ရွာအမည်ပေးခြင်း
Vol. 5 Ch. 41
အတန်ကြာစကားပြောဆိုပြီးနောက် ကျန်းဝမ်လီတို့ ပြန်သွားချိန်မှာတော့ ယန်ချန်တယောက် ရှုယင်နဲ့ စကားစမြည်း ဆက်ပြောနေခဲ့သည်။
“အစ်မရှု ဒီရွာမှာ အမည်ရှိလား ရွာအမည်ကဘာလဲ”
ရှုယင်က အတန်ကြာစဥ်းစားကြည့်သည်။ သူမလည်း မသိချေ။ သူမတို့သားအမိ ဖန်းအိမ်တော်မှ ထွက်ပြေးလာစဥ်တုန်းက ပါလာသည့်ငွေကြေးအနည်းငယ်ကိုသုံး၍ ခြံဝန်းတခု ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူမအနေဖြင့် မည်သည့်ရွာကိုရောက်နေမှန်းတောင် မသိခဲ့ချေ။ သူမသိတာက ဖန်းအိမ်တော်မှ ဖန်းဟိုင်ရဲ့လက် လွတ်လျင် ရပြီဆိုသည့် အသိတခုဖြစ်သည်။
“ကျမ မသိဘူးသခင်လေး အများအားဖြင့် ရွာသားတွေက တောလိုက်မုဆိုးတွေဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလည်း လုပ်ကြတယ် ဒါပေမယ့် ကျမတို့သားအမိ ရွာကိုရောက်ပြီးသိပ်မကြာခင် ရွာသားတွေလည်း သားရဲကပ်ဘေးကြောင့် ထွက်ပြေးသွားကြတော့ ဒီရွာမှာ ကျမရင်းနီးတဲ့ အသိမိတ်ဆွေ ရှိမနေခဲ့ဘူး”
ယန်ချန်တယောက် ရှုယင်ရဲ့စကားက ဖြစ်တန်ချေရှိသည်ဟု တွေးလိုက်သည်။ လူနေထိုင်တဲ့ ရွာတခုအနေဖြင့် ရွာအမည်ရှိသင့်သည်။ အထူးသဖြင့် သူအနှစ်တရာအခြေချမည့်ရွာက ပို၍ လိုအပ်ပေသည်။
“ဘာလို့မေးတာလဲ သခင်လေး”
ရှုယင်ရဲ့အမေးကို ယန်ချန်က
“မကြာခင် တေးသံသာဂိုဏ်းက တပည့်အချို့နဲ့ အဖိုးလီတို့ကျန်းအိမ်တော်က လူအချို့ ရွာကိုပြောင်းလာကြလိမ့်မယ် အနည်းဆုံး ရွာကလွတ်နေတဲ့ ခြံဝန်းတွေလည်း အလကားမဖြစ်တော့ဘူးပေါ့ ပြီးတော့ ရွာလည်းစည်ကားလာပြီး တောထဲက သားရဲတွေဝင်ရောက်တိုက်ခိုက်မှုကိုလည်း သူတို့က အထိုက်လျောက် ကာကွယ်ပေးလိမ့်ဦးမယ်”
ယန်ချန့်ရှင်းပြချက်ကြားတော့ ရှုယင်က ခေါင်းညိတ်သည်။
“ဒါလည်းကောင်းတာပဲ ဒါပေမယ့်သူတို့က ကျင့်ကြံသူတွေမဟုတ်လား သခင်လေးအနေနဲ့”
ရှုယင်ရဲ့ဆိုလိုရင်းကို နားလည်ဟန်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ကျတော်သိတယ် ဒီလောကမှာ ရှင်သန်နေသရွေ့ ကျင့်ကြံသူတွေနဲ့ ကင်းအောင်နေဖို့ မဖြစ်နိုင်ဘူး အနည်းဆုံး ကိုယ့်ကိုအန္တရာယ်မပေးအောင်တော့ လုပ်လို့ရတယ် နောက်ပြီး တေးသံသာဂိုဏ်းနဲ့ ကျန်းအိမ်တော်ဆိုတာ ရင်းနီးတဲ့သူတွေလို့တောင် ပြောလို့ရနေပါပြီ ဘာမှမဖြစ်လောက်ပါဘူး”
