ရေစက်ဆိုတာ...အခွင့်အရေးပဲ
Vol. 13 Ch. 130
“စီနီယာ... ဒါက ကျွန်တော်တို့ အဂ္ဂိရတ်ဂိုဏ်းရဲ့ အကောင်းဆုံး ဆေးအရက်ဖြစ်တဲ့ နဂါးစမ်းရေအရက်ပါ။ ဒါကို တစ်အိုး သောက်လိုက်တာဟာ အလယ်အလတ်အဆင့် ဝိညာဉ်စုစည်းခြင်း အခင်းအကျင်းကို နာရီဝက်လောက် အသုံးပြုလိုက်သလိုမျိုး စွမ်းအင်တွေ ရရှိစေပါတယ်။”
“မဆိုးဘူး။ ဒီပစ္စည်းက ငါနဲ့ ရေစက်ပါလာတာပဲ။”
“စီနီယာ... ဒါကတော့ အသစ်စက်စက် ဖော်စပ်ထားတဲ့ ရွှေရောင်အခင်းအကျင်းဆေးလုံးပါ။ တကယ်လို့ တပည့်တစ်ယောက်ယောက်က အခြေခံအုတ်မြစ် အဆင့်မှာ ပိတ်မိနေပြီး အဆင့်မတက်နိုင်ဖြစ်နေရင် ဒီဆေးလုံးကို သုံးလို့ရပါတယ်။ ကျွန်တော်တို့ဂိုဏ်းရဲ့ ရွှေရောင် အခင်းအကျင်းဆေးလုံးတွေက ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်အောင် ထူးခြားတဲ့ နည်းလမ်းနဲ့ ဖော်စပ်ထားတာပါ။”
“မဆိုးဘူး။ ဒီပစ္စည်းက ငါနဲ့ ရေစက်ပါလာတာပဲ။”
“စီနီယာ... ဒါကတော့ ကံကောင်းလို့ ရထားတဲ့ နှစ်တစ်သောင်း ဆီးနှင်းကျောက်စိမ်းခုတင်ပါ။ ဒါက စိတ်ကို တည်ငြိမ်စေပြီး ကျင့်စဉ်တက်ဖို့ အထောက်အကူပြုပါတယ်။ ဆေးဖော်စပ်တဲ့ အခါမှာလည်း ဆေးမီးလျှံတွေရဲ့ နာကျင်မှုကို လျှော့ချပေးပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ တပည့်အရင်းကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာပါ...”
“မဆိုးဘူး။ ဒီပစ္စည်းက ငါနဲ့ ရေစက်ပါလာတာပဲ။”
…
လျူယွမ်ချင်းနှင့် စုချီနျန်တို့က ချန်ဟွိုက်အန်၏ နောက်မှ လိုက်လာကြရင်း အဂ္ဂိရတ်ဂိုဏ်း၏ ဘဏ္ဍာတိုက်အတွင်းရှိ ရှည်လျားသော စင်္ကြံလမ်းများတစ်လျှောက် လျှောက်လာကြသည်။ သူတို့သည် ကျိုးရွှမ်ကျိက သူတို့ရှေ့တွင် ပျာပျာသလဲနှင့် ရိုကျိုးနေသည်ကို ကြည့်နေကြရသည်။
ထို့နောက် သူတို့က ချန်ဟွိုက်အန်ကို ကြည့်လိုက်ကြပြန်သည်။ ချန်ဟွိုက်အန်မှာမူ ကျိုးရွှမ်ကျိ ပေးသမျှ အရာအားလုံးကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံနေတော့သည်။
ပထမဆုံးအကြိမ်အဖြစ် သူတို့က အန္တိမအကြီးအကဲ၏ အံ့မခန်းလောက်အောင် မျက်နှာပြောင် တိုက်တတ်ခြင်းကို လုံးဝ မှင်တက်သွားရတော့သည်။
“ဒီပစ္စည်းက ငါနဲ့ ရေစက်ပါလာတာပဲ”ဟု ပြောသည့် အသံကို ကြားရတိုင်း လီချင်းရန်၏ လှပသော မျက်နှာလေးမှာ ပို၍ နီမြန်းလာတော့သည်။
၎င်းက သိပ်ကို ရှက်စရာ ကောင်းလွန်းသည်။
သူ၏ဆရာက ထိုသို့ အရှက်မရှိသော စကားများကို ပြုံးပြုံးကြီးနှင့် မည်သို့များ ပြောနိုင်သနည်း...
