← Chapters

လှုပ်ရဲရင်လှုပ်ကြည့်

Vol. 13 Ch. 128

လှုပ်ရဲရင်လှုပ်ကြည့်

Vol. 13 Ch. 128

“အခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်း အဆင့်လေးနဲ့တင် မင်းကိုယ်မင်း အကြီးအကဲလို့ ခေါ်ရဲတာလား...”

ဧရာမ ဓားကြီးက လော့ယန့်စံအိမ်ကို ခုတ်ပိုင်းတော့မည့်ဆဲဆဲမှာပင် ရယ်သံတစ်ခု လေထဲတွင် ပဲ့တင်ထပ်သွားသည်။ စံအိမ်အတွင်းမှ ပုံရိပ်တစ်ခုမှာ ကောင်းကင်သို့ ပျံတက်လာပြီး ဆေးအိုးတစ်လုံးကို အသာအယာ ပစ်ထုတ်လိုက်သည်။ ထိုဆေးအိုး လက်မှ လွတ်သွားသည်နှင့် တပြိုင်နက် လေနှင့်အတူ ပွေ့တက်လာပြီး ဧရာမ ဆေးအိုးကြီးအဖြစ် ပြောင်းလဲသွားကာ စံအိမ်၏ ခေါင်မိုးကို အကာအကွယ်ပေးလျက် ကျရောက်လာသော ဓားကို ပိတ်ဆို့ လိုက်တော့သည်။

ချလွမ်...

ဧရာမဓားကြီးနှင့် ဆေးအိုးကြီးတို့ ထိပ်တိုက်တွေ့သွားကြသည်။ ဓား၏ ပြင်းထန်သော ဖိအားကြောင့် ဆေးအိုး နောက်သို့ ဆုတ်သွားရသော်လည်း ထိုစဉ်အတွင်းမှာပင် ဓားသွားမှာ တစ်လက်မချင်း ကျိုးပဲ့သွားတော့သည်။ နောက်ဆုံးတွင် ဆေးအိုး အောင်မြင်စွာ တောင့်ခံနိုင်ခဲ့ပြီး လော့ယန့်စံအိမ်ပေါ်သို့ ဓားကျရောက်ခြင်းကို တားဆီးနိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ လွင့်စင်သွားပြီး လော့ယန့်စံအိမ်အထက်ရှိ ကောင်းကင်မှာ ကြည်လင်သွားတော့သည်။

စံအိမ်ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လျင်မြန်စွာ နောက်ဆုတ်သွားကြပြီး မြင်ကွင်း ကောင်းသော တောင်ထိပ်များပေါ်တွင် နေရာယူလိုက်ကြသည်။ သူတို့သည် ဖိနပ်များကို ချွတ်၊ ကျောက်ဆောင်များပေါ်တွင် ထိုင်လျက်၊လှဲလျက်နှင့် နေကြာစေ့၊ မြေပဲနှင့် စမ်းရေများကို ထုတ်ကာ ပွဲကြည့်ရန် အသင့်ပြင်လိုက်ကြသည်။

“ဘော့စ်ဖိုက် စပြီဟေ့...” ချန်ဟွိုက်အန်က မျက်လုံးများကို ကျဉ်းလိုက်သည်။

ခုနကက ဓားချက်မှာ သိပ်မကုန်လှပေ။ ၈၈၈၈ယွမ်သာ ကုန်ကျသည်။

ထိုဈေးနှင့် အဂ္ဂိရတ်ဂိုဏ်းချုပ် ကျိုးရွှမ်ကျိကို ကိုယ်တိုင်ကိုယ်ကျ ထွက်လာအောင် လုပ်နိုင်ခဲ့ခြင်းမှာ အတော်လေး တန်လှသည်။

လော့ယန့်စံအိမ်၏ အထက်တွင် ငွေရောင်အနားသတ်များပါသော အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်ကို ကိုင်ထားသော အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏ မျက်နှာ ဖြူလျော့နေပြီး၊ နှုတ်ခမ်းပါးကာ၊ မျက်လုံးကျဉ်းကျဉ်းနှင့် ထက်မြက်ပြီး ကောက်ကျစ်သောပုံစံ ရှိသည်။ မိုးပျံလှေဘက်သို့ ကြည့်နေသော သူ၏ အကြည့်များမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး အခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့်၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်ရှိ လေထုကို ဖိနှိပ်ထားနေသည်။

