အခန်း (၂၁)
Vol. 3 Ch. 21
ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်သည် လျန်ဟယ်ကို ကြီးမားသော စွမ်းအားများ ပေးအပ်ထားကာ ထိုကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်နှင့်ဆိုလျှင် လျန်ဟယ်ထက် ပိုမိုသန်မာသော ကျွမ်းကျင်သူများပင် လျန်ဟယ်ကို ပုံရိပ်ယောင်ဖြင့် လှည့်စားနိုင်မည် မဟုတ်ပေ။
ရုတ်တရက် အားကောင်းသည့် မိုးကြိုးမုန်တိုင်း အလယ်မှ ဖြူဖွေးသော လက်တစ်ဖက် ဆန့်ထွက်လာ၏။ ထိုလက်သည် လျန်ဟယ်၏ တိုက်ခိုက်မှုများကို လုံးဝ လစ်လျူရှုထားကာ ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ကျုံးရှန်သည် လက်စွပ်ကို ကြည့်လိုက်ပြီး စိတ်ဝင်စားစွာဖြင့် ပြုံးလိုက်သည်။
"အင်း ကောင်းတယ်… ဒီလက်စွပ်က မိုးကြိုးရတနာတစ်ခုပဲ ဒီလက်စွပ်ထဲမှာ ကောင်းကင်မိုးကြိုးစွမ်းအားတွေ ပါဝင်နေတယ်။ ငါ့ရဲ့ မြစ်တော်လေးက ကိုးသွယ်ယန်မီးတောက်ကို ကျင့်ကြံထားတာဆိုတော့ ဒီလက်စွပ်ကို သူ့အတွက် ကစားစရာအရုပ် လုပ်ပေးရင် ကွက်တိပဲ"
ကျုံးရှန်အားကြည့်ပြီး လျန်ဟယ်၏ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်လာကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူးးး… ခင်ဗျားက ခရမ်းရောင်ကောင်းကင် မိုးကြိုးနယ်ပယ်ကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်စီးလိုက်တာလား"
လျန်ဟယ်သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပြီး သူ၏ ဝိညာဉ်ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ သူ၏ ရှေ့မှ လူသည် ပုံရိပ်ယောင်များအား အသုံးပြုကာ လှည့်စားနေခြင်းမဟုတ်ပေ။
ထိုသူသည် ပုံရိပ်ယောင်သခင်တစ်ပါးမဟုတ်ပဲ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် အစစ်အမှန် သခင်တစ်ပါး ဖြစ်သည်။
လွန်ခဲ့သော ခဏက ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်သည် မိုးနှင့်မြေကို လျှပ်စီးများဖြင့် ဖုံးလွှမ်းထားခဲ့ပြီး လျှပ်စီးကြောင်းတိုင်းသည် ကျုံးရှန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။
သို့သော် ကျုံးထျန်းယွဲ့သည် မိုးကြိုးမုန်တိုင်းကြားတွင် ပျော်ရွှင်စွာ ကစားနေကာ လျှပ်စီးပွားများကို လိုက်ဖမ်းနေသည်။ သူမသည် ဒဏ်ရာရဖို့မပြောနှင့် ခြစ်ရာလေးတစ်ရာပင် မရခဲ့ချေ။
နိယာမနယ်ပယ်၏ အဆင့်မြင့်ကျင်ကြံသူများ၏ အားကောင်းလှပါသည်ဆိုသော ခန္ဓာကိုယ်များကို စုတ်ဖြဲပစ်နိုင်သည့် ထောင်ပေါင်းများစွာသော မိုးကြိုးလျှပ်စီးများသည် အန္တရာယ်ရှိသော လှောင်အိမ်တစ်ခုအဖြစ် ဖွဲ့စည်းထားကာ ကျုံးရှန်အား အဆက်မပြတ်တိုက်ခိုက်နေသည်။