သို့သော် သူက ချန်ဟွိုက်အန်၏ မြင့်မားဖြောင့်စူးသော ပုံရိပ်၊ လွင့်မျောနေသော တိမ်တိုက်များ ကဲ့သို့ ငွေရောင်ဆံနွယ်များ၊ ခါးတွင် ချိတ်ဆွဲထားသော ဓားနက်နှင့် နတ်ဘုရားတစ်ပါးကဲ့သို့ တောက်ပနေသော အရှိန်အဝါများကို လှမ်းကြည့်လိုက်သည့်အခါ...
ရုတ်တရက် သူ တွေးမိလိုက်မိသည်။
နည်းနည်းလောက် မျက်နှာပြောင်တိုက်တတ်တာကလည်း သိပ်တော့ မဆိုးလှပါဘူး။
၎င်းက သူ့ကို ခန့်ညားမှု၊ ပညာရှိမှုနှင့် စွမ်းအားကြီးမှုတို့ကို လျော့ပါးသွားစေခြင်း မရှိပေ။
သူ၏ဘေးတွင် ရှိနေသော ယွဲ့ချန်ချီ၏ မျက်နှာတွင်မူ အားကျနှစ်သက်မှုများ အထင်းသား ပေါ်လွင်နေ၏။
“လောကမှာရှိတဲ့ အရာအားလုံးဟာ ရေစက်နဲ့ ဆက်နွှယ်နေတာပဲ...”
ဒါဟာ ဓားကျောင်းတော်ရှိသင့်တဲ့ သတ္တိမျိုးပဲ...
သူတို့၏ အန္တိမအကြီးအကဲသည် စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာရန် မည်သို့ နေထိုင်ရမည်ကို ကိုယ်တိုင် လက်တွေ့ သင်ကြားပေးနေခြင်းပင်။
သူတို့က ဘဏ္ဍာတိုက်ကို သိမ်းကျုံးယူပြီးသည့် အချိန်တွင်မူ မြေကြီးတွင် မြဲမြံအောင် စိုက်မထားသော ပစ္စည်းမှန်သမျှနှင့် စိုက်ထားသော အချို့ပစ္စည်းများအပါအဝင် အားလုံး အယူခံလိုက်ရပြီ ဖြစ်သည်။
သူတို့ ဆက်မယူတော့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ လျူယွမ်ချင်း၊ စုချီနျန်၊ လီချင်းရန်နှင့် ယွဲ့ချန်ချီတို့၏ သိုလှောင်အိတ်များ လျှံထွက်မတတ် ပြည့်သွားသောကြောင့်ပင်။
မဟုတ်ပါက အသုံးမလို၍ စွန့်ပစ်ထားသော ပစ္စည်းများကိုပင် သူတို့ ထုပ်ပိုးယူသွား ကြပေလိမ့်မည်။
ကျိုးရွှမ်ကျိက ချန်ဟွိုက်အန်၏ မျက်နှာထားကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
အဂ္ဂိရတ်ဂိုဏ်းက ချမ်းသာကြွယ်ဝသည်ဖြစ်ရာ ထိုပစ္စည်းများကို လက်ဆောင်ပေးလိုက်ခြင်းမှာ သူ့အတွက် ကြီးမားသော ဆုံးရှုံးမှု မဟုတ်ပေ။ အကယ်၍ ၎င်းက ထိုဓားကျောင်းတော် အကြီးအကဲနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မည်ဆိုပါက အတော်လေး တန်လှသည်။
သို့သော်လည်း...
ထိုအကြီးအကဲက ပြန်သွားရန် အဆင်သင့် မဖြစ်သေးပုံရသည်။
သူက...
ငါ့ရဲ့ နဂါးနိုင်ဆေးအိုးကို မျက်စိကျနေတာလား...
ဒါက စိတ်ဝိညာဉ်ရတနာတစ်ခုလေ...