စကားဝိုင်းက အတန်ကြာ တိတ်ဆိတ်သွားသည်။ ကိုယ်စီအတွေးများရှိနေပြီး ရှုယင်၏အတွေးက ထိုသူများ ယန်ချန့်အပေါ် အခွင့်ကောင်းယူနေသည်ကို မလိုလားဖြစ်နေပြီး ယန်ချန်ရဲ့တည်ငြိမ် ရိုးရှင်းသည့်ဘဝအား ထိခိုက်မည်ကို စိုးရိမ်နေသည်။ သူမနဲ့မတူညီစွာ ယန်ချန်ကတော့ ရွာအမည်တခု ပေးရန်စဥ်းစားနေခြင်း ဖြစ်သည်။
“ရွာကို အမည်တခုပေးချင်တယ် အစ်မရှု စဥ်းစားမိတာရှိလား”
ရှုယင်က မိနစ်အနည်းငယ်ကြာ စဥ်းစားပြီးနောက် ခေါင်းယမ်းပြသည်။
“မရှိပါဘူး သခင်လေးအဆင်ပြေတဲ့တခုခုသာ ပေးလိုက်ပါ”
ယန်ချန်က ခေါင်းညိတ်ပြီးနောက် ငြိမ်သက်သွားတော့သည်။ ထိုသို့နှင့် နောက်တနေ့မနက်မှာတော့ ယန်ချန်တယောက် သစ်သားပြားကြီးတခုပေါ်၌ “ထာဝရ ကျေးရွာ” ဟူသည့် စာသုံးလုံးအား ရေးထွင်းနေခဲ့ပြီး စာလုံးတလုံးစီ၌ ပြင်းထန်သည့် စွမ်းအင်များသက်ရောက်နေကာ စာလုံးရေးထွင်းစဥ်တလျှောက်လုံး ယန်ပိုင်တယောက် စာလုံးများအားကြည့်ရှု၍ တုန်ယင်နေခဲ့သည်။
(ဘယ်လောက်တောင်များပြားတဲ့ စွမ်းအင်တွေလဲ နိယာမတွေ စည်းမျဥ်းဥပဒေသတွေ ကြောက်ဖို့ကောင်းလိုက်တာ ငါ့သခင်လေးက လူကိုမဟုတ်နေဘူး)
နာရီအနည်းငယ်ကြာ ရေးထွင်းပြီးနောက် ဆိုင်းဘုဒ်ပြားကြီးအားကြည့်၍ ယန်ချန်တယောက် စိတ်ကျေနပ်သွားသည်။
“သွားစို့ မင်းနောက်လိုက်နည်းနည်းခေါ်ခဲ့ ရွာအဝင်မှာ ဆိုင်းဘဒ်တခုတပ်ကြမယ်”
ယန်ချန်က ယန်ပိုင်ကိုသတိပေးပြီးနောက် ဆိုင်းဘုဒ်အားသယ်ဆောင်ကာ ခြံဝန်းထဲမှထွက်ခွာသွားတော့သည်။ ယန်ပိုင်လည်း မြေခွေးနှင့်တောဝက်အနည်းငယ် ခေါ်၍ အနောက်မှလိုက်ပါလာသည်။
ရွာထိပ်သို့ရောက်လျင် ယန်ပိုင် မြေခွေးများ၏ အကူညီဖြင့် ဆိုင်းဘုဒ်တပ်ရန် တိုင်ကြီးများစိုက်ထူစေကာ ထိုတိုင်များ၏ထိပ်၌ ဆိုင်းဘုဒ်ကိုချိတ်စေသည်။
အတန်ကြာအလုပ်များပြီးနောက်ညဆိုင်းဘုဒ်ချိတ်ပွဲက အောင်မြင်စွာပြီးစီးသွားသည်။ ယန်ချန်တယောက် ရွာအဝင်ဝက ဆိုင်းဘုဒ်ကို ကျေနပ်အားရစွာ အတန်ကြာကြည့်ပြီးနောက် ရွာပတ်ပတ်လည်အား ယာယီစည်းရိုးခတ်ရန် စဥ်းစားတော့သည်။
