ကျန်းဝမ်လီရောက်ရှိလာခြင်း
Vol. 5 Ch. 43
ရက်အနည်းငယ် ကုန်ဆုံးသွားသည်။
အဆိုပါနေ့ရက်များ၌ ယန်ချန်တယောက် ပန်းချီဆွဲခြင်း ဆေးဖော်စပ်ခြင်း ရံဖန်ရံခါ၌ ရှုယင်အား လေ့ကျင့်ပေးခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
ခြံဝန်းအတွင်းရှိ စိုက်ပျိုးရေးကိစ္စများကိုတော့ ယန်ပိုင်နဲ့မြေခွေးလေးများက တာဝန်ယူထားကြပြီး တောဝက်အိုကြီးဥိီးဆောင်သည့် အဖွဲ့က ရွာလုံခြုံရေးဟုဆိုကာ ညတိုင်းကင်းလှည့်လေသည်။
“ခန္ဓာကိုယ်က ပြင်အရာတွေကိုလုပ်ဆောင်အရာမှာ အားစိုက်ထုတ်ပြီး စိတ်ဝိဉာဥ်ကတော့ ထိုအရာတွေကို ထိန်းချုပ်စေခိုင်းတယ်”
ယန်ချန်က ရေးလက်စ လက်ရေးလှစာကြောင်းအား အဆုံးသတ်လိုက်သည်။ အပြင်၌ အလင်းရောင်အချို့ထွက်ပေါ်နေပြီး မနက်ခင်းပင် ရောက်နေချေပြီ။
အချိန်အတော်ကြာ ရင်းနီးစွာအတူရှိပြီးတဲ့နောက် ရှုယင်က ယန်ချန့်ကိုသီးသန့်ခွဲမနေစေတော့ပဲ သူမရဲ့ခြံဝန်းကျယ်ကြီး၌ အခန်းတခန်းယူစေကာ နေခိုင်းသည်။ ထို့အပြင် ယန်ချန့်အတွက် အစားသောက်ပြင်ဆင်ခြင်း အဝတ်ထည်များလျှော်ဖွပ်ခြင်းတို့ကိုလည်း ယန်ချန်ပင်တားမရခဲ့ သူမကပင်အကုန်တာဝန်ယူကာ တကယ်ကိုအိမ်ရှင်မတဦးနှယ် ဆောင်ရွက်ပေးနေသည့်အတွက် ယန်ချန်ရဲ့နေ့စဥ်ဘဝက အဆင်ပြေနေခဲ့သည်။
ညောင်းကိုက်နေသည့် ခါးရိုးအား အသာလှည့်၍ အကြောဖြေလိုက်သည်။ နာရီပေါင်းများစွာ စားပွဲ၌ထိုင်ခြင်းက အနည်းငယ်ပင်ပန်းစေပြီး ယန်ချန်တယောက် ရှုံ့မဲ့နေမိသည်။
“ဒီနေ့တော့ ရွာထဲပတ်ပြီး ခြံဝန်းတွေဆီ စစ်ဆေးရမယ် အဖိုးလီတို့သိပ်မကြာခင် ရောက်လာလောက်တယ်”
ထိုသို့တွေးပြီးနောက် စာကြည့်ခန်းမှထွက်ကာ ကိုယ်လက်သန့်စင်လိုက်ပြီး ရှုယင်တို့သားအမိနဲ့အတူ မနက်စာစားသည်။
“ယင်ယင်လေး အသားပေါက်စီမကြိုက်လို့လား”
ရှုယင်က အသားပေါက်စီအား မစားပဲ ယာဂုကိုသာ ငုံ့သောက်နေသည့် ယင်ယင်ကိုကြည့်၍ မေးလိုက်သည်။ ယခင်ကဆိုလျင် ယင်ယင်က အသားပေါက်စီကို ကြိုက်နှစ်သက်ပြီး ရှုယင်ကပင် တားယူရသည်အထိ စားသူဖြစ်သည်။
“မဟုတ်ပါဘူး သမီးဗိုက်ထဲနေလို့မကောင်း ဖြစ်နေလို့”
ယင်ယင်လေးက တိုးညင်းသည့်လေသံနှင့်ဖြေကာ ယာဂုကိုဆက်သောက်နေသည်။ ရှုယင်တယောက်အနည်းငယ် ထိတ်လန့်သွားသည်။
