မဟာမင်ဧကရီ မင်ယုရှန်း
Vol. 5 Ch. 46
ထျန်းဟွမ်တိုက်ကြီး၌ နိုင်ငံများစွာရှိပြီး တိုက်ကြီး၄ခုက ကုန်းမြေတခုကို ဝိုင်းပတ်ထားသည်။
တိုက်ကြီးလေးခုအနက် တောင်ပိုင်းတိုက်ကြီးမှာ တိုးတက်မှုအနည်းဆုံးဖြစ်ကာ မဟာမင် မဟာကျင်း မဟာရှု စသည့်နိုင်ငံများက တောင်ပိုင်းတိုက်ကြီးထဲတွင် ပါဝင်ပေသည်။
တိုက်ကြီးလေးခု၏ အလယ်မှာတော့ အလယ်ပိုင်းကုန်းမြေရှိပြီး ခေတ်အဆက်ဆက် အလယ်ပိုင်းကုန်းမြေက အတိုးတက်ဆုံးဖြစ်ကာ ထိပ်သီးကျင့်ကြံသူအပေါများဆုံးလည်းဖြစ်သည်။ အခြားတိုက်ကြီး၃ခုကမူ အလယ်ကုန်းမြေအား မယှဥ်နိုင်သော်လည်း တောင်ပိုင်းထက် သိသာစွာ အင်အားကောင်းနေသေးသည်။
မင်ယုရှန်း ဆိုသည်ကား မဟာမင်နိုင်ငံတော်၏ ပထမဆုံး အမျိုးသမီးဧကရီတစ်ပါးဖြစ်ပြီး သူမက မဟာမင်နိုင်သံတော်တခုလုံးအား ဆယ်နှစ်အတွင်း ဖိနှိပ်စုစည်းခဲ့သည်။ သူမ၏ ဧကရီခရီးလမ်းက လွယ်ကူမနေခဲ့ချေ။
ထိပ်တန်းကျင့်ကြံရေး အင်အားစုများ ဂိုဏ်းကြီးများအား အဆက်မပြတ်ဖိနှိပ်ခံရပြီး အလောင်းများ တောင်လိုပုံထပ်ကာ သေမင်းနဲ့ အကြိမ်မည်မျှ စစ်ခင်းခဲ့ရမှန်း သူမပင်မသိတော့။ သူမစိတ်ကူးက နိုင်ငံတော်တခုလုံးစုစည်း၍ အခြားတိုက်ကြီးများမှ နိုင်ငံများထက် ပိုတိုးတက်စေလိုသည့် ဆန္ဒနဲ့ ဖြစ်သည်။
မဟာမင်ဧကရီမင်ယုရှန်း နန်းတော်…
မင်ယုရှန်းတယောက် အစည်းအဝေးတခု ကျင်းပနေခဲ့သည်။ အကြောင်းရာက သွေးဝိဉာဥ်ဂိုဏ်း၏ လှုပ်ရှားမှုဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က မဟာမင်နိုင်ငံအတွင်း ၎င်းတို့၏ လှုပ်ရှားမှုများအား သူမသတိထားမိခဲ့ကာ ထိုမှတဆင့် အချို့သော အင်အားစုများ ပူးပေါင်းပါဝင်နေသည်ကို သိခဲ့ရသည့်အတွက် အဆိုပါအင်အားစုများအား မည်ကဲ့သို့ ကိုင်တွယ်မည်ကို ဆွေးနွေးတိုင်ပင်နေကြခြင်း ဖြစ်သည်။
“ဧကရီကို နှုတ်ဆက်ပါတယ်”
“ဧကရီသက်တော်ရှည်ပါစေ”
အမတ်များ စစ်သူကြီးများအားလုံး ပုလ္လင်ပေါ်၌ တည်ငြိမ်စွာထိုင်နေသည့် မင်ယုရှန်းအား နှုတ်ဆက်လိုက်ကြသည်။
