အခန်း (၂၄)
Vol. 3 Ch. 24
ချန်ချန်က တည်နေရာ ကူးပြောင်းနိုင်စွမ်းမရှိတော့သောအခါ ထိုစွမ်းအင်များက ဤအတိုင်းလေထဲတွင် ပျောက်ကွယ်ခြင်းမရှိပေ။ ထို မိုင်ပေါင်းသန်းချီ ဖြတ်သန်းသွားလာနိုင်စွမ်းရှိသော စွမ်းအင်ကြီးက သူမထံသို့ ပြင်းထန်စွာ ပြန်ကန်ထွက်လာခဲ့သည်။
ထိုကြီးမားသော ရိုက်ခတ်မှုကြောင့် ချန်ချန်၏ အရိုးများနှင့် အကြောများ ချက်ချင်းဆိုသလို တစ်စစီ ကြေမွသွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတော့သည်။
သေဆုံးနေသော ခွေးတစ်ကောင်လို သူမ မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခန္ဓာကိုယ်ကို မှတ်မိရန်ပင် ခဲယဉ်းနေသည်။
"အဟွတ်... အဟွတ်..."
"ဘယ်လို ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ"
သူမ၏ စိတ်အာရုံများ ထိတ်လန့်တုန်လှုပ်မှုကြောင့် အေးခဲသွားပြီး မည်သည့်အရာကိုမျှ မတွေးတောနိုင်တော့ပေ။
သူမ၏ စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် သံသယစိတ်များ ဝင်ရောက်လာသည်။
"ငါက တကယ်ပဲ ကံတရားရဲ့ သမီးတော် ဟုတ်ပါရဲ့လား"
"ငါ အခွင့်အရေးတစ်ခုရပြီး ပိုသန်မာလာတိုင်း ဘာလို့ ဒီလူက အမြဲတမ်း ငါ့ကို ချေမှုန်းနိုင်နေရတာလဲ"
ကံတရား၊ ကံကြမ္မာ၊ ဧကရာဇ်အမွေအနှစ် စသည့်အရာအားလုံးက သူမရှေ့က ရှစ်နှစ်အရွယ် မိန်းကလေးကြောင့် ဖန်ခွက်တစ်လုံးလို ကွဲကြေပျက်စီးသွားခဲ့ပြီဖြစ်သည်။
သူမ၏ ဘဝသည် အိမ်မက်တစ်ခုနှင့် တူညီလှသည်။ အိပ်စက်ရာမှ နိုးထလာသောအခါ အရာအားလုံးက ပြီးဆုံးသွားပြီဖြစ်သည်။
သူမ၏ စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားသည်။ ရက်စက်ကြမ်းကြုတ်မှု သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးမှုအားလုံး ပျောက်ကွယ်သွားပြီး ဤအခိုက်အတန့်တွင်တော့ သူမသည် ယခင်ကလို ကြောက်ရွံ့ပြီး နာခံတတ်တဲ့ မိန်းကလေးတစ်ယောက် ပြန်ဖြစ်သွားလေတော့သည်။
"ဟင့်အင်း… ငါ အခွင့်အရေးလိုချင်တယ် ငါ့ကို အခွင့်အရေးပေးပါ ငါ့ကို အခွင့်အရေးပေးပါလို့"
"နင် ကြားလား ဒီယုတ်မာတဲ့ ကောင်းကင်ဘုံ"
သူမသည် နောက်ဆုံးလက်ကျန်ခွန်အားဖြင့် အော်ဟစ်လိုက်သည်။ အော်ဟစ်လိုက်တိုင်း သူမ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
ကံဆိုးစွာဖြင့် ဒီတစ်ကြိမ်တော့ မည်သည့်အခွင့်အရေးမှ ပေါ်မလာခဲ့ပေ။
အကြောင်းအကျိုး ကံတရားနှင့် ကံကြမ္မာကို နားလည်သဘောပေါက်ထားသော စစ်မှန်သည့် နတ်ဘုရားတစ်ပါးသာ ရှိနေခဲ့မည်ဆိုလျှင် ချန်ချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကမ္မာကံတရားက မှေးမှိန်ပျောက်ကွယ်သွားပြီး သူမရှေ့ရှိ ကျုံးထျန်းယွဲ့၏ ကမ္မာကံတရားကတော့ ကောင်းကင်ယံအထိ ထိုးတက်သွားသည်ကို တွေ့မြင်ရပေလိမ့်မည်။
