Frankfurt
Vol. 4 Ch. 201
ကျွန်မတို့တွေ နောက်တစ်ခါထပ်ပြီး ရထားပေါ်ရောက်နေပြန်ပြီ။ ဒီတစ်ခါတော့ ညနက်ပိုင်းဖြစ်တဲ့အတွက်ကြောင့် အပြင်ဘက်မှာ နှင်းတွေကျနေပါတယ်။ နက်ဆန်ကတော့ မအိပ်သေးဘဲ ဖုန်းကို ကြည့်နေပေမဲ့ ကျွန်မလှမ်းကဲကြည့်လိုက်တော့ အစီအရင်ခံစာတွေ ဖြစ်နေတာတွေ့လိုက်ရတယ်။ ဒါကြောင့်ကျွန်မလည်း ပျင်းသွားပြီး အခန်းထဲမှာ မျက်လုံးကစားကြည့်တယ်။
အရင်တစ်ခါကလိုပဲ ဥရောပညအိပ်ရထားကိုရွေးချယ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ခေါက်ကုတင်တွေပါတယ်။ မိုနီကာကတော့ အိပ်ပျော်နေပြီ။ အယ်မာကတော့ လုပ်စရာရှိတယ်ဆိုပြီးတော့ ကျွန်မတို့နဲ့အတူမလိုက်တော့ဘဲ ရှေ့ကနေကားနဲ့ကြိုသွားနှင့်တယ်။ ဖရန့်ဖွတ်ခ်ကိုရောက်မှ ပြန်တွေ့ကြမယ်လို့လည်းပြောသေးတာ။
တခြားသူတွေမပါတဲ့အတွက် ကျွန်မသန်းဝေ လိုက်မိတယ်။ အိပ်ရင်ကောင်းမလားတွေးမိပြီး ခေါက်ကုတင် ကိုဖြန့်လှဲလိုက်ပေမဲ့ စိတ်ကဟိုရောက်ဒီရောက်နဲ့ ဘာကိုမှတွေးမရ ပြန်ပါဘူး။ ဒါကြောင့် ပြန်ထထိုင်လိုက်ပြီးတော့ ကျွန်မခေါင်းထဲ ပေါ်လာတဲ့မြို့နာမည်ကို မေးလိုက်မိတော့တာပေါ့။
“ကျွန်မတို့နောက်ရောက်မယ့် မြို့က ဘယ်လိုမြို့မျိုးလဲ။ အရင်လိုပဲ မြို့ဟောင်းလေးလား။ ရာဇဝင်ထဲမှာရော ဘယ်အစိတ်အပိုင်းက ပါတာလဲဟင်။”
နက်ဆန်က စာဖတ်နေရင်းကနေ ကျွန်မကိုမျက်လုံးလှန်ကြည့်ရင်း ဖုန်းကိုပိတ်လိုက်တယ်။ အဲဲဒီနောက်တော့ အတွေးတွေကိုစုစည်းဖို့ ခေါင်းကိုလက်နဲ့ဆုပ်ကိုင်လိုက်ရင်း ကျွန်မသိချင်နေတဲ့ကိစ္စတွေကို ပြောပြပေးပါတယ်။
“ဖရန့်ဖွတ်ခ်က ငါတို့အရင်ကရောက်ခဲ့တဲ့ စထရာဘာ့ဂ်လိုပဲ ဥရောပသမဂ္ဂမြို့တော်လေးခုထဲက တစ်ခုပဲ။ ဥရောပသမဂ္ဂရဲ့ ဗဟိုဘဏ်ရှိနေတဲ့နေရာ။ သမိုင်းကြောင်းအရဆိုရင်တော့ ကသိုလောဂျီးယန်းမင်းဆက်ရုံးစိုက်ခဲ့တဲ့နေရာဖြစ်ပြီး အရှေ့ဖရန့်စီရာပြည်မြို့တော်ပဲ။ သာသနာစောင့်ရောမနိုင်ငံခေတ်ကို ရောက်တဲ့အခါမှာတော့ ဧကရာဇ်ဩဇာခံ လွတ်လပ်တဲ့မြို့ပြနိုင်ငံ အဖြစ်ကိုရောက်တယ်။ စထရာ့ဘာ့ဂ်နဲ့အဆင့်အတန်းတူတဲ့ မြို့တစ်မြို့ပေါ့။ ဒါပေမဲ့ ဘုရင်တွေနန်းတက်ဖို့ ဘိသိက်ခံတဲ့မြို့မလို့ ပိုအရေးကြီးတယ်။
