← Chapters

စကားနဲ့ ရှင်းကြရအောင်ပါ

Vol. 13 Ch. 123

စကားနဲ့ ရှင်းကြရအောင်ပါ

Vol. 13 Ch. 123

“မိစ္ဆာနှိမ်နင်းသူဗျူရိုက ကြွက်တွေ နောက်တစ်သုတ် ထပ်ရောက်လာပြန်ပြီပေါ့...”

“သူတို့တွေ လုံးဝ သင်ခန်းစာ မရကြသေးဘူးပဲ...”

အလောင်းရုပ်သေး၏ မျက်စိအတွင်း၌ အနက်ရောင်မြူခိုးများ ပျံ့နှံ့သွားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံးကို မြင်လိုက်ရသည်။

ချန်ဟွိုက်အန်နှင့် လင်းလင်လင်တို့ ချဉ်းကပ်လာသည်ကို သူ ချက်ချင်းပင် သတိပြုမိသွားသည်။ သူတို့၏ ပုံရိပ်များမှာ ဝေဝါးနေသော်လည်း သတိကြီးစွာ လှုပ်ရှားမှုများက သူတို့ကို ဖော်ပြနေ၏။ သူတို့က သေချာပေါက် မိစ္ဆာနှိမ်နင်းသူများပင်။

လုပ်ငန်းခွင်အပြင်ဘက်ရှိ ပုံရိပ် ၄ခုမှာမူ သာမန်လူများသာ ဖြစ်ပေလိမ့်မည်။

“အချိန်ကိုက်ပဲ။ ငါ့ရဲ့ မရဏခေါင်းတလား အခင်းအကျင်းက အကုန်အသင့် ဖြစ်နေပြီဆိုတော့ ငါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီ။”

“အရင်ဆုံး အပြင်က ၄ယောက်ကို အမြည်းစားပြီးမှတော့ ဆောက်လုပ်ရေးကွင်းကို ပိတ်ဆို့ပြီး ဒီမိစ္ဆာနှိမ်နင်းရေး ကြွက်တွေကို အေးအေးဆေးဆေး ရှင်းရမယ်။”

အလောင်းရုပ်သေး၏ ပုပ်ပွနေသော မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာ၏။

ခေါင်းတလားအဖုံးမှာ စောင်းလျက် ပွင့်သွားပြီး သူ၏ပုံရိပ်မှာ အနက်ရောင်မြွေတစ်ကောင်ကဲ့သို့ လျှောထွက်သွားတော့သည်။

“ချန်ဟွိုက်အန်၊ ဒီနေရာက အရမ်းအေးနေတယ်လို့ မထင်ဘူးလား...”

“မထင်ပါဘူး။”

“ချန်ဟွိုက်အန်၊ ရှင် သရဲကြောက်လား...”

“ကြောက်တာပေါ့။”

“အသုံးမကျလိုက်တာ...”

ချန်ဟွိုက်အန်က ဘေးတွင်ကပ်နေသော ခန္ဓာကိုယ်လေးကို ကြည့်ကာ မျက်တောင် ခတ်လိုက်သည်။

“ငါက အသုံးမကျဘူးဆိုရင် မင်းက ဘာလို့ ငါ့ကို ကပ်နေတာလဲ...”

လင်းလင်လင်၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး ဘေးသို့ တစ်လှမ်းဆုတ်ကာ မကြည့်ဘဲ ရေရွတ်လိုက်သည်။

“ကျွန်မ မကပ်ပါဘူး။”

“ဒါဆို ဘာလို့ တုန်နေတာလဲ...”

“ဘယ်... ဘယ်သူက တုန်နေလို့လဲ...”

သူတို့၏ အပြန်အလှန် စနောက်မှုကြောင့် ထူးဆန်းသော လေထုမှာ အနည်းငယ် ပေါ့ပါးသွားသည်။

သို့သော် သူတို့ စိတ်လျှော့လိုက်သည့် အချိန်မှာပင်...

ဆောက်လုပ်ရေးကွင်း အပြင်ဘက်မှ ထိတ်လန့်စရာ အော်သံတစ်ခု လေထဲတွင် ဟိန်းထွက် သွားခဲ့သည်။

လင်းလင်လင်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး ချက်ချင်းပင် လှည့်ကြည့်ကာ ဒရုန်းကင်မရာကို ဖွင့်လိုက်သည်။

မျက်နှာပြင်ပေါ်တွင် အနက်ရောင်မြူခိုးများ ကောင်းကင်သို့ တက်လာသည်ကို မြင်လိုက်ရ၏။

“ဒုက္ခပဲ... အဲဒါက ဝိညာဉ်ဆိုးပဲ... ဟိုကျောင်းသူ ၄ယောက် ဒုက္ခရောက်ကုန်ပြီ...”

