သော လျှပ်စစ်ရိုင်ဖယ်မှာ စွမ်းအားကြီးသော်လည်း ပစ်ခတ်မှုနှုန်းနှင့် အကွာအဝေးမှာ အကန့်အသတ်ရှိသည်၊၊

ခဲယမ်းသုံးလက်နက်များမှာ ယာဉ်တန်းအတွက် အရေးပါနေဆဲဖြစ်သည်၊၊ အထူးသဖြင့် မွန်းစတားဒီရေများနှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်သည်၊၊

1130 ကဲ့သို့သော ပစ်ခတ်မှုနှုန်း မြင့်မားသည့် လက်နက်များနှင့် ဂတ်တလင်သေနတ်များကသာ ဆူနာမီကဲ့သို့သော တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်သည်၊၊ အခြားလက်နက်များမှာ ထိုမျှအထိ မစွမ်းဆောင်နိုင်ပေ၊၊

သူ အလုပ်လုပ်နေစဉ် လင်းရှန်သည် ခြေသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်၊၊

လှည့်ကြည့်လိုက်သောအခါ သစ်တော်သီးဟင်းရည် ပန်းကန်လုံးကို ကိုင်၍ လမ်းလျှောက်လာသော ရှောင်ယွမ်ကို မြင်လိုက်ရသည်၊၊

“ကပ္ပတိန်လင်း”

“ဪ ရှောင်ယွမ်”

ရှောင်ယွမ်က ဂရုတစိုက် လမ်းလျှောက်လာပြီး နွေးနေသော သစ်တော်သီးဟင်းရည်ကို သူ၏ဘေးတွင် ချပေးလိုက်သည်၊၊ ထို့နောက် သူမ၏ နှုတ်ခမ်းကို အသာအယာကိုက်ရင်း သူ့ကို ကြောက်ရွံ့စွာဖြင့် မော့ကြည့်လိုက်သည်၊၊

“ကပ္ပတိန် တစ်ညလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်နေတာ မြင်လို့... ဒါကြောင့် သစ်တော်သီးဟင်းရည်လေး လုပ်လာတယ်၊၊ ဒါလေး... သောက်လိုက်ပါဦး”

“အတော်ပဲ… ငါလည်း ရေငတ်နေတာ”

လင်းရှန်က ပြုံးရင်း တုံ့ဆိုင်းမနေပဲ လှမ်းယူလိုက်သည်၊၊

ရှောင်ယွမ်ကို ကြည့်ရင်း လင်းရှန် ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်၊၊

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ဂရုစိုက်ခံရခြင်းကို မည်သူမျှ အလွယ်တကူ ငြင်းပယ်နိုင်မည်မဟုတ်ပေ၊၊

စီလန်မြို့တွင် ဤမိန်းကလေးက သူ့အတွက် တွင်းနက်ပိုးကောင်ကြီး၏ အာရုံကို လွှဲပေးရန် သွေးကပ်ဘေးပန်းကို ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့လုပ်ခဲ့သည်ကို သူ ပြန်သတိရလိုက်သည်၊၊

ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် စိတ်မလှုပ်ရှားဘဲ နေရန်မှာ မဖြစ်နိုင်ပေ၊၊

ပိုဆိုးသည်မှာ သူမသည် ပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်၊၊

ဆရာမချန်၏ ပြောပြချက်အရ သူမ၏ အတွင်းကလီစာများမှာ ပြင်းထန်စွာ ဖိသိပ်ခံခဲ့ရပြီး အရိုးများစွာ ကျိုးသွားခဲ့သည်၊၊

အနန္တရထားပေါ်ရှိ ဆေးဘက်ဆိုင်ရာ ကုသမှုစနစ်က သူမကို ကယ်တင်ရန် ၄ နာရီကျော်ကြာ အလုပ်မလုပ်ခဲ့ပါက သူမသည် သေဆုံးသွားခဲ့ပြီဖြစ်သည်၊၊

