အခန်း (၂၂)
Vol. 3 Ch. 22
ကျုံးရှန်၏ သာမန်ဆန်သော လက်သီးအလင်းတန်းနှင့် ပေပေါင်းသောင်းချီ မြင့်မားသော ရွှေကြာဝင်စားခြင်းကိုယ်ပွားကြီးထိသွားအခါ ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားစေသည့် နားကွဲမတတ် ကျယ်လောင်သောအသံကြီးတစ်သံသည် ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာလေသည်။
"ဝုန်းးးးး"
ချက်ချင်းပဲ ကမ္ဘာကြီးက ပေါက်ကွဲထွက်သွားတော့ မတတ်တုန်ခါသွားကာ အက်ကွဲကြောင်းကြီးများစွာနှင့်အတူ ပြင်းအားမြင့်သည့် ငလျင်များစွာ လှုပ်ခပ်သွားသည်။
ကျုံးရှန်၏ သာမန်ဆန်သော လက်သီးအလင်းတန်းလေးသည် အလွန်အမင်း အားကောင်းလှပြီး ရွှေကြာဝင်စားခြင်းကိုယ်ပွားကြီးကို ထိမှန်သွားကာ ချက်ချင်းပဲ ကြာပန်းကြီးက အမှုန်အမွှားများအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားသည်။
အဝေးတစ်နေရာတွင် လျန်ဟယ်သည် ယင်ယန်နယ်ပယ်ကြေးမုံပြင်ဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျန်ဟယ်သည် ကြာပန်းကြီး ပျက်ဆီးသွားခြင်း၏ အကျိုးဆက်ကြောင့် သွေးအဆီအနှစ်တစ်လုပ်ကိုအန်ထုတ်လိုက်၏။
"ကြောက်စရာကောင်းလိုက်တာ လက်သီးတစ်ချက်တည်းနဲ့ ရွှေကြာကိုယ်ပွားကို အမှုန်အမွှားဖြစ်အောင် လုပ်ပစ်လိုက်နိုင်တယ်" လျန်ဟယ်က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ငါ့တစ်ဘဝလုံး ရွှေကြာကိုယ်ပွားကို ဂရုစိုက်ပျိုးထောင်လာခဲ့ရတာ အခုတော့ ဒီလက်သီးချက်က ရွှေကြာကိုယ်ပွားရဲ့ ရုပ်အသွင်သဏ္ဌာန်ရော ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်ပြီ ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံ ထက်ဝက်လောက်တောင် ဒီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားပြီ"
ကြာပန်းကြီးသည် ဤအတိုင်းတိုက်ခိုက်ရန် လက်နက်သက်သက်မဟုတ်ပဲ သူ၏တစ်စိတ်တစ်ပိုင်းဖြစ်လေ၏။ သူ၏တစ်စိတ်တစ်ပိုင်းက သေဆုံးသွားပြီး လျန်ဟယ်၏ ကျင့်ကြံခြင်းအခြေခံသည်လည်း ထိခိုက်သွားကာ ယခင်ထက် ပိုပြီးအားနည်းသွားလေတော့သည်။
"ဘာပဲဖြစ်ဖြစ် ငါ အသက်ရှင်နေသရွေ့ ပြန်လာဖို့ အခွင့်အရေး ရှိကိုရှိရမယ်"
လျန်ဟယ်သည် နာကျင်မှုများကြားမှ ပြတ်သားစွာဖြင့် သွားများကို တင်းတင်းကြိတ်လိုက်ပြီး ချန်ချန်ကို ဆွဲထူကာ ထွက်ပြေးရန် ကြေးမုံပြင်ထဲသို့ ခုန်ဝင်လိုက်လေသည်။
"ကောင်းကင်ဘုံဂိုဏ်းမြင့်မြတ်နယ်မြေက ခွေးကောင်တွေ စောင့်နေကြစမ်း သခင်မလေးသာ ကြီးပြင်းလာရင် မြင့်မြတ်နယ်မြေအောက်မှာရှိတဲ့ သက်ရှိသန်းပေါင်းများစွာကို ရှေးဟောင်းနည်းလမ်းတွေသုံးပြီး ကောင်းကင်နဲ့မြေကြီးဆီ ယဇ်ပူဇော်ပစ်လိမ့်မယ်"