ဂျာမဏီရဲ့အရေးပါတဲ့မိန်းမြစ်ကမ်းပါးမှာရှိတာမလို့ စီးပွားရေး အချက်အချာကျတဲ့မြို့ပဲ။ မြို့တည်ရှိနေတာက နှစ်ပေါင်းထောင်ချီပြီ ဆိုပေမဲ့လို့ အခုတော့ခေတ်သစ်မြို့ကြီးဖြစ်နေပြီ။”
ကြားရတာတော့ စိတ်ဝင်စားစရာကောင်းသားပဲ။ ပြောရရင် ကျွန်မတို့အရင်သွားခဲ့တဲ့ မြို့တွေတော်တော်များများက ခေတ်ဟောင်းစတိုင်မလို့ မြို့သစ်ကြီးလုံးလုံးဖြစ်နေတဲ့ ရှေးဟောင်းမြို့ဆိုတာကိုကြားတော့ ကျွန်မစိတ်ဝင်စား လာခဲ့ပါတယ်။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။
“စီးပွားရေးမြို့တော်ဆိုတော့ စားစရာတွေလည်း စုံမှာပေါ့နော်။”
ကျွန်မက ပြောလိုက်တော့ နက်ဆန်က ကျွန်မကို မပြုံးမရယ်တဲ့ မျက်နှာသေကြီးနဲ့ အကြာကြီးစိုက်ကြည့်တယ်။ ဒါကြောင့်မလို့ ကျွန်မလည်းရှက်သွားပြီး ကြမ်းပြင်ကိုသာ ငုံကြည့်နေမိတော့တယ်။
“အဲဒီကိုရောက်ရင် လျှောက်သွားမယ်မကြံနဲ့။ ဖရန့်ဖွတ်ခ်က EUOC လှုပ်ရှားတဲ့ မြို့ဆိုပေမဲ့လို့ မြေကျောင်းတော်ရဲ့ရုံးခွဲတစ်ခုလည်း ရှိနေသေးတယ်။ သူတို့က ငါတို့ကို ကျိန်းသေပေါက် ရန်လိုနေတဲ့ အဖွဲ့အစည်းပဲ။”
ကျွန်မကတော့ မကျေမနပ်နဲ့ လေပူတွေမှုတ်ထုတ်လိုက်တယ်။ မြို့အကြီးကြီးကိုရောက်သွားပြီးတော့ လျှောက်မလည်ရဘူးဆိုရင် ပျင်းစရာကောင်းနေမှာပေါ့။ ဒါပေမဲ့ ကျွန်မစိတ်ကိုဖတ်နိုင်တဲ့ နက်ဆန်က ကျွန်မရဲ့လက်တစ်ဖက်ကို သူ့လက်နဲ့လှမ်းဆုပ်ကိုင်ရင်း တီးတိုးပြောလိုက်တယ်။
“ကိုယ်တောင်းဆိုပါတယ်... နောက်တစ်ခါထပ်ပြီးတော့ မပြောဘဲ ထွက်မသွားပါနဲ့တော့။”
“.....”
သူ့ရဲ့လေးနက်တဲ့မျက်လုံးတွေကို မြင်လိုက်ရတော့ ကျွန်မရင်တွေ အခုန်မြန်လာတယ်။ တစ်ကိုယ်လုံးထူပူလာပြီးနောက် မနေနိုင်ဘဲ ခေါင်းညိတ်ပြလိုက်မိတော့တာပေါ့။
“အင်း၊ ကျွန်မကတိပေးတယ်။” အဲဒီနောက်တော့ နောက်ကျနေပြီ ဖြစ်တဲ့အတွက်ကြောင့် အိပ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။
...
