← Chapters

အခန်း (၅၅၀-၅၅၁)

Vol. 34 Ch. 550-551

အခန်း (၅၅၀-၅၅၁)

Vol. 34 Ch. 550-551

Chapter 550

စွန့်ပစ်နယ်မြေကမ္ဘာ ၃

ချွမ်းချန်မြို့— တာဂန်သဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိသော မေ့လျော့ခံ မြို့တစ်မြို့… ၎င်းမှာ ဂိုဘီထက်ပင် ပို၍ ခြောက်ကပ်နေသည်၊၊

ထိုမြို့ကို ကျော်လွန်ပြီးနောက် လမ်းကြောင်းနှစ်ခုရှိသည်- အရှေ့ဘက်သို့ သွား၍ ကီလိုမီတာ ၆၀၀၀ ကျော်သော သဲကန္တာရကို ဖြတ်ပြီး ကျင်းဟိုင်သို့ သွားရန် သို့မဟုတ် တောင်ဘက် လုလင်း သို့မဟုတ် ပိုင်ရှားမြို့သို့ သွားရန်ဖြစ်သည်၊၊ ဘယ်ဘက်ကိုပဲသွားသွား အားလုံးမှာ သဲကန္တာရများသာဖြစ်သည်၊၊ လွယ်လွယ်နှင့် ထွက်နိုင်မည့် လမ်း မရှိပေ၊၊

ထို့ကြောင့် ယခုအချိန်တွင် ရေပြဿနာမှာ ယာဉ်တန်းတိုင်းအတွက် အရေးကြီးဆုံးကိစ္စဖြစ်နေသည်၊၊

“လမ်းမှာ ရှာရမှာပေါ့”

လင်းရှန်က ကူကယ်ရာမဲ့သောအပြုံးနှင့် ပြောလိုက်သည်၊၊

“အဆိပ်အတောက်တွေ အတွက်ကတော့— အခုထိ အသက်ရှင်နေတဲ့သူဆိုရင် ခံနိုင်ရည် ရှိမှာပါ၊၊ ငါတို့ တတ်နိုင်သမျှပဲ စစ်ထုတ်ရမှာပေါ့၊၊ ရေငတ်သေတာထက်စာရင်တော့ ပိုကောင်းပါတယ်၊၊ အနည်းဆုံးတော့ အခု ငါတို့က အမှောင်ဒီရေတွေထဲမှာ နစ်မနေတော့ဘူးလေ”

ဝေါ၊၊ ဝေါ၊၊

မည်းမှောင်သော သွေးများနှင့် ခြောက်သွေ့နေသော ဆံပင်များရှိသည့် မရေမတွက်နိုင်သော ဖုတ်ကောင်များသည် အရှိန်ပြင်းစွာ ခုတ်မောင်းနေသော ရထားကြီးဆီသို့ တိုးဝှေ့လာကြသည်၊၊ ခဏချင်းတွင်ပင် ထိုသတ္တဝါများမှာ ရထား၏ တားဆီးမရသော အရှိန်ကြောင့် သွေးမှုန်များအဖြစ် ကြေမွသွားကြသည်၊၊

“ဝိုး”

နေမင်းရထားပေါ်ရှိ ကလေးတစ်စုမှာ ပြတင်းပေါက်တွင် မျက်နှာကပ်၍ ရထားသံလမ်းတစ်လျှောက် ဖုတ်ကောင်များ ပေါက်ကွဲထွက်နေသည့် သွေးစွန်းသော မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်၊၊

အနီးတွင် စောင့်ကြပ်နေသည်မှာ မုတ်ဆိတ်ဗရပျစ်နှင့် သန်မာသော လူကြီးတစ်ဦးဖြစ်သူ လူအိုကြီး‌တုံးဖြစ်သည်၊၊ သူက ရယ်မောရင်း

“မိုက်တယ် မဟုတ်လား၊၊ ကြည့်လို့တော့ ကောင်းပေမဲ့ အကြာကြီး မကြည့်ကြနဲ့ ကလေးတွေ… အိပ်မက်ဆိုး မက်နေမယ်”

ပူးပေါင်းယာဉ်တန်း၏ ဘေးဘက်များမှာ ယခုအခါ သွေးပင်လယ်ထဲမှ ထွက်လာသကဲ့သို့ နက်မှောင်သော သွေးနီရောင်များဖြင့် စိုရွှဲနေသည်၊၊

လင်းရှန်သည် အပင်စိုက်ပျိုးရေးတွဲသို့ သွားလိုက်ပြီး စိမ်းလန်းစိုပြည်သော မြင်ကွင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်၊၊