ရှုံးနိမ့်သွားသူ ချန်ချန်၏ ကံတရားများ တဖြည်းဖြည်း လုယူခံလိုက်ရပြီ ဖြစ်သည်။ အနိုင်ရရှိသူဖြစ်သည့် ကျုံးထျန်းယွဲ့ကတော့ ချန်ချန်၏ ကံတရားကို စုပ်ယူလိုက်ပြီး ပိုမိုစွမ်းအားကြီးသော ကံတရား၏သမီးတော်ဖြစ်လာတော့မည်ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ကံကြမ္မာ၏ သဘောတရားအတိုင်းပင်ဖြစ်လေ၏။ ရှုံးနိမ့်သူက ဝါမြိုခံရပြီး ပျောက်ကွယ်သွားကာ အနိုင်ရသူကတော့ ပိုပြီး အားကောင်းလာသည်။
"စုန်းမ… အရိုးထုတ်ယူခံရတဲ့ နာကျင်မှုကို မြည်းစမ်းကြည့်လိုက်စမ်း"
ကျုံးထျန်းယွဲ့၏ လက်က လျှပ်စီးသဖွယ် လှုပ်ရှားသွားပြီး ချန်ချန်၏ ရင်ဘတ်ကို လှမ်းဆွဲလိုက်သည်။ ပုံမှန်ဆိုလျှင် ချန်ချန်အနေဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သော်လည်း ယခုအခါတွင်မူ ထိုနူးညံ့သော လက်ဖြူဖြူလေးက သူမ၏ ရင်ဘတ်ကို ခွဲပြီး မူလက သူမပိုင်ဆိုင်ခဲ့သော ဆန်းကြယ်ကောင်းကင်အရိုး ကို ပြန်လည်ရယူသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
သွေးစက်တစ်စက်မျှပင် စွန်းထင်းခြင်းမရှိသော နို့နှစ်ရောင် အလင်းတန်းလေးတစ်ခု ကျုံးထျန်းယွဲ့၏ လက်ထဲတွင် ပေါ်လာသည်။
"အား…"
ချန်ချန်သည် ရူးသွပ်မတတ် အော်ဟစ်လိုက်ပြီး နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်သွားသည်။ မွေးရာပါအရိုးနှင့် အခြေခံအုတ်မြစ်ကို ထုတ်ယူခံရခြင်းသည် ဝိညာဉ်ကြေမွသွားသည်ထက် ဆယ်ဆမျှ ပိုမိုနာကျင်သည်။
ကျုံးထျန်းယွဲ့သည် လက်ထဲရှိ နို့နှစ်ရောင် အလင်းတန်းလေးကို ကြည့်လိုက်သောအခါ သူမ၏ သွေးကြောများထဲမှ ရင်းနှီးသော ခံစားမှုတစ်ခုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ဤသည်က သူမ မွေးဖွားလာကတည်းက ပါလာသော သူမ၏ မွေးရာပါအရိုးပင် ဖြစ်သည်။
"နင် နင်ရဲ့ ဆန်းကြယ်ကောင်းကင်အရိုးကို ပြန်ရပြီပဲ ငါ့အသက်ကို ချမ်းသာပေးပါ ငါ နောက်ဘယ်တော့မှ နင့်ရဲ့ ရန်သူ မလုပ်တော့ပါဘူး"
"နင် မယုံရင် ငါ့ဝိညာဉ်ကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်"
ချန်ချန်သည် မခံမရပ်နိုင်အောင် နာကျင်နေသော်လည်း အံကိုကြိတ်ပြီး ထိုစကားများကို ပြောထွက်အောင် ပြောလိုက်သည်။
ကျုံးထျန်းယွဲ့သည် ဆန်းကြယ်ကောင်းကင်အရိုးမှ အကြည့်ကိုရုတ်ပြီး ချန်ချန်ကို ကြည့်လိုက်သည်။
"နင့်ကို လွှတ်ပေးရမယ်ဟုတ်လား ရတာပေါ့ ဒါပေမဲ့ နင့်ရဲ့ အထွတ်အထိပ်တာအိုခန္ဓာ နဲ့ ဧကရာဇ်အမွေအနှစ်တွေတော့ ဒီမှာ ကျန်ခဲ့ရမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်သွားသည်။
"မဖြစ်ဘူး… မလုပ်ပါနဲ့..."
