← Chapters

ဒုတိယနေ့ဆက်လက်၍ တောထဲဆက်သွားနေခဲ့သည်။

Vol. 5 Ch. 49

ဒုတိယနေ့ဆက်လက်၍ တောထဲဆက်သွားနေခဲ့သည်။

Vol. 5 Ch. 49

အချိန်အတော်ကြာရှာဖွေသော်လည်း မူလသူသတိပြုခဲ့သည့် ရေရှိရာနေရာအား ရှာမတွေ့ခဲ့ပဲ ပို၍များပြားသည့် သစ်နွာ်ပင်များ ခြုံထူထူကြီးများကိုသာ တွေ့ရှိခဲ့ကာ သွားလာရာတွင်လည်း အနည်းငယ်နှောင့်နှေးသွားခဲ့ရသည်။

ယန်ချန်က သစ်ပင်ကြီးတပင်၏ခွကြားမှ သစ်ခွပင်ကဲ့သို့ပန်းမျိုးစိတ်တခုအား ခူးယူလိုက်သည်။ ထိုပန်းက ကြယ်တာရာပန်းဟု အမည်ရပြီး ပန်းပွင့်လေးများက ကြယ်ပွင့်လေးများအရွယ်သေးငယ်သော်လည်း တောက်ပနေကာ နေရောင်သာကျရောက်နေပါက အတော်လေးလှပသည်ကို မြင်နိုင်သည်။

ထို့အပြင်ကြယ်တာရာပန်းများက အလှဆင်သက်သက်မဟုတ်ပဲ အသားရေနုပျိုရည်လိမ်းသည့် ဆေးရည်တမျိုး၌ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး မရှိမဖြစ်ဟုပင် ဆိုနိုင်သည်။

ယန်ချန့်ရဲ့အကြည့်က မြွေများကဲ့သို့ လိမ်ယှက်နေသည့် ခြုံနွယ်တခုထံ အကြည့်ရောက်သွားသည်။ လက်တံများက လက်ညှိုးလုံးခန့်သာရှိပြီး ကြိုးများရက်ထားသည့်နှယ် ဖြစ်နေသည့် နွယ်ပင်တမျိုးကိုလည်း တွေ့ရသေးသည်။

ခြုံနွယ်ထဲမှ လက်တံအချို့အားခုတ်ပိုင်းလိုက်သည်။ လက်တံထဲမှ ကြည်လင်သည့်ရေအချို့ ကျဆင်းလာပြီး ထိုရေများက သာမန်လူများ သောက်သုံး၍ ရနိုင်သည်။ ယန်ချန်က လက်တံအနည်းငယ်ကို အနာကျက်ဆေးအတွက် အသုံးပြုရန် ခုတ်ယူလိုက်ပြီး လက်ညှိုးလုံးခန့်ရှိ နွယ်အသေးများကဲ့သို့ ကြိမ်ကဲ့သို့အသုံးပြုရန် အတော်အသင့် ခုတ်ပိုင်းကာ စနစ်ရဲ့သိုလှောင်ခန်းထဲ သိမ်းဆည်းလိုက်သည်။ ထိုအရာများက တန်ဖိုးကြီးသည်ဟု မဆိုနိုင်သော်လည်း တန်ဖိုးသေးငယ်ခြင်းလည်း မရှိပေ။

နေ့တပိုင်း၌ ဆေးပင်အချို့ခူးခြင်း မျိုးစိတ်များရယူခြင်းတို့သာပြုလုပ်ခဲ့ပြီး နေ့လည်စာ စားပြီးနောက်မှာတော့ မြင့်မားသည့် တောင်နံရံကြီးအချို့ကို လှမ်းမြင်လာရသည်။ တောင်နံရံကြီးများက ပေရာဂဏန်းမှ ထောင်ဂဏန်းထိရှိနိုင်ပြီး တောနက်ကြီး၏ ပြီးပြည့်စုံစွာဖုံးကွယ်ထားမှုကြောင့် တောစပ်မှနေ၍ မြင်နိုင်မည်မဟုတ်ပေ။

တောင်နံရံကြီးနား တရွေ့ရွေ့သွားနေစဥ် မြေသားများ၌ ကျောက်သားအနည်းငယ်ပါဝင်လာပြီး သစ်ပင်ကြီးများစတင်နည်းပါးလာသည်။

ယန်ပိုင်က ရံဖန်ရံခါ၌ ယန်ချန့်ဆီပြန်လာကာ သူခူးလာသည့်သစ်သီးများ ပေးတတ်ပြီးတောဝက်အိုကြီးကမူ ယန်ချန့်အနီးမှ ထွက်မသွားခဲ့ပေ။ နောက်ထပ်တနေ့တာ ကုန်ဆုံးသွားသည်အထိ တောင်နံရံကြီးအား မြင်နေရဆဲ ဖြစ်သော်လည်း အနီးသို့မရောက်နိုင်သေး။ ထိုအရာက မျက်စိ၏ လှည့်စားမှုတခု ဖြစ်သည်။ နီးတာ်ထင်ရသည့်အရာအများစုက အမှန်တကယ်၌ ဝေးကွာလွန်းနေတတ်သည် မဟုတ်လား။

