← Chapters

မဟာကျင်းတိုင်းပြည် စုန့်ပြည်နယ်မြို့တော်

Vol. 5 Ch. 50

မဟာကျင်းတိုင်းပြည် စုန့်ပြည်နယ်မြို့တော်

Vol. 5 Ch. 50

စုန့်ပြည်နယ်က ကျင်းတိုင်းပြည်၏ ထိပ်တန်းပြည်နယ်ကြီးတခုဖြစ်ပြီး ကျင့်ကြံသူများ အခြေချသည့်နေရာဖြစ်ကာ ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့်နေရာဖြစ်သည်။

တဖက်တွင် ကျင်းတိုင်းပြည်၏ နန်းတော်တည်ရှိရာ မြို့တော်နှင့်နီးကပ်ပြီး ဧကရာဇ်အာဏာအပြည့်အဝ ရောက်သည့်နေရာဖြစ်သည့်အတွက် တင်းကြပ်သည့် ဥပဒေများကြောင့် စုန့်ပြည်နယ်မြို့တော်ကြီးက ဘေးကင်းလုံခြုံလေသည်။

မြို့တော်၏လမ်းမကြီးများက ကျယ်ဝန်းပြီး ဆိုင်ခန်းများ လူနေအိမ်များကလည်း ပြည့်ကျပ်နေကာ မြို့တော်ကြီး၏ အဓိကအင်အားစုများကတော့ ဧကရာဇ်၏ မိသားစုဝင်များ ထိပ်တန်းအရာရှိကြီးများ ဖြစ်ကြသည်။ ထို့အပြင် တေးသံသာဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းကြီးအချို့ရှိသေးပြီး ထိုဂိုဏ်းများက ဧကရာဇ်ကျင်းလုံ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်ရှိထားပြီးသားဖြစ်သည်။

မင်ယုရှန်းတယောက် မြင့်မားသည့် မြို့တော်၏တံတိုင်းအားကြည့်၍ သက်ပြင်းချလိုက်သည်။ သူမရဲ့ခရီးစဥ်က ဝိဉာဥ်သားရဲတောအုပ်ဖြစ်ပြီး ထိုနေရာကကျင်းတိုင်းပြည်အတွင်းရှိသည်ဟု သိသော်လည်း အတိကျတော့မသိချေ။ ထိုအတွက် သူမအနည်းငယ်စုံစမ်းရမည် ဖြစ်သည်။

မင်ယုရှန်းက ထင်ရှားလွန်းနေသည့် သူမအသွင်ပြင်အား ပြောင်းလဲကာ မြို့တော်ထဲဝင်ရောက်လိုက်သည်။ မြို့တော်ကြီးက မင်တိုင်ပြည်၏ အဓိကမြို့ကြီးတခုကဲ့သို့ စည်ကားနေသည်ကို တွေ့လိုက်ရပြီး အချို့နေရာများ၌ သူမတိုင်းပြည်တွင် မရှိသည့် ဆေးဝါးများ ကျင့်ကြံရေး ကျင့်စဥ်များကိုပါ တွေ့လိုက်ရသည်။

မတူညီသည့်အရပ်ဒေသ မတူညီသည့်စည်းမျဥ်း မတူညီသည့်ကျင့်ကြံရေး စသည့်အရာများက အထူးဆန်းတော့မဟုတ်ချေ။

မင်ယုရှန်းက လမ်းမကြီးတခုပေါ်ရှိ တည်းခိုခန်းတခုအားဝင်ရောက်ကာ အခန်းငှားလိုက်သည်။ သူမက သွင်ပြင်ကိုပြောင်းလဲထားသော်လည်း ထူးခြားသည့်သွင်ပြင်က ရုပ်ရည်မလှပသော်လည်း ဆွဲဆောင်မှုရှိနေဆဲဖြစ်ကာ သွယ်လျသည့် ခန္ဓာကိုယ်အလှတရားကလည်း သိသာထင်ရှားနေသည်။

