← Chapters

တိုက်ရိုက် ချိုးဖောက်ခြင်း

Vol. 13 Ch. 126

တိုက်ရိုက် ချိုးဖောက်ခြင်း

Vol. 13 Ch. 126

တိမ်ပင်လယ်၏ အထက်တွင် လျိုရှားတောင်ထွတ်ကို စောင့်ကြည့်နေကြသော စုချီနျန်နှင့် လျှိုယွမ်ချင်းတို့သည် ရုတ်တရက် မျက်လုံးများ ပွင့်လာကြသည်။

လျူယွမ်ချင်း၏ မျက်လုံးများတွင် အခင်းအကျင်း၏ လုပ်ဆောင်ချက် အခြေအနေကို စစ်ဆေးနေစဉ် စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု လက်သွားသည်။ သူက စုချီနျန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အချိန်ရောက်ပြီ။ ပထမအဆင့်ဖြစ်တဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း ပြီးတော့မယ်။ သူကို အပြင်ထုတ်ပေးဖို့ ယွဲ့ချန်ချီကို လှမ်းခေါ်လိုက်တော့။”

“ဘာလို့ ယွဲ့ချန်ချီလဲ။ ငါတို့ဘာသာ လုပ်လို့ မရဘူးလား”

စုချီနျန် နားမလည်နိုင်ဘဲ မေးလိုက်သည်။

မည်သို့ပင် ဆိုစေကာမူ သူတို့နှစ်ဦးစလုံးမှာ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

တစ်ခုခု မှားယွင်းသွားလျှင်ပင် ရိုးရိုး ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူတစ်ဦးထက် သူတို့က ပိုပြီး ယုံကြည်စိတ်ချရသည်မဟုတ်ပါလား...

“မင်း ဘာမှမသိတဲ့ အဘိုးကြီးပဲ...”

“ဆေးအိုးထဲမှာက အရမ်းပူတော့ အဝတ်အစားတွေက အကုန် လောင်ကျွမ်းသွားပြီ။ ငါတို့လို အဘိုးကြီးနှစ်ယောက်က အဲဒါကို ကြည့်နေဖို့ သင့်တော်မယ်လို့ မင်း တကယ် ထင်နေတာလား။”

“...ကျွတ်။ ဟုတ်သား။ အဲဒါလည်း မှန်တာပဲ။”

စုချီနျန် ချက်ချင်းပင် နားလည်သွားပြီး ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။

“အေးပါ၊ အေးပါ။ အခုပဲ ယွဲ့ချန်ချီဆီ အသံလွှင့်လိုက်မယ်။”

သို့သော် သူ မပို့ရသေးခင်မှာပင်...

လျိုရှားတောင်ထွတ် အထက်ရှိ ကောင်းကင်ယံတွင် ရုတ်တရက် ပြောင်းလဲသွားသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးက ကောင်းကင်တစ်ခွင်ကို တုန်ဟိန်းသွားစေ၏။

စိတ်ဝိညာဉ်ချီစွမ်းအင်များဖြင့်သာ ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီး တစ်ဖက်မှာ လိပ်တက်နေသော တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး လျိုရှားတောင်ထွတ်ရှိ အခင်းအကျင်း အတားအဆီးကို ဆုပ်ကိုင်လိုက်သည်။

လျူယွမ်ချင်း - “.........”

စုချီနျန် - “.........”

“ဒီအရှိန်အဝါက... လီချင်းရန်ရဲ့ ဆရာပဲ...”

စုချီနျန်၏ မျက်နှာမှ သွေးဆုတ်ဖြူလျော်သွားပြီး အသံမှာ အနည်းငယ် တုန်ရီနေ၏။

“အဘိုးကြီးလျူ... မင်းရဲ့ အခင်းအကျင်းက တကယ်ပဲ ခံနိုင်ရည်ရှိမှာ သေချာလား။ အဲဒီလူသာ လီချင်းရန် ဘာတွေ ခံစားနေရလဲဆိုတာ သိသွားရင်တော့ ငါတို့ အရေခွံ အမကွာခံရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရတော့မယ်...”

