ယန်ချန်တို့ နေထိုင်သည့်ခြံဝန်းက ၅ဧကနီးပါးကျယ်ဝန်းပြီး မူလကတော့ ရှုယင်တို့သားအမိနှစ်ယောက်သာရှိပြီး ထိုမျှကျယ်ဝန်းခဲ့ခြင်းမရှိပေ။
Vol. 5 Ch. 48
ယန်ချန်ရောက်ရှိလာပြီးနောက် ခြံဝန်းအနောက်ဘက် ဘေးနှစ်ဖက်တို့ကို ချဲ့ထွင်ခဲ့ပြီး အနောက်ဘက်၌ စိုက်ပျိုးရေးအတွက် သာမက မြေခွေးများ တောဝက်များနဲ့အတူ ယန်ပိုင်နေထိုင်ရန် စီစဥ်ပေးခဲ့ပြီး ခြံဝန်းရဲ့တဖက်မှာတော့ မြေကွက်လပ်တခု ဆောက်လုပ်ခဲ့သည်။ ထိုအရာက အခုတော့ လေ့ကျင့်ရေးကွင်းပြင်တခု ဖြစ်သွားချေပြီ။
ခြံဝန်းရဲ့အခြားတဖက်၌ ဆေးပင်များ အရိပ်ရအပင်ကြီးများ အုံ့ဆိုင်းကာ အနားယူရန် နေရာကောင်းတခုဖြစ်ကာ ယန်ချန်က ခြံဝန်းတခုလုံး၌ သူအကြိုက်ဆုံးနေရာတခုဖြစ်သည်။ ယန်ချန်ရဲ့အကြည့်က ကွင်းပြင်ကျယ်ရှိ လေ့ကျင့်နေသူများထံ ရောက်ရှိသွားပြီး သူ့အနေဖြင့် ကျင့်ကြံသူများအား လေ့ကျင့်ပေးရသည့်တနေ့ ရှိလာလိမ့်မည်ဟု မတွေးခဲ့ဖူးသည့်အတွက် အနည်းငယ်ယုံရခက်နေခဲ့သည်။
သို့သော်လည်း အသေချာစဥ်းစားကြည့်ပါက စနစ်မှသင်ကြားခဲ့ရသည့် မည်သည့်အရာမဆို သာမန်ညောင်ည ဟုတ်မနေချေ။ ဆေးပညာ လက်နက်ထုလုပ်ခြင်းပညာ အဆောင်နှင့်အစီရင်ပညာ ပန်းချီ လက်ရေးလှနှင့် အခြေခံပညာရပ်များအားလုံးက ထိပ်တန်းအဆင့်မှာရှိနေသည်ဟု ယန်ချန်အမြဲခံစားခဲ့ရသည်။
အရိပ်ရအပင်များကြား ယင်ယင်တယောက် မြေခွေးမလေးများနဲ့အတူ ပြေးလွှားဆော့ကစားနေပြီး သူမလေးက အဆော့မက်သည်မှလွဲ၍ သိတတ်လိမ္မာသူလေးဖြစ်သောကြောင့် ရှုယင်သာမက ယန်ချန်ကပါ သည်းသည်းလှုပ်ဖြစ်ရသူလေးဖြစ်သည်။
(ယင်ယင့်မှာ ကစားဖော်တွေရှိပေမယ့် ကစားစရာတော့မရှိသေးဘူး ငါနည်းနည်းလုပ်ပေးရမယ်)
ယန်ချန်တယောက် ပျော်ရွှင်မြူးထူးစွာပြေးလွှားနေပြီး တခါတရံ၌ ချစ်စဖွယ်ရယ်သံလေးများ ပျံ့လွင်နေတတ်သည့် ယင်ယင့်ကိုကြည့်၍ စဥ်းစားမိသည်။ မည်သည့်အရာပြုလုပ်လျင် ကောင်းမည်နည်း။ ကလေးငယ်များက ထူးခြားသည့်အရုပ်လေးများကို နှစ်သက်ကြသည်။
