← Chapters

မင်းက သေတော့မယ် ထင်နေရုံပဲ ရှိတာ...

Vol. 13 Ch. 129

မင်းက သေတော့မယ် ထင်နေရုံပဲ ရှိတာ...

Vol. 13 Ch. 129

ရယ်မောနေတဲ့ဗုဒ္ဓ၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

သို့သော် သူ့ရှေ့မှ ဓားကျင့်ကြံသူက ပေါင်းစပ်ခြင်းနယ်ပယ် အစောပိုင်း အဆင့်မှာပင် ရှိနေသေးကြောင်း ခံစားမိလိုက်သောအခါ အပြုံးများ ပြန်လည်ပေါ်ပေါက်လာခဲ့၏။

“‌အော်မီတော်ဖော်...” သူက လက်နှစ်ဖက်ကို အသာအယာ ယှက်လိုက်ပြီး ကရုဏာရှင်တစ်ဦးလို မျက်လွှာချကာ ပြောလိုက်သည်။ “ကြည့်ရတာ ဒကာကြီးက...”

ချလွမ်...

ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။

ဘုန်းတော်ကြီးရဲ့ ခေါင်းက လေထဲကို မြင့်တက်ကာ လွင့်ထွက်သွားတော့သည်။

ချန်ဟွိုက်အန် ဓားကို ကိုင်ဆောင်လျက် မတ်မတ်ရပ်နေပြီးနောက် ဓားအိမ်ထဲကနေ လက်မဝက်ခန့်သာ ထွက်လာသော ကြေးခွံနက်ဓားကို ဖြည်းဖြည်းချင်း ပြန်ထည့်လိုက်သည်။

ရယ်မောနေတဲ့ဗုဒ္ဓ၏ခန္ဓာကိုယ် တစ်ချက် တုန်ခါသွားပြီး ပြတ်ထွက်သွားသော သူ့ခေါင်းက ခန္ဓာကိုယ်နှင့် ပြန်ဆက်သွား၏။ အပြုံးက ရှိနေဆဲဖြစ်သော်လည်း ယခုတော့ အေးစက်သော အရိပ်အယောင်များ ပါဝင်နေလေပြီ။

သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ယဉ်ကျေးစွာ လက်ယှက်လျက် ခုနက အဖြတ် ခံလိုက်ရသော စကားကို အဆုံးသတ်လိုက်သည်။ “ဒကာကြီးက ဓားကျောင်းတော်က အကြီးအကဲတစ်ယောက် ဖြစ်ရမယ်။ ဒီဘုန်းတော်ကြီးရဲ့ နာမည်က လျင်ချန်းရှင်းပါ။ ဒကာကြီးရဲ့ ဘွဲ့နာမည်ကို သိပါရစေ...”

ချန်ဟွိုက်အန် ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ကြေးခွံနက်ဓားက ဓားအိမ်ထဲမှ နောက်ထပ် လက်မဝက်ခန့် ထပ်ထွက်လာပြန်သည်။

ချလွမ်...

လျင်ချန်းရှင်း ချက်ချင်း တုံ့ပြန်လိုက်၏။ သူက လက်ကို မြှောက်ရုံသာ ရှိသေးသည်။

ခန္ဓာကိုယ်က နှစ်ပိုင်း ပြတ်သွားပြန်၏။

သူ၏ပုံရိပ် ပြန်လည် ပေါင်းစည်းသွားပြန်သော်လည်း ယခုတော့ သူ့မျက်နှာ အတော်လေး ပျက်ယွင်းသွားလေပြီ။ “လူကြီးမင်း၊ သိပ်ပြီးတော့ လွန်မလာနဲ့နော်...”

ချလွမ်...