"သခင်မလေးက ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး…"
လျန်ဟယ်၏ မျက်လုံးများသည် နက်မှောင်သော အငြိုးအတေးများဖြင့် လက်ခနဲ ဖြစ်သွားလေ၏။
"နေပါဦး… ငါတို့ ဘာလို့ အမွေအနှစ်နယ်မြေထဲကို မရောက်သေးတာလဲ" ရုတ်တရက် လျန်ဟယ် တွေးတောလိုက်မိသည်။
ပုံမှန်ဆိုလျှင် ကမ္ဘာတစ်ခုနှင့်တစ်ခု ကူးပြောင်းသည့် ထူးဆန်းသော ခံစားချက်မျိုး ဖြစ်လာရပေမည်။ သို့သော် ယခုအခါတွင် ထိုထူးဆန်းသည့် ခံစားချက်မျိုးက ဖြစ်မလာချေ။
ထိုအစား ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဟင်းလင်းပြင်စွမ်းအားတစ်ခုသည် လျန်ဟယ်၏ ပတ်ဝန်းကျင်တွင် ပေါ်လာပြီး လျန်ဟယ်အား ခဲနေသော ရေခဲတုံးကြီးထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရစေသည်။
လျန်ဟယ်သည် ခန္ဓာကိုယ်မပြောနှင့် သူ၏မျက်လုံးများကိုပင် မလှုပ်ရှားနိုင်တော့ချေ။ ထို့နောက် လျန်ဟယ်၏ ပတ်ဝန်းကျင်မှ အရာအားလုံးသည် အနောက်သို့ အလွန်လျင်မြန်စွာ ရွေ့လျားသွားလေသည်။
လျန်ဟယ်နှင့် ချန်ချန်တို့သည် သူတို့ စတင်ထွက်ပြေးခဲ့သည့် နေရာအတိအကျဆီသို့ ပြန်လည် ဆွဲယူခြင်း ခံလိုက်ရ၏။ ထိုအချိန်ကျမှသာ ဟင်းလင်းပြင်စွမ်းအင် ပျောက်ကွယ်သွားတော့သည်။
လျန်ဟယ်သည် အလွန်ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ ဒါက အချိန်နဲ့ ဟင်းလင်းပြင်ကို ပြောင်းပြန်လှန်နိုင်တဲ့ စွမ်းရည်ပဲ။ ဒါက စစ်မှန်သော သူတော်စင်အဆင့်တွေသာ အသုံးပြုနိုင်တဲ့ နည်းစနစ်တစ်ခုလေ။ ဒါပေမဲ့... မင်းရဲ့ ခန္ဓာကိုယ်ပေါ်က စွမ်းအင်က သေချာပေါက် သူတော်စင်တစ်ပိုင်းအဆင့်ပဲ ရှိသေးတာပါ"
အကယ်၍ ကျုံးရှန်တွင် စစ်မှန်သော သူတော်စင်အဆင့် စွမ်းအားရှိကြောင်း လျန်ဟယ်သာ ကြိုသိခဲ့လျှင် သေအောင် အရိုက်ခံရမည် ဆိုလျှင်ပင် ဤကမ္ဘာထဲသို့ ဝင်ရောက်လာခဲ့မည် မဟုတ်ပေ။
စစ်မှန်သော သူတော်စင်တစ်ပါးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သောအရာ ဖြစ်သည်။ လျန်ဟယ်ကဲ့သို့ လူပေါင်းတစ်ထောင် တပြိုင်နက် တိုက်ခိုက်လျှင်ပင် အသုံးဝင်မည် မဟုတ်ဘဲ သူတော်စင်၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုပင် ဖြစ်လာစေမည် မဟုတ်ချေ။
ဤအချိန်တွင် ချန်ချန်၏ ရူးသွပ်မှုနှင့် ရက်စက်မှုတို့သည် လုံးဝ ပျောက်ကွယ်သွားလေပြီဖြစ်၏။ သူမ၏ အစောင့်အရှောက်သည် ပိုးကောင်လေးတစ်ကောင်ကဲ့သို့ အဖမ်းခံလိုက်ရသဖြင့် ချန်ချန်သည် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေတော့သည်။