“ဒါ... ဒါက အဆင်ပြေလောက်မှာပါ။”

လျူယွမ်ချင်းလည်း တုန်လှုပ်နေသော်လည်း တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်၏။

“စိတ်အေးအေးထားပါ။ ဒီအခင်းအကျင်းက ကျန်းဝူမြင့်မြတ်နယ်မြေမှာတောင် နာမည် ကြီးခဲ့တာ...”

“ဪ ဟုတ်လား... ဘယ်လိုမျိုးလဲ။”

“အဲဒါက... တစ်ခါတုန်းက အမျိုးသမီး အကြီးအကဲတစ်ယောက် သူ့အတွက် သီးသန့် အတားအဆီးတစ်ခု လုပ်ပေးဖို့ ငါ့ကို ခိုင်းခဲ့တယ်။”

“ငါက သူ ကျင့်ကြံဖို့အတွက် ထင်နေတာ၊ ဒါပေမဲ့ တကယ်တော့ သူက တခြား အကြီးအကဲ တစ်ယောက်နဲ့ ခိုးစားဖို့ ဖြစ်နေတယ်။”

“သူရဲ့ ခင်ပွန်းက သိသွားတော့ အဲဒီ အခင်းအကျင်းကို တစ်နေကုန် ဗုံးကြဲသလို တိုက်ခိုက် နေခဲ့တာတောင် အထဲကို မဖောက်နိုင်ခဲ့ဘူး။”

စုချီနျန် - “...မင်း တကယ့် လူယုတ်မာပဲ။”

“ဟေ့.. အဲဒါက ကြာလှပါပြီ...”

သို့သော် အခင်းအကျင်း အတားအဆီးဆီမှ ကျိုးပဲ့လုမတတ် အသံများ ထွက်ပေါ်လာသောအခါ လျူယွမ်ချင်း၏ အသံမှာ မတည်မငြိမ် ဖြစ်လာ၏။

“မြန်မြန်... အခင်းအကျင်းကို အားဖြည့်ပေးဖို့ ကူညီဦး... အဲဒါ မခံနိုင်တော့ဘူး...”

နောက်တစ်စက္ကန့်တွင်...

လျိုရှားတောင်ထွတ် တစ်ခွင်၌ ပြင်းထန်သော ပေါက်ကွဲသံကြီး ဟိန်းထွက်သွားတော့သည်။

ထပ်နေသော ဒါဇင်ချီ အခင်းအကျင်းများမှာ စိတ်ဝိညာဉ်ချီစွမ်းအင် ဧရာမလက်ဝါးကြီး အောက်တွင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး တုန်ခါမှုမှာ တောင်တစ်ခုလုံးကို ပြားချပ် သွားစေရန် လုံလောက်သည်။

သို့သော် ထိုလှိုင်းများ မပျံ့နှံ့ခင်မှာပင် လက်ဝါးကြီးက အသာအယာ ဆုပ်ညှစ်လိုက်ရာ...

ပေါက်ကွဲထွက်လာသော စွမ်းအင်များ ချက်ချင်းပင် ချေမှုန်းခံလိုက်ရပြီး ပြန်လည် စုပ်ယူခြင်း ခံလိုက်ရ၏။

စုချီနျန်နှင့် လျူယွမ်ချင်းတို့မှာ မီတာ တစ်ထောင်ကျော်အထိ လွင့်ထွက်သွားပြီး အဝေးရှိ တိမ်တိုက်များပေါ်တွင် ဆင်းသက်လိုက်ရသည်။

ခဏမျှ သူတို့နှစ်ဦးစလုံး မလှုပ်ရဲကြပေ။

အောက်ဘက်တွင်မူ လျိုရှားတောင်ထွတ်၌ ဧရာမ ဆေးအိုးကြီးသာ ကျန်ရှိတော့သည်။

မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ရသော်လည်း၊ မမြင်နိုင်သော ဖိအားတစ်ခုမှာ တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ဓားကျောင်းတော်မှ တပည့်များမှာ ခေါင်းကိုပင် မဖော်ရဲလောက်အောင် ထိတ်လန့်ကာ တောင့်တင်းနေကြသည်။