သူမ ပြန်လည်ကျန်းမာလာပြီ ဖြစ်သော်လည်း အားနည်းနေပုံရသေးသည်၊၊

Chapter 545

တစ်ကမ္ဘာလုံး၏ ပစ်မှတ် ၂

ထိုဒဏ်ရာက သူမ၏ စွမ်းရည်တိုးတက်ပြောင်းလဲမှုကို ထိခိုက်စေနိုင်သည်ဟု လင်းရှန် သံသယရှိသည်၊၊

သို့သော် သူမတွင် စိုးရိမ်ပူပန်မှုများ မရှိပေ— ပြည့်ဖောင်းပြီး ပြုံးနေသော မျက်နှာနှင့် တောက်ပသောမျက်လုံးများသာ ရှိသည်၊၊

လင်းရှန်က ဟင်းရည်ကို လက်ခံလိုက်သည်ကို မြင်သောအခါ သူမ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ရင်ထဲတွင် ပျော်ရွှင်မှုများ တိတ်တဆိတ် ပွင့်လန်းသွားသည်၊၊

လင်းရှန်က အားရပါးရ တစ်ငုံသောက်လိုက်သည်၊၊

ချက်ချင်းပင် လန်းဆန်းချိုမြိန်သော အရသာမှာ သူ၏ လည်ချောင်းထဲသို့ စီးဆင်းသွားပြီး အေးမြသွားစေသည်၊၊

သူ၏ နောက်ကျောရှိ တင်းမာနေသော ကြွက်သားများပင် လျော့ပါးသွားသလို သူ ခံစားလိုက်ရသည်၊၊

“တကယ် အရသာရှိတာပဲ… ရှောင်ယွမ်… မင်းရဲ့ လက်ရာက ပိုကောင်းလာပြီ”

အမှန်အတိုင်းပြောရလျှင် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ထဲတွင် ဤကဲ့သို့ သောက်စရာမျိုး ရရန်မှာ သာမန်ဇိမ်ခံမှုမျိုး မဟုတ်ပေ၊၊

လင်းရှန်သည် ချက်ချင်းပင် အပြင်ထွက်ပြီး နှင်းမွန်းစတားအချို့ကို နောင်တမရဘဲ သွားရောက် သတ်ဖြတ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်၊၊

“ကျွန်မ... ကျွန်မ ဒီတိုင်းပဲ ဖြစ်သလိုပဲ လုပ်လိုက်တာပါ…ကပ္ပတိန်လင်း ကြိုက်တယ်ဆိုရင် နောက်လည်း ခဏခဏလုပ်ပေးမယ်လေ… ရလား”

ရှောင်ယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကိုကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်၊၊

၎င်းမှာ သာမန်စကားမျှသာ မဟုတ်သည်မှာ သိသာသည်၊၊

“ကောင်းပြီလေ… မင်းလုပ်ပေးရင် ငါသောက်တာပေါ့”

လင်းရှန်က ပြုံးရင်း တွေဝေမနေပဲ သဘောတူလိုက်သည်၊၊

သူသည် ဟင်းရည်နှင့် သစ်တော်သီးများကို ကုန်အောင် စားပစ်လိုက်သည်၊၊

အနောက်ဘက် ဂိုဘီသဲကန္တာရ၏ ခြောက်သွေ့သောအပူရှိန်မှာ ချက်ချင်းပင် လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊

“အင်း”

ရှောင်ယွမ်၏ ပါးပြင်များ နီမြန်းသွားပြီး သူမက အမြန်ခေါင်းငြိမ့်ပြသည်၊၊

ချိုမြိန်ပြီး တာဝန်သိလှသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ သူမသည် လင်းရှန်ထံမှ ပန်းကန်နှင့် ဇွန်းကို ယူကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားသည်၊၊

