အိပ်မက်
Vol. 4 Ch. 199
ကျွန်မ အချိန်အကြာကြီး အိပ်ပျော်ခဲ့သလိုပဲ။ အိပ်မက်တချို့လည်း မက်ခဲ့ပြီးတော့ အိပ်မက်ထဲမှာ ကျွန်မက တခြားလူတစ်ယောက် ဖြစ်နေခဲ့တယ်။ နက်ပြာရောင်ဆံပင်တွေရှိပေမဲ့ အသားအရေက ညိုပြီးတော့ တောင့်တင်းတဲ့ခန္ဓာကိုယ်၊ ကြည့်လို့ကောင်းတဲ့ ဝမ်းဗိုက် ကြွက်သားတချို့နဲ့ ရှည်လျားတဲ့အရပ်ရှိနေပါတယ်။
ကြေးဝါရောင်သံချပ်ကာနဲ့ဒိုင်းကို ဝတ်ဆင်ထားခဲ့ပေမဲ့ မိန်းကလေးတစ်ယောက်ဆိုတာကိုတော့ ကျွန်မအရိပ်ကို ကျွန်မပြန်ကြည့်ရင်း မြင်နိုင်တယ်။ ကျွန်မရှေ့မှာတော့ သိပ်ပြီး ထူးခြားပုံမပေါ်တဲ့ နွံပုံလေးတစ်ပုံရှိလို့နေတယ်။
ကျွန်မလက်ထဲမှာတော့ အုတ်ခွက်တစ်ခွက်နဲ့ အနက်ရောင်ရေကို ကိုင်ထားလို့ပေါ့။ ရေထဲကို ကျွန်မရဲ့ရွှေရောင်ဖြစ်နေတဲ့သွေးစ တချို့ကိုထည့်ပြီးတဲ့နောက် ရွံပုံပေါ်ကို လောင်းချလိုက်တယ်။ နောက်တော့ကျွန်မရဲ့လက်တွေနဲ့ လူသားကလေးငယ် တစ်ယောက်ရဲ့ပုံစံကို စတင်ထုလုပ်နေခဲ့တာပေါ့။
အုဝဲ.... အုဝဲ... အုဝဲ...
အချိန်တွေဘယ်လောက်ကြာသွားတယ်မသိ။ ရုပ်ထုထုလုပ်ရင်း ပျော်ရွှင်နေခဲ့မိရာကနေ ကလေးငိုသံကြားလို့ အသိစိတ်ဝင်လာတဲ့ အခါမှာတော့ ကျွန်မလက်ထဲက ရွှံ့ပုံလေးက ကလေးလေး တစ်ယောက်ဖြစ်နေပြီ။ ဥသေးသေးလေးနဲ့ယောက်ျားလေး ပြီးတော့အသားက နီရဲနေတာပဲ။
ဝဲ... ဝဲ... ဝဲ....
ကျွန်မရှိနေတဲ့နေရာက ချောက်နက်ကြီးမလို့လားမသိပေမဲ့ ပဲ့တင်သံတွေက အူထွက်နေတာပဲ။ ဒါကြောင့်ကလေးကို မငိုအောင်လို့ ပါးစပ်ကိုအစွမ်းတစ်ခုခုနဲ့ပိတ်ထားလိုက်ပြီးမှ ဝမ်းသာအားရနဲ့ ပြောလိုက်မိတော့တာပေါ့။
“မင်းပုံစံကြည့်ရတာ ကျန်းမာသားပဲ။ အသားကခပ်နီနီ ဖြစ်နေတာဆိုတော့ ဒီနေ့ကစပြီး မင်းက အာလ္လုင်ပဲ။” (Alulim – Seed of Red Deer)
...