၎င်းက သူ့ဆီတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီးကာ အိုးထဲမှ ဝိညာဉ်သည် လက်နက်တစ်ခုထက် ပိုနေ၏။ မိသားစုဝင် တစ်ယောက်လိုပင်။
သူ ၎င်းကို လက်လွှတ်နိုင်သည်အထိ မရက်စက်နိုင်ပေ။
သို့သော် သူ မပေးလျှင်လည်း...
ထိုအကြီးအကဲက စိတ်ကျေနပ်မည် မဟုတ်ပေ။
နောက်ဆုံးတွင် သူ စတေးလိုက်ရတော့သည်။
ကျိုးရွှမ်ကျိ အံကို တင်းတင်းကြိတ်ကာ နဂါးနိုင်ဆေးအိုးကို ထုတ်ယူလိုက်ပြီး နှိမ့်ချသော အသံဖြင့် ပြောလိုက်သည်။
“စီနီယာ... ဒါက ကျွန်တော် လူငယ်ဘဝတုန်းက ရရှိခဲ့တဲ့ အဖိုးဆန် ဆေးအိုးတစ်လုံးပါ။ ဒါက တိုက်ခိုက်ရေးမှာကော၊ ခံစစ်မှာကော သုံးနိုင်သလို ဆေးဖော်စပ်ဖို့အတွက်လည်း အတော်လေး ကောင်းမွန်တဲ့ ဆေးအိုးတစ်လုံး ဖြစ်ပါတယ်။ စီနီယာက ဒါနဲ့ ရေစက်ပါလာပြီဆိုတော့၊ ကျွန်တော်တို့ အကြားမှာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ဒါကို လက်ဆောင်အဖြစ် ပေးအပ်ပါရစေ။”
ချန်ဟွိုက်အန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။
ကျိုးရွှမ်ကျိက ဆေးအိုးကို တကယ် ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လော့ယန့်စံအိမ်သို့ ရောက်ရှိလာပြီးနောက် သူက ထိုနေရာ၏ ဝှက်ထားသော အင်အားများကို အပြည့်အဝ မြင်လိုက်ရသည်။
ယခု သေသွားပြီဖြစ်သော ရယ်မောနေတဲ့ဗုဒ္ဓအပြင် ပေါင်းစပ်ခြင်းနယ်ပယ် အစောပိုင်းအဆင့် ဧည့်သည်အကြီးအကဲ တစ်ဦးနှင့် အနည်းဆုံး အခြေတည်ဝိညာဉ် ကျင့်ကြံသူ ဆယ်ဦးခန့် ရှိနေသေးသည်။
အဂ္ဂိရတ်ဂိုဏ်း၏ မောက်မာမှုမှာ အခြေအမြစ်မရှိဘဲ ဖြစ်နေခြင်း မဟုတ်။
စုချီနျန်သည် ဓားကျောင်းတော်တပည့်များ၏ ဘေးကင်းရေးကို ထည့်သွင်း၍ စဉ်းစားသောကြောင့်သာ လွယ်လွယ်နှင့် ရန်မစရဲခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း လီချင်းရန်က အဂ္ဂိရတ်ဂိုဏ်းကို အတိအလင်း မဆန့်ကျင်နိုင်သောကြောင့် စိတ်ဝိညာဉ်သန့်စင်ခြင်း၏ နာကျင်မှုကို အောင့်အည်း သည်းခံခဲ့ရခြင်းပင်။
ကျိုးရွှမ်ကျိကတော့...
လောဘကြီးသော အခွင့်အရေးသမား တစ်ယောက်ထက် မပိုပေ။
၎င်းက သိသာလွန်းလှသည်။
သို့သော် သူကဲ့သို့သော လူမျိုးမှာ ကိုင်တွယ်ရ လွယ်ကူသည်။
သူ့ကို အောက်မှာပဲ ထားနိုင်သရွေ့တော့ သူက အမြဲတမ်း ဖားတတ်တဲ့ လူတစ်ယောက်ပဲ ဖြစ်နေမှာ။ ဘယ်တော့မှ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။
ဒါပေမဲ့ ခွေးတောင်မှ အကျပ်ရိုက်ရင် ပြန်ကိုက်တတ်တာပဲ။
ထို့ပြင် ချန်ဟွိုက်အန်အတွက်လည်း ထိုဆေးအိုးက မလိုအပ်ပေ။
ဓားကျင့်ကြံသူများက ဆေးအိုး မသုံးကြပေ။
လီချင်းရန်၏ သန့်စင်ခြင်း လုပ်ငန်းစဉ်အတွက် လိုအပ်သည်မှာလည်း လုံးဝ မတူညီသော ဆေးအိုးတစ်လုံးသာ။
“ဂိုဏ်းချုပ်ကျိုး...”