သူမသည် ရှေးဟောင်းဧကရာဇ်တစ်ပါး၏ အထူးသူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဆိုသော်လည်း ချန်ချန်သည် စစ်မှန်သော ရှေးဟောင်းဧကရာဇ်တစ်ပါး မဖြစ်သေးပေ။
"စီနီယာ… သခင်မလေးက အရင်တုန်းက အမှားတချို့ လုပ်ခဲ့မိပါတယ်"
လျန်ဟယ်က အလျင်အမြန် ပြောလိုက်သည်။ သူသည် ခေါင်းငုံ့ကာ တုန်လှုပ်နေသော အသံဖြင့် ဆက်ပြောလိုက်သည်။
"ဒီနိမ့်ကျတဲ့ဂျူနီယာ ထင်တာကတော့ အချင်းချင်းသတ်ဖြတ်နေတာထက် ဒီတိုက်ပွဲကို စကားနဲ့ပဲ ဖြေရှင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်"
"ဒါ့အပြင် သခင်မလေးက ရှေးဟောင်းဧကရာဇ်မျိုးနွယ်က ဆင်းသက်လာတာမို့ သူမရဲ့ အနာဂတ်က အကန့်အသတ်မရှိပါဘူး ဝမ်ရှန့်ကုန်းမြေတိုက်ရဲ့ ကံတရားတွေ ပြန်ရောက်လာတဲ့အခါ သူမက သေချာပေါက် အထွတ်အထိပ်မှာ ရပ်တည်မဲ့ သူတော်စင်တစ်ပါးဖြစ်လာပါလိမ့်မယ်"
"ကျွန်တော်တို့က ဒီတိုက်ပွဲကနေတဆင့် ဆုံတွေ့ခဲ့ကြတာဆိုတော့ ဒီအမုန်းတရားကို မိတ်ဆွေဖွဲ့ခြင်းအဖြစ် ဘာလို့ မပြောင်းလဲလိုက်မှာလဲ… ကျွန်တော်တို့က ဒီညီမလေးဆီက ယူထားတဲ့ ဆန်းကြယ်ကောင်းကင်အရိုးကို ချက်ချင်း ပြန်ပေးပါ့မယ်… တစ်ချိန်တည်းမှာပဲ လက်ဆောင်အနေနဲ့ သူတော်စင်အဆင့် ကျမ်းစာအုပ် သုံးအုပ်နဲ့ သူတော်စင်အဆင့် ရတနာသုံးခုကို ပေးပါ့မယ်… စီနီယာ ဘယ်လိုသဘောရပါသလဲ…"
စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားလွန်းသဖြင့် လျန်ဟယ်သည် လက်လျော့လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
လျန်ဟယ်သည် ခေါင်းငုံ့ထားသော်လည်း သူ၏ စိတ်ထဲတွင် အသက်ရှင်လွတ်မြောက်ရန် နည်းလမ်းကို အပြင်းအထန် စဉ်းစားနေသည်။
တစ်ချိန်တည်းမှာပင် လျန်ဟယ်သည် ချန်ချန်ကို လျှို့ဝှက်စွာ အချက်ပြလိုက်၏။
ချန်ချန်သည် ဒေါသကြောင့် အံကြိတ်လိုက်မိသည်။
ရှေးဟောင်းဧကရာဇ်၏ အမွေအနှစ်ကို ရရှိပြီးနောက် ကမ္ဘာအနှံ့ လွတ်လပ်စွာ သွားလာနိုင်မည်ဟု ချန်ချန် ထင်မှတ်ခဲ့သည်။
သူမကို ဘယ်သူမှ ဦးညွှတ်ခိုင်းလို့မရ အရှက်ခွဲလို့မရဟု ထင်ခဲ့သည်။ သို့သော် ဤကဲ့သို့ ထပ်မံ ကြုံတွေ့ရလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
ဤတစ်ကြိမ်တွင်တော့ ချန်ချန်သည် အမှန်တကယ် ခေါင်းငုံ့ရတော့မည်။ သူမသည် ခွေးတစ်ကောင်လို အသက်ရှင်ခွင့်ရရန် တောင်းပန်ရတော့မည်။