နောက်တော့ အချိန်တွေကုန်ဆုံးသွားပြီး ကလေးလေးက ကျွန်မရှေ့မှာတင် ကြီးပြင်းလာခဲ့တယ်။ ဆယ်ကျော်သက် လူငယ်လေးက ကျောက်ပုဆိန်ကိုကိုင်ဆောင်ရင်း ကျွန်မကို တိုက်ခိုက်လို့နေတယ်။ သူ့တိုက်ခိုက်မှုတွေက ပြင်းထန်ပေမဲ့ ကျွန်မသူ့ကိုအလွယ်တကူပဲ တွန်းလှန်လိုက်နိုင်တယ်။
လေ့ကျင့်မှုပြီးသွားတော့ ကောင်လေးက ကျွန်မဘေးမှာ ထိုင်နေရင်းနဲ့မေးလိုက်တယ်။
“အမာ၊ ကျုပ်ရဲ့သိုင်းပညာက ဘယ်လောက်အဆင့်ရှိပြီလဲ။” (Ama - အမေ။)
ကျွန်မက သူ့ရဲ့စိတ်ကိုထိခိုက်မသွားစေချင်တာကြောင့် ပိုပိုသာသာ ပြောခဲ့မိတယ်။
“အင်း... မိုးမြေအောက်မှာ အစွမ်းအထက်ဆုံးဖြစ်လိမ့်မယ် ထင်တာပဲ။”
ကောင်လေးရဲ့မျက်လုံးတွေက ဝင်းပသွားပြီး ကျွန်မကိုကြည့်ကာ ပြောလိုက်ပါတယ်။
“တကယ်ပြောတာနော် အမာ၊ ဒါဆိုကျုပ်က အမာပြီးရင် အစွမ်းအထက်ဆုံးပေါ့။”
...
နောက်ထပ် အချိန်တွေပြောင်းသွားပြန်ပြီ။ လူငယ်လေးက အရွယ်ရောက်လာပြီး ယောကျ်ားပီသစွာ အဖြူရောင်ဝတ်ရုံ ရှည်ကြီးကိုဝတ်ဆင်ထားပြီး ခါးမှာတော့ ကြေးဝါပုဆိန်ကိုချိတ်လို့ပေါ့။ တခြားသောလူသားမျိုးနွယ်တွေက ခေါင်းဆောင်တွေနဲ့အာလ္လုင်ဆိုတဲ့ကောင်လေးရဲ့နောက်လိုက်တွေက မြစ်ကမ်းပါး တစ်နေရာမှာ ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် မကျေမချမ်းကြည့်နေကြတယ်။
“ဒီမြစ်ကမ်းပါးမှာ ငါ့ရဲ့မျိုးနွယ်က အခြေချမယ်။ မဆိုင်တဲ့ မျိုးနွယ်တွေထွက်သွားကြ။”
လူတစ်ယောက်က အော်လိုက်တယ်။ အာလ္လုင်ကတော့ ပုဆိန်ကို ဆွဲထုတ်လိုက်ပြီးတော့...
“ငါ၊ အာလ္လုင်။ အင်နာနာနတ်ဘုရားမရဲ့သားတော်က ဒီနေရာမှာ အခြေချဖို့ ဆုံးဖြတ်ထားတယ်။ ဒီနေရာကိုအမာအတွက်ရည်စူးတဲ့ မြို့ဖြစ်စေရမယ်။ တခြားမဆိုင်တဲ့သူတွေ ထွက်သွားကြ။”
တခြားမျိုးနွယ်တွေက အာလ္လုင်ကိုကြည့်ပြီး ရယ်မောကြတယ်။ သူကဒီနေရာမှာ လူကောင်အသေးဆုံး၊ အသက်အငယ်ဆုံးနဲ့ နောက်လိုက်အနည်းဆုံးလူပဲ။ ဒါပေမဲ့ တခြားသူတွေကလည်း သူတို့လက်နက်တွေကို ဆွဲထုတ်လိုက်ပြီး ပြိုင်တူအော်ဟစ်လိုက်ကြတယ်။
“နောက်ဆုံးကျန်ရစ်ခဲ့တဲ့မျိုးနွယ်က ဒီနေရာကိုအပိုင်ပဲ။”
ထန်း... ထန်း...
သတ္တုချင်းထိခတ်သံတွေနဲ့အတူ ကသောင်းကနင်းနိုင်လှတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ပါဝင်တဲ့ လူတွေအားလုံး မောဟိုက်စွာနဲ့မြစ်ကမ်းဘေးမှာ လဲကျနေပြီ။ အာလ္လုင်က သွေးတစ်စက်တောင်စွန်းထင်းမနေတဲ့ပုဆိန်ကို ခါးမှာ ပြန်ချိတ်ထားလိုက်ပြီး...
