အရင်ယဉ်ကျေး၊ နောက်မှကြမ်း
Vol. 13 Ch. 127
ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် လျူယွမ်ချင်း၏ သွေးများ စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာသည်။
စုချီနျန်၏ နှာခေါင်းမှလည်း သွေးများ ပန်းထွက်လာတော့သည်။ ၎င်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နှာခေါင်းတွင်း သွေးကြောမျှင်များ ပေါက်ထွက်သွားခြင်းဖြစ်သော်လည်း သူက အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ သူက နေရာလွတ်သို့ လက်ယှက်ကာ အရိုအသေပေးလိုက်သည်။ “စီနီယာ၊ ကျွန်တော် အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်...”
အဂ္ဂိရတ်ဂိုဏ်းက ထိုအဖုအကျိတ်များမှာ တစ်နေကုန် ဘဝင်မြင့်ကာ မောက်မာနေကြခြင်း ဖြစ်သည်။ ယခုအခါ စီနီယာကိုယ်တိုင် ပါဝင်ပတ်သက်လာပြီဖြစ်ရာ သူတို့ သွားကျိုးပြီး မြေကြီးပေါ် လိုက်ရှာရတဲ့အထိ ရိုက်နှက်ပစ်ရန် အခွင့်အရေးကို မည်သို့ လက်လွတ်ခံပါ့မည်နည်း။
ချန်ဟွိုက်အန်ကတော့ စုချီနျန်သည် မှော်လက်နက်များနှင့် တိုက်ခိုက်ရေးပစ္စည်းများ သွားပြင်ဆင်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၅မိနစ်ခန့် အကြာတွင် ထိုလူ ပြန်ရောက်လာသည့်အခါ သူ၏ သိုလှောင်အိတ်ထဲမှ မျက်နှာဖုံး သုံးခုနှင့် ညဘက်လှုပ်ရှားသည့် ဝတ်စုံ တစ်စုံကို ထုတ်လိုက်သည်။
“စီနီယာ၊ ဒါတွေကို ဝတ်ထားသရွေ့တော့ ဟိုအဂ္ဂိရတ်ဂိုဏ်းက အကောင်တွေ ကျွန်တော်တို့မှန်း သိမှာမဟုတ်ဘူး။ အဲဒီကျ စီနီယာ စိတ်ကြိုက်သာ ကြမ်းလိုက်တော့...”
ချန်ဟွိုက်အန် - “....”
[ ထွက်သွား... ]
အဂ္ဂိရတ်ဂိုဏ်းသည် ဓားကျောင်းတော်နှင့် သိပ်မဝေးလှပေ။ အနည်းဆုံးတော့ လင်းရှီးတောင်ကြားထက် ပိုနီးသည်။ ၃နာရီခန့်အကြာတွင် လျူယွမ်ချင်းနှင့် စုချီနျန်တို့က မိုးပျံလှေဖြင့် အဂ္ဂိရတ်ဂိုဏ်း၏ နယ်မြေအတွင်းရှိ လော့ယန့်စံအိမ်သို့ ရောက်ရှိလာကြသည်။
ထိုလှေပေါ်တွင် လီချင်းရန်နှင့် ယွဲ့ချန်းချီတို့လည်း ပါလာကြသည်။
လီချင်းရန်ကို ခေါ်လာရခြင်းမှာ မဖြစ်မနေ လိုအပ်ချက်ကြောင့် ဖြစ်သည်၊ အကြောင်းမှာ သူ မပါဘဲ ချန်ဟွိုက်အန်သည် စုချီနျန်နှင့် လျူယွမ်ချင်းတို့ကို စောင့်ကြည့်နိုင်မည် မဟုတ်၍ပင်။ လီချင်းရန်မှာ အဓိကအားဖြင့် သူ၏ မျက်လုံးအဖြစ် ဆောင်ရွက်ပေး၏။
ယွဲ့ချန်ချီကမူ အပျော်သဘောသက်သက် ပါလာခြင်းဖြစ်သည်။ လီချင်းရန်အနေဖြင့် အဘိုးကြီး နှစ်ယောက်နှင့်အတူ ရှိနေစဉ် အနေရခက်ခြင်း၊ ပျင်းရိခြင်း မဖြစ်စေရန်အတွက်ပင်။
“အကြီးအကဲ၊ လော့ယန့်စံအိမ်က ရှေ့တင်မှာပဲ။ ဘာဆက်လုပ်ကြမလဲ...”