(ဟုတ်ပြီ ဒီရက်အတွင်း ယင်ယင့်အတွက် အရုပ်နည်းနည်းလုပ်ပေးရမယ် ပြီးရင်တော့ လမ်းခင်းဖို့ကျောက်အချို့ရှာဖို့ တောထဲတခေါက်သွားကြည့်ဦးမှ)
အတွေးဝင်လာသည်နှင့် ချက်ချင်းပဲ အကောင်ထည်ဖော်တော့သည်။ ခြံနောက်ဘက်သို့သွားကာ စုဆောင်းထားသည့် သစ်များထဲမှ သစ်သားအချို့ ထုတ်ယူလိုက်ပြီး အရုပ်ငယ်များ စတင်ထုလုပ်တော့သည်။
ထိုအချိန် လေ့ကျင့်ရေးကွင်းမှာတော့ ကျန်းရင်ရင်က ဦးဆောင်ပြီး ကျန်သူများနှင့်လေ့ကျင့်နေသည်။ အိမ်ထဲမှာတော့ လီဖူယွဲ့ ချူလင်းယု ရှုယင်တို့ စကာစမြည်းပြောနေကြကာ ချင်ဖုန်းကမူ ကျန်းဝမ်လီရဲ့ ခြံဝင်းသို့အလည်ပတ် သွားနေခဲ့သည်။
နေ့ရက်များက အစီစဥ်တကျရှိနေခဲ့ပြီး ထိုရက်များ၌ ယန်ချန်က သူဖော်စပ်ထားသည့် ဆေးများထဲမှ အရည်သွေးကောင်းသည့် အားဖြည့်ဆေးများအား လေ့ကျင့်သူများထံ ဝေငှပေးခဲ့သေးသည်။ ထို့ကြောင့် ရက်အနည်းငယ်အတွင်းမှာပဲ တေးသူံာဂိုဏ်းမှ ဂိုဏ်းပေါင်းစုံပြိုင်ပွဲဝင်ရောက်ကြမည့် တပည့်များ၏ ကျင့်ကြံဆင့်များမှာ တဟုန်ထိုးတိုးတက်သွားကြတော့သည်။
ဥပမာအားဖြင့် ကျန်းရင်ရင်၏ ကျင့်ကြံဆင့်မှာ အခြေတည်ဝိဉာဥ်အလယ်အလတ်ဖြစ်ပြီး ကုလင် ကျစ်ယွဲ့နှင့် အခြားတပည့်အချို့ကမူ အခြေတည်ဝိဉာဥ်အဆင့်အစောပိုင်းအား ထိုးဖောက်သွားကြလေသည်။ အကြီးကဲများဖြစ်သည့် လီဖူယွဲ့ ချူလင်းယု ချင်ဖုန်း ကျန်းဝမ်လီတို့ကလည်း နောက်ကျကျန်မနေခဲ့ချေ။
ကျင့်ကြံဆင့်သိသိသာသာ တိုးတက်မလာသော်လည်း ကျင့်ကြံရေးနှင့်ပက်သက်သည့် သဘောတရားများ အနှစ်သာရများပြည့်ဝလာကြပြီး အဆင့်တူ၌ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ကာ ပို၍သန်မာလာကြသည့်အတွက် အကျိုးမြတ်ရနေသေးသည်ဟု ဆိုနိုင်သည်။
ယန်ချန်ကတော့ ထိုကဲ့သို့ ကျင့်ကြံရေးအကြောင်းရာများနဲ့ ကင်းကွာကာ ရက်အနည်းငယ် စိတ်ပါလက်ပါဖြင့် ယင်ယင့်အတွက် သစ်သားရုပ်အနည်းငယ် ပြုလုပ်နေခဲ့လေသည်။