(အရင်ဆုံးဝါးစည်းရိုးတခုကာရမယ် နောက်ပိုင်းရွာထဲလူများလာမှ ခိုင်ခံ့တဲ့စည်းရိုးပြောင်းတာပေါ့ ရွာကစည်းရိုးတခုလေးမှရှိမနေရင် မတင့်တယ်ဘူး)
ထိုသို့အတွေးဖြင့် ယန်ပိုင်တို့အဖွဲ့အား ဝါးများသယ်ဆောင်စေကာ စည်းရိုးခတ်သည့်အလုပ်အား စတင်တော့သည်။
အချိန်ကတဖြေးဖြေး တနေ့တာကုန်ဆုံးသွားပြီး သေးငယ်သည့်ရွာလေးကလည်း ခြံစည်းရိုးတခုနှင့်အတူ အကောင်ထည်ပေါ်လာလေသည်။
“ဟူးး ဒီလောက်ဆို တော်ရုံသားရဲတွေကို အဟန့်ဖြစ်စေလောက်ပြီ”
ညနေစောင်းမှောင်စပြုချိန်မှာတော့ ခြံဝန်းဆီပြန်ရောက်လာကာ ယန်ပိုင်တို့အဖွဲ့အား အလုပ်လုပ်ခြင်းအတွက် ဆုလာဘ်အနေဖြင့် အသားများစွာ ချက်ကျွေးခဲ့ပြီး သူကိုယ်တိုင်လည်း အားပါးတရ စားသောက်ကာ အိပ်ရာဝင်လိုက်တော့သည်။
“မင်းတို့ ဘယ်သူတွေလဲ ငါတို့က တေးသံသာဂိုဏ်းက လူတွေပဲ ငါတို့ကိုတိုက်ခိုက်ရင် ငါတို့ဂိုဏ်းက မင်းတို့ကို သေချာပေါက် လက်တုန့်ပြန်လိမ့်မယ်”
စုန့်ပြည်နယ်ရှိ တောတွင်းတနေရာ၌ ဖြစ်သည်။ တေးသံသာဂိုဏ်း၏ အကြီးကဲများ မှာကြားချက်ကြောင့် ပင်မတပည့်ဦးဆောင်သည့် အဖွဲ့တခုက ဓားတထောင်ဂိုဏ်းရဲ့ လှုပ်ရှားမှုအား ထောက်လှမ်းနေခြင်းဖြစ်ပြီး မထင်မှတ်စွာဖြင့် ရန်သူတစုနဲ့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။
“ဟားးး တေးသံသာဂိုဏ်းတဲ့လား စကားထဲထည့်ပြောဖို့တောင် မတန်တဲ့ဂိုဏ်းလေးပါကွာ”
ရန်သူ့ဘက်မှ ကျင့်ကြံသူတဦးက တုန့်ပြန်လာသည်။ သူ့လေသံ၌ တေးသံသာဂိုဏ်းအား လှောင်ပြောင်ရိပ်ပါဝင်နေပြီး ထိုသူများက အပြင်အဝတ်ထည်များ ဝတ်ဆင်ထားခြင်းကြောင့် မည်သည့်အင်အားစုကမှန်း မသိနိုင်ချေ။
“မင်းး မင်းတို့ကိုသတ်မယ်ကွ”
ပင်မတပည့်က ဂိုဏ်းကိုစော်ကားခံလိုက်ရသည့်အတွက် ပေါက်ကွဲကာ ရန်သူကျင့်ကြံသူတွေကြား တိုးဝင်သွားတော့သည်။
“သတ်ကြ တယောက်မှအလွတ်မပေးနဲ့”