ယခုတစ်ခါတော့ ကြေးခွံနက်ဓားက သုံးလက်မအထိ ထွက်လာ၏။

သိပ်သည်းလှတဲ့ ဓားချီလှိုင်းများက ဘုန်းတော်ကြီးကို ရေတွက်မရသော အပိုင်းအစလေးများ ဖြစ်သွားအောင် စုတ်ဖြဲပစ်လိုက်သည်။

နောက်တစ်ကြိမ် ပြန်ပေါင်းစည်းလာသောအခါတွင်တော့ ရယ်မောနေတဲ့ဗုဒ္ဓက မရယ်နိုင်တော့ပ။

ချန်ဟွိုက်အန်က အရှေ့ မီတာဝက် အကွာမှာ ရပ်နေပြီး လှောင်ပြုံး ပြုံးနေ၏။

“လှုပ်ရဲရင် လှုပ်ကြည့်...”

လျင်ချန်းရှင်း၏ မျက်နှာ တွန့်လိမ်သွားသည်။ ယခင်က ကရုဏာရှင်လို မျက်နှာထားမှာ ဒေါသအဖြစ် ပြောင်းလဲသွားပြီး၊ မျက်လုံးတွေဟာ ဒေါသကြောင့် ပြူးထွက်လာကာ မျက်နှာတစ်ခုလုံး မင်ရည်လို မည်းမှောင်သွားခဲ့သည်။ သူ၏ ဦးခေါင်းပေါ်ကနေ မီးနီရောင် ဆံပင်တွေ ထွက်ပေါ်လာပြီး ဟိန်းဟောက်လိုက်၏။ “အမျက်...”

ဘုန်း...

ဧရာမ နတ်ဘုရားပုံရိပ်ကြီးတစ်ခုက မြေပြင်ပေါ်မှ ပေါက်ကွဲထွက်လာသည်။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေပြီး မျက်နှာတစ်ခုစီ မတူညီသော ခံစားချက်များ ရှိနေ၏။ ဒေါသ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတို့ပင်။ မည်းနက်နေသော အစွယ်များက မေးရိုးများနှ ထွက်နေ၏။

သူ၏ လက်ခြောက်ဖက်လုံး သံမဏိသုံးဂွလှံများ ကိုင်ထားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာက ဗုဒ္ဓ အလင်းရောင်အောက် တောက်ပနေသည်။

ကျိုးရွှမ်ကျိ၏ ကောင်းကင်နှင့်မြေကြီးအသွင်နှင့် မတူသည်က လျင်ချန်းရှင်းသည် သူ၏ နတ်ဘုရားပုံရိပ်ကို ဆင့်ခေါ်လိုက်ရုံတင် မဟုတ်ပေ။ သူကိုယ်တိုင်က ထိုပုံရိပ်အဖြစ် ပြောင်းလဲ သွားခြင်း ဖြစ်သည်။

သူကိုယ်တိုင်က နတ်ဘုရားပုံရိပ် ဖြစ်သွားသလို နတ်ဘုရားပုံရိပ်ကလည်း သူကိုယ်တိုင်ပင်။

ထိုပညာရပ်က သူ၏ ခွန်အားကို မြှင့်တင်ပေးရုံတင်မကဘဲ မူလခန္ဓာကိုယ်ကို တိုက်ခိုက်ခံရနိုင်တဲ့ အားနည်းချက်ကိုပါ ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။

၎င်းမှာ ကောင်းကင်နှင့်မြေကြီးအသွင်၏ အထွတ်အထိပ် စွမ်းအားပင်။

ပေါင်းစပ်ခြင်းနယ်ပယ် တန်ခိုးရှင်များသာ အသုံးချနိုင်သော စွမ်းအား ဖြစ်၏။

“မင်းက ငါ့ကို ဒါလုပ်အောင် ဖိအားပေးခဲ့တာပဲ...” လျင်ချန်းရှင်း ဟိန်းဟောက်လိုက်သည်။ “ပေါင်းစပ်ခြင်းနယ်ပယ် အစောပိုင်းအဆင့်လေးနဲ့တင် မင်းကိုယ်မင်း အထင်ကြီးနေတာလား...”