တင်းတောင်...
“ ဥရောပညအိပ်ခရီးစဥ်ရထားပေါ်မှ ခရီးသည်များရှင်... ရထားလမ်းဆုံမြို့ဖြစ်သော ဖရန့်ဖွတ်ခ်မြို့သို့ရောက်ပါပြီ။ ရထားပေါ်မှမထွက်ခွာမီ၊ မိမိတို့ကိုယ်ပိုင်ပစ္စည်းများကို စစ်ဆေးပြီးမှထွက်ခွာပါရန်နှင့် မြူးနစ်မြို့သို့သွားမည့် ခရီးသည်များ ရထားပြောင်းစီးပါရန်။”
ရထားစပီကာကနေ ကျွန်မတို့ဆင်းရမယ့်နေရာရောက်ပြီဆိုတဲ့ အကြောင်းကို ကြေညာတော့မှ ကျွန်မနိုးလာပါတယ်။ ဒါကြောင့် မျက်လုံးဖွင့်လိုက်တော့ မိုနီကာနဲ့နက်ဆန်က အထုပ်အပိုးတွေ အသင့်ပြင်ပြီးပြီဖြစ်ပြီး ထွက်ခွာဖို့အသင့်ဖြစ်နေကြပြီ။ ပြီးတော့ မိုနီကာက နက်ဆန့်ကိုလက်မောင်းချိတ်ထားသေးတယ်။
“ဂါး.... စကူးဘတ်မ... နင်စောစောစီးစီးအိပ်နေတာ စောစောထပြီး ဒီလိုလုပ်ချင်လို့ပေါ့လေ။”
ကျွန်မကလည်း နက်ဆန်ရဲ့လက်မောင်းတစ်ဖက်ကို ပြေးဆွဲဖို့ လုပ်ပေမဲ့လို့ နက်ဆန်ကရှောင်လိုက်တယ်။ မိုနီကာကတော့ ကျွန်မကိုကြည့်ပြီးတော့ တခွီးခွီးရယ်နေတော့တာပဲ။
“အားဟားဟားဟား... အိုးဟိုးဟိုးဟိုး... ကျိန်စာသံလိုက်မရေ၊ နင်မျက်နှာမသစ်သွားမတိုက်ရသေးဘဲ သခင့်ကိုဖက်မလို့ ကြံနေတာလား။ ညစ်ပတ်အိုးမရဲ့... ဟိုကနင့်ကိုအထိခံမလား။”
“.......” မိုနီကာရဲ့ဖျော့တော့နေပေမဲ့ အားရပါးရရယ်နေတဲ့ မျက်နှာနဲ့ အခက်တွေ့နေပုံရတဲ့နက်ဆန်ကြောင့် ကျွန်မပါးကို ပြန်စမ်းလိုက်မိတယ်။ ပါးစပ်ထောင့်နားမှာ သွားရည်စီးကြောင်း အကြီးကြီးရှိနေတာကို စမ်းသပ်လိုက်မိတော့ ငိုချင်စိတ်တောင် ပေါက်သွားတော့တာပဲ။
‘ငါတော့ လုပ်ချလိုက်မိပြန်ပြီ'ဆိုပြီးတော့ ကိုယ့်ခေါင်းကိုယ် ထုမိတော့တာပဲ။
...
