← Chapters

ဘိုးဘေးမင်ဝမ်

Vol. 5 Ch. 47

ဘိုးဘေးမင်ဝမ်

Vol. 5 Ch. 47

မဟာမင်နန်းတော်၏အနောက်ဘက် မိုင်ဝက်ခန့်အကွာမှာတော့ မီတာအနည်းငယ်မြင့်မားပြီး တိတ်ဆိတ်အေးချမ်းသည့် တောင်ကုန်းတခုရှိနေသည်။

ထိုတောင်ကုန်းပေါ်၌ အိမ်ငယ်လေးတလုံးရှိကာ အဆိုပါအိမ်ငယ်လေးက မိုက်ဝက်ခန့်အကွာရှိ မဟာမင်နန်းတော်၏ ထည်ဝါမှုနဲ့ မယှဥ်နိုင်လောက်အောင် မှေးမှိန်စွာတည်ရှိနေသည်။

သို့သော် ထိုတောင်ကုန်းအား မည်သူကမှအထင်မသေးရဲချေ။ တောင်ကုန်းပိုင်ရှင်၏ ခွင့်ပြုချက်တစုံတရာမရပဲ တောင်ကုန်းပေါ်တက်ရောက်ရန်အသာထား တောင်ကုန်းအောက်ခြေကိုပင် ကပ်ခွင့်ရမည်တော့မဟုတ်။

ထိုသို့ဆိုလျှင် ထိုတောင်ကုန်းငယ်၌ နေထိုင်သူကမည်သူနည်း။

မဟာမင်တိုင်းပြည်၏ တတိယဧကရာဇ် ဘိုးဘေးမင်ဝမ် နေထိုင်သည့်နေရာဖြစ်ပြီး ဘိုးဘေးမင်ဝမ်ဆိုသူကား လွန်ခဲ့တဲ့နှစ် နှစ်ထောင်ခန့်ကာလ၌ ပြိုင်ဘက်ကင်း သတ်ဖြတ်သူဘွဲ့ရ ပါရမီရှင်တဦးဖြစ်သည်။

သူနှင့်ခေတ်ပြိုင် ပါရမီရှင်များစွာကို နင်းချေခဲ့ပြီး မင်ဝမ်၏ဂုဏ်သတင်းက မင်တိုင်းပြည်တွင်သာမက အခြားသောတိုင်းပြည်များထိ ကျော်ကြားကာ ထိုမှတဆင့် မင်ဝမ်တယောက် အလယ်ကုန်းမြေမှ ဂိုဏ်းကြီးတခုဆီရောက်ရှိသွားသည်။ ထိုအရာက ကျားကိုအတော်တပ်ပေးလိုက်သည်နှင့် ဆင်တူခဲ့ကာ မင်ဝမ်တယောက် မင်တိုင်းပြည်ကို ပြန်လည်စုစည်းရန်ကြိုးစားခဲ့ပြီး မတူညီတဲ့နည်းလမ်းများ စည်းမျဥ်းများစွာကို ချမှတ်ခဲ့သူ မင်တိုင်းပြည်ဧကရာဇ်များထဲ၌ မင်တိုင်းပြည် ပြည်သူပြည်သားများ၏ လေးစားကြောက်ရွံမှုကို အများဆုံးရရှိထားသူ သတ်ဖြတ်သူနတ်ဘုရား မင်ဝမ်၏ တောင်ကုန်းလေးဟု ဆိုပါလျင် မည်သူက အရဲစွန့်၍ တက်ရောက်မည်နည်း။

သို့သော် ယခုအဆိုပါတောင်ကုန်းပေါ်သို့ လှပတဲ့ ပုံရိပ်တခုက ငြင်သာစွာလျှောက်လှမ်းနေခဲ့ပြီး ပုံရိပ်ငယ်ကိုကြည့်ရသည်မှာ အထီးကျန်ခြင်း အလိုမကျဖြစ်ခြင်းတို့ ရောပြွမ်းနေခဲ့ပြီး နှေးကန်သည့် ခြေလှမ်းများက ပုံရိပ်ပိုင်ရှင်၏ အတွေးစိတ်ကိုပြသနေသည်။

တဖြေးဖြေး ပုံရိပ်ငယ် တောင်ကုန်းထိပ်ရှိ အိမ်လေး၏ရှေ့ရောက်ရှိသွားကာ တိတ်တဆိတ်ရပ်တန့်သွားသည်။

“ရှန်းအာ..”