“ဒီတိုက်ပွဲမှာ ဘယ်သူမှအနိုင်မရဘူး။ ဒါကြောင့် ငါတို့တွေ အတူတူအခြေချရအောင်....”
ဒီစကားကိုကြားတဲ့အခါမှာတော့ ဒဏ်ရာရပြီးလဲနေတဲ့ တခြား မျိုးနွယ်စုခေါင်းဆောင်တွေအားလုံး အံ့ဩကုန်ကြပါတယ်။ သူတို့ခန္ဓာကိုယ်ပေါ်မှာ ညိုမည်းစွဲနေတဲ့ အချိုးရာတွေရှိပေမဲ့ ပြတ်ရှရာတွေ၊ ခုတ်ပိုင်းရာတွေ ရှိမနေခဲ့ပါဘူး။ အာလ္လုင်က သူတို့ကိုပုဆိန်ရဲ့အသွားမရှိတဲ့ ထိပ်ပိုင်းနဲ့ပဲ ထိုးနှက်ခဲ့တာ။
မကြာခင်မှာပဲ လူတွေက မြစ်ကမ်းဘေးတစ်နေရာမှာစခန်းချပြီး အာအီဒို(Eridu- Er.. I... doo) မြို့ကို စတင်တည်ဆောက်ကြတယ်။
...
“အာလ္လုင်... ဒါက ဉာဏ်ပညာနတ်ဘုရားကြီးအန်ကီရဲ့ကျမ်းစာပဲ။ စစ်တိုက်နည်း၊ စိုက်ပျိုးနည်း၊ မြို့တည်ဆောက်နည်းနဲ့ဆေးကျမ်း အကုန်လုံးပါတယ်။ သားတော်မြို့တည်ဆောက်တဲ့နေရာမှာ သုံးဖို့အတွက်ပေါ့။”
ကျွန်မက ကောင်းကင်ထက်မှာ ရပ်တန့်နေရင်းနဲ့ ကျောက်မျက်ရတနာနဲ့စီချယ်ထားတဲ့ သေတ္တာတစ်လုံးကို သူ့လက်ထဲထည့်ပေးလိုက်ပါတယ်။ အာလ္လုင်ကကျွန်မကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ရင်း...
“အမာ... ဒီဥစ္စာက ခိုးလာတာတွေတော့ မဟုတ်ပါဘူးနော်။ အမာကြောင့် စိုက်ပျိုးရေးနတ်ဘုရားနဲ့ မွေးမြူရေးနတ်ဘုရား ရန်ဖြစ်ပြီးနေပြီ။ ထပ်ပြဿနာမရှာပါနဲ့တော့။”
ကျွန်မကတော့ တုန်လှုပ်နေတဲ့ကောင်လေးကို ကြည့်နေရင်းက ရယ်မောလိုက်ပြီး နားနားကိုကပ်တီးတိုးပြောလိုက်မိတာပေါ့။
“ကောင်လေး၊ ဒီကိစ္စတွေကို မင်းထုတ်မပြောမချင်း ဘယ်သူမှ ဘာမှပြောမှာမဟုတ်ဘူး။ အန်ကီဆိုတဲ့ဘိုးတော်ကြီးက ဒီနည်းပညာတွေကို တို့နတ်ဘုရားတွေကိုတောင်အသိမပေးဘဲ လျှို့ဝှက်ပြီး သိမ်းထားတာ။ သူက ငါနဲ့မင်းခိုးပါတယ်ဆိုပြီး ပြောလိုက်ရင် အရင်ဒုက္ခရောက်မှာ သူကိုယ်တိုင်ပဲ။”
အာလ္လုင်ကတော့ သေတ္တာလေးကိုလက်မှာကိုင်ထားရင်း တဆတ်ဆတ်တုန်ရင်လို့။ ဘုရင်တစ်ပါးမဟုတ်တဲ့အတိုင်းပဲ။ နောက်တော့ကျွန်မက နောက်တဲ့အနေနဲ့ပြောလိုက်လေရဲ့။
“ပြီးတော့ အထဲမှာ ဘီယာချက်နည်းပါတယ်။ ဂျုံကောင်းကောင်းနဲ့ ချက်ပြီး ငါ့အတွက်ပူဇော်ပေးရင် မင်းမြို့မှာပဲ ငါနေတော့မယ်။”
အာလ္လုင်က တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကျွန်မကိုကြည့်ရင်း “အမာတကယ်ပြောတာလား။ ဥရုမြို့ကိုလည်း ကူညီပြီး တည်ထောင်ပေးနေတယ်ကြားခဲ့တာ။”
“ဒါကတော့ မင်းအရည်အချင်းပေါ်မူတည်တယ်။” အဲဒီနောက် ကျွန်မသူ့ကိုထားပြီး ထွက်သွားခဲ့တယ်။
...