ထိုအခိုက်အတန့်တွင် ချန်ချန်၏ မျက်နှာပေါ်၌ နက်ရှိုင်းသော ကြောက်ရွံ့မှုများ ပေါ်လာသည်။
သူမ စကားမဆုံးခင်မှာပင် ကျုံးထျန်းယွဲ့သည် သူမရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် ချန်ချန်၏ ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ဘိုးဘေးကျုံးရှန် ကြိုတင် သင်ကြားပေးခဲ့သော အထွတ်အထိပ်တာအိုခန္ဓာ၏ အဆီအနှစ်ကို စုပ်ယူခြင်း နည်းစနစ်ကို အသုံးပြုလိုက်ကာ သူမ စတင်စုပ်ယူလိုက်လေသည်။
ချန်ချန်၏ ကျင့်ကြံခြင်းအဆင့်ကို ကျုံးရှန်က ဖိနှိပ်ထားသဖြင့် သူမ ဘာမျှမတတ်နိုင်ဘဲ မျက်ရည်များသာ စီးကျနေသည်။
သူမ၏ အထွတ်အထိပ်တာအိုခန္ဓာ အဆီအနှစ်များ စုပ်ထုတ်ခံလိုက်ရပြီး ကျုံးထျန်းယွဲ့၏ လက်ဖဝါးပေါ်တွင် အပြာရောင်ဖျော့ဖျော့ အလင်းလုံးလေးအဖြစ် ပြောင်းလဲသွားသည်ကိုသာ မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေရတော့သည်။
ထိုအလင်းလုံးလေး၏ တောက်ပမှုသည် ကျုံးထျန်းယွဲ့ကို ဆွဲဆောင်နေပြီး သူမ၏ မျက်နှာတွင် ကျေနပ်နှစ်သက်သော အမူအရာများ ပေါ်လာသည်။
ထို့နောက် သူမသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး အခွင့်အရေးနှင့် ကံတရားများအားလုံး ဆုံးရှုံးသွားကာ သေမျိုးသိုင်းပညာရှင်အဆင့်ထိ ကျဆင်းသွားသော ချန်ချန်ကို ကြည့်လိုက်သည်။
"ငါ ကတိပေးထားတဲ့အတိုင်း အမွေအနှစ်တွေနဲ့ အခွင့်အရေးတွေ ထားခဲ့ရင် နင့်ကို လွှတ်ပေးမယ်လို့ ပြောခဲ့တယ်မလား"
"အခု နင် သွားလို့ရပြီ လင်းယွင်မျှော်စင်က အသက်ရှင်ကျန်ရစ်သူတွေ နင့်ကို ကြိုဆိုကြလိမ့်မယ်လို့ ငါ ထင်တယ်"
ကျုံးထျန်းယွဲ့၏ စကားကို ကြားသောအခါ ချန်ချန်၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများက တစ်ဖန် ပြန်လည် တောက်လောင်လာသည်။
"ဟင့်အင်း… မလုပ်ပါနဲ့"
"ငါ့ကို သတ်လိုက်ပါ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါ"
နောက်တစ်ခဏတွင် ကျုံးရှန်သည် ခံစားချက်မပါသော မျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝှစ်…"
ချန်ချန်၏ ခန္ဓာကိုယ်သည် မိုင်ပေါင်းများစွာ နေရာရွှေ့ပြောင်းသွားပြီး လင်းယွင်မျှော်စင်မှ အသက်ရှင်ကျန်ရစ်သူများ၏ ဘေးနားသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူများသည် အပျက်အစီးများကြားတွင် သူတို့၏ ပစ္စည်းများကို ရှာဖွေရင်း ထွက်ခွာရန် ပြင်ဆင်နေကြသည်။