အဆုံးမရှိသော သဲများနှင့် ပူပြင်းသော နေရောင်အောက်တွင် ဤစိမ်းလန်းမှုမှာ စိတ်ကို ကြည်လင်စေသော်လည်း ၎င်းက သူတို့၏ ရေအခြေအနေ မည်မျှ ဆိုးရွားနေသလဲဆိုသည်ကိုသာ သတိပေးနေသကဲ့သို့ ဖြစ်သည်၊၊

အကယ်၍ ကမ္ဘာ့ရေထုက အမှောင်ကျူးကျော်မှုတွေနဲ့ ပိုပြီး ညစ်ညမ်းလာရင် အနန္တရထားထဲကို တိုက်ရိုက်ယူတဲ့ ရေတွေကတောင် ထူးဆန်းသောကုဗတုံးရဲ့ သတိပေးချက်ကို ဖြစ်ပေါ်စေမယ့် တစ်နေ့ကို ရောက်လာလိမ့်မယ်၊၊ ဝင်ရိုးစွန်းညက လုံးဝမပြန့်သေးဘူး— ဒါပေမဲ့ လူသားတွေက အကြီးမားဆုံးပြဿနာတစ်ခုကို ရင်ဆိုင်နေရပြီ၊၊

လင်းရှန်သည် ဤကမ္ဘာပေါ်တွင် လူမည်မျှ အသက်ရှင်ကျန်သေးသလဲ... သို့မဟုတ် တစ်နေ့လျှင် လူမည်မျှ သေဆုံးနေသလဲဆိုသည်ကို မသိပေ၊၊ သူသည် အဆုံးမရှိသော ဖုတ်ကောင်ဒီရေလှိုင်းကြီးကို ကြည့်လိုက်သည်— ထိုသတ္တဝါတိုင်းသည် တစ်ချိန်က ဤကမ္ဘာမြေပေါ်တွင် ရှင်သန်ခဲ့သော လူသားများသာ ဖြစ်ခဲ့ကြသည်...

ဂျုံး ဂျုံး ဂျက် ဂျက်

ရထားကြီးသည် ရှေ့သို့ တိုးဝင်နေသည်၊၊ အနန္တရထား၏ အဖွဲ့သားများမှာ အများအားဖြင့် ပြန်လည်သက်သာလာကြပြီ ဖြစ်သည်၊၊ မီးတောက်၏ တွဲတွင် အလင်းလိုက်ကာများအားလုံးကို ဖွင့်ထားသည်၊၊ သူ၏ အနန္တလက်စွပ်ကို ဝတ်ဆင်ထားပြီး မီးတောက်သည် တွဲ၏ အလယ်တွင် ပေါ့ပါးစွာ ပျံဝဲနေသည်၊၊ သူ၏ လက်ချောင်းများမှ မီးတောက်အနည်းငယ် ထုတ်လွှတ်၍ ရွေ့လျားနေသော ရထားနှင့် အသားကျအောင် လေ့ကျင့်နေသည်၊၊ သူသည် ဖုတ်ကောင်များကို လုံးဝဂရုမစိုက်ဘဲ အားလပ်ရက်ခရီးထွက်နေသကဲ့သို့ နေရောင်ခြည်ကို ခံယူနေသည်၊၊

ထိုထူးဆန်းသောပစ္စည်းကို ရရှိပြီးကတည်းက သူသည် စွမ်းအား တိုးတက်မှုတစ်ခုကို ရရှိခဲ့သည်— ကမ္ဘာကြီးမှာ သူ၏ ကစားကွင်းကဲ့သို့ ဖြစ်နေသည်၊၊ ယခင်က ဖြစ်ခဲ့သော အပူလှိုင်းပြဿနာများမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်၊၊

“အားလုံး သတိထားကြပါ… ရှေ့မှာရှိတဲ့ လော့ဘူမှာ ငါတို့ ရပ်ရလိမ့်မယ်၊၊ ရိက္ခာတွေ— အထူးသဖြင့် ရေကို ရှာဖွေရမယ်၊၊ အသင့်ပြင်ထားကြပါ”

လင်းရှန်၏ အသံမှာ ရထားတွင်း ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်၊၊ ၎င်းကို ကြားရသူတိုင်းမှာ သူတို့၏ စွမ်းအားမြှင့်ဝတ်စုံများကို ဝတ်ဆင်ကြပြီး လက်နက်များကို အသင့်ပြင်ကြသည်၊၊ နိုးကြားနေခြင်းမှာ သူတို့အတွက် အလေ့ကျင့်တစ်ခု ဖြစ်နေပြီ ဖြစ်သည်၊၊

လုရှင်းချန်သည် ထိုခေါ်ဆိုမှုကို ကြားလိုက်ရပြီး ဆက်သွယ်ရေးစနစ်ကို ချက်ချင်း နှိပ်လိုက်သည်၊၊