ကြည်လင်ပြီးလေးနက်သည့် အသံသြဇာတခု အိမ်လေးအတွင်းမှ လွင့်ပျံလာကာ အသံထဲ၌ ချစ်ခင်ကြင်နာမှုကို ခံစားရနိုင်သေးသည်။

“အဘိုး… ရှန်းအာ လာလည်ပါတယ်”

အဆိုပါပုံရိပ်ငယ်ကတော့ မင်တိုင်းပြည်၏ဧကရီ မင်ယုရှန်းဖြစ်သည်။

“ဝင်ခဲ့လေ ရှန်းအာ”

မင်ယုရှန်းက အိမ်လေးအတွင်း ဝင်ရောက်သွားချိန်မှာတော့ အိမ်အတွင်း၌ ခမ်းနားသည့် မည်သည့်အဆောင်ယောင်မှ မရှိနေကာ သစ်သားစားပွဲတခု ထိုင်ခုံနှစ်လုံး ပြီးနောက် သစ်သားကုတင်တလုံးရှိနေပြီး အခြားမည်သည့်ခမ်စနားသည့်အရာမှ ရှိမနေချေ။

“အဘိုးကို နှုတ်ဆက်ပါတယ်”

မင်ယုရှန်းက ထိုင်ခုံတခု၌ ငြိမ်သက်စွာထိုင်နေသည့် အသက်၈၀အရွယ်ခန့်ရှိသည့် အဘိုးအိုတဦးအား အရိုသေပေးလိုက်သည်။ အဘိုး၏ဆံပင်များက ဖြူစွတ်ကာ ရှည်လျားသည့်ဆံပင်များကလည်း ပုခုံးပေါ်မှ ဖြာကျနေသည်။

ထို့အပြင်အရေးကြောင်းများပြည့်နေသည့် မျက်နှာပေါ်၌ တည်ငြိမ်သည့်အငွေ့သက်တချို့ရှိနေပြီး စူးရှသည့်မျက်လုံးတစုံကြောင့် အဖိုးအိုက ထက်မြတ်ပြီး ပါရမီရှိသူ စိတ်ဓာတ်ပြတ်သားသူဖြစ်ကြောင်း ပြဆိုနေသည်။

“ရှန်းအာ ဘာကိစ္စလဲ”

မင်ယုရှန်းက အဘိုးဖြစ်သူအတွက် လက်ဖက်ရည်တခွက် ငှဲ့ပေးပြီးနောက် သူမအတွက်လည်း တခွက်ငှဲ့လိုက်သည်။ ပြီးနောက်

“အဘိုး… အပြင်လောကက မတည်ငြိမ်တော့ဘူး ပြီးတော့ ကျမရဲ့သွေးကြောတွေက တနေ့တခြား ပိုပိုဆိုးလာနေတယ်”

သူမက စိတ်ပျက်အားလျော့စွာပြောလိုက်ပြီး ထိုကဲ့သို့အားနည်းသည့်ဘက်ခြမ်းအား သူမအဘိုးဖြစ်သူမှလွဲ၍ မည်သူကိုမှ မြင်တွေ့ခွင့်ပေးလိမ့်မည် မဟုတ်ပေ။

“လျှိုနဲ့ ကုန်စွန်းတို့ ကြောင့်လား”

မင်ဝမ်က မင်ယုရှန်းငှဲ့ပေးထားသည့် လက်ဖက်ရည်အား တငုံသောက်ကာ မေးသည်။

“ဟုတ်တယ် မကြာခင်မှာသူတို့ မင်တိုင်းပြည်ကို ပုန်ကန်ဖို့ အစီစဥ်တွေစတင်တော့မယ်လို့ ကျမသိနေတယ် ပြီးတော့ သူတို့နောက်ကွယ်က သွေးဝိဉာဥ်ဂိုဏ်း သူတို့ကိုကျမ ရင်မဆိုင်နိုင်ဘူး အတိကျပြောရရင် ကျမဒဏ်ရာမရခင်အချိန် အထွဋ်အထိပ်ကာလမှာတောင် မရနိုင်ဘူး”