ရုတ်တရက် ကောင်းကင်မှ လူတစ်ယောက် ပြုတ်ကျလာသည်ကို မြင်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြပြီး ထွက်ပြေးရန် ပြင်လိုက်ကြသော်လည်း ထိုသူမှာ ချန်ချန်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရပ်တန့်သွားကြသည်။
"နေဦး… အားလုံး ရပ်ကြ ဒီခွေးမက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပုံပဲ"
"ဘာ…"
လူတိုင်း သူမကို ချက်ချင်း ဝိုင်းလိုက်ကြသည်။ ချန်ချန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နာကျင်စွာ တောင်းပန်လိုက်သည်။
"ဟားဟား… ဝဋ်လည်တယ်ဆိုတာ ဒါပဲ ဘယ်သူမှ ကောင်းကင်ဘုံရဲ့ စီရင်ချက်ကနေ မလွတ်မြောက်နိုင်ဘူး"
မကြာမီတွင် သူမ၏ လက်နှင့် ခြေထောက်များကို တုပ်နှောင်ကာ သစ်တိုင်တစ်ခုတွင် ချည်နှောင်ပြီး အပြင်ဘက်ရှိ ကွယ်လွန်သူများ၏ ကမ္ပည်းပြားများ ထားရှိရာ ဘုရားကျောင်းဆောင်ထဲသို့ သယ်ဆောင်သွားကြသည်။
ထို့နောက် အတွင်းဘက်မှ ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့သောအော်သံကြီး ထွက်ပေါ်လာသည်။ ဤသို့ဖြင့် တာအိုဧကရာဇ်၏ ဆက်ခံသူသည် ခွေးတစ်ကောင်ထက်ပင် ပို၍ဆိုးရွားသော ကံကြမ္မာဖြင့် ကြုံတွေ့လိုက်ရကာ သနားစဖွယ် သေဆုံးသွားတော့သည်။
"ဟား…ဟား…"
လျန်ဟယ်သည် ရုတ်တရက် ထူးဆန်းသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။
"ငါ ဒီနေ့ သေရမယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ သိပ်ပြီး ဘဝင်မမြင့်ပါနဲ့ဦး"
"ငါတို့ မင်းဆက်က ပုဂ္ဂိုလ်ကြီးတွေ ထာဝရအင်မော်တယ်နတ်ဘုရားဗိမာန်ဂူ ထဲကနေ ထွက်လာတဲ့အခါ မင်းတို့ရဲ့ ဝိညာဉ်တွေ ချေမှုန်းခံရမယ့်နေ့ပဲ"
"မင်း အထွတ်အထိပ်တာအိုခန္ဓာကို ရပြီး အမွေအနှစ် လျှို့ဝှက်နယ်မြေထဲ ဝင်နိုင်ရင်ရော ဘာဖြစ်မှာမို့လို့လဲ"
"မင်းတို့သာ ထာဝရအင်မော်တယ်နတ်ဘုရားဗိမာန်ဂူ ကိုးခုကို ဖွင့်ရဲရင် သေချာပေါက် သေရလိမ့်မယ်"
လျန်ဟယ် ပြောသလိုပင် အမွေအနှစ်နယ်မြေထဲမှ ရတနာများနှင့် လျှို့ဝှက်ကျမ်းစာအုပ်များသည် တန်ဖိုးရှိသော်လည်း ၎င်းတို့သည် သက်မဲ့အရာများသာ ဖြစ်သည်။
အမှန်တကယ် တန်ဖိုးရှိသည်မှာ ထာဝရအင်မော်တယ်နတ်ဘုရားဗိမာန်ဂူ ကိုးခုထဲတွင် အိပ်စက်နေကြသော ရှေးဟောင်းနတ်ဘုရားမင်းဆက်မှ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများနှင့် မူးမတ်များသာ ဖြစ်သည်။