“သွားကို သေချာတိုက်မှဖြစ်မယ်... တော်ကြာနေ သူနာပြုမဖြစ်ပြီး ညစ်ပတ်တယ်လို့ နက်ဆန်ထင်သွားရင် ဘယ်လိုလုပ်မလဲ။”
ကျွန်မသွားတိုက်နေရင်း အာလုတ်ကျင်းလိုက်ပြီး သွားတွေသေချာ သန့်ရှင်းမှုရှိမရှိကြည့်လိုက်တယ်။ ကျွန်မနောက်မှာတော့ ကျွန်မလိုပဲ သွားတိုက်ဆေးနဲ့သွားပွတ်တံလေးတွေ ကိုယ်စီကိုင်ထားတဲ့ ခရီးသွားမိန်းကလေးတွေ တန်းစီလို့။
“ ရှေ့က အင်္ကျီအဖြူနဲ့အဒေါ်ကြီးရေ၊ သွားတိုက်နေတာ လေးခါလောက်ရှိပြီ။ သွားတွေဝါနေတယ်ဆိုလဲ ဆိုင်သွားကြေးချွတ်လိုက်ပါလား။ စောင့်နေရတာကြာလို့ အိုသေတော့မယ်ရှင့်။”
“ဟုတ်တယ်ဟုတ်တယ်... နာရီဝက်လောက်ရှိနေပြီ။”
“ရထားလွတ်တော့မယ်....”
အကုန်လုံးဝိုင်းပြောလွန်းအားကြီးတဲ့အတွက်ကြောင့် ကျွန်မလည်း သက်ပြင်းချလိုက်ပြီးတော့ လူပြည့်နေတဲ့ သန့်စင်ခန်းဘေစင်က ဖယ်ပေးလိုက်တယ်။ နောက်တော့ အဝတ်လဲခန်းတစ်ခန်းထဲဝင်ပြီး ပန်းနုရောင်သန်းနေတဲ့ သူနာပြုဝတ်စုံအသစ်လေး လဲဝတ်လိုက် တော့တာပဲ။
“ဟွန်း... အဲဒီမိုနီကာမ ငါ့ကိုညစ်ပတ်အိုးလို့ ပြောရဲပြောကြည့် ရှိသမျှအမွှေးတွေအကုန်လုံး ဆွဲနှုတ်ပစ်မယ်။”
...
စိတ်ငြိမ်ပြီးသွားတဲ့နောက်မှာမှ ကျွန်မသန့်စင်ခန်းထဲကနေ ထွက်ခဲ့တယ်။ အဝတ်လဲခန်းထဲက ကိုယ်လုံးပေါ်မှန်ကိုအကြိမ်ကြိမ် ကြည့်ခဲ့တာဖြစ်လို့ အမှားမလုပ်မိလောက်ဘူးထင်တာပဲ။ အပြင်ကို ရောက်တဲ့အခါမှာတော့ ဖရန့်ဖွတ်ခ်ရထားဘူတာကြီးရဲ့အလှကို မြင်ရပြီးတော့ အံ့ဩမိပြန်ပါတယ်။
ဖန်သားအမိုးခုံးကြီးတစ်ခုက ကျွန်မတို့ခေါင်းပေါ်မှာရှိနေပြီးတော့ နေအလင်းရောင်က အတွင်းထဲကိုဖြာကျနေပါတယ်။ သဘာဝအလင်းရောင်ကြောင့် ဓာတ်အားခြွေတာရာလည်း ရောက်တဲ့ပုံပါပဲ။ ကျန်တဲ့လျှောက်လမ်းတွေကတော့ စထရာ့ဘာ့ဂ်နဲ့ယှဥ်ရင် တော်ဝင်ဆန်တဲ့ပုံစံမျိုးမရှိဘဲ ခေတ်ဆန်ဆန် မြင်နေကျပုံစံမျိုးပဲရှိတယ်။
“အကြာကြီး စောင့်လိုက်ရလား။” ခုံတန်းရှည်တစ်ခုမှာ ထိုင်စောင့်နေတဲ့ နက်ဆန်တို့ကိုမြင်တော့ ကျွန်မသူတို့ဆီကို သွားပြီးတော့ သွားပေါ်အောင်ပြုံးပြလိုက်တယ်။ ဒါမှသေချာ သွားတိုက်ထားမှန်းသိသာမှာလေ။
