← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

တစ်ချိန်တည်းတွင် ပုံရိပ်များစွာပေါ်လာပြီ ကျိုးရှန်က ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြင်ရေးသကဲ့သို့ သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည်။

ထိုအခါ ကြီးမြတ်သောတာအိုမြစ်ရေစီးကြောင်းတွင် စီးဆင်းနေသော မူလပုံရိပ်များ လုံးဝ ပျောက်ကွယ်သွားပြီး ၎င်းတို့၏နေရာတွင် လုံးဝအသစ်ဖြစ်သော မြင်ကွင်းများ အစားထိုး ဝင်ရောက်လာသည်။

​ဤပုံရိပ်သစ်များသည် လက်တွေ့အခြေအနေနှင့် လုံးဝ ပြောင်းပြန်ဖြစ်နေသည်။ ပြန်လည်ရေးသားထားသော သမိုင်းကြောင်းတွင် ကျုံးထျန်းယွဲ့သည် အထွတ်အထိပ်တာအိုခန္ဓာ၏ စစ်မှန်သော ဆက်ခံသူအဖြစ် အောင်ပွဲခံခဲ့ပြီး လင်းယွင်မျှော်စင်မှ ချန်ချန်ကို သူမ၏ စွမ်းအားဖြင့် အနိုင်ယူခဲ့သည်။

ထိုအချိန်တွင် ရန်သူများဖြစ်ကြသော ကျုန်းဟုန်နှင့် လျန်ဟယ်တို့သည်လည်း တိုက်ပွဲတွင် ရက်စက်စွာ ချေမှုန်းခံလိုက်ကြရသည်။

​ဤအတုအယောင် မြင်ကွင်းများသည် ကောင်းကင်တာအို ရေစီးကြောင်းအတွင်း ထပ်ခါတလဲလဲ ပေါ်လာပြီး နောင်လာနောက်သားများ ပြန်ကြည့်ကြသည့်အခါ ၎င်းကိုသာ ပကတိအမှန်တရားအဖြစ် လက်ခံယုံကြည်ကြတော့မည် ဖြစ်သည်။

​"ငါ...ငါ..."

​လျန်ဟယ်၏ အသံသည် မှိုင်တွေမှုများနှင့်အတူ တုန်ရီနေသည်။ ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါနေပြီး ရှုံးနိမ့်ခြင်းဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။

​"ဒါက ဒဏ္ဍာရီလာ ကောင်းကင်တာအိုကို ပြုပြင်ပြောင်းလဲခြင်း နည်းလမ်းပဲ"

​"မင်းက ဘယ်သူလဲ မင်းက ဘယ်သူလဲကွ"

လျန်ဟယ်သည် ရုတ်တရက် ရူးသွပ်စွာ အော်ဟစ်မေးမြန်းလိုက်သည်။

​သူသည် ကောင်းကင်တာအိုကို ပြုပြင်ပြောင်းလဲခြင်း နည်းလမ်းကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသော်လည်း တာအိုဧကရာဇ် ပြောပြသည်ကို ကြားဖူးရုံမျှ ကံကောင်းခဲ့သည်။

ဤ ယုတ္တိမဆန်သည့် နည်းလမ်းကို ရှေးဟောင်းခေတ်က ကံကြမ္မာအမည်ရသော အထွတ်အထိပ်သူတော်စင်တစ်ပါးက ဖန်တီးခဲ့ခြင်းဖြစ်သည်။

​ထိုသူတော်စင်သည် ကြောက်ခမန်းလိလိ စွမ်းအားကြီးမားပြီး သူတော်စင်အဆင့်သာ ရှိသော်လည်း နတ်ဘုရားများနှင့် တန်းတူဖြစ်သည်။

သူသည် ကမ္ဘာလောက၏ စည်းမျဉ်းများကို ပြောင်းလဲနိုင်သော အတတ်ပညာကို ပိုင်နိုင်စွာ တတ်မြောက်ထားသည်။

သူသည်အထွတ်အထိပ်တွင်ရှိစဥ်က နယ်မြေတစ်ခုလုံး၏ စည်းမျဉ်းများကို ပြန်လည်ရေးသားနိုင်ပြီး ဆောင်းရာသီကို ပျောက်ကွယ်စေကာ နွေရာသီကို အေးခဲစေပြီး နေ့နှင့်ညကို ပြောင်းပြန်လှန်လျက် ကြယ်များ၏ အလင်းရောင်ကို ငြိမ်းသတ်နိုင်စွမ်းရှိသည်။