လင်းရှန်သည် သူမ ထွက်သွားသည်ကို ကြည့်ရင်း အသာအယာ သက်ပြင်းချလိုက်သည်၊၊

“တကယ်ကို လိမ်မာတဲ့ ကလေးမလေးပဲ”

သူ တွေးလိုက်သည်၊၊

ဤကဲ့သို့ ဂရုစိုက်ခံရခြင်းက အလုပ်လုပ်ရသည်ကို ပို၍ ပင်ပန်းမှု သက်သာစေသည်၊၊

သူပြုံးလိုက်ပြီးနောက် ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်စတင်သည်၊၊

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်၊၊

သန်းခေါင်ကျော်သွားချိန်တွင် သူသည် အောက်ပါတို့ကို ထုတ်လုပ်ပြီးစီးခဲ့သည်—

PX-05 စက်ရုပ် ၄ ရုပ်

Roarer K23 လျှပ်စစ်ဂတ်တလင်သေနတ် ၁၀ လက်

Meteor-3 စနိုက်ပါရိုင်ဖယ် ၁၀ လက်

1130 ကျည်ဆန် အမြောက်အမြား

ထို့နောက် သူသည် သူ၏ ဖုန်းကို ဖွင့်လိုက်သည်၊၊

ကီကီ အကြံပေးသည့် ဒီဇိုင်းအတိုင်း သူသည် သူမအတွက် ပစ်ပေါက်နိုင်သော ဓားသွားများကို စတင်ထုတ်လုပ်လိုက်သည်၊၊

ကီကီ ရှာတွေ့ထားသော ပုံကြမ်းမှာ ခေတ်မမီတော့သည့် စစ်သုံးစက်ရုပ်များမှ ဖြစ်သည်—၎င်းမှာ စပရင်ဖြင့် ပစ်ထုတ်ရသော ဓားသွားများဖြစ်ပြီး စတားဖလိ့က ၎င်းတို့အစား ချိန်းသွားဓားများကို အစားထိုး အသုံးပြုခဲ့ကြသည်မှာ ကြာပြီဖြစ်သည်၊၊

သူမ ၎င်းကို မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သည်ကို မည်သူမျှ မသိပေ၊၊

သို့သော် လင်းရှန်သည် သူမ ဘာလိုချင်သည်ကို နားလည်သည်—၎င်းတို့မှာ တိကျမှုမြင့်မားသော လျှပ်စစ်ဓားသွား နည်းပညာများအတွက် မဟုတ်ပေ၊၊

သူမ၏ စိတ်စွမ်းအားဖြင့် အသုံးပြုရန်အတွက်သာ လိုအပ်ခြင်းဖြစ်သည်၊၊

ထို့ကြောင့် သူ၏အလုပ်မှာ ဒီဇိုင်းနှင့် ကိုက်ညီသော အရွယ်အစားနှင့် ပစ္စည်းကို ရွေးချယ်ပေးရန်သာ ဖြစ်သည်၊၊

သေချာစဉ်းစားပြီးနောက် လင်းရှန်သည် လျှပ်စစ်ဓားသွားများ ပြုလုပ်ရာတွင် အသုံးပြုသော တန်စတင်-တိုက်တေနီယမ်သတ္တုစပ် အမျိုးအစား ၁ ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်၊၊

မာကျောပြီး စိတ်စွမ်းအားဖြင့် ပစ်ပေါက်လိုက်ပါက ပြင်းထန်သော ထိခိုက်မှုကို ပေးနိုင်သည့် အလေးချိန်လည်း ရှိသည်၊၊

သူသည် အရွယ်အစား သုံးမျိုးကို လျင်မြန်စွာ ထုတ်လုပ်လိုက်သည်—

အသေး—၆၀ စင်တီမီတာ

အလတ်—၁၀၀ စင်တီမီတာ

အကြီး—၁၅၀ စင်တီမီတာ

အကြီးစားဗားရှင်းမှာ တစ်ခုလျှင် ၂၀ ကီလိုဂရမ်ကျော် လေးလံပြီး ကီကီ၏ ပခုံးအထိ မြင့်ကာ အလွန်ထက်မြက်သော ဓားသွားများ ပါရှိသည်၊၊