“အစ်ကိုလင်း၊၊ ဒီမစ်ရှင်အတွက် ကင်းထောက်အဖွဲ့ကို ကျွန်တော့်ကို ဦးဆောင်ခွင့်ပေးပါ”

လုရှင်းချန် ပျံသန်းနိုင်သည်ကို သိရကတည်းက လင်းရှန်သည် သူ့ကို အသုံးချရန် အခွင့်အရေးရှာနေခဲ့သည်၊၊

“လုပ်လိုက်လေ” သူက ပြန်ဖြေသည်၊၊

“ဒါပေမဲ့ ပြဿနာမရှာနဲ့ဦး”

“နားလည်ပါပြီ”

တွဲအမှတ် (၁) တွင် လင်းရှန်သည် သူ၏ Black Hawk စွမ်းအားဝတ်စုံကို ဝတ်ဆင်နေသည်၊၊ မြေပြင်တွင်မူ လျှပ်စီးသိမ်းငှက် 2000 ဒရုန်း အစင်း ၂၀ မှာ အစီအရီ ရှိနေပြီး အားသွင်းထားသည်၊၊

ချန်ဆီရွှမ်သည် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်၊၊

“ကျွန်မတို့ ထင်တာ မှန်ပုံရတယ်၊၊ ရှေ့ကို ဆက်သွားလေ ဖုတ်ကောင်တွေ နည်းလာလေပဲ၊၊ သူတို့က တကယ်ပဲ ဖုတ်ကောင်သိုးထိန်းတွေရဲ့ မောင်းထုတ်တာ ခံလိုက်ရတာပဲ”

“အဲဒါကို ပြောမှပဲ”

လင်းရှန်သည် သူ၏ အနက်ရောင်လှံရှည်၏ သံလိုက်ထိန်းချုပ်အင်ဂျင်ကို ချိန်ညှိရင်း ပြောလိုက်သည်၊၊

“ငါက ဖုတ်ကောင်တွေကိုတောင် သနားလာပြီ...”

ချန်ဆီရွှမ်သည် သူမ၏ ဝတ်စုံကို ဝတ်လိုက်သည်၊၊ မျက်နှာကာသည် အသံတစ်ချက်နှင့်အတူ ပိတ်သွားပြီး သူမ၏ အသံမှာ စက်ရုပ်ဆန်ဆန် တည်ငြိမ်စွာ ထွက်ပေါ်လာသည်၊၊

“ဖက်ဒရေးရှင်းနယ်မြေနဲ့ နီးလာလေ အခြေအနေတွေက ပိုရှုပ်ထွေးလာလေပဲ၊၊ ဟန်ရှန်းတောင်ကြားတုန်းက ကြားခဲ့တာ— အာရုဏ်ဦးမြို့ကို ဝင်ခွင့်ကြေးက အခုဆို သွေးပဲစေ့ ၃ ခု ဒါမှမဟုတ် အဲဒီထက်မက မြင့်တက်နေပြီတဲ့”

သွေးပဲစေ့ ၃ ခု...

လင်းရှန်သည် အံဆွဲလေးတစ်ခုကို ဖွင့်ပြီး ဝေ့ကီရှုပေးခဲ့သော သံဘူးလေးကို ထုတ်လိုက်သည်၊၊ အတွင်းတွင် တောက်ပနေသော ထူးဆန်းသော သွေးပဲစေ့ ၃ ခု ရှိနေသည်၊၊

ဝေ့ကီရှုကဲ့သို့ လူမျိုးအတွက် ဤအရာ ၃ ခုကို စုဆောင်းနိုင်ခြင်းမှာ မသေးလှပေ၊၊ သူသည် ဖီးနစ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်၊၊ သာမန်အသက်ရှင်ကျန်ရစ်သူများအတွက်မူ သန်မာသောအဖော် မရှိဘဲ အဖြူရောင်သတ္တဝါကြီးသုံးကောင် သို့မဟုတ် အနီရောင်ကင်းခြေများ သုံးကောင်ကို သတ်ရန်မှာ လုံးဝမဖြစ်နိုင်သလောက်ပင်၊၊

“အားလုံးပဲ သတိထားကြပါ— ရှေ့မှာ လော့ဘူကို ရောက်တော့မယ်”

ရှီတိယွမ်၏ အသံမှာ ဆက်သွယ်ရေးကိရိယာမှ ထွက်ပေါ်လာပြီး လင်းရှန်၏ အတွေးများကို ဖြတ်တောက်လိုက်သည်၊၊