လက်ထဲမှ စင်ဒရဲလားရုပ်တုလေးအား ကြည့်လိုက်သည်။ နှင်းဖြူရောင်ဂါဝန်ရှည် ဝတ်ဆင်ထားသည့် စင်ဒရဲမင်းသမီးလေး ပြေးလွှားနေဟန် ထုလုပ်ထားပြီး ယန်ချန့်ရဲ့ကျွမ်းကျင်မှုကြောင့် ရုပ်တုက အသက်ဝင်နေသည်ဟုပင် ထင်ရသည်။
(ပြီးပြည့်စုံတယ် ဒါကစနစ်မရှိတော့တဲ့နောက် ငါလုပ်သမျှထဲ ထိပ်ဆုံးအရည်သွေးပဲ)
ယန်ချန်က ရုပ်တုကိုအချိန်အနည်းငယ် ကျေနပ်အားရစွာ ကြည့်ရှုပြီးနောက် သေတ္တာငယ်လေးထဲ သေချာစီထည့်လိုက်သည်။ အဆိုပါသေတ္တာငယ်လေးထဲ၌ ချစ်ရာ ယုန်ရုပ်လေးများ ပိုကီမွန် ဒိုရေမွန်နဲ့ မြေခွေးရုပ်များ ယခင်လောကမှ ချစ်စဖွယ်ဘိုမရုပ်လေးများပါဝင်ကာ animation ဇာတ်ကောင်အချို့လည်း ပါဝင်သေးသည်။
(ဒီလောက်ဆို လုံလောက်ပါပြီ)
ယန်ချန်က သေတ္တာငယ်လေးအား ယင်ယင့်ဆီ ချက်ချင်းပေးဦးမည်မဟုတ်ပဲ တောထဲကပြန်လာပြီးမှသာ ထုတ်ပေး၍ သူမလေးအား အံ့သြသင့်စေရန် တွေးထားခဲ့သည်။
မကြာမီညနေစောင်းသို့ရောက်သွားခဲ့ပြီး နေ့စဥ်ဖြတ်သန်းနေကျအတိုင်းပင် ရှုယင်တို့သားအမိနဲ့အတူ ညစာစားသည်။ ပြီးနောက် စာကြည့်ခန်းသို့သွားကာ စာအုပ်အနည်းငယ်ဖတ်ရှုပြီးနောက် ခြံနောက်သို့သွား၍ မနက်ဖန်၌ သူနဲ့အတူလိုက်ပါရန် ယန်ပိုင်နှင့် တောဝက်အိုကြီးအား သွားရောက်ပြောဆိုကာ အစီစဥ်တကျ တနေ့တာပြီးဆုံးသွားချိန်မှာတော့ အိပ်စက်အနားယူချိန် ရောက်သွားခဲ့လေပြီ။
နောက်တနေ့မနက်ခင်းနေရာင်က ထွက်ပေါ်လာသည်။ ယန်ချန်လည်း မနက်စာစားကာ လိုအပ်သည့် လေးမြှားနှင့် ဓားတလက်ယူဆောင်ကာ ယန်ပိုင် တောဝက်အိုကြီးတို့နှင့်အတူ တောထဲသို့ စတင်ထွက်ခွာတော့သည်။
“ယန်ပိုင် အရှေ့ကိုကြိုသွားပြီး လမ်းရှင်းထား”
ယန်ချန်က ဝက်ဝံကြီးအား ခိုင်းစေလိုက်သည်။ ယန်ပိုင်မှ တနေ့တခြားပို၍ ဝဖြီးလာပြီး လှုပ်ရှာမှုများ၌ နှေးကွေးစပြုလာသည်ကို သတိပြုမိသည့်ယန်ချန်က ထိုသို့ခိုင်းလိုက်ခြင်း ဖြစ်သည်။ တောဝက်အိုကြီးကမူ ယန်ချန်နံဘေးမှ ကပ်လျက်လိုက်ပါကာ တောတွင်းမှ အန္တရာယ်များကို အာရုံခံနေလေသည်။