မိုနီကာကတော့ လက်ထဲကဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး ကျွန်မကိုမကျေမနပ်နဲ့ ကြည့်လိုက်ပါလေရော။ “ငါက နင့်ကို အိမ်သားကျင်းထဲ ပြုတ်ကျသွားပြီထင်နေတာ။”
သူအဲဒီလိုပြောလေလေ ကျွန်မသူ့ကိုဒေါသထွက်လာပြီး ထရိုက် ချင်လာလေလေပါပဲ။ ဒါပေမဲ့ မိုနီကာ့ကျန်းမာရေးက မကောင်းတော့ တစ်ချက်ရိုက်မိရုံနဲ့တင် အသက်ထွက်သွားမလားပဲ။ မိုနီကာတစ်ခုခုဖြစ်ရင် နက်ဆန်ကျွန်မကိုမုန်းသွားလိမ့်မယ်ဆိုပြီး စိတ်ကိုနှလုံးသွင်းရင်း ငြိမ်နေရတာကြာပြီ။
“အသက်ကိုပြင်းပြင်းရှု... စိတ်ကိုငြိမ်အောင်ထား... ကျီးကန်းတွေနဲ့ ပြိုင်မအာမိစေနဲ့။”
“ဘယ်သူက ကျီးကန်းလဲဟဲ့။”
နောက်ဆုံးတော့ နက်ဆန်က ကျွန်မတို့နှစ်ယောက် ငြင်းခုံနေတာကို စိတ်ပျက်သွားတဲ့ပုံပဲ။ သူက ခရီးဆောင်အိတ်ကိုဆွဲပြီး ကျွန်မတို့ နှစ်ယောက်ကိုထားထွက်သွားရော။
“ဒါလင်.... ဒါလင်... ကျွန်မတို့ကိုစောင့်ပါဦး။” မိုနီကာကတော့ နောက်ကနေအသာလေးလိုက်ရင်း နက်ဆန့်လက်ကိုဆွဲတယ်။ ကျွန်မကတော့ နက်ဆန်ရဲ့ပခုံးချင်းယှဥ်နိုင်လောက်အောင်ပဲ လျှောက်ပြီးတော့ ပြောလိုက်မိတာပေါ့။
“ရေမချိုးရသေးလို့ ခပ်ခွာခွာကလိုက်ပေးရမလား။”
နက်ဆန်က ကျွန်မကို အားနာနေတဲ့အကြည့်နဲ့ကြည့်လိုက်ရင်း တစ်ချက်ခေါင်းခါပြတယ်။ အဲဒီနောက်တော့ တစ်မနက်လုံး တေမိဖြစ်နေတဲ့ သူ့ဆီကနေပြီး မထင်မှတ်ထားတဲ့စကားကို ကြားရပါလေရော။
“တကယ်က အနွေးထည်ထပ်ပြဲမှာစိုးလို့....”
“.....”
“....”
ကျွန်မရောမိုနီကာပါ ဘာပြောရမှန်းမသိဖြစ်ကုန်တယ်။ ကျွန်မ သည်းမခံနိုင်တော့တာနဲ့ နက်ဆန်ရဲ့နားရွက်ကို လိမ်ဆွဲမိတော့တာပဲ။
“နာတယ်....” နက်ဆန်က သူ့နားသူကိုင်ထားရင်းပြောတော့ ကျွန်မလည်းခါးထောက်ပြီး ဆူမိတော့တာပေါ့။
“ဒီမယ်ကိုနက်ဆန်... ရှင်ကြယ်ငါးပွင့်ဟိုတယ်ငှားတုန်းကကျ မနှမျောဘူးနော်။ ဘာမဟုတ်တဲ့အင်္ကျီလေးပြဲမှာကျတော့ ဒီလောက်ကြောက်နေရလား။”
နက်ဆန်ကတော့ တော်တော်ကြီးစိတ်ညစ်နေတဲ့ပုံစံနဲ့ ကောင်းကင်ပေါ် မော့ကြည့်လိုက်တယ်။ ပြီးတဲ့နောက်မှ “အဝတ်အသစ်တွေခဏခဏဝယ်ရင် ပိုက်ဆံဖြုန်းတာနဲ့အတူတူပဲလို့ မော်လီကပြောတယ်။”
“ရှင့်ဟိုတယ်ခက ပိုမကုန်ဘူးလား....” ကျွန်မ ဘေးလူတွေကြားလောက်တဲ့အသံကျယ်ကြီးနဲ့ အော်မိတော့တာပဲ။
....