လျူယွမ်ချင်းက လီချင်းရန်၏ ခေါင်းပေါ်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော နေရာသို့ ကြည့်ကာ မေးလိုက်သည်။
သူက မမြင်ရသော်လည်း အရေးမကြီးပေ။ လီချင်းရန် ရှိသည့်နေရာတိုင်းတွင် အကြီးအကဲ ရှိနေမည်သာ ဖြစ်သည်။
“အကြီးအကဲက ဟိုကောင် ကျိုးရွှမ်ကျိကို အထဲကနေ ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်မှာပေါ့...” စုချီနျန်က လော့ယန့်စံအိမ်ဘက်သို့ ကြည့်ကာ ဘဝင်မြင့်စွာ ပြောလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် တိုက်ရိုက်ရင်ဆိုင်ရမည်ဆိုပါက ဓားကျောင်းတော်က သူတို့ကို ကြောက်နေစရာ မလိုပေ။ မည်သို့ပင် ဆိုစေကာမူ ဓားကျင့်ကြံသူများ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ ငြင်းစရာမရှိအောင် မြင့်မားသည်။ သူ အမှန်တကယ် စိုးရိမ်သည်မှာ သူတို့၏ အဆင်အခြင်မဲ့သော လုပ်ရပ်များကြောင့် အပြစ်မဲ့သော ဓားကျောင်းတော်တပည့်များ ဒုက္ခရောက် မည်ကိုသာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ အကြီးအကဲက သူတို့နောက်ကွယ်တွင် ရှိနေသဖြင့် အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။
အကြီးအကဲက ဓားကျောင်းတော်ကို အမြဲတမ်း စောင့်ရှောက်နိုင်သည်ဖြစ်စေ၊ မစောင့်ရှောက် နိုင်သည်ဖြစ်စေ အရေးမကြီးပေ။ အခြားဂိုဏ်းများက ထိုအချက်ကို မသိကြပေ။ သူတို့၏ သြဇာအာဏာကို တစ်ခါတည်း တည်ဆောက်ထားနိုင်ပါက သူတို့၏ တပည့်များ အပြင်ထွက် တာဝန်ထမ်းဆောင်သည့်အခါ ပို၍ လွယ်ကူသွားပေလိမ့်မည်။
မည်သည့် ပြဿနာရှာသူဆို နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။
ဓားကျောင်းတော်ကို ရန်စခြင်းက သူတို့ဂိုဏ်းအတွက် ကပ်ဘေး ဖိတ်ခေါ်ခြင်းနှင့် ထိုက်တန်ရဲ့လားဆိုတာကိုပေါ့။
[ ပေါက်ကရတွေ... ဓားကျောင်းတော်ဆိုတာက ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုပဲ။ ငါတို့ ရောက်ရောက်ချင်း တံခါးတွေကို လိုက်ချိုးနေရင် မိစ္ဆာဂိုဏ်းတွေနဲ့ ဘာကွာတော့မှာလဲ။ “အရင်ယဉ်ကျေး၊ နောက်မှကြမ်း”ဆိုတာ မင်းတို့ နားလည်လား။ ငါတို့က ဓားကျောင်းတော်ရဲ့ ခန့်ညားထည်ဝါမှုနဲ့ ရိုးသားမှုကို ပြသရမယ်... ]
စုချီနျန်က ပုခုံးလေး တွန့်သွားပြီး အမြန် ခေါင်းညိတ်လိုက်သည်။
နောက်တစ်ခဏတွင် နေရာလွတ်မှ အသံက ဆက်လက်ထွက်ပေါ်လာ၏။
[ စံအိမ်အပြင်ဘက်မှာ အပြင်စည်းတပည့်တွေ အများကြီး ရှိတယ်။ ကျိုးရွှမ်ကျိအတွက် လက်ဆောင်အဖြစ် တပည့်နည်းနည်းလောက်ကို ပြန်ပေးဆွဲလိုက် ]
စုချီနျန် - “...”
လျူယွမ်ချင်း - “….”