“ကောင်းပြီ လတ်တလော အခြေနေတွေကို ပြောပြ”
မင်ယုရှန်းစကားဆုံးသည်နှင့် အမတ်တဦးမှ
“မကြာသေးမီက အသစ်ပြန်ဆွဲထားတဲ့ လယ်ယာစိုက်ပျိုးရေး မူဝါဒကြောင့် စိုက်ပျိုးရေးကုန်သည်အများစု မကျေမနပိဖြစ်နေကြပါတယ် သူတို့က နိုင်ငံတော်ထံပေးဆောင်ရတဲ့ အခွန်အခကို တဝက်လျှော့ချပေးစေချင်ပြီး အကယ်၍ မူဝါဒကို မပြောင်းလဲဘူးဆိုရင် နန်းတွင်းအခွန်ကိုလည်း နှစ်စဥ်ဆောင်ဖို့ ပြန်လည်စဥ်းစားမယ်လို့ ပြောဆိုကြပါတယ်”
အမတ်ကြီးရဲ့စကားအဆုံး၌ အခြားအမတ်တဦးက နှာခေါင်းရှုံ့ကာ ကဲ့ရဲ့စကားပြောလာသည်။
“ဒီကုန်သည်တွေ ဒီလိုအာခံဖို့ ဘယ်ကသတ္တိတွေရလာလဲ နန်းတော်ကိုသူတို့အခွန်ဆောင်တာနဲ့အညီ ကျုပ်တို့ဘက်ကလည်း ထိုက်သင့်တဲ့ ကာကွယ်မှုတွေ ပြန်ပေးတာပဲမဟုတ်လား ကျေးဇူးမသိတတ်လိုက်တာ”
“စစ်ရေးအမတ်ကြီး ဒါမင်းနားလည်တဲ့အပိုင်းမဟုတ်ဘူး လက်လွယ်စပယ်မပြောပါနဲ့ သူတို့သာ အခွန်မဆောင်ရင် နန်းတွင်းကဘာနဲ့ရပ်တည်မလဲ ဘာလဲခဗျားက ထိပ်တန်းဂိုဏ်းတွေဆီက ငွေညှစ်မလို့လား ဒါမှမဟုတ် သေမျိုးတွေက လည်ပင်းညစ်ဖို့စဥ်းစားနေတာတော့ မဟုတ်ဘူးမလား”
“အမတ်လျှို.. မင်း.စကားကဘာသဘောလဲ”
စစ်ရေးအမတ်အား ခွန်းတုန့်ပြန်လိုက်သူမှာ မဟာမင်နိုင်ငံ၌ ထိပ်တန်းအဆင့်အာဏရှိသူဟု အမည်ကြီးပြီး မင်ယုရှန်းအားကိုးရသည့် အမတ်တဦးဖြစ်သူ လျှိုလီ ဖြစ်သည်။ လျှိုလီက တိုင်းပြည်ရေးရာကို ကိုင်တွယ်ပြီး သူနှင့်အတူ အမတ်ကုန်းစွန်းက ကျင့်ကြံရေးအင်အားစုများအား ကိုင်တွယ်ရပေသည်။
(မဟာမင်နိုင်ငံတော်အစား မဟာမင်တိုင်းပြည်ဟု ပြောင်းလဲထား)
သိသာစွာပင် စစ်မက်ရေးရာအမတ်ကြီးက အမတ်လျှိုနဲ့ မသင့်မြတ်သူဖြစ်ပြီး တဲ့တိုးဆန်ကာ ကြမ်းတမ်းသည့် အမတ်နှင့် ဉာဏ်များသည့် အမတ်လျှိုကြားပွတ်တိုက်မှုက အကြိမ်တိုင်းဖြစ်နေသည့်အတွက် အများအမြင်၌ မဆန်းတော့ပေ။
“တိတ်ကြစမ်း. ကုန်သည်တွေရဲ့ ဒီတခေါက်တုန့်ပြန်မှုက မရိုးသားဘူး သူတို့နောက်ကွယ်မှာ ဘယ်သူရှိနေလဲစုံစမ်းလိုက်”