“အစာမကြေတာများလား မှန်းစမ်း”
သူမရဲ့လက်တဖက်က ယင်ယင်၏ ဝမ်းဗိုက်လေးအား အသာစမ်းရင်း ညည်းညူနေသည်။
“မေမေပြောပါတယ် အသားတွေက အစာကြေဖို့ခက်ပါတယ်လို့ အခုတော့ကြည့် ဖြစ်ပြီ သမီးဗိုက်ထဲက အသံတွေထွက်နေတာ မေမေသတိထားမိတယ် ဒါအစာမကြေဖြစ်နေတာပဲ”
သူမက ပြောလည်းပြော ချက်ချင်းပဲ စားပွဲဝိုင်းမှထကာ ယန်ချန်ဖော်စပ်ထားသည့် ဆေးများထားရာ စင်သို့လျှောက်သွားပြီး အစာကြေဆေးအနည်းငယ် ထုတ်ယူလိုက်သည်။ ပြီးနောက် စားပွဲဝိုင်းဆီ ပြန်ယူလာကာ ယင်ယင်လေးအား သောက်စေသည်။
တဖက်တွင် ယန်ချန်က ထိုအခြေနေကို တိတ်တဆိတ်သာကြည့်နေပြီး သူ့ဆေးပညာအရ ယင်ယင်လေး၏ဝေဒနါမှာ အစာမကြေတာလောက် မရိုးရှင်းဟု ခံစားနေရသည်။ သို့သော်လည်း ထုတ်တော့မပြောခဲ့ပေ။ ရှုယင်စိုးရိမ်သွားမည်ဖြစ်သည်။
အတန်ကြာတော့ ယင်ယင်ကအနည်းငယ်ရွှင်လန်းသွားပြီး ယာဂုပန်းကန်ကိုချကာ စားပွဲဝိုင်းမှထွက်သွားတော့သည်။ သေချာသည်က ဆော့ကစားရန် ခြံဝန်းထဲသွားခြင်း ဖြစ်သည်။
“ဟူးး… ဒီကလေးမလေးကတော့ စားဖို့နဲ့ ဆော့ဖို့ပဲသိတယ် ခန္ဓာကိုယ်ကို လုံးဝဂရုမစိုက်ဘူး”
ရှုယင်က စိတ်ပျက်သည့်ဟန်ဖြင့် စားပွဲဝိုင်း၌ ညည်းညူနေသည်ကိုကြားလျင် ယန်ချန်က ပြုံး၍ နှစ်သိမ့်လိုက်သည်။
“ဒါက ကလေးသဘာဝပဲ အစ်မရှု သူ့သဘာဝအတိုင်းနေပါစေ ကျန်းမာရေးအရ တခုခုဆို ကျတော်ရှိပါတယ် မပူပါနဲ့”
ယန်ချန့်စကားကြားတော့ အနည်းငယ်စိတ်သက်သာရာ ရသွားဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“ဒါနဲ့ အဖိုးလီတို့ ဘယ်နေ့ရောက်မလဲ”
ရှူယင်ရဲ့အမေးကို ယန်ချန်က
“မသိဘူး တပတ်လောက်ကြာမှ လာခဲ့ဖို့တော့ပြောလိုက်တာပဲ ဒီနေ့တပတ်ပြည့်ပြီဆိုတော့ ဒီနေ့မဟုတ်ရင် မနက်ဖန်ရောက်လာနိုင်တယ်”
“အင်း.. ဘာပဲပြောပြော တရွာလုံးမှာ ကျမတို့ပဲရှိတာထက်စာရင်တော့ လူများလာတာက အဆင်ပြေပါတယ်လေ”
ရှုယင်က တွေးတွေးဆဆဟန်ဖြင့်ပြောသည်။ ယန်ချန်လည်း တေးသံသာဂိုဏ်းမှ တောင်းဆိုထားသည့် တိုက်ခိုက်ရေးနည်းလမ်းများအား မည်ကဲ့သို့သင်ကြားရမည်ကို စဥ်းစားနေစဥ် ကျန်းဝမ်လီဦးဆောင်သည့် ကျနိးအိမ်တော်အဖွဲ့က ရွာထိပ်သို့ရောက်ရှိလာကြတော့သည်။