“အဲဒီကလေးမလေးရဲ့ စိတ်စွမ်းအားနဲ့ဆိုရင် အခု တန်ရာနဲ့ချီတဲ့ အရာတွေကို ပစ်ပေါက်ဖို့ဆိုတာ သူမအတွက် ဘာမှမဟုတ်တော့ဘူး”

“ဓားအလက် ၁၀၀၀ လုပ်ရင်တောင် တန် ၂၀ လောက်ပဲ ရှိမှာ၊ ဒါက သူမအတွက် အေးဆေးပဲ”

သူသည် သူ၏ ဝါးမြိုမှုစင်တာနှင့် ထုတ်လုပ်မှုစင်တာကို ကြည့်လိုက်သည်၊၊

တန်စတင်-တိုက်တေနီယမ်သတ္တုစပ် အမျိုးအစား ၁ မှာ အဆင့် ၃ အဆင့်မြင့် ပစ္စည်းဖြစ်သည်၊၊

၎င်းတို့ကို တစ်ကြိမ်တည်းနှင့် အမြောက်အမြား ထုတ်လုပ်ရန်မှာ မဖြစ်နိုင်ပေ၊၊

ထို့ပြင် သူ၏ လက်ကျန်ပစ္စည်းများကို အကုန်သုံးလိုက်ပါက ဤအနောက်ဘက် သဲကန္တာရထဲတွင် ဝါးမြိုစရာ ပစ္စည်းအသစ်များ ရှာရန် ခက်ခဲလိမ့်မည်၊၊

နောင်တွင် ယာဉ်တန်းအတွက် အရေးပေါ် ထုတ်လုပ်စရာများ ရှိလာပါက…

၎င်းမှာ အခက်တွေ့စရာ ဖြစ်လာလိမ့်မည်၊၊

“ထားလိုက်တော့၊ အရင်ဆုံး စမ်းသပ်တဲ့အနေနဲ့ အလက် ၁၀၀ ပဲ လုပ်ဦးမယ်”

သူသည် ကီကီအတွက် အမှတ် ၂ တွဲ၏ ခေါင်မိုးပေါ်တွင် ဝှက်ထားသော ဓားသွားအခန်းငယ်တစ်ခု တပ်ဆင်ပေးရန်လည်း ဆုံးဖြတ်လိုက်သည်၊၊

ချွင် ချွင် ချွင်—

အေးစက်ထက်မြက်သော ဓားများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်၊၊

မနက် ၂ နာရီ ကျော်သွားချိန်တွင် လင်းရှန်မှာ နောက်ဆုံးတွင် သူ၏ ကန့်သတ်ချက်သို့ ရောက်ရှိလာခဲ့သည်၊၊

အမှတ် ၁၂ တွဲအတွင်းတွင် ပြန့်ကျဲနေသော သူ၏ လက်ရာများကို ကြည့်ရင်း လင်းရှန်မှာ နောက်ဆုံးတွင် အနားရသွားသည်၊၊

သူ အချိန်ကို စစ်ဆေးပြီး သက်ပြင်းချလိုက်သည်၊၊

“ငါ ၄ နာရီလောက် အိပ်လိုက်မယ်၊ ပြီးမှ လက်နက်စခန်းတွေ တည်ဆောက်တာ စမယ်...”