စကားအဆုံးမှာတော့ သူက သံမဏိသုံးဂွလှံ ၆စင်းလုံးကို ဝှေ့ယမ်းလိုက်ရာ လေပြင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းတို့က ပျက်စီးသွားသော ကောင်းကင်တိုင်လုံးကြီးများလို လေထုကို ခွဲထွက်သွားပြီး ကောင်းကင်ကြီး ပြိုကျလာသလိုမျိုး ချန်ဟွိုက်အန်အပေါ်ကို ပြင်းထန်စွာ ကျရောက်လာတော့သည်။

တစ်ဖက်တွင်တော့ မြေပြင်ပေါ်မှာ သတိပြန်ရလာသော ကျိုးရွှမ်ကျိသည် ကြောက်စရာ ကောင်းသော ကောင်းကင်နက် နတ်ဘုရားပုံရိပ်ကို မြင်လိုက်ရသောအခါ မျက်နှာမှာ ဖြူလျော်သွားတော့၏။

သူက ထိတ်လန့်တကြားနှင့် ရယ်မောနေတဲ့ဗုဒ္ဓဆီကို အသံလှိုင်း ပို့လိုက်သည်။

“စီနီယာ... လော့ယန့်စံအိမ်ဟာ ကျွန်တော့်အဂ္ဂိရတ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပါ... ကျေးဇူးပြုပြီး ဒါကို...”

ကောင်းကင်နက် နတ်ဘုရားပုံရိပ်က ဒေါသထွက်နေသော မျက်နှာသုံးခုကို ကျိုးရွှမ်ကျိဘက် လှည့်လိုက်၏။

သူ၏ မျက်လုံးများထဲ မီးလျှံများ တောက်လောင်နေသည်။

“မင်း ဘာကောင်မို့လို့လဲ။ ငါ့ကို ဘာလုပ်ရမယ်ဆိုတာ လာပြောရဲတာ။ ထွက်သွားစမ်း...”

ပေါင်းစပ်ခြင်းနယ်ပယ် အရှင်သခင်တစ်ဦးရဲ့ ဖိနှိပ်သော အရှိန်အဝါက ကျိုးရွှမ်ကျိအပေါ်ကို ဒီရေလှိုင်းလို ရိုက်ခတ်သွားပြီး ဒဏ်ရာများကို ပိုမို ပြင်းထန်သွားစေ၏။ သူ သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး ဒူးထောက် လဲကျသွားတော့သည်။

ငှားထားသော တိုက်ခန်းထဲတွင်တော့ ချန်ဟွိုက်အန်က နှာခေါင်းရှုံ့ရင်း ၈၈၀၀၀ယွမ် ထပ်ဖြည့်လိုက်၏။

ထို့နောက် နောက်ထပ် ၁၈၈၀၀၀ယွမ် ထပ်ဖြည့်လိုက်ပြန်သည်။

တိမ်တိုက်များ၏ အထက်တွင်တော့ အေးစက်သော ဓားအလင်းများ လက်နေသည့် မျက်လုံးတစ်စုံ ပွင့်လာပြီး သုံးဂွလှံ ၆စင်းဆီကို စိုက်ကြည့်လိုက်၏။

သူ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။ ပေါင်းစပ်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်။

နောက်တစ်လှမ်း... ပေါင်းစပ်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်။

ချလွမ်...

ကြေးခွံနက်ဓား ဓားအိမ်ထဲမှ လုံးဝ ထွက်လာပြီး သူ၏လက်ထဲမှာ တည်ရှိနေသည်။

“ချစ်တပည့်လေး...” ချန်ဟွိုက်အန် တိုးတိုးလေး ပြောလိုက်သည်။ “ဒီနေ့ မင်းရဲ့ဆရာ စိတ်ကြည်နေတယ်။ သေချာကြည့်ထား။”

မိုးပျံလှေပေါ်တွင်တော့ လီချင်းရန်၏ မျက်လုံးများ တောက်ပနေ၏။ သူက မျက်တောင်မခတ်ဘဲ ကြောက်စရာကောင်းတဲ့ နတ်ဘုရားပုံရိပ်ကြီးကို ရင်ဆိုင်နေသော တစ်ကိုယ်တော် ဓားသမားကို စိုက်ကြည့်နေသည်။

သူ့အတွက်တော့...