​ပို၍ ကြောက်စရာကောင်းသည်မှာ သူတော်စင်ကံကြမ္မာ သည် ဟင်းလင်းပြင်ရှိ စကြာဝဠာငယ်လေးတစ်ခု၏ စည်းမျဉ်းများကို ပြောင်းလဲပစ်ခဲ့ပြီး အစက်များ မျဉ်းများနှင့် ပုံရိပ်များသာရှိသော နှစ်ဘက်မြင်ကမ္ဘာအဖြစ် ပြားကပ်သွားအောင် လုပ်ဆောင်ခဲ့ဖူးသည်။

ထိုကမ္ဘာရှိ သက်ရှိသတ္တဝါတိုင်းသည် သုံးဘက်မြင်သတ္တဝါအဖြစ်မှ ပြားကပ်နေသော ပုံရိပ်များအဖြစ်သို့ ချေမှုန်းခံခဲ့ရသည်။

​သူသည် ကောင်းကင်တာအိုကို သူ၏ ကိုယ်ပိုင်လက်နက်တစ်ခုအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ပင်။

​"ကဲ… မင်းသွားရမယ့်အချိန် ရောက်ပြီ"

ကျုံးရှန်က တည်ငြိမ်စွာ ပြုံးလျက် ပြောလိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ဒီရေအလား အရှိန်မြင့်တတ်လာသည်နှင့် ​လျန်ဟယ်၏ ခန္ဓာကိုယ်သည် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ ပြာများအဖြစ်သို့ပြောင်းလဲသွားကာ လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားသည်။

သူသည် သူ၏ ရွှေအမြုတေကို ဖောက်ခွဲဖျက်ဆီးရန် အခွင့်အရေးပင် မရလိုက်ဘဲ ပြာမှုန်အဖြစ် ပြောင်းလဲသွားတော့သည်။

​သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ချက်ချင်း ပျက်စီးသွားပြီး နောက်ကျောဘက်တောင်တန်းရှိခဲ့သော နေရာတွင် နက်ရှိုင်းမဲမှောင်သော တွင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

စွမ်းအားမြင့် ကျွမ်းကျင်သူများ၏ တိုက်ပွဲဆိုသည်မှာ ကမ္ဘာမြေကို ပျက်စီးစေပြီး နှစ်ထောင်သောင်းချီအထိ တိုက်ပွဲ၏ အမှတ်အသားများကို ကျန်ရှိစေခဲ့မည်ဖြစ်သည်။

လက်တစ်ဖက်တွင် ဆန်းကြယ်ကောင်းကင်အရိုး။ အခြားလက်တစ်ဖက်တွင် အထွတ်အထိပ်တာအိုခန္ဓာ၏ အပြာရောင်ဖျော့ဖျော့ အနှစ်သာရကို ကိုင်ဆောင်လျက် ကျုံးထျန်းယွဲ့သည် ကျုံးရှန်ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

​"ဘိုးဘေး… သမီး ဘိုးဘေးကို ပေးထားတဲ့ ကတိဖြည့်ဆည်းပေးပါပြီ"

​ဒုန်း…

သူမ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ကျုံးရှန်ကို လေးလေးနက်နက် ဦးခိုက်လိုက်သည်။ သူမ၏ ဘိုးဘေးသာ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါက သူမသည် နာကျင်မှုအပြည့်ဖြင့် သေဆုံးသွားရပြီး ဝိညာဉ်ပါမကျန် ဖျက်ဆီးခံလိုက်ရနိုင်ကြောင်းကို ကောင်းကောင်းသိထားလေသည်။

[ဒင်။ ဂုဏ်ယူပါတယ်… အိမ်ရှင်သည် နတ်ဘုရားမှတ်တမ်းရဲ့ နောက်ဆက်တွဲ မစ်ရှင်ကို ပြီးမြောက်အောင်မြင်သွားပါပြီ။ ဆုလာဘ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ - သက်တမ်း နှစ် ၁၂၀၀ ၊ သူတော်စင်အဆင့် ကံစမ်းမဲ တစ်ကြိမ်]

​ကျုံးရှန်သည် အသိပေးချက်ကို မြင်လိုက်ရသော်လည်း အနည်းငယ်မျှသာ စိတ်ဝင်စားသည်။ သူ နောက်ထပ် သက်တမ်း နှစ် ၁၂၀၀ ရရှိလိုက်ပြီဖြစ်ရာ နေ့စဉ် တက်ရောက်မှတ်တမ်းတင်ခြင်းကို ၄၃၈,၀၀၀ ကြိမ် ထပ်မံပြုလုပ်ရန် လုံလောက်သော်လည်း ဆုလာဘ်က မတန်ဘူးဟု ခံစားမိသည်။