နတ်ဘုရားတွေရဲ့စားသောက်ပွဲတစ်ခု။
အဲဒီနတ်ဘုရားတွေနဲ့စားသောက်ပွဲမှာ ကျွန်မလည်းပဲ ရှိနေခဲ့တယ်။ လူသားတွေကိုဖန်တီးခဲ့တဲ့နှစ်ငါးရာပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ကျင်းပခဲ့တာ။ လူသားတွေကိုဖန်တီးတဲ့နည်းလမ်းကို တီထွင်ခဲ့တဲ့ လူတွေက ဉာဏ်ပညာနတ်ဘုရားအန်ကီ(Enki)နဲ့ မွေးဖွားခြင်း နတ်ဘုရားမနင်မာ Ninmahတို့ပါ။ ဒီနည်းပညာက နတ်ဘုံအရပ်ရပ် ပျံနှံသွားခဲ့ပြီး ပါသီနွန်အသီးသီးက နတ်ဘုရားတွေက သူတို့ရဲ့ ဆိုင်ရာဒေသအသီးသီးမှာ လူသားတွေကို ဖန်တီးခဲ့ကြတယ်။
ကျင်းပတဲ့နေရာကို ကျွန်မကိုယ်တိုင်ပဲ ရွေးခဲ့တာဖြစ်ပြီး အာအီဒို မြို့ကြီးရဲ့ဘုရားကျောင်းမှာပါ။ နတ်ဘုရားတွေ ဘီယာသောက်သုံးပြီး မူးယစ်လာကြချိန်မှာတော့ ဆူမေးရီးယန်း ပါသီနွန်ရဲ့အဓိပတိနှစ်ပါးဖြစ်တဲ့ အန်ကီနဲ့နင်မာတို့ကို မြှောက်ပင့်ကြရင်း နောက်လိုက်တွေကြား စကားများရန်ဖြစ် ကုန်ကြတော့တာပေါ့။
ဒီလိုနဲ့မဟာနတ်မင်းကြီးနှစ်ပါးကိုယ်တိုင်လည်း အချင်းချင်း စကားနာထိုးကြတယ်။
နင်မာက “ငါက ငါအလိုရှိတဲ့အတိုင်း လူသားတွေကိုပုံသွင်းနိုင်တဲ့ စွမ်းအားရှိတယ်။”
အန်ကီက “ငါကတော့ မင်းဖန်တီးတဲ့သူမှန်သမျှကို အသုံးဝင်အောင် လုပ်နိုင်တယ်။”
“ဒါဖြင့်လက်တွေ့စမ်းကြည့်ကြမလား။” နင်မာက ရယ်မောရင်းနဲ့ လက်မသန်သူကိုဖန်ဆင်းတယ်။ အန်ကီကတော့ လက်မသန်တဲ့ မသန်စွမ်းကို ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်အောင် ပြုပြင် ပေးလိုက်တယ်။ နင်မာက မျက်မမြင်ကိုဖန်တီးတော့ အန်ကီက ဂီတပညာပါရမီပါအောင် ပြုပြင်ပေးပြန်တယ်။ ဒီလိုနဲ့ဖန်တီးရင်း နောက်ဆုံးမှာတော့နင်မာအကြံကုန်သွားတော့တာပေါ့။
“ကဲ... နင်မာ၊ အသင့်အလှည့်ပြီးပြီ။ အခုငါအလှည့်ပဲ။”
အန်ကီက ကျွန်မတို့ရှေ့မှာတင် လူမမည်တဲ့သတ္တဝါ တစ်ကောင်ကိုစတင်ဖန်ဆင်းခဲ့တယ်။ ဦးခေါင်းခွံက ပုံပျက်လို့၊ လည်ပင်းကလည်းစောင်း၊ မျက်လုံးကလည်းမမြင်။ ခန္ဓာကိုယ်ကို ကြည့်ပြန်တော့ နံရိုးတွေက နေရာယွင်းလို့၊ အဆုတ်တွေကမသန်၊ နှလုံးကလည်း ခုန်တစ်ချက်မခုန်တစ်ချက်၊ အူကလီစာတွေ ချွတ်ယွင်းလို့ ခြေလက်တွေလည်းကောက်ကွေးလို့ပေါ့။
“နင်မာ၊ ဒီကလေးကို အသုံးဝင်အောင်လုပ်ပါဦး။”