ချန်ဟွိုက်အန်က သူ၏ ခေါင်းပေါ်တွင် ပေါ်နေသော စာတန်းကို မြင်နေရသည်။

[ အဂ္ဂိရတ်ဂိုဏ်း - ကျိုးရွှမ်ကျိ ]

ကျိုးရွှမ်ကျိ စံအိမ်ထဲမှ ပထမဆုံး ထွက်လာခဲ့စဉ်က သူ၏ နာမည်စာတန်းမှာ အဝါရောင်သာ ရှိသေးသည်။

ဓားတစ်ချက် ခံလိုက်ရပြီးနောက်မှာတော့ ၎င်းမှာ ချက်ချင်းပင် အနီရောင်သို့ ပြောင်းသွားသည်။ သူ ဒေါသထွက်သွားသည်မှာ အသေအချာပင်။

“အဂ္ဂိရတ်ဂိုဏ်းချုပ် ကျိုးရွှမ်ကျိ ထွက်လာပြီ...”

“ပွဲကောင်းပြီ။ ဓားကျောင်းတော်ဂိုဏ်းချုပ် စုချီနျန်က အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ပဲ ရှိသေးတာ။ ကျိုးရွှမ်ကျိက အခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့်။ တကယ်လို့ ဓားကျောင်းတော်က အကြီးအကဲဆိုတဲ့ တစ်ယောက်ကလည်း အခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်း အဆင့်ပဲ ဆိုရင်တော့ သူတို့ တိုက်မှာ မဟုတ်ဘူး။”

“ဘာလို့လဲ...”

“အဂ္ဂိရတ်ဂိုဏ်းမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီး ရှိတာလေ။ ကျိုးရွှမ်ကျိက ဂိုဏ်းချုပ် ဖြစ်ပေမဲ့ သူက အတော်ဆုံး မဟုတ်ဘူး။ သူတို့ရဲ့ ဧည့်သည် အကြီးအကဲတွေကမှ တကယ့် အစွမ်းထက်တဲ့ သူတွေ အများကြီးပဲ... အဆိုးဆုံး အခြေအနေမှာတောင် ကျိုးရွှမ်ကျိ ကိုယ်တိုင်မှာ ရတနာတွေ အများကြီး ရှိတယ်။ ခုနက ဆေးအိုးကို မြင်လား။ အဲဒါက နဂါးနိုင်ဆေးအိုးပဲ။ အသိဉာဏ်ရှိတဲ့ စိတ်ဝိညာဉ်ရတနာ တစ်ခုလေ...”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ ကောင်းကင်ကို ကြည့်ရင်း တီးတိုး ပြောဆိုနေကြ၏။

ကျိုးရွှမ်ကျိက မိုးပျံလှေနှင့် အမြင့်ချင်း တူညီသော နေရာတွင် ပျံသန်းနေပြီး လှေပေါ်ရှိ လူများကို သေချာ မြင်လိုက်ရသည်။ သူ နှာခေါင်းရှုံ့လိုက်ပြီး ပထမဆုံး စတင် ပြောဆိုလိုက်သည်။

“ဪ... ဘယ်သူများလဲလို့။ ဓားကျောင်းတော်က ဂိုဏ်းချုပ်စုနဲ့ ကျန်းဝူမြင့်မြတ်နယ်မြေက အပယ်ခံ လျူယွမ်ချင်းပါလား။ ငါတို့အားလုံးက ဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေဆိုတော့ ဒါကို ယဉ်ယဉ်ကျေးကျေးပဲ ဖြေရှင်းကြတာပေါ့။ ငါ့ရဲ့ အဂ္ဂိရတ်ဂိုဏ်း တပည့်တွေကို ချက်ချင်း လွှတ်ပေးပြီး တောင်းပန်လိုက်။ ဒါဆို ဒါကို ဘာမှမဖြစ်ခဲ့သလို သဘောထားပေးမယ်။”

“မင်းကိုလည်း XXXပဲ၊ မင်းအမေကိုလည်း XXXပဲ...”