သူသည် နှစ်ပေါင်းသိန်းချီကြာအောင် နေ့စဥ်မှတ်တမ်းတင်လာခဲ့သူဖြစ်၍ သာမန် သူတော်စင်အဆင့် ရတနာများက သူ့မျက်လုံးထဲ မဝင်တော့ပေ။

​ကျုံးရှန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ကျုံးထျန်းယွဲ့သည် ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားသည်။

​"ဘိုးဘေး… ယွဲ့အာက ဘိုးဘေး မပျော်အောင် တစ်ခုခုများ လုပ်မိပါသလား" သူမ၏ အသံများ တုန်ရီနေသည်။

"အဲဒီလိုဆိုရင် ယွဲ့အာကို အပြစ်ပေးပါ ဘိုးဘေး"

​ကျုံးရှန်သည် ကျုံးထျန်းယွဲ့ကို ငုံ့ကြည့်လိုက်ပြီး ကြင်နာနူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

​"ယွဲ့အာ… သမီးရဲ့ တိုးတတ်မှုတွေက ဘိုးဘေးကို စိတ်ကျေနပ်တဲ့အတွက်ကြောင့် ဘိုးဘေးက ယွဲ့အာကို ဆုပေးမယ်"

​ထိုသို့ပြောပြီးနောက် သူသည် စိတ်ထဲမှ တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

"မဲနှိုက်မယ်…"

ထိုအခါ ​ကြီးမားသော ကံစမ်းမဲဘီးကြီးတစ်ခု သူ၏ စိတ်ထဲတွင် ထင်ရှားစွာ ပေါ်လာပြီး လျင်မြန်စွာ လည်ပတ်သွားသည်။ ခဏအကြာတွင် ဘီးကြီးက အရှိန်လျော့ကာ ရပ်တန့်သွားတော့သည်။

​သိပ်မကြာလိုက်ပင် အသက်စွမ်းအင်များနှင့် ပြည့်ဝကာ စိမ်းလန်းစိုပြည်နေသော သစ်ကိုင်းတစ်ခု ကျုံးရှန်၏ လက်ထဲတွင် ပေါ်လာသည်။

​"ဒီ နတ်ဝိညာဉ်သစ်ကိုင်းက သမီးအတွက် ဆုပဲ"

ကျုံးရှန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အဲဒီအပေါ်က နှင်းစက်တွေက ဝိညာဉ်ဆေးပင်တွေကို ပိုမြန်မြန် ကြီးထွားစေနိုင်တယ်။ တစ်နှစ်ကို ဆယ်စက် ထွက်ပြီး တစ်စက်တည်းနဲ့ ဝိညာဉ်ဆေးပင်က နှစ်တစ်ရာပိုပြီး သက်တမ်းရင့်သွားလိမ့်မယ်"

ဤနတ်ဝိညာဉ်ညွှန်သစ်ကိုင်းသည် ကျုံးရှန် ယခုလေးတင် မဲပေါက်ထားသော သူတော်စင်အဆင့် ရတနာဖြစ်သော်လည်း သူ့အတွက် အသုံးမလိုသဖြင့် သူ့မြစ်တော်လေးကို မျက်နှာလုပ်ကာ လက်ဆောင်ပေးလိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​"ကျေးဇူးတင်ပါတယ် ဘိုးဘေး"

​ကျုံးထျန်းယွဲ့က လက်လှမ်းပြီး နတ်ဝိညာဉ်ညွှန်သစ်ကိုင်းကို ယူလိုက်ချိန်မှာပင် ကျုံးရှန်သည် သူမလက်ထဲမှ အထွတ်အထိပ်တာအိုခန္ဓာ အနှစ်သာရကို လှမ်းယူလိုက်ပြီး သူမ၏ ငယ်ထိပ်ထဲသို့ တိုက်ရိုက် ဖိနှိပ်ထည့်သွင်းလိုက်သည်။

ထိုအခါ ကမ္ဘာကြီးက တုံ့ပြန်လိုက်သကဲ့သို့ နူးညံ့ပြီး တုန်ခါနေသော အသံတစ်ခု ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်သွားသည်။

​အပြာရောင်ဖျော့ဖျော့ စွမ်းအင်တစ်ခုသည် ကျုံးထျန်းယွဲ့ကို ပိုးအိမ်သဖွယ် လွှမ်းခြုံထားပြီး လေထဲသို့ ဖြည်းညှင်းစွာ မတင်ပေးလိုက်ကာ ဆန်းကြယ်သော အပြာရောင်အငွေ့အသက်များသည် သူမ၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားသည်။

သူတော်စင်တာအိုအရိုး နှင့် အထွတ်အထိပ်တာအိုခန္ဓာ တို့ ပေါင်းစပ်ခြင်းမှ မည်သို့သော အံ့မခန်း စွမ်းအားမျိုး ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