“အဆင့်မြင့်အခန်းတခုပေးပါ”

“အဆင့်မြင့်အခန်းရဲ့တညတာစရိတ်က ငွေစ ၁၀၀၀ပါ အခန်းတွင်း စိတ်ဝိဉာဥ်အစီရင်နဲ့ အကာကွယ်အခင်းကျင်းရှိပါတယ် ဧည့်သည်ရဲ့လုံခြုံရေးကို အပြည့်အဝတာဝန်ယူပါတယ်”

ဧည့်ကြိုကောင်တာရှိ အမျိုးသားက မင်ယုရှန်း၏ ခန္ဓာကိုယ်အား ခိုးကြည့်ကာ ရွှန်းရွှန်းဝေအောင်ပြောဆိုနေသည်။ ယခင်ကဆိုလျင် ထိုသို့အကြည့်ရိုင်းဖြင့် ကြည့်လာပါက သူမဓားက အဆုံးသတ်ပေးလိုက်မည်မှာ သေချာသည်။ သို့သော်လည်း ယခုတော့ ထိုအရာတွက်စိတ်မပါချေ။ တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။

“တစ်ညနေမယ် ဒီမှာ ငွေစတထောင်”

ကောင်တာပေါ်တင်ပေးပြီးနောက် အခန်းသော့အားယူကာ အလျင်မြန်ပဲ အပေါ်တက်သွားတော့သည်။ သူမက သာမန်ခရီးသွားကဲ့သို့ သွားလာခဲ့ရပြီး သူမကဲ့သွေးကြောများက ပျက်စီနေခြင်းက သူမကိုသာမန်လူများကဲ့သို့ပင်ပန်းစေသည်။ ထို့ကြောင့် အမြန်ဆုံးအနားယူရန်သာ တွေးနေမိသည်။

သူမအခန်းထဲရောက်တော့ အဆင့်နိမ့်စိတ်ဝိဉာဥ်အစီရင်နှင့် အကာကွယ်အခင်းကျင်းအား တွေ့လိုက်ရပြီး သူမအတွက်တော့ အသေးအမွှားသာဖြစ်ကာ အကာကွယ်သည်လည်း အခြေခံတည်ဆောက်ရေးအဆင့်များကိုသာ ကာကွယ်နိုင်မှန်း သိလိုက်ရ၍ စိတ်ပျက်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။

ထို့နောက် အချိန်အနည်းငယ်ကြာ ရေချိုးသန့်စင်ပြီးနောက် အနားယူရန်ကုတင်ပေါ်၌ တင်ပျဥ်ခွေထိုင်ကာ အသက်ရှုလေ့ကျင့်ခန်းအား စတင်တော့သည်။

ထာဝရကျေးရွာအတွင်း ယန်ချန့်ခြံဝင်းထဲမှာတော့ ရှုယင်တယောက် ရိတ်သိမ်းရတော့မည့် အသီးနှံများအား ကျန်းအိမ်တော်မှ လူများအကူညီဖြင့် ရိတ်သိမ်းနေခဲ့သည်။ မကြာမီ ဆောင်းဦးကာလ ရောက်တော့မည်ဖြစ်၍ ဆန်စပါးအချို့ သိုလှောင်ရန် တွေးနေပြီး တောဝက်များ မြေခွေးမလေးများအကူညီဖြင့် ဖမ်းဆီးရထားသည့် တောကောင်များကိုလည်း စုဆောင်းရပေဦးမည်။