ယန်ချန်က မီးပုံထဲထင်းအနည်းငယ်ထပ်ဖြည့်ကာ မီးတောက်အားပိုအားကောင်းစေလိုက်သည်။ ပြီးနောက် အသင့်လုပ်ထားသည့် အသားခြောက်အချို့ထုတ်ယူကာ ယန်ပိုင် တောဝက်အိုကြီးတို့အား ခွဲဝေပြီးနောက် ဘူးသီးခြောက်တခုထုတ်ယူ၍ ဝိုင်အနည်းငယ်ကို အသားခြောက်နဲ့မြည်းစမ်းနေသည်။

ယနေ့ညအတွက်တော့ ညစာအထူးတလည်ပြင်ဆင်လိုစိတ် မရှိ၍ဖြစ်သည်။ ပိုးကောင်များက အဆက်မပြတ်အော်မြည်နေပြီး တိတ်ဆိတ်မှုသာကြီးစိုးထားသည့် တောနက်ထဲ၌ ယန်ပိုင် တောဝက်အိုကြီးတို့သာမပါခဲ့ပါက ယခင်တောထဲမှ ထွက်လာခဲ့သည့်နေ့ရက်များကဲ့သို့ ပျင်းရိစရာကောင်းနေပေလိမ့်မည်။ ထူးခြားသည်က သူစတင်ထွက်လာခဲ့ဖူးသည့် လမ်းကြောင်းအား ယခုခရီး၌ ရှာမတွေ့တော့ခြင်းဖြစ်သည်။ သို့သော် ယန်ချန်ကထိုအရာကို အလေးနက်မထားပေ။

ဝိုင်အနည်းငယ်သောက်ပြီးနောက် မှတ်စုစာအုပ်ကိုထုတ်ယူကာ မှတ်တမ်းရေးပြန်သည်။ တနေ့တာအကြောင်းရာများ စုဆောင်းရမိသည့် ဆေးပင်များ မျိုးစိတ်များလည်းပါဝင်ပြီး ထူးခြားစွာပင် ယင်ယင့်အား သတိရနေခဲ့သည်။

ဟူးး…

သူနဲ့ရှုယင်ကြားဆက်ဆံရေးက မည်သို့နည်း။ ထိုအရာအား သူအလေးနက်မည်သည့်အခါမှ မတွေးခဲ့ပေ။

ယန်ပိုင်က ဘူးသီးခြောက်အား ရံဖန်ရံခါ ခိုးကြည့်နေတတ်ပြီး သတိလက်လွတ်ဖြင့် နှုတ်ခမ်းသပ်နေသည်ကိုမြင်လျင် ယန်ချန်တယောက် ပြုံးမိသွားသည်။

“ရော့ နည်းနည်းသောက် အရမ်းပြင်းတယ် မူးပြီးမှောက်နေရင်တော့ မနက်ဖန်မင်းကိုထားခဲ့မယ် ကြားလား”

ယန်ချန်က သူဖော်စပ်ထားသည့် ဝိုင်ရဲ့ပြင်းအားကို အသိဆုံးဖြစ်သည်။ ထိုဝိုင်က ကျင့်ကြံသူများဖြစ်သည့် ကျန်းဝမ်လီကိုပင်ရစ်မူးစေပြီး တလောက စမ်းသောက်ခဲ့သည့် ချင်ဖုန်းဆိုလျင် သူနေထိုင်ရာခြံဝန်းဆီ တွဲ၍ပင်ပို့ခဲ့ရသည်မဟုတ်လော။

ယန်ပိုင်က အားတက်သရော လှမ်းယူကာ တရှိန်ထိုးမော့ချလိုက်သည်။ ပူပြင်းရှတသည့်အရသာတခု လည်ချောင်းထဲတိုးဝင်ကာ မိနစ်အနည်းငယ်အကြာမှာတော့ ယန်ပိုင်တယောက် စတင်မူးရစ်လာသည်။ မြင်ကွင်းများ ချာချာလည်ဖြစ်နေပြီး တောဝက်အိုကြီးက တကောင်မှ နှစ်ကောင် ပြီးနောက် အကောင်များစွာဖြစ်သွားကာ အဆုံးမှာတော့ အုန်း ခနဲ အသံကျယ်နဲ့အတူ မြေပြင်ပေါ် ပစ်ကျသွားတော့သည်။

“ငါပြောသားပဲ မင်းကဇွတ်သောက်တာကိုး”

ယန်ချန်တယောက် ခေါင်းအနည်းငယ်ခါယမ်းပြီးနောက် အိပ်စက်ရန်ပြင်လိုက်တော့သည်။

ဒုတိယတညသည်လည်း တည်ငြိမ်ရိုးရှင်းစွာ ဖြတ်ကျော်သွားသည်။

မနက်ခင်း၌ ထုံးစံအတိုင်းပင် ယန်ပိုင်အားကန်ကျောက်နိုးခဲ့ရပြီး တနေ့တာခရီးစဥ်အား စတင်တော့သည်။