နတ်ဘုရားမနင်မာ ငိုင်ကျသွားတယ်။ တခြားနတ်ဘုရားတွေလည်း အန်ကီနိုင်သွားပြီမှန်းသိကြတယ်။ ကျွန်မတို့တွေအားလုံး ဝိုင်းစဥ်းစားကြပေမဲ့ နောက်ဆုံးမှာတော့ စကားလုံးတစ်လုံးကိုသာ ပြောနိုင်ခဲ့ကြလေရဲ့။
“ဒါက လူမမည်တဲ့ကလေး အူမယ် (Umul)ပဲ။”
နောက်တော့နင်မာစိတ်ကောက်သွားခဲ့တယ်။ အန်ကီက ပြန်ချော့ပြီးတဲ့နောက်မှာတော့ စားသောက်ပွဲပြီးသွားပါပြီ။ နတ်ဘုရားတွေအားလုံးထွက်သွားပြီးတဲ့နောက်မှာတော့ ဘယ်သူမှ အူမယ်နဲ့တခြားကလေးတွေကို သတိမရတော့ဘူး။ မြို့မှာ အခြေချနေခဲ့တဲ့ ကျွန်မပဲ ကျန်ရစ်တော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အာလ္လုင်က အခန်းထဲကို ဝင်လာခဲ့တယ်။
သူက လူမမည်တဲ့ကလေးကို တကယ့်သွေးသားရင်းလိုမျိုး ပွေ့ချီလိုက်ရင်း ကျွန်မကိုကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက နီရဲလို့နေတယ်။ ဝမ်းနည်းမှုကြောင့်မဟုတ်တဲ့ ဒေါသမျက်ရည်တွေ သူ့ပါးပြင်မှာပြည့်နှက်လို့။
“ဘာကြောင့်... သူတို့ကိုမတားခဲ့တာလဲ။”
သူက ကျွန်မအတွက် အဖြေမရှိတဲ့မေးခွန်းကို မေးခဲ့တယ်။ ကျွန်မ မဖြေနိုင်ခဲ့ဘူး။ အဖြေကိုမသိတာထက် အဖြေကသူ့ကို ပိုပြီး နာကျင်စေလိမ့်မယ်ဆိုတာ သိနေခဲ့လို့ပါ။
“ကျုပ်တို့ လူသားတွေက ခင်ဗျားတို့အတွက် ကစားစရာအရုပ် သက်သက်ပဲလား။”
လူမမည်တဲ့ကလေးအူမယ်က အာလ္လုင်ကျွန်မကို စကားပြောနေတဲ့ အချိန်မှာပဲ သေဆုံးသွားခဲ့တယ်။ အမျက်ဒေါသတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အာလ္လုင်ရဲ့ခေါင်းကိုထိဖို့ ကျွန်မကြိုးစားခဲ့ပေမဲ့ သူရှောင်လိုက်တယ်။
“ကျုပ်ကို ဖြေစမ်းပါ။ ကျုပ်တို့တွေကို ခင်ဗျားတို့ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ။ ခင်ဗျားတို့လို ပြီးပြည့်စုံတဲ့ ဖြစ်တည်မှုတွေ ပျော်ရွှင်စေဖို့အတွက် ဆင်းရဲဒုက္ခခံပေးဖို့အတွက် သက်သက်ပဲလား.... ဖြေစမ်းပါ... ဖြေစမ်းပါဗျ။”
ကျွန်မ အာလ္လုင်ကို မမြင်ဖူးတဲ့လူတစ်ယောက်လိုမျိုး ကြည့်နေခဲ့ မိပါတယ်။ အဲဒီနောက်တော့ အဖြေကိုမပေးဘဲ ကျွန်မမြို့ထဲကနေ ပျံထွက်သွားခဲ့မိတာပေါ့။ အာလ္လုင်ကတော့ ဒေါသတကြီး အော်ဟစ်ရင်း ကျန်ရစ်ခဲ့တာပေါ့။
“အင်နာနာ... ခင်ဗျားလည်း သူတို့နဲ့အတူတူပဲလား။”
...