သူက ဝင်ပေါက်ဆီသို့ အပြေးသွားရန် ပြင်လိုက်သော်လည်း ချန်ဟွိုက်အန်ကမူ ပို၍ မြန်ဆန်လှသည်။

သူ၏ မျက်လုံးများမှာ အေးစက်သွားပြီး ပုခုံးကို ဆွဲကိုင်လိုက်ကာ...

ပေါက်ကွဲထွက်သလို အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်လိုက်၏...

“ဟ...” လင်းလင်လင်၏ မျက်လုံးများ ပြူးသွားပြီး အော်ပင်မအော်နိုင်သေးခင် လေဖိအားကြောင့် သူ၏ အသက်ရှူလမ်းကြောင်းထဲသို့ လေများ တိုးဝင်လာသည်။

ချန်ဟွိုက်အန်၏ လက်ထဲတွင် သူက အရုပ်တစ်ရုပ်လို ပါသွားပြီး ခြေထောက်များမှာ မြေပြင်နှင့် လွတ်နေတော့သည်။

ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ အရှိန်ကြောင့် ဝေဝါးသွားပြီး လမ်းကြောင်းကို အနည်းငယ် ပြောင်းလိုက်ရုံဖြင့် သူတို့ ဝင်ပေါက်သို့ ရောက်သွားပြီ ဖြစ်သည်။

သူ့ကို မြေပြင်ပေါ် ချပေးလိုက်သည့် အခါတွင်လည်း အရှိန်ကြောင့် မူးဝေနေဆဲပင်။

ဆောက်လုပ်ရေးကွင်း ဝင်ပေါက်တွင် သွေးနံ့များ နံစော်နေ၏။

တက္ကသိုလ်ကျောင်းသူ ၃ဦးမှာ ဂိတ်တဲအတွင်း၌ ကြောက်လန့်တုန်ရီကာ စုနေကြသည်။

တံခါးအပြင်ဘက်တွင် လမ်းဘေးမီးတိုင်မှာ တဖျတ်ဖျတ်နှင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ၎င်း၏ အလင်းရောင်မှိန်မှိန်အောက်တွင် ပုံပျက်နေသော အရိပ်များကို မြင်နေရသည်။

ထိုအရိပ်များ၏ ရင်းမြစ်မှာ အရပ် ၂မီတာခန့်ရှိသော လူသဏ္ဌာန် ရှိသောအရာပင်။

၎င်းက ကျောပေးထားပြီး၊ ထိတ်လန့်စရာကောင်းသော ဝါးစားသံများမှာ တိတ်ဆိတ်ငြိမ်သက် နေသော လေထုထဲတွင် ပဲ့တင်ထပ်နေ၏။

“မိစ္ဆာနှိမ်နင်းသူတွေပဲ။ တစ်ယောက်ကတော့ ရင်းနှီးနေတယ်... မင်းတို့က ငါထင်တာထက် ပိုမြန်သားပဲ။”

ထိုသတ္တဝါက ဝါးစားနေသည်ကို ရပ်လိုက်ပြီး တစ်ခုခုကို မြေကြီးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

၎င်းက မည်သည့်အရာ ဖြစ်ကြောင်းကို မြင်လိုက်ရသည်နှင့် လင်းလင်လင်၏ မျက်ဆံများ ကျုံ့သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများ ထွက်လာ၏။

၎င်းမှာ လူခေါင်းတစ်ခြမ်း ဖြစ်နေသည်။

ချန်ဟွိုက်အန်ကို စနောက်ပြီး ဖုန်းနံပါတ် တောင်းခဲ့သော ဆံပင်အဝါနှင့် ကျောင်းသူလေးမှာ...

ယခုအခါ တစ်ဝက် စားခံထားရသော အလောင်းတစ်ခု ဖြစ်သွားလေပြီ။

“မင်း သူ့ကို စားလိုက်တာလား...”

အလောင်းရုပ်သေး ပြန်မဖြေပေ။

ထိုအစား လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး...