စိုက်ပျိုးရေးက သူမထင်ထားတာသည်ထက်ပို ပင်ပန်းသည်ကိုတွေ့လိုက်ရပြီး ယန်ချန်တယောက် မည်သူ့အကူညီမှမယူခဲ့ပဲ စိုက်ခင်းတခုလုံး လုပ်ဆောင်ခဲ့သည့်အပေါ် ရှူယင်တယောက် မှင်သက်နေမိသည်။ ထို့အပြင် ယန်ချန်၏ စိုက်ပျိုးရေးနည်းလမ်းများက သူမသိထားသည့် နည်းလမ်းများနှင့်မတူညီ ခြားနားသည်ကို သတိပြုမိခဲ့သည်။

ဥပမာ ယန်ချန်ကတခါတရံ ထူးခြားသည့် ဆေးရည်အချို့ကို ရေဖြင့်ရော၍ ပတ်ဖြန်းတတ်ပြီး တခါတရံ၌ သေးငယ်သည့်ဆေးလုံးလေးများအား အရည်ဖျော်၍ ပတ်ဖြန်းတာမျိုးလည်း လုပ်တတ်သည်။ အများအားဖြင့် ထိုအရာများကို စိုက်ပျိုးကာစ တကြိမ် အနည်းငယ် ကြီးလာသည့်အရွယ်တကြိမ်နှင့် ခူးခါနီးအချိန် တကြိမ်ပတ်ဖြန်းတတ်သည်။

ရလာဒ်က အံ့မခန်းပင်။ သာမန်နှစ်ဝက်မျှစိုက်ရသည့် စပါးများက ၂လခန့်ဖြင့် ရိတ်သိမ်းရတတ်ပြီး အခြားအသီးနှံများမှာ အများဆုံး တလသာကြာမြင့်လေသည်။ ထိုနည်းလမ်းက မည်သို့နည်း။

ကျန်းအိမ်တော်မှလူများကမူ ထိုနည်းလမ်းများကို ရှုယင်ဆီမှသိရချိန်၌ မှင်သက်နေကြပြီး လီဖူယွဲ့တို့အဖွဲ့ကမူ ရှုယင်နမူနာပြသည့် ဆေးရည်များအား မြင်တွေ့သည့်အခါ တုန်လှုပ်ရလွန်း၍ အချိန်တော်ကြာသည်ထိ မတည်ငြိမ်နိုင်ခဲ့ပေ။ ၎င်းတို့စိတ်ထဲ၌ ယန်ချန်ရဲ့ဘဝက သူဋ္ဌေးငွေဖြုန်းသကဲ့သို့ ဖြစ်နေပြီး ယန်ချန့်အတွက် စိတ်ဝိဉာဥ်ဆေးရည်များဆိုသည်က လမ်းဘေးရေများနဲ့ပင် တူညီသည်ဟု သူတို့ခံစားမိသွားကြသည်။

“သခင်လေး ဒီတခေါက်သွားတာ ဘလောက်ကြာမလဲမသိဘူး”

ရှူယင်က လက်ထဲမှသီးနှံများကို စုစည်းရင်း တီးတိုးရေရွတ်လိုက်သည်။ ထိုအရာကို ခပ်လှမ်းလှမ်းမှ ကျန်းရင်ရင်တယောက်ကြားလျင် ရှုယင်နားရောက်လာကာ တုန့်ပြန်သည်။

“အဖိုးပြောတာကတော့ သခင်လေးယန်က ရွာလမ်းအတွက် ကျောက်တမျိုးသွားရှာတယ်တဲ့”

ကျန်းရင်ရင်ရဲ့အဖြေကိုကြားတော့ ရှုယင်က အနည်းငယ်စိတ်မကျေနပ်ဟန်ဖြင့် ရေရွတ်လာသည်။

“ပုံမှန်ကျောက်တုံးတွေက လမ်းခင်းရာမှာ သုံးမရလို့လား ဘာလို့ဟိုးတောနက်ကြီးထဲက ကျောက်တုံးမှလိုချင်ရတာလဲ”