“ထူးဆန်းတဲ့ အိပ်မက်ပဲ။”
ကျွန်မမျက်လုံးတွေကို ဖွင့်လိုက်တယ်။ ရင်းနှီးနေတဲ့ ဟိုတယ် မျက်နှာကျက်ကို မြင်လိုက်ရတယ်။ အိပ်ပျော်မသွားခဲ့ခင်က ဖြစ်ခဲ့တဲ့အရာတွေ ခေါင်းထဲဖြည်းဖြည်းချင်း ပြန်ဝင်လာတဲ့ အတွက်ကြောင့် ကျွန်မခေါင်းကို ဆုပ်ကိုင်ထားလိုက်မိတာပေါ့။
“ခေါင်းကိုက်လိုက်တာ....”
“ကျိန်စာသံလိုက်မ... နင်နိုးလာပြီလား။ တော်သေးတာပေါ့။”
ရုတ်တရက် ပန်းပေါင်းစုံပွင့်လင်းနေသလိုမျိုးကိုယ်သင်းနံနဲ့ နူးညံ့တဲ့စကားသံကို ကြားလိုက်ရတဲ့အတွက်ကြောင့် အသံလာရာကို ကြည့်လိုက်တော့ အိုလီရာနာက ကျွန်မဘေးမှာရှိနေပြီးတော့ ကျွန်မကိုစိုးရိမ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေခဲ့တာ။
“ငါလေ... နင်ဘယ်တော့မှ ပြန်မနိုးလာတော့ဘူးလို့ ထင်နေတာ။”
ကျွန်မ သူ့စကားကြောင့် နည်းနည်းအံ့ဩမိသွားပေမဲ့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ကောင်မလေးရဲ့ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်မိတယ်။
“အီး... နာတယ်ဟဲ့...”
“ကောင်မလေး... နင်ဘယ်တုန်းက ရောက်နေတာလဲ။ ဟုတ်သားပဲ၊ ငါအိပ်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ။”
ဒီတော့မှ အိုလီရာနာက ကျွန်မလက်နှစ်ဖက်ကိုဆွဲဖယ်လိုက်ပြီး အတည်မျက်နှာထားနဲ့ပြောလိုက်တယ်။ သူ့လေသံက လေးနက်လွန်းလို့ ကျွန်မကြောင်ကျောချမ်းလာသလိုပဲ။
“တကယ်က နင်အိပ်ပျော်သွားတာ ငါးရက်ရှိနေပြီ။”
“ငါသေသွားတာလား...”
“အင်း....”