“ဟုတ်ကဲ့။ စီနီယာ...” ကျိုးရွှမ်ကျိ ထိတ်လန့်တကြားနှင့် မတ်မတ်ရပ်လိုက်သည်။
“မင်းရဲ့ သဘောထားက အရမ်းကို ရိုးသားပါတယ်။ မင်းရဲ့ အလေးထားမှုက ချီးကျူးစရာ ကောင်းသလို မင်းပေးတဲ့ ပစ္စည်းတွေကိုလည်း ငါ သဘောကျပါတယ်။ ဒါပေမဲ့...”
ချန်ဟွိုက်အန်က နောက်ဆုံးစကားလုံးကို တမင် ဆွဲပြောလိုက်သဖြင့် ကျိုးရွှမ်ကျိ၏ ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။
ဒါပေမဲ့ ဘာဖြစ်လဲ...
သူ နောက်ထပ် တစ်ခုခု ထပ်တောင်းတော့မှာလား...
“ဒါပေမဲ့ ဒီဆေးအိုးက... ငါနဲ့ ရေစက် မပါလာဘူး။”
ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် ကျိုးရွှမ်ကျိက သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်တော့သည်။
စုချီနျန်နှင့် လျူယွမ်ချင်းတို့လည်း စိတ်အေးသွားကြသည်။
“ဒါပေမဲ့...”
ကျိုးရွှမ်ကျိ၏ မျက်ခွံမှာ လှုပ်လာသည်။
သူ ခုနက စိတ်အေးသွားတာကို အခု ဒီဓားကျောင်းတော်အကြီးအကဲက သူ့ကို ထပ်ပြီး ကစားနေပြန်ပြီလား...
“မင်းဆီမှာ နဂါးပုံဒီရေလှိုင်း ဆေးအိုးလည်း ရှိတယ် မဟုတ်လား...”
“အဲဒီဆေးအိုးက ငါ့တပည့်နဲ့ ရေစက်ပါလာတာ။ ငါ့ကို ပြစမ်း။”
ဪ...
သူက အဲဒါကို လိုချင်နေတာကိုး။
ကျိုးရွှမ်ကျိ ရုတ်တရက် သတိရသွားသည်။
အရင်က အဘိုးကြီးလျူ အဲဒီဆေးအိုးကို လာငှားဖူးတယ် မဟုတ်လား...
သူက လျူယွမ်ချင်းကို စိုက်ကြည့်လိုက်၏။
လျူယွမ်ချင်းကမူ မုတ်ဆိတ်ဖြူဖြူကို သပ်ရင်း သူ့ကိုယ်သူ ကျေနပ်နေသည့် ပုံစံမျိုး လုပ်နေသည်။
ကျိုးရွှမ်ကျိ တစ်ယောက် ပေါက်ကွဲလုနီးပါး ဖြစ်သွား၏။
အရှက်မရှိတဲ့ လူယုတ်မာတွေ... မင်းတို့ ဓားကျောင်းတော်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ အကြီးအကဲ ရှိနေရင် ဘာလို့ စောစောက မပြောတာလဲ...
မတရားမှုကို သည်းခံနေသလိုမျိုး ဟန်ဆောင်ပြီး နောက်မှ အပြတ်အသတ် အင်အားနဲ့ ပြန်လာတယ်ပေါ့....
ယုတ်မာလိုက်တာ... အရှက်မရှိချက်... တကယ့်ကို ကောက်ကျစ်တာပဲ...