သို့သော် ယနေ့တွင် ကျုံးရှန်သည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ မိုးကြိုးများကြားမှ လျှောက်လှမ်းလာခဲ့သည်။
ကောင်းကင်အပြည့် ဖြစ်ပေါ်နေသော မိုးကြိုးများသည် ထိုလူအား နည်းနည်းလေးမှပင် ထိခိုက်နိုင်စွမ်းမရှိလေပဲ ကလေးကစားစရာ မီးရှူးမီးပန်းများကဲ့သို့ ဖြစ်နေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး လျန်ဟယ် မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။ ကျုံးရှန်သည် လက်တစ်ဖက်တည်းဖြင့် ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို သက်တောင့်သက်သာ ကိုင်ထားလိုက်သည်။
လျန်ဟယ်က သူ၏ စွမ်းအားအကုန်သုံးပြီး မျက်နှာကြီးနီလာသည်အထိ လက်စွပ်ကို ဆွဲယူသော်လည်း လက်စွပ်သည် ရွေ့လျားခြင်း မရှိပေ။
လျန်ဟယ်က တုန်လှုပ်နေသော မျက်လုံးတို့ဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။
"ခရမ်းရောင်ကောင်းကင်မိုးကြိုး…"
ကောင်းကင်ပေါ်မှ ကြီးမားသော ခရမ်းရောင်ကောင်းကင်မိုးကြိုး တစ်ခုကျဆင်းလာပြီး ကျုံးရှန်ထံသို့ ကျဆင်းလာသော်လည်း ကျုံးရှန်သည် မိုးကြိုးကို လှည့်ပင်မကြည့်ပေ။
ထိုမိုးကြိုးက ကျုံးရှန်၏ ခေါင်းနားသို့ ရောက်လာသော် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ စွမ်းအားပြင်းထန်သော ခရမ်းရောင်ကောင်းကင်မိုးကြိုးသည် ကောင်းကင်ထက်သို့ ချက်ချင်း ပြန်လည်လွင့်စင်သွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လျန်ဟယ်၏ ပါးစပ်ရွဲ့သွားလေ၏။
"သန်မာလိုက်တာ မဟုတ်ဘူး… ဒီလူက သန်မာတာထက် ပိုနေပြီ ဒီလူက သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ ငါ့ရဲ့ ကံကြမ္မာဖတ်ပညာနဲ့တောင် ဒီလူကို မမြင်နိုင်ဘူး ဒီလူက ကောင်းကင်တာအိုထဲမှာ မရှိနေသလိုပဲ"
လျန်ဟယ် ထိတ်လန့်သွားသည်။
"ငါ ဒီလူကို မယှဉ်နိုင်ဘူး… ယင်ယန်နယ်ပယ်ကြေးမုံပြင်ထဲက အမွေအနှစ်နယ်မြေကို ဆုတ်ခွာမှဖြစ်မယ်"
လျန်ဟယ်သည် အစီအစဉ်များစွာကို တွေးတောနေမိသည်။ သို့သော် သူ မနိုင်နိုင်ကြောင်း သူသိသည်။ သူ ထွက်ပြေးမှ ဖြစ်မည်။
အကယ်၍ သူသာ ကြေးမုံပြင်ထဲသို့ ဝင်ပြေးလိုက်လျှင် သူ ပိတ်မိသွားမည် ဖြစ်သော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
လျန်ဟယ် တွေးလိုက်သည်။
"တကယ်လို့ သခင်မလေးသာ ကြေးမုံပြင်ထဲမှာ ကိုးဆင့်မြောက်အထိ ကျင့်ကြံနိုင်ခဲ့ရင် သခင်မလေးက နောက်ထပ် ထာဝရအင်မော်တယ် ဗိမာန်ဂူ နှစ်ခုကို ဖွင့်နိုင်လိမ့်မယ် အဲဒါဆိုရင် ဒီလူကို ချေမှုန်းပစ်နိုင်လိမ့်မယ်"