ဪ... ဒါက သူပြောတဲ့ “အရင်ယဉ်ကျေး၊ နောက်မှကြမ်း” ဆိုတာကိုး။
လှေ၏ နောက်ဘက်တွင် မုန့်များစားရင်း ဇာတ်လမ်းကို စောင့်ကြည့်နေသော ယွဲ့ချန်ချီမှာ အတော်လေး မှင်တက်သွား၏။ သူက လီချင်းရန်ဘက် လှည့်ကာ မေးလိုက်သည်။
“ချင်းရန်၊ နင့်ရဲ့ ဆရာက အမြဲတမ်း ဒီလိုပဲလား...”
လီချင်းရန် မျက်နှာလေး နီမြန်းသွားပြီး နှုတ်ခမ်းလေးကို ကိုက်ကာ ခေါင်းငုံ့လျက် တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“ဆရာက တကယ်တော့ အတော်လေး အကြောင်းအကျိုး သင့်ပါတယ်... ဒါပေမဲ့ ဆရာက ဓားကျောင်းတော်က ဖြစ်ခဲ့ဖူးတာဆိုတော့... ဓားကျောင်းတော်ရဲ့ ပုံစံ နည်းနည်းပါတာကတော့ သဘာဝပါပဲ။”
“ဟေ့... ဂျူနီယာညီမ၊ အဲဒီစကားက နည်းနည်းတော့ လွန်သွားပြီနော်...”
ယွဲ့ချန်ချီက လီချင်းရန်၏ သေးသွယ်သော ခါးလေးကို စနောက်ကာ ဆွဲလိုက်ရင်း ပြုံးလိုက်သည်။
“မင်းပြောချင်တာက ဓားကျောင်းတော်က တစ်မျိုးကြီး ဖြစ်နေတယ်လို့ ဆိုလိုတာလား...”
လီချင်းရန်က သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။
၎င်းမှာ... ဒါက သိသာနေတာပဲ မဟုတ်ဘူးလားဟု ပြောနေသကဲ့သို့ပင်။
တကယ်လို့ ဓားကျောင်းတော်က ဒီလို နာမည်ကျော်တာ မဟုတ်ရင် သူက ဘာလို့ ဝင်ပါ့မလဲ...
သူတို့ကတော့ ကိုယ့်အခြေအနေကိုယ် တကယ်ကို မသိကြဘူး...
စုချီနျန်အတွက်မူ လူအနည်းငယ်ကို ပြန်ပေးဆွဲခြင်းမှာ ခက်ခဲသော စိန်ခေါ်မှု မဟုတ်ပေ။
အဂ္ဂိရတ်ဂိုဏ်းမှာ ပတ်ဝန်းကျင်တစ်ဝိုက်လုံးတွင် လုပ်ငန်းခွဲများ ပြန့်နှက်နေပြီး လော့ယန့် စံအိမ်ကိုလည်း ၎င်းတို့က ဝန်းရံထားသည်။ သူက အရက်သောက်ချင် ယောင်ဆောင်ကာ အရက်ဆိုင်တစ်ခုထဲသို့ အေးအေးဆေးဆေး ဝင်သွားပြီး အဂ္ဂိရတ်ဂိုဏ်းတပည့် အချို့၏ အနားသို့ ချဉ်းကပ်လိုက်သည်။ ခဏချင်းမှာပင် သူတို့ကို သတိလစ်သွားအောင် လုပ်ကာ ဆွဲခေါ် သွားတော့သည်။
အဂ္ဂိရတ်ဂိုဏ်းက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ နာရီဝက်ပင် မပြည့်သေးမီ၊ မိုးပျံလှေမှာ အဝေးသို့ မရောက်သေးခင်မှာပင် အကြီးအကဲ တစ်ဦး ရောက်ရှိလာသည်။
“ရှင်တို့က ဘယ်သူတွေလဲ။ ကျွန်မတို့တပည့်တွေကို ဘာလို့ ပြန်ပေးဆွဲရတာလဲ။ အဂ္ဂိရတ်ဂိုဏ်းကို ရန်သူအဖြစ် သတ်မှတ်ချင်နေတာလား...”
ထိုအကြီးအကဲမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။ ပြန်ပေးဆွဲခံထားရသော တပည့်များ၏ ဖူးယောင်နေသော မျက်နှာများကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာမှာ ပျက်သွားတော့သည်။
“ဪ... အကြီးအကဲ ဖေးပါလား။ ဒီအဘိုးကြီးကို မှတ်မိသေးရဲ့လား။”
လျူယွမ်ချင်းက မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဆံပင်ဖြူဖြူ မုတ်ဆိတ်များကို သပ်လိုက်သည်။
“ရှင်...” သူ သေချာပေါက် မှတ်မိသည်။ လျူယွမ်ချင်းသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဂိုဏ်းသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် ဂိုဏ်းချုပ်နှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆွေးနွေးမှုမှာ အဆင်မပြေခဲ့ဘဲ လျူယွမ်ချင်းမှာ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်ကို သူ သိထားသည်။
“ဓားကျောင်းတော်က အခု ဘာလိုချင်နေတာလဲ။ ပြီးတော့ ကျွန်မတို့ တပည့်တွေကို ဘာလို့ ပြန်ပေးဆွဲတာလဲ”
ယခုအချိန်တွင် ဓားကျောင်းတော်က ပြဿနာရှာရန် ရောက်လာခြင်းဖြစ်ကြောင်း သူ အသေအချာ သိလိုက်ပြီဖြစ်သည်။
သို့သော် ဓားကျောင်းတော်က လျှော့တွက်၍ရသော အင်အားစု မဟုတ်ပေ။ သူသည်လည်း မဆင်မခြင် တုံ့ပြန်လောက်အောင် မိုက်မဲသူ မဟုတ်။ အကယ်၍ သူ တိုက်ခိုက်ခဲ့လျှင်တောင် သူ အနိုင်ရလိမ့်မည် မဟုတ်ပေ။
“ငါက မင်းတို့ရဲ့ အရက်ဆိုင်ကို အရက်သောက်ဖို့ လာတာ။ ဒါပေမဲ့ မင်းတို့ တပည့်တွေက ငါ့ကို ရေရောထားတဲ့ အရက်အတုတွေ လာချပေးတယ်။ ဒါက ဓားကျောင်းတော်ကို တမင်သက်သက် အထင်သေးတာ မဟုတ်ဘူးလား။”
စုချီနျန်က ဦးထုပ်ကို ချွတ်လိုက်ပြီး အရက်အိုးတစ်လုံးကို မြေပေါ်သို့ ဒေါသတကြီး ပစ်ခွဲလိုက်သည်။
အကြီးအကဲဖေးမှာ ကွဲသွားသော အရက်အိုးကို ကြည့်ကာ မျက်နှာ ပျက်သွား၏။
လော့ယန့်စံအိမ် ပတ်ဝန်းကျင်ရှိ လုပ်ငန်းများက လေလွင့်ကျင့်ကြံသူများနှင့် သာမန် လူများကိုသာ ရည်ရွယ်ခြင်း ဖြစ်သည်။
ချင်းယွန်ဘုံတစ်ခုလုံးတွင် ထိုနေရာ၌ ရောင်းချသော အရက်များအားလုံးမှာ ရေရောထားကြောင်း လူတိုင်း သိကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က အဂ္ဂိရတ်ဂိုဏ်းမှ စစ်မှန်သော ဆေးအရက်ကို လိုချင်ပါက လော့ယန့်စံအိမ်၏ အတွင်းဘက် သို့ သွားရမည် ဖြစ်သည်။
လူမြင်ကွင်းရှိ ဆိုင်များတွင် အရည်အသွေးမြင့် ဆေးအရက်ကို လာရှာနေခြင်းမှာ ပြဿနာကို ရှာနေခြင်းသာ ဖြစ်သည်။
တစ်ဖက်က ပြန်ကြည့်လျှင်လည်း တစ်နေကုန် ဂိုဏ်းထဲမှာ ဓားသွေးနေရသည့် ဓားကျင့်ကြံသူများက ၎င်းကို သိချင်မှ သိပေလိမ့်မည်။
အကြီးအကဲဖေးက မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး မျက်လုံးထဲတွင် အထင်အမြင်သေးမှု တစ်ချက် လက်သွားသော်လည်း စကားပြောရာတွင်မူ ယဉ်ကျေးနေဆဲပင်။
“ဂိုဏ်းချုပ်စုသာ အရက်ကောင်း သောက်ချင်တာဆိုရင် ကျွန်မတို့ အဂ္ဂိရတ်ဂိုဏ်းက အရက်ကောင်းအချို့ကို ဝမ်းမြောက်ဝမ်းသာ ပို့ပေးမှာပါ။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာနေစရာ မလိုပါဘူး။ ဒီလို လုပ်ရအောင်။ ကျွန်မကိုယ်တိုင် စစ်မှန်တဲ့ ကိုးထပ်စမ်းရေ အိုးပေါင်း ၁၀၀ကို လက်ဆောင်ပေးပါ့မယ်။ အပြန်အလှန်အနေနဲ့ ကျွန်မတို့ တပည့်တွေကို လွှတ်ပေးလို့ ရမလား။”
“မရဘူး။” စုချီနျန်၏ မျက်နှာမှာ တင်းမာနေဆဲပင်။ “မင်းတို့လူတွေက ဓားကျောင်းတော်ကို အထင်သေးနေကြတာ...”