ယခုအချိန်တွင် အနန္တရထား၏ ၁၂ တွဲစလုံးတွင် လက်နက်စခန်းများ ထပ်တိုးရန် နေရာသိပ်မကျန်တော့ပေ၊၊

အမှတ် ၂ တွဲတွင် လျှပ်စစ်သံလိုက်အမြောက်ဆာဗာနှင့် သတင်းအချက်အလက်စင်တာတို့ ရှိသည်၊၊

အမှတ် ၃ နှင့် ၄ တွဲမှာ သုတေသနစခန်းများဖြစ်ပြီး အမှတ် ၄ မှာ အထူးပြု ဇီဝသိပ္ပံသုတေသနတွဲဖြစ်နေသဖြင့် လင်းရှန် ၎င်းကို ပြုပြင်မည်မဟုတ်ပေ၊၊

အမှတ် ၅ တွဲတွင် လျှပ်စစ်သံလိုက်အမြောက် YJ-03 လေယာဉ်ပစ်အမြောက်နှင့် သေနတ်ပစ်စင်တို့ ရှိသည်၊၊

အမှတ် ၆ နှင့် ၇ မှာ ထမင်းစားတွဲနှင့် ရိက္ခာသိုလှောင်တွဲများ ဖြစ်ကြသည်၊၊

အမှတ် ၈၊ ၉ နှင့် ၁၀ မှာ နေထိုင်ရာတွဲများ ဖြစ်သည်၊၊

အမှတ် ၁၁ မှာ စက်ရုပ်ဂိုဒေါင်နှင့် ယန္တရားလက်တံအတွဲ ဖြစ်သည်၊၊

အမှတ် ၁၂ တွဲတွင်လည်း 1130 လက်နက်စနစ်ကို တပ်ဆင်ထားပြီးဖြစ်သည်၊၊

ရှုချင်းနေထိုင်သော အမှတ် ၁၀ နှင့် သူ၏ ကိုယ်ပိုင် အမှတ် ၁ တွဲတို့သာ အနည်းငယ် နေရာလွတ်နေပေသည်၊၊

အမှန်စင်စစ် လင်းရှန်သည် ရထားများကို ပေါင်းစပ်ပြီး ပေါင်းစပ်စွမ်းအင်စနစ်ကို စနစ်တကျ ချထားပြီးမှသာ လက်နက်စခန်းများကို ပြန်လည်စီစဉ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်၊၊

1130 စနစ်နှင့် လျှပ်စစ်သံလိုက်အမြောက်တို့မှာ မတူညီသော ဗျူဟာမြောက် ရည်ရွယ်ချက်များ ရှိကြသည်၊၊ YJ-03 လေယာဉ်ပစ်အမြောက်နှင့် သူစီစဉ်ထားသော ဒုံးကျည်စနစ်များကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်၊၊

သူ ဖြစ်သလို တပ်ဆင်လိုက်ပြီးမှ နောက်ပိုင်းတွင် ပြန်လည်ပြုပြင်ရန် ခက်ခဲနေမည်ကို မလိုလားပေ၊၊

အကယ်၍ စနစ်များမှာ ဟန်ချက်မညီပါက လူပေါင်း ၂၀၀ နီးပါး၏ အလှည့်ကျတာဝန်များကို ရှုပ်ထွေးစေမည်ဖြစ်ပြီး အနန္တရထား၏ ကာကွယ်ရေးစနစ်ကိုလည်း ကမောက်ကမဖြစ်စေလိမ့်မည်၊၊

သေချာစဉ်းစားပြီးနောက် လင်းရှန်သည် အလောတကြီးမလုပ်ရန် ဆုံးဖြတ်လိုက်သည်၊၊

သူသည် အမှတ် ၁ တွဲသို့ ပြန်သွားကာ ရေချိုးပြီးနောက် အိပ်ရာဝင်လိုက်သည်၊၊

လင်းရှန် ပြန်ရောက်ချိန်တွင် ချန်ဆီရွှမ်မှာ နိုးနေပြီဖြစ်သည်၊၊

လင်းရှန် အေးအေးဆေးဆေး အိပ်နိုင်ရန်အတွက် သူမသည် ရထားတစ်ခုလုံး၏ အခြေအနေကို စောင့်ကြည့်စစ်ဆေးသည့် တာဝန်ကို ချက်ချင်း လွှဲပြောင်းယူလိုက်သည်၊၊

All Chapters