ထိုအရှိန်အဝါမှာ ရန်လိုမှု မရှိသော်လည်း ၎င်းမှာ လွှမ်းမိုးမှု ကြီးမားလွန်းသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ဗီဇအရပင် အရှုံးပေးနေကြရသည်။

သူတို့ လုပ်နိုင်သည်မှာ မြေပြင်ကိုသာ စိုက်ကြည့်ပြီး တိတ်ဆိတ်စွာ နေရန်သာ ဖြစ်သည်။

ချန်ဟွိုက်အန် ဒေါသထွက်နေ၏။

မှန်ပေသည်။ သူက လီချင်းရန်၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။

သို့သော် သူ ဒေါသထွက်နေဆဲပင်။

လီချင်းရန်မှာ ရင်သပ်ရှုမောဖွယ် လှပနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူ၏ ဆံနွယ်များမှာ ပိုးသားကဲ့သို့ စီးကျနေပြီး၊ မျက်ခုံးများမှာ ဝေးကွာသော တောင်တန်းများ ကဲ့သို့ သိမ်မွေ့လှသည်။

သူ၏ အသားအရေမှာ ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး သူ၏ ကိုယ်လုံး ကိုယ်ပေါက်မှာ...

မည်သည့် ဆွဲဆောင်မှုရှိသော မိစ္ဆာမမဆို အနားတွင် ရပ်နေရန် ရှက်ရွံ့သွားရလောက်သည်။

ပထမဆုံးတွင်မူ သူ၏ မျက်နှာမှာ ပူထူသွားပြီး နှလုံးခုန်သံများ မြန်လာခဲ့၏။

သို့သော် သူ၏ အခြေအနေကို မြင်လိုက်ရသည့်အခါ....

ချန်ဟွိုက်အန်၏ ဒေါသမီးမှာ စတင် ပေါက်ကွဲလေတော့သည်။

လီချင်းရန်၏ မျက်နှာမှာ သေလုမတတ် ဖြူဖျော့နေပြီ၊ ခန္ဓာကိုယ်မှာ ဆေးမီးများကြောင့် လောင်ကျွမ်းထားသော အဆိပ်သင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ အသားအရေတိုင်းတွင် လောင်ကျွမ်းဒဏ်ရာများ ရှိနေပြီး ၎င်းမှာ သူ ခံစားခဲ့ရသော နာကျင်မှု၏ သက်သေပင်။

အခင်းအကျင်းများက သူ့ကို ကုသပေးနေသော်လည်း ထိုလုပ်ငန်းစဉ်မှာ ရက်စက်လှ၏။

သူက အရှင်လတ်လတ် မီးလောင်ကျွမ်းခံရပြီးနောက် ပြန်လည် ကုသခံရကာ ထပ်မံ လောင်ကျွမ်း ခံရခြင်းကို ထပ်ခါတလဲလဲ ကြုံတွေ့နေရခြင်းပင်။

သူ၏ နတ်ဘုရားအာရုံက လီချင်းရန်ကို လွှမ်းခြုံလိုက်သောအခါ လီချင်းရန်သည် ဆေးအိုးအတွင်း ဒူးထောက်လျက် တောင့်တင်းစွာ တရားထိုင်နေဆဲ ဖြစ်သည်။

သူ၏ လက်နှစ်ဖက်တွင်မူ အညစ်အကြေးများ ကင်းစင်သွားသော ရေဓာတ် စိတ်ဝိညာဉ် ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ဆေးအနှစ်များကို ဂရုတစိုက် ကိုင်ထား၏။

[ ဒါကို မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းလို့ ခေါ်တာလား ]

ချန်ဟွိုက်အန်က ချက်ချင်းပင် လီချင်းရန်၏ ဒဏ်ရာများကို ကုသပေးရန် ၆၆ယွမ် ပေးလိုက်ပြီး သူ့ထံသို့ အသံလှိုင်း ပို့လိုက်သည်။