သားရဲသံများ ရံဖန်ရံခါ ထွက်ပေါ်လာပြီး နေရာင်တိုးမပေါက်သည့် တောနက်ထဲဝင်စပြုချိန်မှာတော့ လေထုက အေးစက်စပြုလာသည်။ ယန်ချန်တယောက် အကျီရင်ဘတ်အား ဆွဲစေ့လိုက်ပြီး ပတ်ဝန်းကျင်ကိုလည်း ပို၍အလေးနက်ထားကာ အာရုံစိုက်ရတော့သည်။ တောနက်ဆိုသည်ကား မထင်မှတ်ထားသည့် အန္တရာယ်များအပြည့်ဖြစ်ပြီး သားရဲငယ်များမှစ အုပ်စုဖွဲ့နေတတ်သည့် ဝံပုလွေကဲ့သို့ သားရဲအုပ်ကြီးများကိုလည်း ကြောက်ရသေးသည်မဟုတ်လော။ သို့သော်လည်း ယန်ချန်မသိသည်က ယန်ပိုင့်အား တောနက်ထဲရှိသားရဲများ အားလုံး ကြောက်လန့်ကာ ယန်ပိုင်၏အငွေ့သက်အနည်းငယ်ရသည်နှင့် ရှောင်ပုန်းနေကြခြင်းကို ဖြစ်သည်။
နေ့တဝက်ကျိုးချိန်မှာတော့ သင့်တော်သည့်မြေနေရာတခုရှာကာ အနားယူရန်ပြင်ဆင်လိုက်ပြီး အသင့်ပါလာသည့် ရိက္ခာကိုထုတ်ယူကာ နေ့လည်စာ စားသည်။ ယန်ပိုင်နှင့် တောဝက်အိုကြီးကိုပါ အတူစားစေပြီး အနားယူသည့်အနီးနားရှိ အသုံးဝင်မည့်ဆေးပင်များကိုမူ ယန်ပိုင့်အား ခူးယူစေသည်။
တနာရီခန့် အနားယူပြီးနောက် ဆက်လက်ထွက်ခွာလာကြသည်။ ပတ်ဝန်းကျင်က မြူကဲ့သို့အုံ့ဆိုင်းစပြုလာပြီး သစ်ပင်ငယ်များကျဲပါးသွားကာ နေရာအများစု၌ မျက်စိတဆုံးမြင့်မာသည့် အပင်ကြီးများသာ ကြီးစိုးနေသည်ကို ယန်ချန်သတိပြုမိသွားသည်။
ရံဖန်ရံခါ မျောက်အုပ်တအုပ်က ဆူညံစွာအသံပြု၍ အနားကပ်ရန်ကြိုးစားသေးသော်လည်း အဆုံးမှာတော့ ယန်ပိုင်ရဲ့ဟိန်းဟောက်သံတခုတည်းဖြင့် ထွက်ပြေးသွားကြရသည်။
တနေရာအရောက်မှာတော့ အနည်းငယ်စိုစွတ်နေသည့် မြေမျက်နှာပြင်အားသတိထားမိကာ စစ်ဆေးကြည့်လိုက်သည်။
(ဒီနေရာအနီးနားမှာ ရေရှိနေတာပဲ)
ရေရှိနေသည်ဆိုပါက အဆိုပါရေကိုအမှီပြုကာနေထိုင်သည့် သားရဲများလည်း ရှိမည်ဖြစ်သည်။
“ယန်ပိုင် မင်းနဲ့တောဝက်ကြီးတို့ နေရာခွဲပြီးစစ်ဆေးလိုက်ကြ”
ယန်ပိုင့်စကားကြားသည်နှင့် ယန်ပိုင်နဲ့တောဝက်ကြီးတို့က နားလည်စွာဖြင့် အရှေ့အနောက်ခွဲကာ ထွက်သွားတော့သည်။ ယန်ချန်က မြေသားအနည်းငယ်ကိုစစ်ဆေးသည်။ ပြီးနောက် အနီးရှိသစ်ပင်ကြီးများ၏ ပင်စည်များအား စစ်ဆေးကြည့်ပြီးနောက် ရှေ့ဆက်မသွားခင် ခတ္တအနားယူရန်ဆုံးဖြတ်ကာ ညစာအတွက်ပြင်ဆင်တော့သည်။