ထိုပုံရိပ်က ကောင်းကင်ယံပင်။

ပြိုင်ဘက်ကင်း ကောင်းကင်ယံပေါ့။

“မေလ တောင်တန်းတွေပေါ်မှာ ဆီးနှင်းတွေ ဖုံးလွှမ်း၊ ပန်းတွေလည်း မပွင့်၊ အအေးဓာတ်တွေပဲ ကျန်ရစ်တယ်...”

ချန်ဟွိုက်အန် ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဓားသွားကို ကောင်းကင်ယံသို့ ဦးတည်လိုက်၏။

သူ၏ အရှိန်အဝါများ ဟုန်ဟုန်တောက် မြင့်တက်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များမှာ ကြေးခွံနက်ဓားအတွင်းသို့ တိုးဝင်သွားရာ ဓားသွား ပို၍ပင် တောက်ပလာတော့သည်။

လော့ယန့်စံအိမ်၏ အထက်တွင် ဆီးနှင်းများ ကောင်းကင်အနှံ့ ပြည့်နေ၏။

သို့သော် လေထုထဲတွင်မူ အအေးဓာတ် အစအနမျှပင် မရှိနေ။

“ဆီးနှင်းတွေ...”

“အခုက နှင်းကျတဲ့ ရာသီမှ မဟုတ်တာ...”

ပွဲကြည့်နေကြသော ကျင့်ကြံသူများမှာ မှင်တက်သွားကြ၏။

လှေပေါ်တွင် ရှိနေသည့် လျူယွမ်ချင်းက ဆီးနှင်းတစ်ပွင့်ကို ဖမ်းယူလိုက်သည်။

လက်ချောင်းများတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ မျက်ဆံများ ကျုံ့သွားပြီး အသံမှာ တုန်ရီနေတော့သည်။

“ဒါ... ဒါက ဆီးနှင်းတွေ မဟုတ်ဘူး။ ဒါက ဆီးနှင်းအသွင် ဖန်တီးထားတဲ့ ဓားအသိတွေပဲ...”

သူ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သော်လည်း ချန်ဟွိုက်အန်၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ ကြားလိုက်ရသည်မှာ ဓားသမား၏ လေးနက်သော ရွတ်ဆိုသံကိုသာ။

“ငါ့ရဲ့ပလွေသံကနေ မိုးမခကိုင်းတွေ ကျိုးပဲ့သံကို ကြားရပေမဲ့ နွေဦးကတော့ ဘယ်တော့မှ ရောက်မလာခဲ့ဘူး။”

ဓားကို မြှောက်လိုက်၏။

ချလွမ်...

ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။

၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နေရာလွတ်မှာ တွန့်လိမ်သွားပြီး ဓားချီများ၏ စွမ်းအားက မိုင်ပေါင်းတစ်ထောင်အတွင်းရှိ တိမ်တိုက်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

၎င်းနှင့်အတူ ဆင်းသက်လာသော သုံးဂွလှံ ၆စင်းမှာလည်း အစိပ်စိပ်အမွှာမွှာ ဖြစ်သွား၏။

“မင်း...”

လျင်ချန်းရှင်း၏ မျက်နှာက ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် သူ ခံစားလိုက်ရသည်မှာ...

အရေးမပါလှဟု ထင်ရသော ထိုဓားသမားထံမှ သေစေနိုင်သော ခြိမ်းခြောက်မှုပင်။

ပေါင်းစပ်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်။

ဒီဓားသမားက ပေါင်းစပ်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာ ရှိနေတာလား...

ဘယ်တုန်းကလဲ...

သူ၏ နတ်ဘုရားစွမ်းရည်များက ဖုံးကွယ်ထားသော ကျင့်စဉ်တိုင်းကို ထိုးဖောက်မြင်နိုင်ခြင်းပင်။

ဒါဆို ဘာလို့ ဒီလူကို သူ မမြင်နိုင်ခဲ့တာလဲ...