[ ဘာလို့ ငါ့ကို အရင် မပြောခဲ့တာလဲ... ]

လီချင်းရန် သတိ ဖြည်းဖြည်းချင်း ပြန်ဝင်လာသည်။

နွေးထွေးသော စွမ်းအင်တစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ၏ လောင်ကျွမ်း နေသော သွေးကြောများကို ပြန်လည် ပြုပြင်ပေးလိုက်သည်။

သူ၏ ဆရာထံမှ ရင်းနှီးနေသော နတ်ဘုရားအာရုံနှင့် ပေါင်းစပ်လိုက်ရာ မည်သည့်အရာ ဖြစ်သွားသည်ကို သူ ချက်ချင်း သိလိုက်သည်။

ဆရာ သိသွားပြီ။

သူ့ကို ဖုံးကွယ်ထားခဲ့သမျှ အရာအားလုံး...

အကုန် သိသွားပြီ။

လီချင်းရန် ခေါင်းငုံ့ကာ နှုတ်ခမ်းကို ကိုက်ထားပြီး ဘာပြောရမှန်း မသိ ဖြစ်နေသည်။

[ ပြောစမ်း ]

သူ၏ ဖိအားမှာ ကြီးမားလွန်းသဖြင့် လီချင်းရန် တုန်ရီသွားပြီး နောက်ဆုံးတွင် မပီမသ ပြန်ဖြေလိုက်ရသည်။

“ဆရာကြီး... တပည့် ဆရာ့ကို လိမ်ညာဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။”

“တပည့်က ဆရာကို ကူညီပေးချင်ရုံတင်ပါ။”

“ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးက စိတ်ဝိညာဉ်သန့်စင်ခြင်း လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်က တပည့်ကို တကယ်တော့ ထိခိုက်မှု မရှိပါဘူး...”

ဟာလာဟင်းလင်း ဖြစ်နေသော နေရာလွတ်ရှိ ပြင်းထန်သော အကြည့်များမှာ ပျောက်ကွယ် မသွားပေ။

မည်သည့် တုံ့ပြန်မှုကိုမျှလည်း မပေး။

လီချင်းရန်၏ အသံမှာ တိုးတိုးလာပြီး နောက်ဆုံးတွင် ခေါင်းငုံ့ကာ မျက်ရည်နှစ်စက် မြေပေါ်သို့ ကျဆင်းသွားတော့သည်။

“ဆရာ... တပည့် တောင်းပန်ပါတယ်...”

[ နာလား ]

“ဟုတ်ကဲ့။”

သူ ထပ်ပြီး မလိမ်ရဲတော့ပေ။

[ ဟမ့်... ]

ဝတ်ရုံတစ်ခုမှာ သူ၏ အရှေ့သို့ ကျလာပြီး နေရာလွတ်မှ အသံမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။

[ အဝတ်အစား ဝတ်ပြီး တဲအိမ်ထဲမှာ စောင့်နေ။ မင်းကို နောက်မှ ရှင်းမယ်... ]

လီချင်းရန် ပုခုံးလေး အနည်းငယ် တွန့်သွားပြီး သန့်စင်ထားသော ဆေးအနှစ်များကို ကြွေပုလင်းငယ် တစ်ခုထဲသို့ ဂရုတစိုက် ထည့်ကာ အဝတ်အစား ဝတ်လိုက်သည်။

သူ ဝတ်ရုံကို ဝတ်ဆင်လိုက်စဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မျက်နှာမှာ ပို၍ပင် နီမြန်းသွား၏။

နူးညံ့သိမ်မွေ့သော ရှက်သွေးဖြာမှုတစ်ခုမှာ သူ၏ မျက်ဝန်းအိမ်ထဲတွင် လက်သွားခဲ့သည်။

ထိုစဉ် ချန်ဟွိုက်အန်သည် ဆေးအိုးဆီမှ သူ၏အာရုံကို လွှဲလိုက်သည်။

မြေပုံ မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ကောင်းကင်တွင် မျောလွင့်နေသော စိမ်းရောင် အစက် နှစ်စက်ကို ချဲ့ကြည့်လိုက်သည်။