ပုံပျက်နေသော အလောင်းကို သူတို့ထံ တည့်တည့် ပစ်လိုက်သည်။

လေထဲတွင် သွေးများ စင်သွားပြီး သူတို့၏ အမြင်အာရုံကို ကွယ်သွားစေ၏။

ပျံသန်းလာသော အလောင်း၏ နောက်ကွယ်တွင် အလောင်း၏အရိပ်ထဲတွင် အနက်ရောင် မြူခိုးများ ထွက်နေသော အနက်ရောင်လက်သည်းတစ်ခုမှာ ရှေ့သို့ တိုးဝင်လာသည်။

တိုက်ခိုက်မှုမှာ မြန်လှသည်။

မြန်လွန်းလှ၏။

လက်သည်းက သူတို့ထံသို့ မရောက်သေးခင်မှာပင်၊ လေတိုးသံကြောင့် လင်းလင်လင်၏ ကျောရိုးထဲအထိ စိမ့်သွားလေသည်။

သူက အပိုင်းပိုင်း အဖြတ်ခံရတော့မည်ကို မြင်ယောင်နေမိသည်။

“ချန်ဟွိုက်အန်၊ ရှောင်တော့...”

သူ၏ စိတ်ဇောအဟုန်များ တက်လာကာ အော်ဟစ်လိုက်ပြီး အနားရှိ သဲပုံနောက်သို့ လူးလိမ့်ကာ ရှောင်လိုက်သည်။

သို့သော် စိတ်ထဲတွင်မူ သူ မျှော်လင့်ချက် ကုန်သွားပြီဖြစ်သည်။

ထိုမိစ္ဆာထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ထိတ်လန့်စရာ ကောင်းလှသည်။

အဖြူရောင်အဆင့် မိစ္ဆာနှိမ်နင်းသူ ၃ဦး သေခဲ့ရသည်မှာ မထူးဆန်းတော့ပေ။

သူတို့၏ အလောင်းများကို ဘာကြောင့် ရှာမတွေ့ခဲ့သလဲ ဆိုသည်မှာလည်း မထူးဆန်းတော့။

သူတို့အားလုံး အစားခံခဲ့ရခြင်းပင်။

အခု ဘာဆက်လုပ်မလဲ...

သူက အကူအညီတောင်းခံသည့် အချက်ပြမှုကို ပို့ထားပြီးဖြစ်သော်လည်း စစ်ကူ ရောက်လာရန် အချိန်ယူရမည် ဖြစ်သည်။

သူတို့ အချိန်မီ ရောက်လာပါဦးမလား...

သူ ချန်ဟွိုက်အန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ...

အံ့အားသင့်သွားပြီး မှင်တက်သွား၏။

သူ မရှောင်ခဲ့ပေ။

သူ တစ်လက်မမျှပင် မလှုပ်ရှားခဲ့။

“ဟေ့... မင်း...”

စူးရှသော သတ္တုချင်း ထိခိုက်သံတစ်ခု ထွက်ပေါ်လာသည်။

လင်းလင်လင်က သူ ဓားထုတ်လိုက်သည်ကိုပင် မမြင်လိုက်ရခင်မှာပင် စူးရှသော ဓားအလင်း တစ်ခု ထွက်ပေါ်လာသည်။

ပျံသန်းလာသော အလောင်းမှာ နှစ်ခြမ်းကွဲသွားပြီး ၎င်း၏ နောက်ကွယ်မှ လက်သည်းလည်း တစ်ချက်တည်းနှင့် အဖြတ်ခံလိုက်ရ၏။

ချန်ဟွိုက်အန်၏ မျက်နှာပေါ်သို့ သွေးများ စင်သွားလေသည်။

ချန်ဟွိုက်အန်မှာ မျက်တောင်ပင် မခတ်ခဲ့ပေ။

သူ၏ ကြေးခွံနက်ဓားကို ကိုင်ထားရင်း ယခုအခါ တောင့်တင်းသွားသော အလောင်းရုပ်သေးထံသို့ တည့်တည့် ချိန်လိုက်ကာ အေးစက်သော အသံဖြင့် ပြောလိုက်၏။

“ဟေ့...မင်း သိလား... သူက ငါ့ကို ချောတယ်လို့ ပြောပြီး ဖုန်းနံပါတ် တောင်းတုန်းက ငါ အဲဒါကို သဘောကျခဲ့တာ။”

အလောင်းရုပ်သေး၏ လည်ချောင်းမှာ သံညှပ်နှင့် ညှပ်ထားသကဲ့သို့ တင်းကျပ်သွားသည်။

သူ၏ ပုပ်ပွနေသော မျက်လုံးများမှာ ရှေ့တွင်ရှိနေသော လူသားထံ၌ စူးစိုက်နေသည်။

သွေးများ စိုရွှဲနေသော မျက်နှာ...

ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေသော မျက်လုံးများ။...

သူ မလှုပ်ရှားနိုင်တော့။

သေခြင်းတရား၏ အေးစက်သော အငွေ့အသက်မှာ သူ့ကို ပတ်ဝန်းကျင်မှ ရစ်ပတ်ထား၏။

ဓားသွားပေါ်မှ အနက်ရောင် သွေးပုပ်များမှာ မြေပြင်ပေါ်သို့ စီးကျလာပြီး ထိတွေ့မိသည့်အခါ တရှဲရှဲ အသံများ ထွက်ပေါ်လာလေသည်။

၎င်းမှာ သူ၏ သွေးများပင်။

သူ ကြောက်နေလေပြီ။

“စီနီယာ... ကျွန်တော်တို့ကြားမှာ တစ်ခုခု နားလည်မှု လွဲနေတာ ဖြစ်မှာပါ...”

“နားလည်မှု လွဲတာ ဟုတ်လား။ မဟုတ်ဘူး။”

ဓားအလင်း တစ်ချက် လက်သွား၏။

ပြတ်သွားသော ဦးခေါင်းတစ်ခုမှာ လေထဲ လည်ထွက်သွား၏။

အလောင်းရုပ်သေး၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းသွားပြီးနောက် လဲကျ သွားတော့သည်။

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်၏။

ထိုသတ္တဝါ၏ အရှိန်အဝါမှာ ယခင်က လူမျက်နှာပင့်ကူနှင့် အလွန် ဆင်တူသည်။

သို့သော် ၎င်းကို သတ်လိုက်သော်လည်း မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ ထွက်မလာပေ...

ဒါဆို ဒါက ဘာကို ဆိုလိုတာလဲ...

၎င်းက အမှန်တကယ် မသေသေးတာလား၊ သို့မဟုတ် ထိုပစ္စည်းများ ထွက်လာခြင်းမှာ ကံတရားအပေါ် မူတည်နေတာလား...

“မင်းတော့ သေပြီ။ ကောင်လေး...”

ပြတ်သွားသော ဦးခေါင်းထံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်းထံမှ ရှည်လျားသော အနက်ရောင် ခြေတံများ ထွက်ပေါ်လာ၏။

၎င်းသည် လိမ်ယှက်ပြီး သူ ရှိနေရာဘက်သို့ ပြန်လှည့်ကြည့်ကာ အသည်းအသန် ပြေးထွက် သွားသည်။

“မင်း ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ခီးခီးခီး... မင်းမျက်နှာကို မှတ်ထားမယ်... ခေါင်းတလားနက်သခင် နိုးလာတဲ့အခါ မိစ္ဆာနှိမ်နင်းသူ တစ်ယောက်မကျန် သေစေရမယ်...”

“ဪ... ဒါဆိုရင် မင်း မသေသေးဘူးပေါ့။”

ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်၏။

သူ၏ ခြေထောက်က မြေပြင်ကို ပြင်းထန်စွာ နင်းလိုက်ရာ..

အောက်ဘက်ရှိ မြေပြင် ပေါက်ကွဲထွက်သွားသည်။

လင်းလင်လင်မှာ နားစည်အတွင်း၌ မီးရှူးမီးပန်းနှစ်ခု ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ဟွိုက်အန် ပျောက်ကွယ်သွား၏။

ထွက်ပြေးနေသော ဦးခေါင်းမှာ အရှိန်မြှင့်လိုက်ပြီး ၎င်း၏ ခြေတံများမှာ ပိုးကောင် တစ်ကောင်ကဲ့သို့ တဖျတ်ဖျတ် လှုပ်ရှားနေလေသည်။

အလေးချိန်ရှိသော ခန္ဓာကိုယ် မရှိတော့သဖြင့် ၎င်း၏ အရှိန်မှာ အရူးအမူး မြန်ဆန်လှ၏။

ထိပ်တန်း အကြီးအကဲအဆင့် မိစ္ဆာနှိမ်နင်းသူ တစ်ဦးပင်လျှင် လျင်မြန်မှုတွင် အထူးပြုမထားပါက လိုက်မီရန် ခက်ခဲပေလိမ့်မည်။

အကယ်၍ ထိုမိန်းကလေးကိုသာ အကုန်စားပြီးခဲ့လျှင် အတောင်ပံများ ထွက်ပေါ်လာပြီး ပို၍ပင် မြန်မြန် ထွက်ပြေးနိုင်မည် ဖြစ်သည်...