အရှက်တရားကြောင့် ချန်ချန်သည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ရူးသွပ်လုမတတ် ဖြစ်သွားရသည်။
"သေစမ်း… သေစမ်း… သေစမ်း… အကုန်လုံး သေသင့်တယ် ကျုံးမိသားစုဝင်တွေ သေသင့်တယ်… မြင့်မြတ်နယ်မြေကလူတွေ သေသင့်တယ်… ဒီအသုံးမကျတဲ့လျန်ဟယ်လည်း သေသင့်တယ်"
"ငါ အကုန်လုံးကို သေစေချင်တယ်… တစ်နေ့ကျရင် ငါ့ရဲ့စွမ်းအားတွေ အထွတ်အထိပ်အထိ ရောက်လာတဲ့အခါ ကမ္ဘာပေါ်က လူတိုင်းကို သတ်ပစ်မယ်"
ချန်ချန်သည် စိတ်ထဲတွင် ဒေါသအပြည့်ဖြင့် အော်ဟစ်နေမိသည်။
ရုတ်တရက် ချန်ချန်သည် ရှေ့သို့ ခြေလှမ်းသုံးလှမ်း တိုးလိုက်သည်။ "ဒုန်း" ခနဲ အသံနှင့်အတူ ချန်ချန်သည် မာကျောသော မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
သူမ၏ ဒူးခေါင်းမှ အရှိန်ကြောင့် မြေကြီးပေါ်တွင် ကြီးမားသော တွင်းနှစ်တွင်း ပင်ဖြစ်သွားသည်။
ထို့နောက် ချန်ချန်သည် သူမ၏ မာနကြီးသော ခေါင်းကို မြေပြင်နှင့် အကြိမ်ကြိမ် ဆောင့်လိုက်သည်။
"သူတော်စင်မလေး ကျုံးထျန်းယွဲ့ ဒါက ကျွန်မရဲ့ အမှားပါ ကျွန်မ တောင်းပန်ပါတယ် ကျွန်မ သေသင့်ပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ချန်ချန်က သနားစဖွယ် ငိုယိုအော်ဟစ်လိုက်သည်။
"ဆန်းကြယ်ကောင်းကင်အရိုးကို ပြန်ထုတ်ပြီး ပေးပါ့မယ် စီနီယာလျန်ဟယ် ပြောခဲ့တဲ့ ရတနာတွေကိုလည်း နှစ်ဆ ပေးပါ့မယ်"
ချန်ချန်၏ မျက်နှာသည် မြေကြီးထဲတွင် နစ်မြုပ်နေကာ သူမ၏ မျက်နှာထား မည်မျှ ဒေါသထွက်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်ကို မည်သူမျှ မမြင်နိုင်ပေ။
သနားစဖွယ် တောင်းပန်သံများကို ကြားလိုက်ရသဖြင့် ကျုံးထျန်းယွဲ့က ကျုံးရှန်ကို လှည့်ကြည့်လိုက်သည်။
ကျုံးရှန်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အမူအရာမျှ မပြပေ။ သူသည် မည်သည့်ကိုမှ မပြောပဲ ရွေးချယ်မှုကို ကျုံးထျန်းယွဲ့အား လွှဲအပ်လိုက်သည်။
"မိန်းမယုတ် ချန်ချန် နင်က အခုမှ အရမ်း သဘောထားကြီးပြနေပါလား ဒီလို သေးမွှားတဲ့အရာတွေနဲ့ နင့်အသက်ကို လဲနိုင်မယ်လို့ တကယ် ထင်နေတာလား"
"ငါ့ခန္ဓာကိုယ်ထဲက အရိုးကို ထုတ်ယူတုန်းက နင့်ရဲ့ မာနတွေ ဘယ်ရောက်နေလဲ ဒါနဲ့တင် မလုံလောက်ဘူး ငါ နင့်ရဲ့ အမွေအနှစ်အားလုံး နင့်ရဲ့ အခွင့်အရေးအားလုံးနဲ့ နင့်ရဲ့ ကံတရားအားလုံးကို လိုချင်တယ်" ကျုံးထျန်းယွဲ့က အေးစက်သော အသံဖြင့် ပြောလိုက်သည်။
ကျုံးထျန်းယွဲ့ ပြောပြီးသည်နှင့် ချန်ချန်၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထား၍ မရတော့ပေ။