“ငါက ဓားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ပဲ။ မင်းတို့ တပည့်တွေက ငါ့ကို သိနေလျက်နဲ့ အရက်အတုတွေ လာချပေးတယ်။ ဒါက ငါ့ကို စော်ကားတာတင် မကဘူး၊ ဓားကျောင်းတော် တစ်ဂိုဏ်းလုံးကို စော်ကားတာပဲ...”
သူ၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်သွားပြီး လော့ယန့်စံအိမ် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ထိုနေရာရှိ ကျင့်ကြံသူများမှာလည်း အခြေအနေကို ကြည့်ရန် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
“ဘာဖြစ်နေတာလဲ...”
“ဓားကျောင်းတော် ဂိုဏ်းချုပ်က ဒီမှာ အရက်အတု သောက်လိုက်ရလို့ ထင်တယ်လေ။”
“ဪ... သူ ဒေါသထွက်တာ မဆန်းပါဘူး။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဂ္ဂိရတ်ဂိုဏ်းက တော်တော်တော့ ကောက်ကျစ်တာပဲ။ သူတို့က ဒီလောက် ချမ်းသာနေတာကို အရက်ကို ရေရောနေတုန်းပဲ...”
“ဒါဆိုရင်ကော မင်းက အဂ္ဂိရတ်ဂိုဏ်းကို ရန်စရဲလို့လား...”
“ဓားကျောင်းတော် ဂိုဏ်းချုပ်တောင်မှ ပြဿနာလုပ်ရုံအတွက် တပည့်အချို့ကိုပဲ ဖမ်းထားတာပါ။ သူ အဂ္ဂိရတ်ဂိုဏ်းကို တကယ်ကြီး တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား...”
ထိုသို့ တီးတိုးပြောဆိုသံများ ပျံ့လွင့်နေစဉ်မှာပင် မိုးပျံလှေပေါ်မှ ရုတ်တရက် ကျယ်လောင်သော ချွမ်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင့်ကြံသူအားလုံး မှင်တက်သွားကြ၏။
ထို့နောက် လှေပေါ်မှ စုချီနျန်က ဟိန်းဟောက်လိုက်သည်။
“အကြီးအကဲ... အဂ္ဂိရတ်ဂိုဏ်းက ဓားကျောင်းတော်ကို စော်ကားလိုက်ပါပြီ... သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ...”
ကောင်းကင်တွင် တိမ်မည်းများ လိပ်တက်လာပြီး ဓားအသိများ မြင့်တက်လာတော့သည်။
လော့ယန့်စံအိမ် ပတ်ဝန်းကျင်ရှိ ဓားမှန်သမျှ... အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ပြင်းထန်စွာ တုန်ခါလာကြသည်။
[ သူတို့ကို ခုတ်ပိုင်းရမယ်... ]
နေရာလွတ်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။
မိုးပျံလှေ၏ အထက်ရှိ ကောင်းကင်မှာ မှောင်မိုက်သွားပြီး စုစည်းလာသော ဓားစွမ်းအင်များမှာ ဧရာမ ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ လော့ယန့်စံအိမ်ပေါ်သို့ ကျဆင်းရန် ပြင်ဆင် လိုက်တော့သည်။