စုချီနျန်မှာ လီချင်းရန်၏ အခြေအနေကြောင့် ဒေါသမီးများ တောက်လောင်နေပြီးသား ဖြစ်သည်။ ယခုအခါ ချန်ဟွိုက်အန်လည်း သူ့နောက်ကွယ်တွင် ရှိနေသဖြင့် တုံ့ဆိုင်းမနေတော့ပေ။ ဘာစကားမှ ထပ်မပြောတော့ဘဲ ချက်ချင်း တိုက်ခိုက်တော့သည်။

သူ လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် သူ၏ တစ်ကိုယ်လုံး ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

သူ၏ တိုက်ခိုက်မှု အရှိန်မှာ ပြင်းထန်လွန်းသဖြင့် လေထုကို စူးရှသော အသံဖြင့် ခွဲထွက်သွားရာ အနားရှိ ကျင့်ကြံသူတိုင်း၏ နားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။

“ဂိုဏ်းချုပ်စုရဲ့ ရွှမ်ဝူဓားက အနှိုင်းမဲ့တယ်လို့ ကြားဖူးတယ်။ ဒါကို ကိုယ်တိုင် စမ်းကြည့်ပါရစေ...”

ကျိုးရွှမ်ကျိက ကျယ်လောင်စွာဖြင့် ရယ်မောလိုက်ပြီး သူ၏ ညာခြေကို နေရာလွတ်ထဲ၌ ဆောင့်နင်းလိုက်သည်။

ဝှစ်...

ယင်နှင့်ယန် ခွဲထွက်သွားပြီး မိုင်ပေါင်း တစ်ထောင်ခန့်အထိ လွှမ်းခြုံထားသော ဧရာမ အဖြူအမည်း စစ်တလင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ တစ်ပြင်လုံးကို ဧရာမ စစ်တုရင်ခုံကြီး တစ်ခုအဖြစ် ပြောင်းလဲလိုက်သလိုပင်။

ကောင်းကင်နှင့်မြေကြီးအသွင်ကို အသက်သွင်းလိုက်ရာ ကျိုးရွှမ်ကျိ၏ ပုံရိပ်မှာ မုတ်ဆိတ်ဖြူ အရှည်ကြီးနှင့် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး စစ်တုရင်ခုံ၏ အပြင်ဘက်တွင် ထိုင်လျက် အန်စာတုံးတစ်ခုကို ကိုင်ထား၏။

အနက်ရောင် အန်စာတုံးတစ်ခုက စစ်တုရင်ခုံပေါ်သို့ ကျလာသည်။

ရေတွက်၍ မရနိုင်သော ဓားရိပ်များစွာမှာ တပြိုင်နက်တည်း ထွက်ပေါ်လာပြီး စုချီနျန်၏ ဓားအလင်းတန်းဆီသို့ တိုးဝင်သွားကြ၏။

စစ်တုရင်ခုံအတွင်း၌ ဓားရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်နေပြီး၊ ဓားချီများ ဆူပွက်နေကာ လက်နက်ချင်း ထိခိုက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ တိုက်ပွဲကို သေချာ မမြင်ရသော်လည်း ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါကြောင့် စကားပင် မပြောနိုင်အောင် ဖြစ်နေကြသည်။

ကျိုးရွှမ်ကျိက နယ်ရုပ်များကို ခဏခဏ ရွှေ့နေသော်လည်း သူ၏ အနက်ရောင် ဓားများမှာ စုချီနျန်၏ လေးလံသော ဓားကြီးကြောင့် အဆက်မပြတ် ကျိုးပဲ့နေ၏။

သူ၏ မျက်နှာမှာ တင်းမာသွားသည်။ အံကို တင်းတင်းကြိတ်ပြီး အဖြူရောင် နယ်ရုပ်တစ်ခုကို စစ်တုရင်ခုံပေါ်သို့ သူ ချလိုက်သည်။

အဖြူရောင် နယ်ရုပ်များမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားပြီး ဧရာမ ဝိညာဉ်စွမ်းအင် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ စုချီနျန်ထံသို့ ရက်စက်စွာ ဟိန်းဟောက်ပြီး ပြေးဝင်သွားတော့သည်။

စစ်တလင်းမှာ အနက်ရောင် ဓားများနှင့် နဂါးကြီး၏ ပုံရိပ်များကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး စုချီနျန်၏ ပုံရိပ်ကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။

မိုးပျံလှေပေါ်တွင် ယွဲ့ချန်ချီမှာ အသက်ကိုပင် မရှူဝံ့ဘဲ စစ်တုရင်ခုံကို စိုက်ကြည့်နေသည်။

ထိုစဉ် ချန်ဟွိုက်အန်မှာမူ အေးအေးဆေးဆေးပင် တောက်ပနေသော အထူးပြုလုပ်ချက်များကို ငါးဖမ်းသမားတစ်ဦးကဲ့သို့ ထိုင်ကြည့်နေ၏။