ဒေါသအမျက်များသည် ချန်ချန်၏ ခန္ဓာကိုယ်မှ မည်းမှောင်သော တိမ်တိုက်သဖွယ် စီးဆင်းထွက်ပေါ်လာသည်။
"ခွေးမ… နင်က သေလမ်းရှာနေတာပဲ"
ချန်ချန်သည် သွားများကို ကြိတ်ကာ ဒေါသအသံပြုလိုက်သည်။ အမုန်းတရားလှိုင်းလုံးကြီးသည် ဧရာမ သမုဒ္ဒရာလှိုင်းလုံးကြီးသဖွယ် ကျုံးထျန်းယွဲ့ဆီသို့ တိုးဝင်သွားသည်။
ချန်ချန်သည် အသက်ရှင်ရန် ဟန်ဆောင်တောင်းပန်နေခြင်း မပြုတော့ပေ။ သူမသည် မြေပြင်မှ အလျင်အမြန် ထရပ်လိုက်သည်။ သူမ၏ ရင်ဘတ်ထဲတွင် မြင့်မြတ်အလင်းတန်းများ လက်ခနဲ ဖြတ်ပြေးသွားသည်။ ချန်ချန်သည် ကျုံးထျန်းယွဲ့ကို ဒေါသအပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ကျုံးထျန်းယွဲ့ကလည်း သူမအား အထက်စီးမှ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ချန်ချန် နင်က ငါ့ရဲ့ မွေးရာပါ ပါရမီကို ခိုးယူခဲ့တာ ဒီအမုန်းတရားက ကောင်းကင်ထက်တောင် ပိုကြီးမားတယ် ငါ နင့်ကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ် လွှတ်ပေးနိုင်မှာလဲ နင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရမှ ငါ ကျေနပ်နိုင်မယ်"
ကျုံးထျန်းယွဲ့၏ မျက်နှာထားသည် အလွန်လေးနက်နေပြီး သူမ၏ မျက်နှာလေးမှာ ဒေါသကြောင့် တင်းမာနေသည်။ ကျုံးထျန်းယွဲ့သည် ကျုံးရှန်၏ ရှေ့တွင် လိမ်မာပြီး စကားနားထောင်သော်လည်း သူမသည် မြင့်မြတ်နယ်မြေတစ်ခု၏ သူတော်စင်မလေး ဖြစ်သည်။
ရန်သူကို လွယ်လွယ်ကူကူ သနားမည့် သူမျိုး မဟုတ်ပေ။
ကျုံးရှန်သည် တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။ သူသည် လျန်ဟယ်ကို လက်ဖြင့် တွန်းထုတ်လိုက်ပြီး မိန်းကလေးနှစ်ယောက်ကြားတွင် ပေတစ်ရာခန့် ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
ကျုံးထျန်းယွဲ့က ဒေါသအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။
"ချန်ချန် ဒီနေ့ ဒီနေရာက နင် အမွေအနှစ်တွေ ရှိခဲ့တဲ့နေရာ ဖြစ်သလို နင့်ကို မြှုပ်နှံမယ့် နေရာလည်း ဖြစ်စေရမယ်"
သူမက ဟိန်းဟောက်လိုက်သောအခါ သူမ၏ရင်ဘတ်သည် အနက်ရောင် အလင်းတန်းများဖြင့် တောက်ပလာကာ ကြယ်ထိုးခွင်းသံလက်သီးက ထွက်ပေါ်လာသည်။
ကျုံးထျန်းယွဲ့၏ ကျင့်ကြံခြင်းအဆင့်သည် အားနည်းသောကြောင့် လက်သီးတစ်ချက်ကိုသာ ထိုးခွင်းနိုင်မည်ဖြစ်လေသည်။ သို့သော် ထိုလက်သီးတစ်ချက်က လုံလောက်သည်ထက် ပိုသည်။
"သေစမ်း စုန်းမ…"
ကျုံးထျန်းယွဲ့က ဒေါသအပြည့်ဖြင့် အော်ဟစ်လိုက်ပြီး ထိုးလိုက်ကာ အနက်ရောင်လက်သီးအလင်းတန်းတစ်ခုအား ထုတ်ဖော်လိုက်သည်။