မင်ယုရှန်းစကားအဆုံး၌ ခန်းမထဲရှိလူများအားလုံး ငြိမ်သက်သွားကြတော့သည်။
“နောက်တယောက် ပြောပါဦး”
ယခုတကြိမ်က အမတ်ကုန်းစွန်းဖြစ်သည်။
“မကြာမီကျင်းပမယ့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် ထိပ်တန်းဂိုဏ်းကြီးတွေနဲ့ တိုင်ပင်ပြီးပါပြီ ကျင်းပမယ့်အချိန်နေ့ရက်နဲ့ အကြောင်းရာကို ဧကရီက သက်မှတ်ပေးစေလိုပါတယ်”
အမတ်ကုန်းစွန်းစကားအဆုံး၌ မင်ယုရှန်းတယောက် ငြိမ်သက်သွားသည်။ သူမ၏သတင်းပေးမှုအရ ကျင်းတိုင်းပြည်၌ တေးသံသာဂိုဏ်းဦးဆောင်သည့် အင်အားစုများက ဂိုဏ်းပေါင်းစုံပြိုင်ပွဲကြီးတခု ပြုလုပ်တော့မည်ဖြစ်ပြီး ထိုပြိုင်ပွဲက ဒုတိယမြောက်သားရဲကပ်ဘေးအား ကိုင်တွယ်ရာ၌ အထောက်ကူဖြစ်စေရန်ဟု ကြားသိထားသည့်အတွက် သူမက ယခုကဲ့သို့စီစဥ်ခြင်းဖြစ်သည်။ သားရဲကပ်ဘေးက မထင်မှတ်စွာဖြင့် နီးကပ်လာချေပြီ။ နှစ်ဝက်ပင်မကျန်တော့ပေ။ သူမတိူ့သာ မပြင်ဆင်ထားပါက ဆုံးရှုံးမှုကြီးနိုင်သည်ဟု တွေးနေမိသည်။
“တလအတွင်းကျင်းပမယ်လို့ပြောလိုက် ဆုလာဒ်ကို နန်းတွင်းက တာဝန်ယူမယ် ပြိုင်ပွဲကိုတော့ ထိပ်တန်းဂိုဏ်းတွေစုပေါင်းပြီး အဆင်ပြေအောင်စီစဥ်ပါ”
“နားလည်ပါပြီ”
အမတ်ကုန်းစွန်းက အရိုသေပေးကာ သူ့နေရာ၌ တိတ်ဆိတ်စွာထိုင်နေခဲ့သည်။ ထိုချိန်မင်ယုရှန်းက ဆက်၍
“ သွေးဝိဉာဥ်ဂိုဏ်းနဲ့ပက်သက်ပြီး ဆက်နွယ်နေတဲ့ အင်အားစုတွေကို တလအတွင်းသိချင်တယ် ရနိုင်သမျှအကုန်စုံစမ်းကြ သွေးဝိဉာဥ်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့ ဘယ်မိသားစု ဘယ်ဂိုဏ်းမဆို မင်တိုင်းပြည်ဥပဒေအရ ရှင်းလင်းခံရမယ်”
မင်ယုရှန်း၏စကားသံက ခန်းမထဲပျံ့လွင့်သွားပြီး တဖက်မှာတော့ အချို့သူများ၏ ခန္ဓာကိုယ်များက မသိမသာ တုန်ယင်သွားကြတော့သည်။ မင်ယုရှန်းဆိုသူကား လှပသော်လည်း ရက်စက်ကြမ်းတမ်းတဲ့ ဧကရီတပါးဖြစ်ကာ သွေးပင်လယ်ထဲ ခြေဆေးလာသူဖြစ်၍ သူမအကြောင်းသိထားသည့် အမတ်များ စစ်သူကြီးများမှာ ထိတ်လန့်နေကြခြင်းဖြစ်သည်။