မင်ဝမ်က အနည်းငယ်ပြုံးနေခဲ့သည်။ သူက မြေးဖြစ်သူ၏စိတ်ဓာတ်ကို သိနေခဲ့ပြီး သူမဧကရီဖြစ်လာရခြင်းက မင်တိုင်းပြည်အတွင်း သေမျိုးများအပေါ် ကျင့်ကြံသူများ အနိုင်ကျင့်သတ်ဖြတ်ခြင်းအား တားဆီးရာမှ ဧကရီတပါးဘဝကို စတင်ခဲ့ရခြင်းဖြစ်သည်။ ယခုပြဿနာက သူမ၏ ဧကရီရာထူးအား တပ်မက်၍မဟုတ်ပေ။

“ရှန်းအာ မြေး တလောကလုံးကို မကယ်တင်နိုင်ဘူး”

မင်ဝမ်ရဲ့စကားက ရှင်းလင်းနေသော်လည်း မင်ယုရှန်းက လက်မခံလိုဟန်ဖြင့် ဦးခေါင်းကိုခါယမ်းလိုက်သည်။ ဘိုးဘေးမင်ဝမ်က ဆက်ပြောလာသည်။

“လျှိုနဲ့ကုန်းစွန်းတို့ပြဿနာကို ငါ့မြေးစိုးရိမ်ရမှာမဟုတ်ဘူး စိုးရိမ်ရမှာက သွေးကြောကိစ္စပဲ”

မင်ယုရှန်းတယောက် အဘိုးဖြစ်သူအား ကြည့်လိုက်သည်။ သူမစိတ်ထဲ၌ တစုံတခုကို ခန့်မှန်းမိသွားခြင်း ဖြစ်သည်။ သူမရဲ့မျက်လုံးအစုံက ဖျတ်ခနဲလက်သွားခဲ့သည်။

“အဘိုး…”

မင်ဝမ်က မြေးဖြစ်သူအားကြည့်ကာ သဘောကျစွာ ရယ်မောလိုက်သည်။ သွေးရင်းမြေးအဘိုးများဖြစ်ကြ၍ တယောက်နဲ့တယောက်ကြား စကားအများကြီးထုတ်ပြောနေစရာ မလိုပေ။

“တောင်ပိုင်းရဲ့ တောအုပ်တခုထဲမှာ နှစ်တထောင်ယန်သစ်မြစ် ရှိတယ်လို့ အဘိုးသိထားတယ် ယန်သစ်မြစ်က ငါ့မြေးရဲ့ပျက်စီးနေတဲ့ သွေးကြောတွေကို အကောင်းနီးပါး ပြုပြင်ပေးနိုင်တယ်”

“ယန်သစ်မြစ် နှစ်တထောင်သက်တမ်း ဟုတ်လား”

မင်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။ နှစ်တထောင်သက်တမ်းဆိုသည်ကား ဧကရာဇ်အဆင့် ဆေးပင်များဖြစ်ကြပြီး ထိုအဆင့်များက စိတ်ဝိဉာဥ်အထွဋ်အထိပ်အဆင့် ဆေးပင်များထက်ပင် ရှားပါးလေသည်။

“တောင်ပိုင်းရဲ့ ဘယ်တောအုပ်လဲ”

မင်ယုရှန်းအမေးကို မင်ဝမ်က

“ဝိဉာဥ်သားရဲ တောအုပ်”

မင်ယုရှန်းကို ကြည့်ကာ ဆက်ပြောသည်။

“သူက မူလတောအုပ်ရဲ့တောအုပ် အခွဲ့တခုလို့ ပြောနိုင်တယ် မူလတောအုပ်ကိုတော့ ရှန်းအာသိမှာပါ အလယ်ကုန်းမြေရဲ့ အနက်ရှိုင်းဆုံးထဲမှာ ရှိတယ် ဝိဉာဥ်တောအုပ်ကတော့ ကျင်းတိုင်းပြည်ရဲ့ အနောက်ဘက်မှာရှိတယ်”