နောက်ထပ်နာရီဝက်ခန့်ကြာတော့ ယန်ပိုင်တို့ပြန်ရောက်လာပြီး ယန်ပိုင်က မည်သည့်ထူးခြားချက်မှ မရှိသည်ကို ယန်ချန်နားလည်ရန် လက်ဟန်များဖြင့် ကြိုးစားရှင်းပြတော့သည်။
“ငါနားလည်ပြီ မင်းတို့ပြန်လာတဲ့ပုံစံကိုကြည့်တည်းက ဘာမှထူးထူးခြားခြားမရှိမှန်း ငါခန့်မှန်းမိတယ် သွားကြ ညစာပြင်ထားတယ် စားပြီးရင် ပတ်ဝန်းကျင်မှာ တယောက်တလှည့်ကင်းစောင့်ကြ”
ထိုသို့ပြောလိုက်သော်လည်း တောဝက်အိုကြီးသာ ကင်းစောင့်ပြီး ယန်ပိုင်တယောက် တခေါခေါဟောက်ကာ အိပ်နေမည်ကို ယန်ချန်တွေးမိပြီးသား ဖြစ်သည်။
ညစာက လျင်မြန်စွာပြီးစီးသွားသည်။ ယန်ချန်တွက်ဆထားသည့်အတိုင်းပင် ယန်ပိုင်ရဲ့တက်ကြွမှုက မိနစ်အနည်းငယ်သာခံပြီးနောက် ပြန့်ပြူးသည့် မြေသားကွက်လပ်ပေါ်၌ ပက်လက်လှဲကာ အိပ်စက်သွားတော့သည်။ ယန်ချန်လည်း ထိုမျှသောက်ပျင်းထူသည့် နှင်းဝက်ဝံကြီးအား ဘာကြောင့်ဆက်မွေးနေမိမှန်း မစဥ်းစားတတ်တော့ပေ။
ခရီးဆောင်အိတ်ထဲမှ မှတ်တမ်းစာအုပ်ကိုယူကာ တနေ့တာအတွေ့ကြုံကို ရေးပြီးနောက် ပြန်သိမ်းလိုက်သည်။ ထိုအရာက ယန်ချန့်ကဲ့အလေ့ကျင့်ဖြစ်ပြီး စနစ်ထွက်ခွာသွားပြီး သူတယောက်တည်းဖြစ်ချိန်ကစ မှတ်တမ်းရေးသည့် အကျင့်တခုဖြစ်လာခဲ့ကာ ထိုအရာကနောင်တချိန်၌ မည်သို့ဖြစ်လာမှန်း သူမသိခဲ့ပေ။
ညတာက လျင်မြန်စွာကုန်ဆုံးသွားသည်။ မီးပုံသည်လည်း ငြိမ်းသတ်လုနီးပါးဖြစ်နေပြီး တောဝက်အိုကြီးက သစ်ပင်ကြီးတပင်အောက် အနားယူရန် လဲလျောင်းနေပြီး ယန်ပိုင်ကမူ အိပ်စက်ရာမှမနိုးထသေးချေ။
(သောက်ကျိုးနည်းကောင်)
ယန်ချန် ဒေါသထွက်သွားပြီး ယန်ပိုင်အားအကြိမ်အနည်းငယ် ကန်နိုးလိုက်သည်။ ထိုမှသာ ပျင်းရိပျင်းတွဲဟန်ဖြင့် နိုးလာပြီး ယန်ချန်ပြင်ပေးသည့် မနက်စာကိုစားသည်။ ပြီးနောက် သူ့တာဝန်ဖြစ်သည့် လမ်းရှင်းတာဝန်အား ထမ်းဆောင်ရန် ကြိုတင်ထွက်သွားတော့သည်။
…………………………………………….