သူက စုချီနျန်နှင့် ကျိုးရွှမ်ကျိ နှစ်ဦးစလုံး၏ သွေးတန်းနှင့် စွမ်းအင်တန်းများကို မြင်နေရသည်။

ကျိုးရွှမ်ကျိက ကြည့်ရသည်မှာ အထင်ကြီးစရာ ကောင်းနေသော်လည်း သူ၏ စွမ်းအင်တန်းမှာ သုံးပုံတစ်ပုံခန့် ကုန်ဆုံးနေပြီဖြစ်ကာ စုချီနျန်မှာမူ သွေးတစ်စက်ပင် မလျော့သေးပေ။

သို့သော် ပို၍ အရေးကြီးသည်မှာ...

စုချီနျန်၏ စွမ်းအင်တန်းမှာ လုံးဝကို မလှုပ်ရှားသေးပေ။

သို့သော် သူ၏ ဒေါသတန်းမှာမူ တဖြည်းဖြည်း မြင့်တက်လာနေ၏။

“အလကား အလှပြကွက်တွေပဲ...”

ချန်ဟွိုက်အန် နှာခေါင်းရှုံ့လိုက်သည်။

ကျိုးရွှမ်ကျိက အခြေတည်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေသော်လည်း လက်နက်များ မပါပါက စုချီနျန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

မည်သို့ဖြစ်စေ ဓားတာအို ဆိုသည်မှာ သတ်ဖြတ်ခြင်းတွင် အထွတ်အထိပ် မဟုတ်ပါလား။

အဖြူအမည်း နယ်ရုပ်များ ဆက်တိုက် ကျဆင်းနေသော်လည်း စုချီနျန်မှာ စစ်တုရင်ခုံ၏ အစွန်းသို့ တဖြည်းဖြည်း နီးကပ်လာသည်။

အခြေအနေ မဟန်တော့သဖြင့် ကျိုးရွှမ်ကျိက နယ်ရုပ်နှစ်ခုကို တပြိုင်နက်တည်း ဆောင့်ချလိုက်၏။

ထိုခဏမှာပင် ပြင်းထန်သော တိုက်ခိုက်မှုများကြားမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“ငါ့လမ်းကနေ ဖယ်စမ်း...”

ဘုန်း...

လေပြင်းများမှာ တဝုန်းဝုန်း တိုက်ခတ်လာသည်။ အနက်ရောင် ဓားများ ကျိုးပဲ့ကုန်၏။ အဖြူရောင် နဂါးကြီးမှာ ပျက်စီးသွားလေသည်။

ပြင်းထန်သော တုန်ခါမှုများကြားမှ အနက်ရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ လက်ထဲတွင် လေးလံသော ဓားကြီးကို ကိုင်ထားကာ ကောင်းကင်သို့ ခုတ်ပိုင်းလိုက်သည်။

“တောင်ဖြိုဓားချက်...”

နီမြန်းသော ဓားရိပ် တစ်ခုမှာ ကောင်းကင်ယံကဲ့သို့ ကျယ်ပြန့်ကာ တောင်တစ်လုံးကဲ့သို့ လေးလံစွာ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး စစ်တုရင်ခုံ တစ်ခုလုံးကို ပြည့်သွားသည်အထိ ကျယ်ပြန့်လာကာ တားဆီး၍မရသော စွမ်းအားဖြင့် ခုတ်ပိုင်းချလိုက်တော့သည်။

ဂွက်...

စစ်တုရင်ခုံကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ အဖြူအမည်း နယ်ရုပ်များမှာ စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပျောက်ကွယ်သွားကြ၏။

နက်ရှိုင်းသော ဓားဒဏ်ရာကြီးတစ်ခုက ကျိုးရွှမ်ကျိ၏ ကောင်းကင်နှင့်မြေကြီးအသွင်၏ နဖူးမှ ရင်ဘတ်အထိ ဖြတ်သန်းသွားသည်။

ထို့နောက် ကျယ်လောင်လှသော အသံကြီးနှင့်အတူ သူ၏ပညာရပ် လုံးဝ ပျက်စီးသွားတော့သည်။

ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ကောင်းကင်မှ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွား၏။

စုချီနျန်က တိုက်ခိုက်ချင်စိတ်များ တောက်လောင်လျက် စစ်တုရင်ခုံ အပျက်အစီးများကြားမှ ထွက်လာကာ ရွှမ်ဝူဓားကို ဆွဲလျက် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေသည်။ သူက ဓားကို ကျိုးရွှမ်ကျိထံသို့ ရက်ရက်စက်စက် ခုတ်ချလိုက်တော့သည်။

“သွား... သေစမ်း....”