သူ ဒေါသထွက်နေသော်လည်း ကျိုးရွှမ်ကျိက နဂါးပုံဒီရေလှိုင်း ဆေးအိုးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ပေးအပ်လိုက်ရရှာသည်။
“စီနီယာ... ဒါက စီနီယာ လိုချင်တဲ့ ဆေးအိုးလား။”
ချန်ဟွိုက်အန်က လျူယွမ်ချင်းကို လှမ်းကြည့်လိုက်သည်။
လျူယွမ်ချင်း ခေါင်းညိတ်ပြလိုက်၏။
“ဒါပါပဲ။”
ချန်ဟွိုက်အန်က ဆေးအိုးကို ယူလိုက်ပြီး လီချင်းရန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ထို့နောက် ကျိုးရွှမ်ကျိဘက် လှည့်ကာ ပြောလိုက်သည်။
“ငါ့တပည့်က ဒီဆေးအိုးကို ခဏ ငှားသုံးတာပါ။ သုံးပြီးသွားရင် ပြန်ပေးပါ့မယ်။”
ကျိုးရွှမ်ကျိက ကပျာကယာ လက်ယမ်းပြလိုက်၏။
“စီနီယာက နောက်နေပြန်ပြီ... ဒါက ဆေးအိုးတစ်လုံးတည်းပါ။ စီနီယာ့တပည့်အတွက် လက်ဆောင် အဖြစ်ပဲ သဘောထားလိုက်ပါ...”
“မင်းက တော်တော် စိတ်ကူးကောင်းတာပဲ။”
ချန်ဟွိုက်အန် ချက်ချင်း လက်ခံလိုက်သည်။
ကျိုးရွှမ်ကျိ - “….”
ပုံစံပြောင်းလဲခြင်းမှာ အချိန်ကန့်သတ်ချက် ရှိသဖြင့် ချန်ဟွိုက်အန် ပြန်ရန် အသင့်ဖြစ်နေလေပြီ။
ကျိုးရွှမ်ကျိက သူတို့ကို ထမင်းစားပွဲတစ်ခုဖြင့် ဧည့်ခံရန် ကြိုးစားသော်လည်း ချန်ဟွိုက်အန် စိတ်မဝင်စားပေ။
လှေပေါ်သို့ မတက်ခင် သူ ခဏ ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
“ဪ... နောက်ထပ် တစ်ခုရှိသေးတယ်။”
ကျိုးရွှမ်ကျိ ကိုယ်လေး တောင့်သွား၏။
နောက်ထပ်တစ်ခုလား...
“ဟိုရယ်မောနေတဲ့ဗုဒ္ဓ လျင်ချန်းရှင်းက... သေချင်မှ သေဦးမှာ။”
ကျိုးရွှမ်ကျိ၏ မျက်နှာ ပျက်သွား၏။
“တကယ်လို့ သူက မင်းကို လာပြီး ဒုက္ခပေးရင် အဂ္ဂိရတ်ဂိုဏ်းက ငါ့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတယ်လို့ ပြောလိုက်။ အကယ်၍ သူက နောက်မဆုတ်ဘူးဆိုရင်တော့ ဓားကျောင်းတော်ကို လာပြီး ငါ့ကို ရှာလိုက်။ ငါကိုယ်တိုင် သူ့ကို ကိုင်တွယ်ပေးမယ်။”
ကျိုးရွှမ်ကျိ တစ်ယောက် တကယ်ကြီး ရင်ထဲထိသွားရသည်။
မျက်ရည်များပင် ဝဲလာတော့သည်။
၎င်းမှာ သူ၏ အကြီးမားဆုံး စိုးရိမ်မှု ဖြစ်သည်။ လျင်ချန်းရှင်း လုံးဝ မသေဘဲ ပြန်လာပြီး အဖြစ်အပျက်များအတွက် သူ့ကို အပြစ်တင်မည်ကိုပင်။
သို့သော် ယခု ဓားကျောင်းတော်၏ ကျောထောက်နောက်ခံ ရသွားပြီဖြစ်ရာ....
ပြီးပြည့်စုံသွားလေပြီ...
လှေကြီး ဝေးရာသို့ ပျောက်ကွယ်သွားသည်အထိ ကျိုးရွှမ်ကျိ ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့၏။
“ပေါင်းစပ်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် တန်ခိုးရှင်တွေက... တကယ် ကြောက်စရာကောင်းပြီး ခန့်မှန်းရခက်တာပဲ...”