“တိုက်ပွဲစချိန် စည်သံတွေ ကြားနေရပြီး ညရောက်ရင်တော့ မြင်းကုန်းနှီးပေါ် ငါ အနားယူမယ်။”

အနက်ရောင်ကောင်းကင် နတ်ဘုရားပုံရိပ်၏ ရှေ့တွင် ဝတ်ရုံဖြူနှင့် ဓားသမားတစ်ဦးသည် ဓားဖြင့် ကပြနေသကဲ့သို့ ရှိနေသည်။

လှုပ်ရှားမှုတိုင်းက ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့ပြီး နေရာ၌ပင် တန့်နေကြသည်။

အချို့က မတ်တပ်ရပ်လျက်၊ အချို့က ထိုင်လျက်၊ အချို့က လှဲလျက်၊ အချို့က မှီလျက်၊ အချို့က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အချို့က ရှေ့သို့ ပျံသန်းနေ၏။

ခဏချင်းမှာပင် ပုံရိပ်ယောင် စစ်တပ်ကြီးတစ်ခု စုစည်းမိသွားတော့သည်။

နောက်ဆုံး တိုက်ကွက်တစ်ခုသာ ကျန်တော့၏။

ချန်ဟွိုက်အန်၏ အကြည့်မှာ လျင်ချန်းရှင်းထံ ရောက်ရှိသွားသည်။

သူတို့၏ အကြည့်ချင်း ဆုံသွားသည့်အခါ...

လျင်ချန်းရှင်း လှည့်ပြီး ထွက်ပြေးတော့သည်။

“အခုမှ ပြေးမလို့လား။ နောက်ကျသွားပြီ။”

ကြာစိမ်းဓားသိုင်းကျမ်း နဝမမြောက်ပုံစံ- လော်လန်ကို ဖြတ်တောက်ခြင်း။

နောက်ဆုံးတိုက်ကွက်... ၎င်း၏ စွမ်းအားမှာ အနှိုင်းမဲ့၏။

သို့သော် ၎င်းကို အသက်သွင်းရန်အတွက် သူက ကြိုတင်ပြင်ဆင်မှု တိုက်ကွက်နှစ်ခုကို အရင် လုပ်ဆောင်ရမည် ဖြစ်သည်။

ဂိမ်းစကားဖြင့် ပြောရလျှင် ၎င်းမှာ အချိန်အကြာကြီး အားယူရသော အဆင့်သုံးဆင့်ပါ အန္တိမတိုက်ကွက်ကြီးပင်။

လျင်ချန်းရှင်းက ပထမအဆင့်ကို မတားဆီးနိုင်ခဲ့။

ဒုတိယအဆင့်ကိုလည်း မဖြတ်တောက်နိုင်ခဲ့ပေ။

အခုတော့ သူ သေရပေတော့မည်။

ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို မြှောက်ကာ ဘုန်းတော်ကြီး၏ နတ်ဘုရားပုံရိပ်ဆီသို့ ဦးတည်လိုက်၏။

သူ၏ နောက်ကွယ်တွင် ပုံရိပ်ယောင်စစ်တပ်ကြီး အသင့်ရှိနေသည်။ ဓားအသိများမှာလည်း ဟိန်းထွက်နေ၏။

“ဓားကို ငါ ထုတ်လိုက်တယ်... လော်လန်ကို ဖြတ်တောက်ဖို့အတွက်ပဲ...”

ချလွမ်...