“မြို့ထဲမှာ သောင်းကျန်းမိသေးလား။” အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့အတွေ့အကြုံကို ပါစီဗယ်ကပြန်ပြောပြထားလို့သိနေတာနဲ့ ကျွန်မမေးမိတော့ အိုလီရာနာက ခေါင်းခါပြလိုက်တယ်။
“နင်ဒီတစ်ခါမိထားတဲ့အဆိပ်က ထူးခြားတယ်။ နင့်ရဲ့တခြား တစ်ဖက်ခြမ်းအပေါ်ကိုပါ သက်ရောက်တဲ့ပုံပဲ။ သူနိုးမလာဘူး၊ နင်လည်းနိုးမလာဘူး။”
အိုလီရာနာက ကျွန်မလည်ပင်းက မြွေကိုက်ရာကြီးကို ပြလိုက်တယ်။ အခုထိမပျောက်ဘဲရှိနေတုန်းပါပဲ။ ပြီးတော့ နာနေတုန်းပဲ။
“ဒါပေမဲ့ နင်ငါ့ကို ကုပေးလိုက်နိုင်တယ်မဟုတ်လား။” ကျွန်မက မစိုးရိမ်ဘဲပြောလိုက်ပေမဲ့ မထင်မှတ်ထားဘဲ အိုလီရာနာက ခေါင်းခါပြလိုက်လေရဲ့။
“နင်မိထားတဲ့အဆိပ်က ဖြူရီတစ်ကောင်ရဲ့ဟာ။ မရဏသစ်မြစ်နဲ့ ကုလို့မရဘူး။ အဲဒီဖြူရီကိုယ်တိုင်အဆိပ်ထုတ်ပေးမှရမှာ။ မဟုတ်ရင် နင်အကြိမ်ကြိမ်သေနေလိမ့်မယ်။ ကံကောင်းတာက သခင့်က နင့်ဒဏ်ရာကိုယာယီချိပ်ပိတ်ပေးထားလို့ ငါထိန်းချုပ်လို့ ရသွားတာ။ ဒါပေမဲ့ အခုထိအဆိပ်ရှိနေသေးတာမလို့ နင့်စွမ်းအားတွေကို သုံးဖို့မကြိုးစားနဲ့။
ကျွန်မကိုယ်ကျွန်မ အတော်အံ့ဩမိသွားပြီး ကိုယ့်ပါးစပ်ကိုယ် လက်ဖဝါးနဲ့အုပ်ထားမိတော့တာပဲ။
“အယ်ဟယ်... ငါငါးမိနစ်လောက်ပဲ အပြင်ထွက်မိတာကို အဆိပ်မိလာတယ်တဲ့လား။” ကျွန်မက ပြောလိုက်တော့ အိုလီရာနာက ကျွန်မကိုကမ္ဘာကျော် ချဥ်ဖက်ကြီးတစ်ခုကို ကြည့်နေရသလိုကြည့်ရင်း မသိမသာ နှာမှုတ်လိုက်တယ်။ နောက်တော့ အခန်းတံခါးဆီကို လှည့်ပြေး သွားလိုက်ပြီး
“သခင့်ကို သွားပြောလိုက်ဦးမယ်...” လို့ပြောတယ်။
ဒါပေမဲ့ သူတံခါးမဖွင့်ခင်မှာတင် တံခါးကပွင့်သွားပြီးတော့ ဧရာမဘောလုံးကြီးနှစ်လုံး... အဲလေ... အယ်မာကအခန်းထဲ ဝင်လာပါတယ်။ နောက်တော့ အယ်မာက ကျွန်မကိုကြည့်လိုက်ပြီး ဝမ်းသာအားရနဲ့ပြောလိုက်လေရဲ့။
“အာရာ့.. ဆယ်ဗီနိုးနေပြီလား။”
ဒါပေမဲ့ကျွန်မအကြည့်တွေကတော့ အယ်မာဆီမှာရှိမနေဘဲ အိုလီရာနာဆီမှာ။ အယ်မာနောက်ကနေလိုက်လာတဲ့ ဒါလီယာက အိုလီရာနာကိုမြင်တာနဲ့ ခပ်တည်တည်နဲ့ပြေးသွားပြီး ဖက်ထားလိုက်လို့လေ။ ပြီးတော့ အိုလီရာနာကို အတင်းပြင်သစ်အနမ်းပေးဖို့ ကြိုးစားနေသေးတယ်။
“အာလေလေ... ငါလေးအိပ်ပျော်သွားတာ ရက်ပိုင်းပဲ ရှိသေးတာလေ။ ဒီနှစ်ယောက်က ဘယ်လိုဖြစ်သွားတာလဲ။”