တိမ်တိုက်ပေါ်တွင် အနေရခက်စွာ ရပ်နေကြသော လျူယွမ်ချင်းနှင့် စုချီနျန်တို့မှာ မျက်နှာပြင်၏ အလယ်တည့်တည့်တွင် ပေါ်လာခဲ့ကြသည်။

[ လျူယွမ်ချင်း... စုချီနျန်... ]

သူ၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံမှာ ဟင်းလင်းပြင်၌ ပဲ့တင်ထပ်သွားသည့် ခဏတွင် အဘိုးကြီး နှစ်ဦးစလုံး ပြင်းထန်စွာ တုန်လှုပ်သွားကြသည်။

[ ငါ လီချင်းရန်ကို ဓားကျောင်းတော်မှာ အပ်ထားတာက သူ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာဖို့ပဲ။ ဒီလို နှိပ်စက်ခံရဖို့ မဟုတ်ဘူး... ငါ မင်းတို့ နှစ်ယောက်လုံးကို လုံးဝ ယုံကြည်ခဲ့တာ ]

[ ဒါပေမဲ့ မင်းတို့ ဘာလုပ်ခဲ့ကြလဲ ]

[ ငါ့ရဲ့ ယုံကြည်မှုကို မင်းတို့ ခွေးကျွေးလိုက်တာလား.. . ]

စုချီနျန်နှင့် လျူယွမ်ချင်းတို့မှာ ဆေးခါးကြီးကို မျိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လီချင်းရန်က သူရဲ့ဆရာ သေလုနီးပါး ဖြစ်နေပြီး မိစ္ဆာတွေ ဝိုင်းနေတယ်လို့ မပြောခဲ့ဘူးလား...

သူက ဘယ်လိုလုပ်ပြီး လျိုရှားတောင်ထွတ်ကို စောင့်ကြည့်ဖို့ အားနေရတာလဲ...

ပြီးတော့ ပိုဆိုးတာက...

သူတို့ အပင်ပန်းခံ တည်ဆောက်ထားတဲ့ အခင်းအကျင်း အားလုံးကို အဝေးကနေ ဘယ်လိုလုပ်ပြီး ဖျက်ဆီးလိုက်တာလဲ...

နေရာလွတ်ရှိ ဒေါသများကို ခံစားရသဖြင့် လျူယွမ်ချင်း အမြန် ရှေ့တိုးလိုက်သည်။

“စီနီယာ၊ ဒေါသကို ထိန်းပါဦး... ဒီအခြေအနေအတွက် ရှင်းပြစရာတွေ အများကြီး ရှိပါတယ်။”

“အနည်းဆုံးတော့ ကျွန်တော်တို့ ပြောတာကို အရင် နားထောင်ပေးပါ။ တကယ်လို့ နားထောင်ပြီးမှ အကြောင်းပြချက် မခိုင်လုံဘူးလို့ထင်ရင် ကျွန်တော်တို့ကို နောက်မှ အပြစ်ပေးပါ...”

ချန်ဟွိုက်အန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

[ ပြော။ ငါ နားထောင်နေတယ် ]

[ဒါဆို အဂ္ဂိရတ်ဂိုဏ်းက ကျိုးရွှမ်ကျိဆိုတဲ့ လူယုတ်မာက ဆေးအိုးကို မငှားလို့ လီချင်းရန်က ဒီလို အန္တရာယ်များတဲ့ နည်းလမ်းကို သုံးရတာပေါ့ ]

ချန်ဟွိုက်အန်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး သူ၏ အသံမှာ ယွမ် ၆သိန်းဖိုးရှိသော ဒေါသများဖြင့် ပြည့်နှက်နေ၏။