နောက်ထပ်နာရီအနည်းငယ်ကြာ နေ့တဝက်နီးပါး ကြာချိန်မှာတော့ တောင်နံရံကြီးတခု၏ အောက်ခြေအား ရောက်ရှိလာတော့သည်။ ထိုတောင်နံရံကြီးက ပေ၅၀၀ ကျော်မြင့်မားပြီး တောင်နံရံ၌ ဆူးပင်များ ကပ်တွယ်ရှင်သန်တတ်သည့် ပန်းပင်များ ကျောက်ခတ်ကြီးများပြည့်နေပြီး စိမ်းလန်းသည့် ကဗ္ဗလာအလွှာပါးပါးတခု လွှမ်းခြုံထားသည့်နှယ် တူညီသည်။

ယန်ချန်တယောက် အားတက်သွားကာ ခပ်သွက်သွက်ပင် သွားလိုက်သည်။ တောင်ခြေအရောက်မှာတော့ လူသွားလမ်းအချို့မြင်လိုက်ရပြီး ကျင့်ကြံသူများ ဒါမှမဟုတ် မုဆိုးများ ဤတောင်ခြေထံ ရောက်ရှိလာပုံရသည်။

“အနားမှာနေကြ တွေ့ကရာအပင်လိုက်မခူးကြနဲ့ တချို့အပင်တွေမှာ အဆိပ်ပြင်းရှိတယ်”

ယန်ပိုင်တို့အားမှာလိုက်ပြီးနောက် တောင်ပေါ်တက်သည့်လမ်းအား ရှာဖွေတော့သည်။ ထိုသို့ရှာဖွေရင်း ကျောက်သားများကိုလည်း စစ်ဆေးခဲ့ပြီး ဤနေရာရှိကျောက်သားများက လမ်းခင်းရာ၌ သင့်တော်သည်ကို တွေ့ရှိသွားကာ ကျောက်သားဂူအနည်းငယ်တွေ့ရှိပါက ဖြိုချ၍ ကျောက်တုံးများ ထုတ်ယူနိုင်သည်ဟု တွက်ဆလိုက်ပြီး တောင်၏တည်နေရာအား သေချာမှတ်သားလိုက်သည်။

ခရီးစဥ်၏ ရည်ရွယ်ချက်ကတော့ ပြည့်သွားလေပြီ။ သို့သော်လည်း ယန်ချန်တယောက်မပြန်လိုသေးပဲ တောင်ပေါ်တက်ရန် လမ်းရှာနေခဲ့ပြီး တခုခုထူးခြားသည့်အရာများ တွေ့ကြုံရန် မျှော်လင့်နေသည်။

နာရီအနည်းငယ်ကြာပြီး တောင်၏ သုံးပုံနှစ်ပုံမျှ ရှာဖွေပြီးနောက် တောင်ခြေ၏နေရာတခုမှ တောင်ပေါ်သို့တက်ရန် လမ်းစတခု ဖောက်ထားသည်ကို မြင်လိုက်ရသည်။ ထိုလမ်းကြောင်းက မြေသားလမ်းကြောင်းဖြစ်ပြီး လမ်းတဖက်စီ၌ ခြုံများရံထား၍ အတော်သတိထားမှသာ တွေ့နိုင်မည်ဖြစ်သည်။

“အပေါ်တက်ကြစို့ အသုံးဝင်မယ့်ဆေးပင်အချို့ တွေ့ရန်ခူးလာခဲ့လိုက်”

ထိုသို့မှာပြီးနောက် ယန်ပိုင့်ကိုပင် အရင်မလွှတ်တော့ပဲ တက်ကြွစွာ အရင်တက်သွားတော့သည်။

တောင်တက်လမ်းက မြွေတကောင်နှယ်ကွေ့ကောက်နေပြီး တောင်တက်ခရီးတဝက်အရောက်မှာတော့ အလင်းရောင်ပျောက်သွားကာ နေဝင်သွားချေပြီ။ ထို့ကြောင့် ယန်ချန်လည်း နေရာကျယ်ကျယ်တခုရှာကာ ညအိပ်ရန်ပြင်ဆင်ရတော့သည်။

တောင်က ကျောက်သားတောင်ကြီးဖြစ်သော်လည်း အပေါ်မှ မြေသားတလွှာရှိနေသကဲ့သို့ မြေသားအနည်းငယ်ကို တောင်ပေါ်၌မြင်ရပြီး ပြန့်ပြူးသည့်မြေသားကျယ်တခုကိုရှာ၍ အနားယူရန်ပြင်ဆင်သည်။ ထိုနေရာက တောင်နံရံနဲ့ကပ်လျက်ဖြစ်ပြီး ထိုနေရာမှကြည့်လျင် သူတို့ဖြတ်သန်းလာခဲ့သည့် တောအုပ်ကြီး၏ အချို့နေရာများအား တွေ့မြင်နိုင်လေသည်။

………………………………………………

All Chapters