ရထားဘူတာအပြင်ဘက်ကိုရောက်တော့ ဖရန့်ဖွတ်ခ်မြို့က ဘယ်လိုလဲဆိုတာ ကျွန်မတို့မြင်ရတယ်။ တကယ်ပဲ နက်ဆန်ပြောခဲ့သလိုမျိုး မြို့ဟောင်းတစ်ခုရဲ့အငွေ့အသက်မျိုး ရှိမနေပါဘူး။ နေရာတိုင်းမှာ မိုးမျှော်တိုက်တွေချည်းပဲ။ ဒါပေမဲ့ ရထားဘူတာကိုပြန်ကြည့်လိုက်တော့ အုတ်သားအမိုးခုံးငါးခုနဲ့ တည်ဆောက်ထားတဲ့ ဂေါ့သစ်ဆန်ဆန်လက်ရာမျိုးဖြစ်နေတာ တွေ့ရတယ်။ ပြတင်းပေါက်တချို့ဆိုရင် ရောင်စုံဖန်သားတွေနဲ့ ဖန်စီပန်းချီကားချပ်တွေအဖြစ် ပုံဖော်ထားခဲ့တာ။
တည်းမယ့်ဟိုတယ်ကိုရောက်ဖို့အတွက် ကျွန်မတို့တွေ တက္ကစီငှားခဲ့ရပြီး တက္ကစီကမြို့ထဲကိုပတ်ခေါ်သွားတဲ့အပြင် တံခါးတစ်ခုကိုလည်းဖြတ်သွားရပါသေးတယ်။ အဲဒီတံခါးကနေတစ်ဆင့် မိန်းမြစ်ကြီးကိုမြင်ရပြီးတော့ ဒီတံတားနဲ့အတူတခြားပုံစံတူ မြစ်ကူးတံခါးပေါင်းများစွာ ရှိနေတာကိုလည်းမြင်ခဲ့ရတယ်။
မြစ်ကူးတံတားကြီးကိုဖြတ်သွားရင်း မြို့ထဲက မိုးကောင်းကင်ကို ထိလုမတတ် မိုးမျှော်အဆောက်အအုံကြီးတွေကို မြင်ရတဲ့ အချိန်မှာတော့ ကျွန်မရင်ထဲမှာ စိတ်လှုပ်ရှားမှုကိုစတင်ပြီး ခံစားလာရတယ်။ ခဏကြာတော့ ကျွန်မမနေနိုင်ဘဲ ကားပြတင်းပေါက်မှန်ကိုချကာ အပြင်ကိုအကျယ်ကြီး အော်ပြောမိတော့တာပဲ။
“နောက်ဆုံးတော့... ဂျာမဏီနိုင်ငံကို ခြေချနိုင်ခဲ့ပြီ... ဝက်အူချောင်းတွေ၊ အမဲအူချောင်းတွေ၊ ငါလာပြီဟေ့....”
....
“ဟင်... လေးထောင့်တုံးကြီး”
ကျွန်မရှေ့မှာရှိနေတဲ့ ဟိုတယ်ကိုမြင်ပြီးတော့ စိတ်တောင် ညစ်သွားတယ်။ အံ့စာတုံးကြီးလိုပဲ။ ဟိုတယ်ဟောခန်းထဲ ဝင်လိုက်တော့ ဖုန်နံတထောင်းထောင်းနဲ့ သန့်ရှင်းရေးတောင် ပုံမှန်လုပ်ပုံမရဘူး။ ဧည့်ကြိုဝန်ထမ်းဆိုရင် အိပ်ပျော်နေပြီးတော့ ဟောက်တောင်ဟောက်နေသေးတယ်။
“နက်ဆန်ရေ၊ ရှင့်ကားသမားက ဟိုတယ်မှားခေါ်လာတာလား။”
“မမှားဘူး၊ ငါတည်းဖို့ဆုံးဖြတ်လိုက်တာ ဒီနေရာပဲ။”
“ဘယ်လိုဘယ်လို....”