သူမရဲ့သွင်ပြင်က အိမ်မှခရီးရှည်ထွက်သွားသည့် လင်သားအပေါ်စိတ်ပူကာ ဒေါသထွက်နေသည့် အိမ်ရှင်မတဦးနဲ့တူညီနေသည်။ ထိုအရာကို သတိပြုမိသွားသည့် ကျန်းရင်ရင်ကပြုံး၍ ရှုယင်၏လက်အားအသာပုတ်ကာ နှစ်သိမ့်လိုက်သည်။

“စိတ်ပူမနေပါနဲ့အစ်မရှု ယန်ပိုင်နဲ့ တောဝက်ကြီးပါသွားတယ်မဟုတ်လား တောထဲမှာဘေးကင်းပါတယ်”

(သခင်လေးယန်ကို ရန်ရှာတဲ့သားရဲက ရူးနေလို့ပဲ ဖြစ်မှာပေါ့အစ်မရယ်)

ထိုအရာက ကျန်းရင်ရင်၏အတွေးဖြစ်ပြီး ရှုယင်ကိုတော့ ထုတ်မပြောခဲ့ပေ။ ရှူယင်နေရာသူမဆိုလျှင်လည်း စိတ်ပူမိလောက်သည်ဟု တွေးမိ၍ ဖြစ်သည်။

“အင်း.. သူအဆင်ပြေမှာပါ ဒါနဲ့ ရင်ရင်တို့ လေ့ကျင့်ရေးက ပြီးပြီလား”

ရှုယင်ရဲ့အမေးကို ရင်ရင်က

“တနေ့တာကတော့ပြီးပြီ နောက်၅ရက်နေရင် စုန့်ပြည်နယ်ကို ထွက်သွားတော့မယ် ပြိုင်ပွဲကနီးလာပြီလေ အဲ့မတိုင်ခင် သခင်လေးယန်ပြန်ရောက်ဖို့ မျှော်လင့်ရမှာပဲ”

ကျန်းရင်ရင်က ရှုယင်တယောက်တည်း ကျန်ခဲ့မှာကို စိုးရိမ်နေပြီး အများအားဖြင့် ရှုယင်အား သူမနဲ့လီဖူယွဲ့တို့ကသာ အများဆုံးအဖော်ပြုပေးနေခြင်းကြောင့် ဖြစ်သည်။ ချူလင်းယုနဲ့ ချင်ဖုန်းတို့က လေ့ကျင့်ရေးကိုသာ နှစ်မြုတ်ထားကြသူများဖြစ်သည်။

“ကိစ္စမရှိပါဘူး ရင်ရင်တို့စိတ်ချလက်ချသွားပါ ရင်ရင့်အိမ်တော်က လူတွေကျန်နေမှာပဲ ပြီးတော့ ရင်ရင့်အမေနဲ့အဖေလည်း နောက်တခေါက် ရောက်လာကြမယ်မဟုတ်လား”

“ဟုတ်တယ် မေမေနဲ့ဖေဖေက အစ်ကို့ကိုခေါ်ပြီးလာကြမှာ အစ်မရှုကို အဖော်ပြုပေးဖို့ မေမေ့ကိုမှာထားခဲ့ရမယ်”

“မဟုတ်တာ မမှာပါနဲ့ အစ်မ အဆင်ပြေတယ်”

ရှူယင်က ကမန်းကတန်း တားဆီးပြီးနောက် သီးနှံများသိမ်းရည် ခြံဝန်းထောင့်ရှိ ဂိုထောင်ဆီအား သွားလေသည်။

နေရောင်က အနောက်ဘက်၌ ဝင်လုနီးပါးမေးတင်နေခဲ့ပြီး ခြံဝန်းထဲရှိ အရိပ်ရပင်အောက်မှာတော့ ယင်ယင်က မြေခွေးမလေးများနဲ့အတူ ဆော့ကစားနေလေသည်။ သူမလေးစိတ်ထဲ၌ ယန်ချန့်အား သတိရသလား မရသလား မည်သူမှမသိချေ။

…………………………………………

All Chapters