ဓားပေါင်းတစ်သောင်းမှာ ဓားအိမ်ထဲမှ ထွက်လာကြ၏။

ဓားချီများ ကောင်းကင်သို့ ပေါက်ကွဲထွက်သွားခဲ့ကြသည်။

စုစည်းသွားသော ဓားစွမ်းအင်များမှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ကောင်းကင် နတ်ဘုရားပုံရိပ် ကို ထိုးဖောက်သွားတော့သည်။

ဓားချီများ တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်၏။

နတ်ဘုရားပုံရိပ်ကြီး အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားတော့သည်။

လျင်ချန်းရှင်း ကောင်းကင်မှ ပြုတ်ကျလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ဓားဒဏ်ရာများ ပြည့်နှက်နေကာ သွေးများ ရွှဲနစ်လျက် ကျိုးရွှမ်ကျိ၏ ရှေ့တွင် လဲကျသွားခဲ့သည်။

ချန်ဟွိုက်အန် ဓားကို ကိုင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်လာ၏။

“ကျွန်တော့်ကို ချမ်းသာပေးပါ စီနီယာ... ချမ်းသာပေးပါ...”

အသက်ငင်နေသော လျင်ချန်းရှင်းက ကြောက်လန့်တကြား တုန်ရီလျက် ရှိနေသည်။

“ဒါက အမှားတစ်ခုပါ... ကျွန်တော် ခဏလောက် မျက်စိကွယ်သွားမိတာပါ... စော်ကားဖို့ မရည်ရွယ်ပါဘူး......”

ချန်ဟွိုက်အန် အနားသို့ တိုးလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ ပို၍ တုန်ရီလာ၏။

ဓားကျောင်းတော်မှာ ဘယ်တုန်းကတည်းက ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားကျင့်ကြံသူ ရှိနေခဲ့တာလဲ...

ဓားတစ်ချက်တည်းနှင့် သူ့ရဲ့ နတ်ဘုရားပုံရိပ်ကို ဖျက်ဆီးပစ်ခဲ့တယ်။

နောက်တစ်ချက်က နတ်ဘုရားပုံရိပ် တစ်ခုလုံးကိုပါ အစပျောက်အောင် လုပ်လိုက်တယ်။

ဒီစွမ်းအားက... မိစ္ဆာတစ်ကောင်လိုပဲ...

“ဘာဖြစ်လို့လဲ.... ကိုယ်တော်လေး။ ကြောက်နေတာလား...”

“ဟုတ်... ဟုတ်ကဲ့... ကျွန်တော် ကြောက်ပါတယ်......”

“မဟုတ်ဘူး။ မင်း မကြောက်ဘူး။”

ချန်ဟွိုက်အန် သူ့ကို ကျော်ဖြတ်ကာ လှောင်ပြောင်လိုက်၏။

“မင်းက သေတော့မယ်လို့ ထင်နေတာပဲ ရှိတာ။”

ချပ်...

ကြေးခွံနက်ဓားက ဓားအိမ်ထဲ ပြန်ဝင်သွားသည်။

နူးညံ့သော လေပြင်းတစ်ခု ဖြတ်သန်းသွား၏။

လျင်ချန်းရှင်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။ ပြင်းထန်သော နာကျင်မှုက သူ၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားပြီး မျက်ဝန်းများမှ အလင်းရောင်မှာ မှေးမှိန်သွားတော့သည်။

တစ်စက္ကန့်အကြာတွင်...

သူ၏ ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ကြေမွသွားခဲ့လေ၏။

အနားရှိ ကျိုးရွှမ်ကျိက သွေးအိုင်ထဲ ဒူးထောက်လျက် ရှိနေပြီး ချန်ဟွိုက်အန် တဖြည်းဖြည်း တိုးလာသည်နှင့်အမျှ တုန်ရီနေတော့သည်။

သူက တွေဝေစွာဖြင့် မော့ကြည့်လိုက်၏။

ဆံပင်ဖြူနှင့် ဓားသခင်ကြီးမှာ ပြုံးနေလေသည်။

ကြင်နာတတ်သော ကရုဏာရှင်တစ်ဦးကဲ့သို့ အပြုံးမျိုးပင်။

“ဂိုဏ်းချုပ်ကျိုး... မင်းနဲ့ငါက... တွေ့ဆုံဖို့အတွက် ရေစက်ပါလာတဲ့ပုံပဲ။”

All Chapters