မင်ယုရှန်းအိပ်ဆောင်အတွင်း…
လှပသည့်အစေခံမလေးက မင်ယုရှန်း၏ ဝတ်ရုံရှည်အား ညင်သာစွာချွတ်ကာ အနည်းငယ်ပေါ့ပါးပြီး ရိုးရှင်းသည့် အခြားဝတ်ရုံရှည်တခုအား ပြောင်းလဲဝတ်ဆင်ပေးနေလေသည်။
“လုလု ပြီးရင်ငါ့အတွက်ချိုးရေအသင့်ပြင်ထားပေး”
“ဟုတ်ကဲ့ပါ သခင်မ”
လုလုက ဝတ်ရုံရှည်အား ပြင်ဆင်ပြီးနောက် ချိုးရေပြင်ရန် ထွက်ခွာသွားသည်။ မင်ယုရှန်းတယောက်တည်း ကျန်နေခဲ့ချိန်မှာတော့ သက်ပြင်းချသံတခု ကျယ်လောင်စွာထွက်ပေါ်လာကာ ဝတ်ထားသည့်ဝတ်ရုံရှည်အား အသာမကာ ထိုင်ခုံတခု၌ စိတ်ပျက်အားနည်းစွာ ထိုင်လိုက်လေသည်။
(ငါ့သွေးကြောတွေက တနေ့ထက်တနေ့ ပိုပိုဆိုးလာတယ် ချီဓာတ်ကိုအရင်ကလို စုပ်ယူလို့မရတော့ ကျင့်ကြံဆင့်တက်ဖို့ကလည်း တဖြေးဖြေးခက်သွားပြီ ပြီးတော့ သွေးဝိဉာဥ်ဂိုဏ်း အမတ်လျှိုလီ အမတ်ကုန်းစွန်း)
သူမရဲ့အတွေးများက ရှုပ်ထွေးနေပြီး လွန်ခဲ့သည့်နှစ်များတလျှောက် တိုက်ပွဲများရာချီ တိုက်ခိုက်ခဲ့ရခြင်းက သူမအား ပြင်းထန်သည့်ဒဏ်ရာများဖြစ်စေခဲ့ကာ နန်းတက်ပြီး နှစ်အနည်းငယ်အကြာမှာတော့ ဒဏ်ရာများက စတင်သိသာလာလေသည်။ ထိုသို့ဖြင့် အဆိုပါဒဏ်ရာများသာ ပိုဆိုးပါက သူမအနေဖြင့်ဆက်လက်ဖုံးကွယ်၍ မရနိုင်တော့ပဲ သူမအားချောက်ချရန်ကြံနေသည့် အမတ်လျှို အမတ်ကုန်းစွန်းနဲ့ ဂိုဏ်းအချို့က အခွင့်ကောင်းယူသွားမည်ကို သူမ သိနေခဲ့သည်။ သို့သော်လည်း သူမတတ်နိုင်တာမရှိခဲ့ပေ။
(အဘိုးမင်ဆီ သွားရင်ကောင်းမယ်)
သူမကရုတ်ချည်းပင် အဘိုးမင်အား သတိရသွားကာ အဘိုးမင်ဆိုသူက မင်တိုင်းပြည်၏ ဘိုးဘေးဧကရာဇ်တပါးဖြစ်ကာ မင်ယုရှန်း၏ အဘိုးတော်စပ်သူလည်း ဖြစ်သည်။
“သခင်မ ချိုးရေပြင်ပြီးပါပြီ”
လုလု၏အသံ ထွက်ပေါ်လာသည်။
“ကောင်းပြီ မင်းထွက်သွားနားတော့”
“ဟုတ်ကဲ့ပါ သခင်မ”
မင်ယုရှန်းက ရေချိုးမသွားခဲ့ချေ။ ထိုအစား သူမ၏ အိပ်ခန်းဆောင်ထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
…………………………………………..