သူသည် ချက်ချင်းပင် လှည့်ကြည့်လိုက်သည်၊၊ သူ၏မျက်လုံးထဲတွင် ယန္တရားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်၊၊ ဝေါ— ခဏချင်းတွင်ပင် အနန္တရထားပေါ်ရှိ အလင်းကာပြားများ အားလုံး တပြိုင်နက်တည်း ပွင့်သွားကြသည်၊၊ ပြတင်းပေါက် အပြင်ဘက်တွင် အဝါရောင်သဲများ ဖုံးလွှမ်းနေသော ခြောက်သွေ့သည့် ကျောက်ဆောင်ကန္တာရကြီး ကျယ်ပြန့်စွာ ရှိနေသည်၊၊ ရှည်လျားလှသော ပူးပေါင်းယာဉ်တန်းကြီးမှာ ထိုမြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရွေ့လျားနေသည်၊၊ ပြတင်းပေါက်မှတစ်ဆင့် လူသူကင်းမဲ့သော ထိုအရပ်ရှိ မြို့ငယ်လေးမှာ တဖြည်းဖြည်း မြင်ကွင်းထဲသို့ ရောက်ရှိလာသည်၊၊

ပူပြင်းသော နေမင်းမှာ စွန့်ပစ်နယ်မြေ၏ အထက်တွင် တောက်ပနေပြီး အပူလှိုင်းများကို မြင်တွေ့နေရသည်၊၊ အဝေးမှ မြို့မှာ ခြောက်သွေ့နေသော ကုလားအုတ်အလောင်းကြီးနှင့် တူနေသည်— တယ်လီဖုန်းတိုင်များမှာ သဲသောင်ပြင်တွင် စောင်းနေသည့် နံရိုးများနှယ်၊ ပြတ်တောက်နေသော နန်းကြိုးများမှာ မြူခိုးများထဲတွင် တုန်ခါနေသည်၊၊ အနည်းငယ် အလှမ်းဝေးသော နေရာတွင်မူ အပင်စိုက်ပျိုးသည့် ဖန်လုံအိမ် အစုအဝေးများကို တွေ့ရပြီး ၎င်းတို့၏ အနက်ရောင်တာပေါ်လင်စများမှာ စုတ်ပြဲနေကာ မြေပြင်ပေါ်ရှိ စနစ်တကျ ပြုလုပ်ထားသော အမာရွတ်များနှင့် တူနေသည်၊၊

ဘူတာရုံသည် ဟောင်းနွမ်းနေသော လေဟာပြင် ပလက်ဖောင်းတစ်ခု ဖြစ်သည်၊၊ သံချေးတက်နေသော သံမဏိအမိုးပေါ်တွင် “လော့ဘူ ဘူတာရုံ” ဟူသော စာလုံးသုံးလုံးမှာ လွန်ခဲ့သော ရာစုနှစ်တစ်ခုက ကျန်ရစ်ခဲ့သကဲ့သို့ပင်၊၊ ဤနေရာလေးသို့ ရထားလမ်းပေါက်နေရခြင်းမှာ ချွမ်းချန်မြို့သို့ သွားရာလမ်းပေါ်တွင် ရှိနေခြင်းနှင့် ယခင်က ဖရဲသီးများကြောင့် နာမည်ကြီးခဲ့ခြင်းကြောင့် ဖြစ်သည်၊၊ သို့သော် ယခုကဲ့သို့ အချိန်မျိုးတွင်မူ ထိုကဲ့သို့သော အသီးအနှံများကို ရှာဖွေရန် မဖြစ်နိုင်တော့ပေ၊၊

ပူး‌ပေါင်းယာဉ်တန်းမှာ ရှည်လျားလွန်းလှသဖြင့် ဘူတာသို့ မရောက်မီကပင် နဂါးတောင် (၁) က စတင်ဘရိတ်အုပ်လိုက်သည်၊၊ မီတာ ၅၀၀ ခန့်အကွာမှပင် အရှိန်လျှော့ခဲ့ရပြီးမှ ရထားတစ်စင်းလုံး တကျွီကျွီအော်ဟစ်သံနှင့်အတူ ရပ်တန့်သွားသည်၊၊

လင်းရှန်နှင့် ရှီတိယွမ်တို့သည် အမြန်ပင် ဆုံးဖြတ်လိုက်ကြသည်- ရှေ့တွဲများမှ လူအနည်းငယ်ကိုသာ စူးစမ်းရန် လွှတ်မည်၊၊ ဤကဲ့သို့သော နေရာတွင် အချိန်ဖြုန်းနေစရာ မလိုပေ၊၊ အကယ်၍ ရေဖြည့်စရာ မရှိပါက ချက်ချင်းထွက်ခွာပြီး ညမရောက်မီ အာခီစိုင်းသို့ ရောက်အောင် သွားကြရမည်၊၊