လျန်ဟယ်သည် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူသည် ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို လွှတ်လိုက်သည်။
ထို့နောက် ချန်ချန်ကို လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး အမြန်နှုန်းဖြင့် နောက်သို့ ဆုတ်ခွာလိုက်သည်။ လျန်ဟယ် နောက်သို့ ဆုတ်ခွာလိုက်သည်နှင့် သူ၏ ခြေလှမ်းတိုင်းအောက်တွင် ရွှေကြာပန်းများ ပွင့်လန်းလာသည်။
ဖျော့တော့သော ပန်းရောင်အရိပ်တစ်ခုသည် လျန်ဟယ်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
မျက်တောင်တစ်ခတ်အတွင်း ပန်းရောင်အရိပ်သည် ပေပေါင်းသောင်းချီ ကျယ်ဝန်းသော ဧရာမ ကြာပန်းကြီးအဖြစ် ပြောင်းလဲသွားသည်။ ကြာပန်းကြီးသည် တောင်တစ်လုံးမျှ ကြီးမားလေသည်။
ဧရာမ ကြာပန်းကြီးသည် လင်းယွန်မျှော်စင်၏ အစိတ်အပိုင်းအများစုကို ရိုက်ချိုးဖျက်ဆီးလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
တစ်ချိန်တည်တွင် ချိုမြိန်သော ရနံ့တစ်ခု ကြာပန်းကြီးဆီမှ ထွက်ပေါ်လာသော်လည်း ထိုရနံ့တွင် မကောင်းဆိုးဝါးစွမ်းအင်များ ပါဝင်နေသည်။
ထို့နောက် ဧရာမ ပန်းပွင့်ဖတ်များသည် ဓားသွားများကဲ့သို့ ကျုံးရှန်ဆီသို့ ပစ်ခတ်တိုက်ခိုက်လာသည်။ ပန်းပွင့်ဖတ်များသည် မိုင်ပေါင်းတစ်ထောင်ကို ဖုံးလွှမ်းသွားပြီး ကျုံးရှန်ကို သတ်ဖြတ်ရန် ကြိုးစားသည်။
ကြာပန်းကြီး၏ အလယ်မှ အနက်ရောင် အစေ့ (၂၄) စေ့သည် ကျုံးရှန်ဆီသို့ ပစ်ခတ်သွားသည်။ အစေ့များသည် လေးလံသော အမြောက်ဆံများကဲ့သို့ ပျံသန်းသွားကြသည်။
ဤကြာပန်းကြီးသည် တိုက်ခိုက်နိုင်စွမ်းတွင် လျန်ဟယ်ထက် များစွာ ပိုမိုသန်မာသည်။ လျန်ဟယ်ကိုယ်တိုင်သာ ကြာပန်းကြီးကို ပြန်တိုက်ပါက အနိုင်ရရှိနိုင်မည်မဟုတ်ချေ။
ငတုံးမချန်ချန်သည်တော့ ကြာပန်းကြီးကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"အရမ်းသန်မာတာပဲ စီနီယာလျန် အဲသူတောင်းစားကို သတ်ပစ်လိုက်"
ချန်ချန်သည် လျန်ဟယ်၏ စွမ်းအားကြောင့် အံ့သြမှင်သက်သွားသည်။ ဧရာမ ကြာပန်းကြီးနှင့် ယှဉ်လိုက်လျှင် ကျုံးရှန်သည် ပုရွက်ဆိတ်ကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
သို့သော် လျန်ဟယ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေကာ ပျံသန်းရန်အတွက် သူ၏ စွမ်းအင်အကုန်လုံးကို အသုံးပြုနေရခြင်းဖြစ်သည်။
သူသည် ချန်ချန်ကို သယ်ဆောင်ပြီး ယင်ယန်နယ်ပယ်ကြေးမုံပြင်၏ အဝင်ဝဆီသို့ အသည်းအသန် ပြေးလွှားနေရသည်။
လျန်ဟယ်က တိုက်ခိုက်မည့် အစား ထွက်ပြေးနေသောကြောင့် ချန်ချန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"စီနီယာလျန် ဘာဖြစ်နေတာလဲ…"