သို့သော် ထိုမျှနှင့် လုံလောက်သင့်သည်။

ခေါင်းတလားနက်သခင်မှာ အနီးနားမှာပင် ရှိသည်။

၎င်းထံသို့ ရောက်သွားနိုင်သရွေ့...

စူးရှသော လေတိုးသံတစ်ခု လေထဲတွင် ဖြတ်သန်းသွား၏။

ဦးခေါင်းက လှည့်ကြည့်လိုက်ရာ...

နှလုံးရပ်လုနီးပါး ဖြစ်သွားခဲ့သည်။

ချန်ဟွိုက်အန်က ၎င်း၏ နောက်နားလေးမှာပင် ရောက်နေပြီ ဖြစ်သည်။

အနီးနားရှိ အဆောက်အအုံများ၏ ကွန်ကရစ်တိုင်များကို နင်းကာ တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေလေသည်။

လေထဲတွင် တစ်ပတ်လှည့်ကာ သူ၏ဓားကို အောက်သို့ ဆွဲချလိုက်၏။

ဓားသွားမှာ အေးစက်ပြီး သေစေနိုင်သော အလင်းရောင်ကို ထင်ဟပ်လျက် တောက်ပနေသည်။

“နေ... နေပါဦး... စီနီယာ... ကျွန်တော်တို့ ဒါကို စကားနဲ့ ရှင်းကြရအောင်ပါ...”

“ပါးစပ်ပိတ်ထားစမ်း...”

ချန်ဟွိုက်အန်က လှုပ်ရှားနေသော ဦးခေါင်းကို လက်တစ်ဖက်နှင့် ဖမ်းလိုက်၏။

ထို့နောက် အခြားလက်တစ်ဖက်နှင့် ဓားကို မြှောက်လိုက်သည်။

“အပိုင်းအစကို ချထားခဲ့။”

ငွေရောင် ဓားအလင်း တစ်ချက် လက်သွား၏။

ပြတ်နေသော ဦးခေါင်းမှာ နှစ်ပိုင်း ဖြစ်သွားပြီး အနီးအနားရှိ ကွန်ကရစ်နံရံတွင် သွားစိုက်နေတော့သည်။

သူ့ဖုန်းမျက်နှာပြင်ပေါ်တွင် ဂိမ်းအကြောင်းကြားချက်တစ်ခု ပေါ်လာ၏။

[ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစတစ်ခု ရရှိပါပြီ ]

“ဒါဆို သေချာပေါက် ထွက်တာျပေါ့။”

ချန်ဟွိုက်အန်က ယူဆချက်ကို အတည်ပြုလိုက်ပြီး လင်းလင်လင်နှင့် ပြန်လည် ဆုံတွေ့ရန် လှည့်ထွက်သွားခဲ့သည်။

လင်းလင်လင်ကို ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ အရိပ်ထဲတွင် တွေ့လိုက်ရသည်။

သူက နံရံကို မှီကာ ဒူးပိုက်လျက် ခွေထိုင်နေ၏။

သူ လုံးဝ စိတ်ဓာတ်ကျဆင်းသွားပုံရသည်။

ချန်ဟွိုက်အန် သက်ပြင်းချလိုက်၏။

အင်းပေါ့်လေ... သူက အခုထိ အလယ်တန်းကျောင်းသူလေးပဲ ရှိသေးတာပဲ။

သူ ထိုအသက်အရွယ်တုန်းက မိန်းကလေးများ၏ ဆံပင်ကို ဆွဲရန်သာ စိတ်ဝင်စားခဲ့ပြီး လူများ အပိုင်းပိုင်း အဖြတ်ခံရသည်ကို မြင်ခဲ့ရသည် မဟုတ်ပေ။

ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုမျိုးကို လူတိုင်း ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။

သူ လျှောက်သွားပြီး မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်သည်။

“ဟေ့... ဟယ်လို...မင်း ရှိသေးရဲ့လား။”

“လုပ်စမ်းပါ။ မင်းက မိစ္ဆာနှိမ်နင်းသူ တစ်ယောက်ပဲ။ ဒီညက နည်းနည်းတော့ သွေးထွက်သံယို များသွားတယ်ဆိုပေမဲ့...”

သူ စကားမဆုံးသေးခင်မှာပင်...

လင်းလင်လင် ဝုန်းခနဲ လှုပ်ရှားလိုက်သည်။

လက်ကောက်ဝတ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လှံကို သူ၏မျက်နှာဆီသို့ တည့်တည့် ထိုးလိုက်တော့သည်။

All Chapters