Chapter 551

သဲကန္တာရ သံမဏိမဟာမိတ်အဖွဲ့ ၁

ရထားရပ်သွားသည်နှင့် လင်းရှန်သည် စိတ်အားထက်သန်နေသော လုရှင်းချန်ကို တာဝန်ပေးလိုက်ပြီး ရှုချင်းအား လုချန်နှင့် တခြားလူအနည်းငယ်ကို ဦးဆောင်စေသည်၊၊ အဖွဲ့မှာ လူခွဲ၍ မြို့ကို စူးစမ်းကြသည်— အချို့က လေထဲမှ၊ အချို့က ခြေလျင်ဖြင့် ဖြစ်သည်၊၊ နဂါးတောင် (၁) အဖွဲ့မှ နန်ကျင်း ဦးဆောင်သော အဖွဲ့သည် ရှောင်ချင်းနှင့် အားဖေးတို့နှင့်အတူ ထွက်ခွာသွားသည်၊၊

အားဖေး ပါဝင်နေသဖြင့် လင်းရှန်သည် တင်းကျန်းရီ သို့မဟုတ် သွေးကပ်ဘေးပန်းကို အသုံးချရန် မလိုတော့ပေ၊၊ သူသည် ရှားရှားပါးပါး အနားယူခွင့်ရပြီး သူ၏ အဖွဲ့သားများ စူးစမ်းနေသည်ကို ကြည့်နေလိုက်သည်၊၊

သူသည် ရှုချင်း၏ အဖွဲ့ထံသို့ ဆက်သွယ်ရေးတိုင် ၁၀ ခုထက်မက ပေးလိုက်ပြီး အချက်ပြအကွာအဝေး အခက်အခဲမရှိစေရန် ၂ ကီလိုမီတာတိုင်းတွင် တစ်တိုင်စိုက်ထူရန် ညွှန်ကြားလိုက်သည်၊၊ ကီကီကလည်း ပတ်ဝန်းကျင်လေထုကို စောင့်ကြည့်ရန် ဒရုန်းတစ်စင်း လွှတ်လိုက်သည်၊၊

ပူပြင်းသော နေရောင်အောက်တွင် တွဲအမှတ် (၅) ၏ အလိုအလျောက်တံခါး ပွင့်လာသည်၊၊ လုရှင်းချန်နှင့် ရှုချင်းတို့ အပြင်သို့ မထွက်ရသေးမီမှာပင် အိုက်စပ်သော အပူလှိုင်းမှာ အထဲသို့ တိုးဝင်လာသည်၊၊ ဂိုဘီသဲကန္တာရထဲမှ တိုက်ခတ်လာသော လေမှာ သဲများကို ဓားသွားများကဲ့သို့ လွင့်စင်လာစေသည်၊၊ လေထဲတွင် ဖုန်နံ့များ ပြည့်နှက်နေသည်၊၊

စွမ်းအားမြှင့်ဝတ်စုံမှာ လုံးဝ ပိတ်ထားခြင်း မဟုတ်သော်လည်း ဓာတ်ငွေ့ကာမျက်နှာဖုံး တပ်ဆင်နိုင်သည်၊၊ လုရှင်းချန်က စိတ်ရှုပ်မခံလိုသဖြင့် လေကာမျက်နှာဖုံးကိုသာ တပ်လိုက်သည်၊၊ ထို့နောက် သူ၏ လက်ချောင်းများမှ မီးတောက်များ ထုတ်လွှတ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်၊၊

ရှုချင်းသည်လည်း ဝတ်စုံကို ဝတ်ဆင်ကာ သူမ၏ အဖွဲ့နှင့်အတူ သေနတ်များကို အသင့်ကိုင်လျက် ခုန်ဆင်းလိုက်သည်၊၊

ဂျွမ်း—

ဖိနပ်များမှာ ကျောက်စရစ်နှင့် သဲများပေါ်သို့ ရောက်ရှိသွားသည့်အခါ ကြိတ်ခြေသံများ ထွက်ပေါ်လာသည်၊၊ ဟောင်းနွမ်းနေသော ပလက်ဖောင်းနှင့် စွန့်ပစ်ထားသော အဆောက်အဦးအချို့မှ ပိန်လှီနေသော ဖုတ်ကောင်အနည်းငယ်မှာ အသံဩဩများဖြင့် ရထားဆီသို့ ယိုင်ထိုးယိုင်ထိုးဖြင့် လျှောက်လာကြသည်၊၊

ဝေါ—

လေထဲတွင် လည်ပတ်နေသော ဓားသွားတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဖုတ်ကောင်များ၏ ဦးခေါင်းကို သေသပ်စွာဖြတ်တောက်လိုက်သည်၊၊ လုချန်သည် သူ၏ လျှပ်စစ်ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး မြို့ထဲသို့ ဝင်သွားသော ရှုချင်းနောက်သို့ တိတ်တဆိတ် လိုက်သွားသည်၊၊