“မင်းပဲ ငါဟိုတယ်ခတွေအများကြီး ဖြုန်းနေတယ်ပြောလို့လေ။”
“....” ဒါသေချာပေါက် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ကြံတာ။
မိုနီကာကလည်း ကျွန်မကိုဒေါသနဲ့ကြည့်လိုက်ပြီးတော့ နက်ဆန့် လက်တစ်ဖက်ကိုသူ့လက်နဲ့အတင်းဆွဲပြီး အပြင်ခေါ်ထုတ် ချွဲတော့တာပဲ။
“ဒါလင်... ဒီဟိုတယ်ကကျောက်ဂွမ်းတွေတောင် ရှိနေလားမသိဘူး။ ကျန်းမာရေးအတွက်မကောင်းဘူးနော်။ ကျွန်မအသက်ရှုမဝဘူး။ ပိုကောင်းတာလေးရှာရအောင်....”
“အင်း....” ဟော၊ ကြည့်စမ်းပါဦး။ ဘယ်လောက် အကျင့်မကောင်းတဲ့ကောင်လဲ။ စကူးဘတ်မက မယားငယ်တုံးပိတဲ့အသံနဲ့ပြောတာနဲ့ တစ်ခါတည်း ခေါင်းညိတ်သွားရော။
ကျွန်မလည်း ဒီဟိုတယ်မှာမတည်းချင်တာမလို့ ဘာမှမပြောဖြစ်ဘူး။ အဲဒီလိုဆိုပေမဲ့လို့... မွှေးပျံတဲ့ ရနံလေးတစ်ခုက ကျွန်မနှာခေါင်းကိုနှိုးဆွလိုက်တယ်။
“ မွှေးလိုက်တာ... ဝက်ဆီနဲ့ဂျင်းကို မီးကင်ထားတဲ့အနံပဲ။” အဲဒီနောက်တော့ ကျွန်မနက်ဆန်နဲ့မိုနီကာကိုမေ့ပြီးတော့ ဟင်းနံရတဲ့ဆီပြေးတော့တာပဲ။ ရထားပေါ်ကမဆင်းခင်က နက်ဆန်ကိုပေးထားတဲ့ကတိတွေကို ကျွန်မမေ့သွားပြီ။
“ဆယ်ဗီ... အရမ်းမပြေးနဲ့....” မိုနီကာကို တွဲခေါ်လာရတဲ့ နက်ဆန်က လှမ်းအော်လိုက်မှ ကျွန်မအရှိန်လျှော့လိုက်တယ်။ ဒါပေမဲ့မွှေးပျံတဲ့ ဟင်းနံတွေထွက်နေတဲ့ စားသောက်ဆိုင်ကြီးရှေ့ကို ကျွန်မ ရောက်နေပြီမလို့ လက်ကိုပိုက်ပြီးခေါင်းညိတ်လိုက်မိတယ်။
“စားဝတ်နေရေးမှာ နေစရာနေရာက နောက်ဆုံးပဲ။ လောလောဆယ် တည်းရမယ့်နေရာကို မဆုံးဖြတ်ရသေးပေမဲ့ မနက်စာအရင်စားတာ မကောင်းဘူးလား။” ဒီစကားကို ကမ္ဘာပေါ်မှ အကောင်းဆုံးအတွေးအခေါ်တစ်ခုလိုမျိုး ကျွန်မပြောခဲ့တာ။ နက်ဆန်နဲ့ကလေးတွေမွေးပြီး သားမြေးမြစ်တွေရှိလာရင်တောင် ဒီအဆိုအမိန့်ကို ဆွေစဥ်မျိုးဆက်လက်ဆင့်ကမ်းသွားခိုင်းဖို့ ကျွန်မဆုံးဖြတ်လိုက်ပြီ။