မင်ဝမ်ရဲ့စကားဆုံးချိန်မှာတော့ မင်ယုရှနိးတယောက် အလေးအနက်ပဲ ကျေးဇူးတင်စကားပြောလိုက်သည်။ ထိုအရာက သူမအတွက် သေရေးရှင်ရေးသာမက မင်တိုင်းပြည်၏ အနာဂတ်ကိုလည်း ပြောင်းလဲစေမည့်အရာဖြစ်သည်။

ဤတကြိမ်တွင်တော့ မင်ဝမ်က လက်ဖက်ရည်နှစ်ခွက် ကိုယ်တိုင်ငှဲ့ကာ တခွက်အား မင်ယုရှန်းဆီကမ်းပေးလိုက်ရင်း မေးသည်။

“ရှန်းအာ ဘယ်တော့လောက်သွားမလဲ”

မင်ယုရှန်းက တခဏကြာ ငြိမ်သက်ပြီးနောက်

“တပတ်အတွင်း သွားလိုက်မယ်အဘိုး”

မြေးအဘိုးနှစ်ဦးရဲ့စကားဝိုင်းက အချိန်အတော်ကြာ ဆက်ဖြစ်နေခဲ့ပြီး အစေခံလေးလုလု ပြင်ပေးထားသည့် ရေနွေးချိုးရေများကတော့ အေးစက်သွားချေပြီ။

ထာဝရကျေးရွာ.အတွင်း ယန်ချန်၏ခြံဝန်းအတွင်း၌ ယန်ချန်တယောက် တေးသံသာဂိုဏ်းရဲ့ တပည့်များအား အခြေခံတိုက်ခိုက်ရေးနည်းလမ်းများ သင်ကြားပေးနေခဲ့သည်။

အများအားဖြင့် လက်သီးတိုက်ကွက် လက်ဝါးတိုက်ကွက်များဖြစ်ကာ ထိုတိုက်ကွက်များက ဘောက်ဆင် အိုက်ကီဒိုကဲ့သို့ ယခင်ဘဝမှ ပညာရပ်များသာ ဖြစ်သည်။ အဆိုပါလက်နက်မဲတိုက်ခိုက်ရေး နည်းလမ်းများက လက်နက်မဲ့အခြေနေ၌ဆိုလျှင် တဦးချင်းဖြစ်စေ အများနဲ့တယောက်ဖြစ်စေ ရင်ဆိုင်ရာ၌ အားသာချက်အချို့ ရှိနိုင်သည်။

ယန်ချန်က ကိုယ်ဟန်တခုကို နမူနာပြပြီးနောက် ရပ်တန့်ကာ စစ်ဆေးသည်။ လီဖူယွဲ့တို့အဖွဲ့ ရောက်ရှိလာပြီးနောက် ထာဝရကျေးရွာက ပိုမိုစည်ကားသွားကာ လီဖူယွဲ့တို့ကလည်း ယန်ချန်အကြောင်း သိထားကြသူများဖြစ်၍ ကျင့်ကြံခြင်းနှင့်ပက်သက်သည့် မည်သည့်လေ့ကျင်မှုကိုမှ မထုတ်ဖော်ကြပဲ ယန်ချန်သင်ကြားပေးသည့် တိုက်ခိုက်ရေးနည်းလမ်းများကိုသာ အသားပေးလေ့ကျင့်ခဲ့ကြသည်။

နာရီဝက်ခန့်ကြာပြီးနောက် ကွင်းပြင်မှ ထွက်ကာ ခြံဝန်းထောင့်ရှိ အပင်အောက်မှ စားပွဲဆီ ပြန်ရောက်လာသည်။ စားပွဲပေါ်၌ လက်ဖက်ရည်အိုး ခွက်အနည်းငယ်နှင့် အဆာပြေစားစရာအချို့နဲ့ အသီးအနည်းငယ်ရှိကာ နေ့လည်ခင်း နေပူပြင်းသည့်အချိန် ယန်ချန်လာရောက်နားနေတတ်သည့် နေရာလေးလည်း ဖြစ်သည်။

………………………………………………..

All Chapters