ရထားပေါ်ရှိ ကျန်ရှိသောအဖွဲ့များမှာ မှန်ပြောင်းများဖြင့် ကြည့်ရှုနေကြပြီး အချို့ကမူ ဒရုန်းများ လွှတ်လိုက်ကြသည်၊၊ ရထားရပ်သွားသည်နှင့် အသက်ရှင်ကျန်ရစ်သူများမှာ ငြိမ်သက်သွားကြပြီး စူးစမ်းရေးအဖွဲ့၏ သတင်းစကားကို စောင့်ဆိုင်းနေကြသည်၊၊

တွဲအမှတ် (၂) တွင် ကီကီသည် ဒရုန်းကို ထိန်းချုပ်နေပြီး လင်းရှန်နှင့် ချန်ဆီရွှမ်တို့မှာ သူမ၏ နောက်တွင် ရပ်နေကြသည်၊၊ ပင်မမျက်နှာပြင်တွင် လော့ဘူမြို့မှာ မေ့လျော့ခံစွန့်ပစ်နယ်မြေတစ်ခုကဲ့သို့ ရှိနေသည်၊၊ ကမ္ဘာပျက်ကပ်စတင်ပြီး ရက်ပေါင်း ၁၀၀ ပင် မပြည့်သေးမီ သဲကန္တာရက မြို့၏ နေရာအတော်များများကို သိမ်းပိုက်ထားပြီ ဖြစ်သည်၊၊ မြေပြင်တွင် ခြောက်သွေ့သော မြက်ပင်များ ဖုံးလွှမ်းနေပြီး ဆိုင်ခန်းအဟောင်းများ၏ တံခါးများမှာ ပြုတ်လုနီးပါး ဖြစ်ကာ လေတိုက်သည့်အခါ ခြောက်ခြားဖွယ် မြည်ဟီးနေသည်၊၊

ပူပြင်းသော နေရောင်အောက်တွင် ခြောက်သွေ့နေသော ဖုတ်ကောင်များသာ ကျန်ရှိတော့ပြီး အရောင်လွင့်နေသော အဝတ်အစားများဖြင့် ရည်ရွယ်ချက်မရှိ လျှောက်သွားနေကြသည်၊၊

ဒရုန်း၏ တဝီဝီမြည်သံက ဖုတ်ကောင်အချို့၏ အာရုံကို ဆွဲဆောင်လိုက်သည်၊၊ သူတို့သည် ခေါင်းကို မော့ကြည့်လိုက်ကြပြီး သူတို့၏ အဖြူရောင် မျက်လုံးများဖြင့် ကောင်းကင်ကို ကြည့်နေကြသည်၊၊

“ဒီမှာ ရေလည်း မရှိဘူး၊၊ စူးစမ်းစရာ ကားအဟောင်းလေးတစ်စီးတောင် မကျန်ဘူး”

ကီကီက ထိန်းချုပ်ခလုတ်ကို ဖြည်းဖြည်းချင်း ရွှေ့ရင်း ရေရွတ်လိုက်သည်၊၊

ဘေးတွင်ရှိသော လင်းရှန်ပ နှာခေါင်းရှုံ့လိုက်ကာ “ငါတို့က ဒီမှာ နေဖို့ ရည်ရွယ်ထားတာမှ မဟုတ်တာ၊၊ တစ်ခေါက် ပတ်ကြည့်ပြီးတာနဲ့ ဆက်ထွက်ကြမှာပဲ”

ချန်ဆီရွှမ်က သူ့ကို လှည့်ကြည့်လိုက်ပြီး

“ဒါနဲ့၊ ဝင်ရိုးစွန်းည မတိုင်ခင်တုန်းက အချို့အဖွဲ့တွေက ပူးပေါင်းယာဉ်တန်းကို အမြဲတမ်း တစ်ဖွဲ့တည်း ထားဖို့ အကြံပြုခဲ့ကြတယ် မဟုတ်လား၊၊ ဒါပေမဲ့ ရှင်နဲ့ အစ်ကိုရှီက လမ်းကြောင်းပြောင်းနိုင်တယ်လို့ ပြောခဲ့လို့ အဲဒီအစီအစဉ်က ပျက်သွားတာမဟုတ်လား”

“ငါတို့ အားလုံးက အာရုဏ်ဦးစင်တာကို မှီအောင် မြောက်ဘက်ကို သွားဖို့ စဉ်းစားနေကြတာ မဟုတ်လား”

ချန်ဆီရွှမ်က ခေါင်းငြိမ့်ပြသည်၊၊

“ဟုတ်တယ်၊၊ ဒီလောက်တွေ ကြုံလာရပြီးမှတော့ ဖီးနစ်အဖွဲ့ခွဲနောက်ကို လိုက်တာက ပိုပြီး အဓိပ္ပာယ်ရှိတယ်၊၊ ကျွန်မတို့အတွက်လည်း ပိုဘေးကင်းတာပေါ့”