လျူယွမ်ချင်းနှင့် စုချီနျန်တို့က အရာအားလုံးကို ရှင်းပြခဲ့သည်။ သူတို့ အခြား ရွေးချယ်စရာ မရှိပုံ၊ လီချင်းရန်က ကိုယ်တိုင် ၎င်းကို လုပ်ဖို့ ဇွတ်အတင်း ပြောခဲ့ပုံနှင့် ၎င်းမှာ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးကို ဖော်စပ်ရန်အတွက် ဖြစ်ပုံတို့ကို ပြောပြခဲ့သည်။

“စီနီယာ၊ ဒါကို လီချင်းရန် ကိုယ်တိုင်ဆီမှာလည်း မေးကြည့်လို့ ရပါတယ်။”

လျူယွမ်ချင်းက လက်ယှက်ကာ ပြောလိုက်သည်။

“ကျွန်တော်တို့ လုပ်သမျှ အရာအားလုံးက စီနီယာကို ကူညီဖို့ပါပဲ။ ဒါက သူရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်လည်း ဟုတ်ပါတယ်။”

“ဓားကျောင်းတော်ရဲ့ တပည့် တစ်ယောက်အနေနဲ့ လီချင်းရန်ကို ဒီလို ထိခိုက်အောင် ခွင့်ပြုခဲ့တာက ကျွန်တော့်ရဲ့ အမှားပါပဲ။”

စုချီနျန်မှာ မျက်နှာပျက်ပျက်နှင့် နောက်ဆုတ်ကာ ဟင်းလင်းပြင်သို့ ဦးညွှတ်လိုက်၏။

“စီနီယာ၊ ကျွန်တော့်ကို အချိန်နည်းနည်း ပေးမလား...”

“ကျွန်တော် ရုပ်ဖျက်ပြီး အဂ္ဂိရတ်ဂိုဏ်းထဲ ခိုးဝင်ပြီးတော့ အဲဒီဆေးအိုးကို ခိုးယူခဲ့ပါ့မယ်...”

ချန်ဟွိုက်အန် ရယ်ပင်ရယ်ချင်သွားသည်။

[ ဓားကျောင်းတော်ရဲ့ လုပ်ပုံလုပ်နည်းက သူခိုးလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်တာပဲလား ]

စုချီနျန် မျက်နှာ နီမြန်းသွားပြီး အနေရခက်စွာ ချောင်းဟန့်လိုက်သည်။

“အဲဒါ ကျွန်တော့်ရဲ့ အမှားပါ။ ကျွန်တော် အရည်အချင်း မရှိလို့ ဘိုးဘေးရဲ့ မျက်နှာကို ပျက်စေခဲ့တာပါ...”

[ အပေါစား အဂ္ဂိရတ်ဂိုဏ်းလေးကို မင်းတို့က ထိလို့မရတဲ့ အင်အားကြီးတစ်ခုလို ဆက်ဆံနေတာလား... ]

ချန်ဟွိုက်အန်၏ လေသံမှာ ခဏမျှပင် တုံ့ဆိုင်းမသွားပေ။

သူ၏ လက်မောင်းများကို ကျယ်ပြန့်စွာ ဆန့်ထုတ်လိုက်ရာ...

ယွမ် ၆သောင်းဖိုးရှိသော အရှိန်အဝါများမှာ သူ၏ သွေးကြောများအတွင်း၌ ကောင်းကင်ယံ၏ စွမ်းအားကဲ့သို့ စီးဆင်းသွား၏။

သူ၏ စကားလုံးများမှာ လျိုရှားတောင်ထွတ် အထက်ရှိ တိမ်တိုက်များကိုပင် တုန်ခါ၍ သွားစေသည်။

[ တိုက်ရိုက်ပဲ သွား... တံခါးတွေကို ရိုက်ချိုး... သူတို့ရဲ့ ဂိုဏ်းအခြေခံအုတ်မြစ်ကို ဖျက်ဆီး... ]

[ သူတို့ကို သိအောင် လုပ်လိုက် ]

[ ဓားကျောင်းတော်က တစ်ခုခုကို လိုချင်တယ်ဆိုရင် အဲဒါကို ဓားတစ်သောင်း တောင်ထွတ်ဆီကို ချက်ချင်း လာပို့ရမယ်လို့... ]

All Chapters