ကျန်းဝမ်လီက ရွာအမည်ဆိုင်းဘုဒ်အား ကြည့်ကာ မှင်သက်နေလေသည်။
(ဒါက ဘယ်လိုနတ်ဘုရားဆန်တဲ့ နိယာမတွေလည်း ငါ့အဆင့်နဲ့တောင် ဖိနှိပ်ခံရသလို ခံစားနေရတယ် ကြောက်ဖို့ကောင်းတယ် ပြီးတော့ ဘယ်တုန်းက ဒီဆိုင်းဘုဒ်ကို သခင်လေးယန်က တပ်လိုက်တာလဲ)
ကျန်းဝမ်လီက ကျင့်ကြံသူဖြစ်၍ ဆိုင်းဘုဒ်မှ အရာကိုအာရုံခံမိကာ သာမန်သူများဖြစ်သည့် အကြီးကဲအချို့နှင့် လူငယ်များကတော့ မည်သည့်အရာကိုမှ မခံစားရပဲ အပေါ်ယံအမြင်ဖြစ်သည့် လက်ရေးလှစွမ်းရည်ကိုသာ အားတက်သရော ချီးကျူးနေကြလေသည်။
“အရမ်းကောင်းတယ် ဒါက ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးပဲ”
“ဟုတ်တယ် သခင်လေးယန်က နတ်ဘုရားတပါးလို့ ဘိုးဘေးပြောတာမမှားဘူး ဆေးပညာ လက်ရေးလှနဲ့ သိုင်းပညာ အဖက်ဖက်မှာ ပြည့်စုံနေတာပဲ”
လူများက တီးတိုးပြောဆိုနေကြပြီး ရွာထိပ်၌ နာရီဝက်ခန့်ကြာပြီးနောက်မှာတော့ ကျန်းဝမ်လီတယောက် သတိဝင်လာကာ ရွာထဲဝင်ရန် ဆော်သြော်လိုက်တော့သည်။
“လာကြ ရွာထဲဝင်မယ် အကုန်လုံးငါမှာထားတာတွေကို တိတိကျကျလိုက်နာကြ မဟုတ်လို့ကတော့ ငါ့ကိုရက်စက်တယ်လို့ မထင်ကြနဲ့ပေါ့”
ကျန်းဝမ်လီက ထိုစကားကို လမ်းတောက်လျှောက် အကြိမ်ပေါင်းများစွာ မှာနေခဲ့ပြီး သူ့စည်းမျဥ်းကလည်း ရိုးရှင်းသည်။ ရွာ၌ ရှိနေသမျှကာလပတ်လုံး သူတို့အကုန်လုံးက ယန်ချန်စကားကိုနားထောင်ရမည်ဖြစ်ပြီး မည်သည့်ပြဿနာမှရှာခွင့်မရှိချေ။
မကြာခင်မှာပဲ ယန်ချန်နေထိုင်သည့် ခြံဝန်းရှေ့နားရောက်သွားလေသည်။ သိသာစွာပင် ခြံဝန်းအပြင်ဘက်မှ အတွင်းသို့ လှမ်းမမြင်နိုင်ခဲ့ပေ။
“သခင်လေးယန် လူအိုကြီးရောက်လာပါပြီ”
ကျယ်လောင်သည့်အသံကြောင့် မူလက စကားကောင်းနေသည့် ယန်ချန်နဲ့ရှုယင်တို့နှစ်ယောက်လည်း စကားစပြတ်သွားကာ ပြုံးမိိလိုက်ကြသည်။ ဒီအဖိုးကြီးကတော့ ကြာလေတက်ကြွလေပဲ…အားကျဖို့ကောင်းတယ် ။
ယန်ချန်က ခြံဝန်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ ကျန်းဝမ်လီဦးဆောင်သည့် ကျန်းအိမ်တော်မှ အယောက်၅၀ နီးပါးရှိသည့် အဖွဲ့ကြီးကို တွေ့လိုက်ရတော့သည်။
……………………………………………..