“ဟုတ်တယ်၊၊ အဲဒါက ပိုအဆင်ပြေတယ်”

လင်းရှန်က သဘောတူလိုက်သည်၊၊

“အကယ်၍ ငါတို့က လမ်းကြောင်းတစ်ခုတည်း သွားမယ်ဆိုရင် အတူတူရှိနေတာ ပြဿနာမရှိဘူး၊၊ ဒါပေမဲ့ အမြဲတမ်း တစ်ဖွဲ့တည်း ပေါင်းလိုက်ဖို့ကျတော့ တခြားကိစ္စတစ်ခုဖြစ်သွားပြီ”

ကီကီက လှမ်းကြည့်ကာ ပြောလိုက်သည်၊၊

“ဒီလောက် လူအများကြီးကို ကျွန်မတို့ ဘယ်လိုမှ မထိန်းနိုင်ဘူး၊၊ အထူးသဖြင့် ဒီထဲက အချို့အဖွဲ့တွေဆိုရင်...”

ချန်ဆီရွှမ်က နားမလည်သဖြင့် မျက်ခုံးပင့်လိုက်သည်၊၊

“ဘယ်လိုအဖွဲ့တွေမို့လို့လဲ”

လင်းရှန်သည် ကီကီ၏ မျက်နှာအမူအရာကို ကြည့်ကာ ရယ်မောလိုက်ပြီး ချန်ဆီရွှမ်ကို ရှင်းပြလိုက်သည်၊၊

“နဂါးတောင် (၁) အဖွဲ့က ဒီယာဉ်တန်း မဖွဲ့ခင်မှာ တခြားအဖွဲ့တွေ အားလုံးရဲ့ နောက်ခံတွေကို စစ်ဆေးခဲ့ကြတယ်၊၊ သူတို့တော်တော်သေချာလုပ်ခဲ့တယ်”

“ယိကျင်းမြို့တုန်းက နန်ကျင်း ပြောပြတာတော့ သမုဒ္ဒရာအဖွဲ့က စီလန်မြို့တုန်းက မှောင်ခိုသမားတွေ ဖြစ်ခဲ့တာတဲ့၊၊ သူတို့အဖွဲ့က တကယ့်ကို ရှုပ်ထွေးတယ်— လူပေါင်းစုံပြီး စီမံခန့်ခွဲမှုကလည်း တော်တော်ဆိုးတယ်၊၊ မြို့ကို ရောက်တဲ့ ပထမဆုံးနေ့မှာတင် သူတို့ ပြဿနာရှာခဲ့ကြတယ်၊၊ ပြီးတော့ နှင်းဆီအဖွဲ့ ရှိသေးတယ်၊၊ အဲဒီအဖွဲ့က အမျိုးသမီး ၈၀ ရာခိုင်နှုန်းက ကမ္ဘာပျက်ကပ်မှာ ခန္ဓာကိုယ် ရောင်းစားပြီး အသက်ရှင်ခဲ့ကြတာပဲ၊၊ အမျိုးသားတွေကတော့ ပြည့်တန်ဆာခေါင်းတွေနဲ့ ကြေးစားလူမိုက်တွေပဲ… အော်… ငရဲသားအဖွဲ့ကိုလည်း မမေ့နဲ့ဦး...”

“ငရဲ... ဘာ”

ချန်ဆီရွှမ် မျက်မှောင်ကြုတ်သွားသည်၊၊

ကီကီ၏ မျက်နှာပျက်သွားသည်၊၊

လင်းရှန်သည် သူမ၏ ထူးဆန်းသော တုံ့ပြန်မှုကို ကြည့်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်၊၊

“ဟေး၊၊ သူတို့က ကြွက်သားကြီးတဲ့ လူအုပ်စုသက်သက်ပါ၊၊ ဘာမှ မဟုတ်ပါဘူး”

“ကျွန်မ ဘာမှလျှောက်မတွေးပါဘူးနော်”

ကီကီက နှာခေါင်းရှုံ့လိုက်ပြီး ရှားရှားကို လှမ်းကြည့်လိုက်သည်၊၊

“ဟေး ရှားရှား၊၊ နင့်အစ်ကိုက ဂျင်းဘောင်းဘီတိုလေး ဝတ်ထားတာ နင်ဘယ်နှခါတွေ့ဖူးလဲ”

ချွမ်

၎င်းကို ကြားလိုက်ရသဖြင့် လန့်သွားသော ရှားရှား၏ လက်များမှာ ချော်သွားပြီး သူမ၏ ဂျင်နရေတာမှာ မီးပွင့်သွားကာ ရှော့ဖြစ်သွားသည်၊၊ သူမ၏ မျက်နှာမှာ ထိတ်လန့်သွားသည်၊၊