လျန်ဟယ်က ထိတ်လန့်တကြား ဖြေလိုက်သည်။
"ရွှေကြာကိုယ်ပွားက ငါတို့အတွက် အချိန်ခဏလေးပဲ ဆွဲထားနိုင်မှာ ဒီလူက အရမ်းကြောက်စရာကောင်းလွန်းတယ် ငါသုံးယောက်ပေါင်းတိုက်ရင်တောင် ဒီလူကို မနိုင်နိုင်ဘူး ငါတို့ ပြေးမှဖြစ်မယ်"
ကျုံးရှန်သည်လည်း လျန်ဟယ်နှင့် ချန်ချန် ထွက်ပြေးသွားသည်ကို စိုက်ကြည့်နေသော်လည်းပဲ ချက်ချင်း လက်ငင်းတိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိသည့် ပုံမပေါ်ချေ။
လိုက်ဖမ်းရမည့်အစား ကျုံးရှန်သည် မေးစေ့ကို ပွတ်သပ်နေလျက် မလှုပ်မယှက် ရပ်နေကာ ဧရာမ ပန်းရောင်ကြာပန်းကြီးကို ကြည့်နေသည်။
"ရွှေကြာဝင်စားခြင်း နည်းစနစ်လား ဒါဆိုရင် ဒီကောင်က စိတ်ဝိညာဉ်မျိုးနွယ်ဝင်ပဲ ဒီကောင်ရဲ့ မူလခန္ဓာကိုယ်ကလည်း ကြာပန်းတစ်ပွင့်ကိုး မဆိုးဘူးပဲ…"
ကျုံးရှန်သည် ကောင်းကင်မိုးကြိုး မိစ္ဆာသတ်လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ထိုအခါ ကောင်းကင်ပေါ်ရှိ မိုးကြိုးများ ပျောက်ကွယ်သွားသည်။
ကျုံးထျန်းယွဲ့က တောင်ကြီးထက်ပင် ပို၍ကြီးမားသည့် ကြာပန်းကြီးကို ကြည့်ကာ ကြောက်ရွံ့လာပြီး ကျုံးရှန်၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ မေးလိုက်သည်။
"ဘိုးဘေး… ဒါက ဘာကြီးလဲဟင် အရမ်းကြီးတာပဲ သမီး ကြောက်တယ်"
ကျုံးထျန်းယွဲ့သည် မိမိကိုယ်ကို ပုရွက်ဆိတ်လေးတစ်ကောင်ထက်ပင် ပိုသေးငယ်သည်ဟု ခံစားနေရသည်။
"ဝှစ်…"
ကြာဖတ်များသည် ကျုံးရှန်နှင့် ကျုံးထျန်းယွဲ့ဆီသို့ ဓားသွားများကဲ့သို့ ဝင်ရောက်လာသည်။ ကြာရွက်များသည် နေကို ဖုံးကွယ်ထားလိုက်သဖြင့် ကမ္ဘာလောကကြီး အမှောင်ကျသွားသကဲ့သို့ ဖြစ်သွားသည်။
ကျုံးရှန်က ကျုံးထျန်းယွဲ့ကို တည်ငြိမ်စွာ ပြောလိုက်သည်။
"ယွဲ့အာ… ဒါက ရှေးဟောင်း စိတ်ဝိညာဉ်မျိုးနွယ်ရဲ့ စွမ်းအားပဲ ကြာပန်းက အသိဉာဏ်ရရှိလာပြီး ရွှေကြာဝင်စားခြင်း နည်းစနစ်ကို သင်ယူခဲ့တာ ဒီမိစ္ဆာခန္ဓာကိုယ်က မူလခန္ဓာကိုယ်ထက် ပိုသန်မာတယ် တကယ်လို့ ဒီမိစ္ဆာခန္ဓာကိုယ်သာ ကြီးထွားလာရင် မိစ္ဆာသူတော်စင် ဖြစ်လာနိုင်တယ်"
ပေါ့ပေါ့ပါးပါးပြောပြီးနောက် ကျုံးရှန်သည် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ကျုံးရှန်၏ သာမန်လက်သီးချက်အလင်းတန်းလေးသည် ဧရာမ ပန်းပွင့်ဖတ်များ အမြောက်ဆံကဲ့သို့သော အစေ့များနှင့် ကြီးမားသော မိစ္ဆာခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားသည်။
ကျုံးရှန်၏ သာမန်လူသားလက်သီးချက် အလင်းတန်းသည် ပေပေါင်းသောင်းချီ မြင့်မားသော ကြာပန်းကြီးနှင့် ထိပ်တိုက်တွေ့သွား၏။