တိုက်ပွဲက မြန်ဆန်စွာပဲ ဖြစ်ပေါ်လာကာ မြန်ဆန်စွာပဲ အဆုံးသတ်လုနီးပါး ဖြစ်သွားရသည်။ တဖက်ရန်သူ၌ ရွှေအမြူတေ အထွဋ်အထိပ်နှစ်ဦးပါဝင်နေပြီး လူအင်အားက ၅၀နီးပါးရှိကာ တေးသံသာဂိုဏ်း၏ ပင်မတပည့်ဘက်မှာတော့ သူတဦးတည်းသာ ရွှေအမြူတေအလယ်အလတ်ဆင့်ဖြစ်ပြီး ကျန်သူများက အခြေခံတည်ဆောက်ခြင်းများသာဖြစ်သည်။ ထို့အပြင်အင်အားကလည်း လူနှစ်ဆယ်ခန့်သာရှိ၍ နှစ်ဆကျော်ကွာဟနေသောကြောင့် မည်သို့မှ ရင်ဆိုင်ရန်မဖြစ်နိုင်ချေ။
မြေပေါ်၌ တေးသံသာဂိုဏ်း၏ တပည့်များစွာ လဲလျောင်းနေကြပြီး ပင်မတပည့်ဆိုသူလည်း ဒဏ်ရာအပြင်းအထန်ရကာ တဖြေးဖြေးအနောက်သို့ ဆုတ်ခွာနေရသည်။
“အဆံုးသတ်လိုက်တော့ အချိန်ဆွဲနေရင် တစုံတယောက်သတိထားမိသွားလိမ့်မယ် ဒီဒေသက ငါတို့အပိုင်မဟုတ်ဘူး အမြန်လှုပ်ရှားရမယ်”
ရန်သူကျင့်ကြံသူထဲမှ ရွှေအမြူတေအဆင့်အထွဋ်အထိပ်သမားက အဖွဲ့သားများအား သတိပေးပြီးနောက် ချက်ချင်းပင် ပင်မတပည့်အား အပြင်းအထန်တိုက်ခိုက်တော့သည်။
နောက်ထပ်မိနစ်အနည်းငယ်အကြာမှာတော့ ပင်မတပည့်လည်း မြေပြင်ပေါ် ပြိုလဲကျသွားခဲ့ပြီး ထိုသူ၏ပါးစပ်မှသွေးများ အဆက်မပြတ်အန်ထွက်နေခဲ့သည်။
“မင်းး…အွတ်…မင်းတို့ ဘယ်သူတွေလဲ”
သူက နောက်ဆုံးအချိန်အားရောက်နေပြီမှန်း သိနေခဲ့သည်။ သို့သော်လည်း ရန်သူမည်သူမည်ဝါမှန်း မသိပါက ဂိုဏ်းမှ မည်ကဲ့သို့ လက်စားချေပေးမည်နည်း။
“ဟက် သေရတော့မယ့်သူကိုတောင် ကြောက်နေတာပဲ”
နောက်ဆုံးအားအင်ကိုစုစည်း၍ ရန်သူကျင့်ကြံသူများအား ရန်စ စကားပြောလိုက်တော့သည်။
“ဒီကောင် သောက်စကားများလွန်းတယ်”
ကျင့်ကြံသူတဦးက လက်ထဲမှဓားဖြင့် ခုတ်ပိုင်းရန် အနားကပ်လာရင်း တီးတိုးပြောလိုက်သည်။
“မင်းသိပ်သိချင်နေတာလား မင်းရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ် ငါတို့က ဓားတထောင်ဂိုဏ်းကပဲ”
ပင်မတပည့်ရဲ့ မျက်လုံးအစုံက မထင်မှတ်ထားသည့်ဟန်ဖြင့် ပြူးကျယ်သွားစဥ် ရန်သူကျင့်ကြံသူက အဆုံးသတ်ပေးလိုက်တော့သည်။ ပြီးနောက် အလောင်းအား လှည့်ပင်မကြည့်တော့ပဲ ထိုနေရာမှ အဖွဲ့သားများအားခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
သို့သော် သူမသိလိုက်သည်က ပင်မတပည့်ရဲ့လက်ထဲမှ သတင်းပို့ကျောက်စိမ်းပြား ကျေမွနေခဲ့ပြီး သူလှည့်ထွက်လိုက်စဥ် သတင်းစကားတခု တေးသံသာဂိုဏ်းဆီ ရောက်သွားခဲ့သည် ဆိုတာပင်။
…………………………….