“ဘာ... ဘာတွေပြောနေတာလဲ”

“တွေ့လား” ကီကီက လက်ညှိုးထိုးပြသည်၊၊

“သူမတောင် လန့်သွားတယ်”

ချန်ဆီရွှမ်သည်လည်း ထူးဆန်းသော မျက်နှာအမူအရာမဖြစ်ဘဲ မနေနိုင်တော့ပေ၊၊

“ဒါကြောင့်မို့လို့”

လင်းရှန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်၊၊

“ငါတို့က အတူတူခရီးသွားရုံပဲ— ပူးပေါင်းမှာ မဟုတ်ဘူး၊၊ ချွမ်းချန်မြို့ကို ရောက်တာနဲ့ သူတို့အားလုံး မြောက်ဘက်ကို သွားကြလိမ့်မယ်၊၊ ငါတို့နဲ့ နဂါးတောင် (၁) ပဲ ကျင်းဟိုင်ကို သွားဖို့ တောင်ဘက်ကို ဆင်းမယ်”

“မိုနီကာနဲ့ ဂျိုကာယာဉ်တန်းတွေကရော”

ကီကီက မေးသည်၊၊

“အဲဒီတစ်ယောက်က ရှင့်နောက်ကို လိုက်ချင်နေတာ မဟုတ်လား”

လင်းရှန် သက်ပြင်းချလိုက်သည်၊၊

“အဲဒါကိုတော့ အချိန်ကျမှပဲ ဖြေရှင်းရမှာပေါ့၊၊ တကယ်လို့ သူတို့က လိုက်ချင်တယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး”

ချီလီနှင့် မိုနီကာတို့၏ အဖွဲ့များမှာ သန်မာကြပြီး နှစ်ယောက်လုံးတွင် စွမ်းရည်ကောင်းများရှိကြသည်၊၊ ကျင်းဟိုင်သို့ သွားရာလမ်းတွင် အပိုစွမ်းအားရှိနေခြင်းကို လင်းရှန် မကန့်ကွက်ပေ၊၊

“ကပ္ပတိန်လင်း”

ရှုချင်း၏ အသံမှာ ဆက်သွယ်ရေးစနစ်မှ ထွက်ပေါ်လာသည်၊၊

“လမ်းအချို့ကို စူးစမ်းပြီးပြီ၊၊ ထူးခြားတာ မရှိဘူး၊၊ စခန်းဟောင်းတချို့ရဲ့ အမှတ်အသားတွေ တွေ့ပေမဲ့ အသုံးဝင်တာ ဘာမှမရှိဘူး”

သဲဖုံးနေသော လူသူကင်းမဲ့သည့် လမ်းတစ်ခုပေါ်တွင် လေထဲ၌ ခြောက်သွေ့သော မြက်ပင်များ လုံးထွေးကာ လွင့်ပျံနေသည်၊၊ ရှုချင်းသည် လမ်းထောင့်တစ်ခုတွင် ရပ်နေပြီး လုချန်က အနီးနားရှိ အမိုးပေါ်မှ စောင့်ကြည့်နေသည်၊၊

“လမ်းအနည်းငယ်နဲ့ ဈေးကြီးတစ်ခု ကျန်သေးတယ်၊၊ ၁၀ မိနစ်လောက်ပဲ ထပ်ပေးပါ”

“ကောင်းပြီ”

လင်းရှန်သည် ဆက်သွယ်ရေး ခလုတ်ကို နှိပ်လိုက်သည်၊၊

“မီးတောက်… မင်းဘက်ကရော အခြေအနေ ဘယ်လိုလဲ”

ဝေါ—

ကောင်းကင်ယံတွင် လုရှင်းချန်သည် ပူပြင်းသော နေ့အလင်းရောင်အောက်တွင် ပျံသန်းရသည့် အရသာကို ခံစားနေသည်၊၊ သူ၏ အရှိန်ဖြင့် မြို့တစ်မြို့လုံးကို မိနစ်ပိုင်းအတွင်း စူးစမ်းနိုင်သည်၊၊ အပူရှိန်မှာ သူ့အတွက် ပြဿနာ မဟုတ်ပေ၊၊ တကယ်တော့ သူသည် ပျော်ရွှင်နေသည်၊၊

“အစ်ကိုလင်း၊၊ ဘာမှ မတွေ့သေးဘူး၊၊ စူးစမ်းတဲ့ ဧရိယာကို ထပ်ချဲ့လိုက်မယ်”

သူသည် ပြုံးလျက် ပို၍ မြင့်သော နေရာသို့ ပျံတက်သွားသည်၊၊

All Chapters