ဓားက ကျရောက်တော့မည့်ဆဲဆဲမှာပင် ဝတ်ရုံဖြူနှင့် ပုံရိပ်တစ်ခုမှာ ကျိုးရွှမ်ကျိ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် သူက ကျဆင်းလာသော ဓားသွားကို အသာ ထိလိုက်၏။

ရေလှိုင်းတစ်ခုကဲ့သို့ လှိုင်းများမှာ အပြင်သို့ ပျံ့နှံ့သွားသည်။ ၎င်းမှာ တံလျှပ်တစ်ခုကဲ့သို့၊ ရေထဲမှ လရိပ်ကဲ့သို့ပင်။

အရာအားလုံးမှာ နေရာတင် ရပ်တန့်သွား၏။

“အော်မီတော်ဖော်။ ဂိုဏ်းချုပ်စု၊ ဂိုဏ်းချုပ်ကျိုးကို သတ်တာက နည်းနည်းတော့ လွန်လွန်း မသွားဘူးလား...”

လရောင်ကဲ့သို့ ဖြူနေသော ဝတ်ရုံကို ဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးမှာ တရား အားထုတ်ရာတွင် အသုံးပြုသော တောင်ဝှေးကို ကိုင်ထားသည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ကြာပန်းများမှာ သူ၏ ခြေဖဝါးအောက်တွင် ပွင့်လန်းလာကြ၏။ သူက ပြုံးလျက် သူ၏ တောင်ဝှေးကို မြှောက်ကာ စုချီနျန်၏ နဖူးသို့ အသာအယာ ဖိလိုက်သည်။ သူ၏ အသံမှာ နူးညံ့သော်လည်း အေးစက်လှ၏။

“ဂိုဏ်းချုပ်စု၊ မင်းရဲ့ တာအိုကို ဆက်ပြီး ဆုပ်ကိုင်ထားဦးမှာလား။ တကယ်လို့ အဲဒီလိုဆိုရင်တော့ ဒီဘုန်းတော်ကြီးက ဓားကျောင်းတော်မှာ ဂိုဏ်းချုပ်အသစ် တစ်ယောက်နဲ့ အစားထိုးပေးဖို့ ဝန်မလေးဘူးနော်။”

“ဒါ... ဒါ ရယ်မောနေတဲ့ဗုဒ္ဓပဲ... ပေါင်းစပ်ခြင်းနယ်ပယ် တန်ခိုးရှင်တစ်ယောက်.....”

ပွဲကြည့်ပရိသတ်များကြားမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

ထိုခဏမှာပင် ဖြူဖျော့သော ရွှေရောင် လက်ညှိုးတစ်ချောင်းမှာ စုချီနျန်၏ နဖူးမှ ထွက်ပေါ်လာပြီး ဘုန်းတော်ကြီး၏ တောင်ဝှေးကို အသာအယာ ဖိလိုက်သည်။

နားလည်ရခက်သော စွမ်းအားတစ်ခုမှာ ပေါက်ကွဲထွက်လာပြီး...

ရယ်မောနေတဲ့ဗုဒ္ဓကို မိုင်ပေါင်း တစ်ထောင်ခန့်အထိ လွင့်ထွက်သွားစေသည်။

ပုံရိပ်ယောင်များမှာ ပျက်စီးသွား၏။ စိတ်ဝိညာဉ်စွမ်းအင်များမှာ တဝုန်းဝုန်း မြည်ဟိန်းနေသည်။

ဘုန်းတော်ကြီး၏ မျက်ဆံများ ကျုံ့သွားပြီး သူ၏ မျက်ဝန်းထဲတွင် သူ့ရှေ့က ပုံရိပ်ကို မြင်လိုက်ရသည်။

ခန့်ညားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရေတံခွန်ကဲ့သို့ စီးကျနေသော ငွေရောင် ဆံနွယ်များရှိကာ အဆုံးမရှိ အေးစက်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသော ဓားကျင့်ကြံသူ တစ်ဦး...

ဟင်းလင်းပြင်ကဲ့သို့ အေးစက်သော အသံတစ်ခုမှာ သူ၏ နားထဲတွင် ဟိန်းထွက်လာတော့၏။

“လှုပ်ရဲရင်လှုပ်ကြည့်...”

All Chapters