သူတို့အားလုံးသည် ရှေးဟောင်းနတ်ဘုရားမင်းဆက်၏ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် မင်းဆက်၏ ပင်မမဏ္ဍိုင်ကြီးများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် အမှားလုပ်မိသူများကို လမ်းပြပေးနိုင်သော သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြသည်။
သူတို့သည် မင်းဆက်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရုံသာမက ကျင့်ကြံခြင်းလမ်းစဉ်တွင် အကောင်းဆုံး ဆရာသမားများလည်း ဖြစ်လာနိုင်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ရှေးဟောင်းနတ်ဘုရားမင်းဆက်၏ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန် မျှော်လင့်ချက်များ ဖြစ်ကြပြီး မင်းဆက်သစ်၏ အကြီးအကဲများနှင့် မင်းဆက်မဏ္ဍိုင်များ ဖြစ်လာနိုင်သည်။
သူတို့သည် လျှော့တွက်၍ မရသော အင်အားစုတစ်ခု ဖြစ်သည်။ ကျန်ရှိနေသော ဗိမာန်ဂူ ၇ ခုထဲမှ တစ်ခုစီတွင် ရှိနေသော ပုဂ္ဂိုလ်များသည် နိယာမနယ်ပယ်ကို အောင်မြင်ထားသော ကျင့်ကြံသူများထက် များစွာ သာလွန်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
သူတို့ ထွက်ပေါ်လာသည်နှင့် ကောင်းကင်တာအိုကို ခြေရာခံသော နည်းလမ်းကို အသုံးပြုပြီး အဖြစ်မှန်ကို ဖော်ထုတ်ကြလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့၏ လက်တစ်ချောင်း လှုပ်ရှားလိုက်ရုံဖြင့် ကျုံးထျန်းယွဲ့ကို ထာဝရ ငရဲကျသွားစေရန် လုံလောက်ပေသည်။
လျန်ဟယ်၏ ရယ်သံများတွင် အကန့်အသတ်မရှိသော ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး သေခြင်းတရားကိုပင် မကြောက်တော့ပေ။
"သနားစရာကောင်းလိုက်တာ"
ကျုံးရှန်သည် ခေါင်းခါပြီး ညင်သာစွာ သက်ပြင်းချလိုက်သည်။
"အစကတော့ မင်းရဲ့ သခင်အပေါ်ထားတဲ့ သစ္စာတရားကြောင့် မင်းကို ငြိမ်းချမ်းစွာ သေဆုံးခွင့်ပေးဖို့ ငါ ပြင်ဆင်ထားတာ"
"အခု့တော့ ငါစိတ်ပြောင်းသွားပြီ မင်းကို နောင်တတွေနဲ့ သေသွားအောင် သတ်ပေးရတာပေါ့"
ကျုံးရှန်သည် ရုတ်တရက် သန့်ရှင်းဖြူစင်သော လက်ညှိုးတစ်ချောင်းကို ထုတ်လိုက်သည်။ နက်ရှိုင်းသော တာအိုနိယာမ တရားများသည် သူ၏ လက်ချောင်းမှ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ လက်ချောင်းဖြင့် လေထဲတွင် တစ်စုံတစ်ခုအား ရေးဆွဲလိုက်သည်။
သူ၏ မျက်နှာထားသည် လေးနက်တည်ကြည်နေပြီး အဖြစ်အပျက် တစ်စုံတစ်ခုကို ပြန်လည်ပြင်ဆင် ရေးသားနေသကဲ့သို့ပင်။