​"ဒီအရှိန်နဲ့ဆိုရင် အမွှေးတိုင်တစ်တိုင်စာလောက် ကြာလိမ့်မယ်"

ကျုံးရှန် ခန့်မှန်းလိုက်သည်။

"ဟို ကြေးမုံ ကို သွားကြည့်ရအောင်"

​ကျုံးရှန်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်တစ်ကမ်းကမ္ဘာနတ်ဘုရားစွမ်းအင်ကို အသုံးပြုလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း အကွာအဝေးကို ဖြတ်ကျော်ပြီး ကြေးမုံ ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

​ကြေးမုံရှေ့တွင် ရပ်နေသော်လည်း ကျုံးရှန်သည် ၎င်းထံမှ မည်သည့် စွမ်းအင်အငွေ့အသက်ကိုမျှ အာရုံမခံမိပေ။

ဤကြေးမုံသည် ဤကမ္ဘာ၏ စည်းမျဉ်းအောက်တွင် ရှိမနေသကဲ့သို့ပင်။ သူသည် ကြေးမုံပြင်ကို လက်ဖြင့် ဖွဖွလေး ပွတ်သပ်ကြည့်လိုက်သော်လည်း အေးစက်နေပြီး သာမန်မှန်တစ်ချပ်နှင့် မခြားနားပေ။

​"ရှေးဟောင်းနတ်ဘုရားပစ္စည်းဆိုတဲ့အတိုင်းပဲ ဆယ်ပိုင်းကွဲနေတာတောင် စွမ်းအားကကြီးမားနေတုန်းပဲ"

ကျုံးရှန်က လေးစားစွာဖြင့် ရေရွတ်လိုက်သည်။

"စောစောက ငါသာ ချိုးဖျက်ခြင်းနည်းစနစ်နဲ့ မတိုက်ခိုက်ခဲ့ရင် ဒီရတနာကို မှတ်မိမှာ မဟုတ်ဘူး"

​ဤ ယင်ယန်ကြေးမုံ သည် ရှေးဟောင်းခေတ်ကတည်းက ဤနေရာတွင် ရှိနေခဲ့ပြီး နှစ်ပေါင်းသန်းချီ သက်တမ်းရှိကာ ခန့်မှန်း၍ပင် မရနိုင်ပေ။

၎င်းသည် ကံတရား၏ သမီးတော် ချန်ချန် မွေးဖွားလာပြီး ရှာဖွေတွေ့ရှိမည့်အချိန်အထိ ဤဂူထဲတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

​ကောင်းကင်ကံကြမ္မာသည် လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်စွမ်းမှာ အလွန်အားကောင်းလွန်းသဖြင့် အထွတ်အထိပ်သူတော်စင်တစ်ပါး အနားတွင် ရှိနေလျှင်ပင် ဂမ္ဘီရပညာဖြင့် တွက်ချက်၍ ရှာဖွေနိုင်မည် မဟုတ်ပေ။

​"ဒီမှန်အပိုင်းအစက ယင်ယန်ကြေးမုံ ရဲ့ ဘယ်ဘက်အခြမ်းလဲ မသိဘူး" ကျုံးရှန်သည် မှန်ဘောင်ကို ဖွဖွလေး ပွတ်သပ်ရင်း တွေးတောလိုက်သည်။

​သူသည် ကြေးမုံကို ယူရန် မလောပေ။ ဤသည်မှာ ဖန်ဆင်းရှင်အဆင့် ရတနာဖြစ်ပြီး ပေါ့ဆစွာ ယူလိုက်လျှင် ၎င်း၏ တားမြစ်စည်းများ ပျက်ပြားသွားကာ ကြီးမားသော တုန်လှုပ်မှုကြီး ဖြစ်ပေါ်စေပြီး အရပ်ရပ်မှ စွမ်းအားကြီးသူများကို ဆွဲဆောင်မိသလို ဖြစ်သွားနိုင်သည်။

စိတ်ချရစေရန်အတွက် ကျုံးရှန်သည် သူ၏ မြစ်တော်လေး ခန္ဓာကိုယ်နှင့် အရိုး ပေါင်းစပ်မှု ပြီးစီးသည်အထိ စောင့်ဆိုင်းပြီးမှ ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။

အမွေးတိုင်တစ်တိုင်စာအချိန်အား​ ဤအတိုင်း ရပ်စောင့်ရသည်မှာ သာမန်သေမျိုးများကို အနည်းငယ်မျက်မှောင်ကြုတ်သွားစေမိမည်ဖြစ်သော်လည်း ကျုံးရှန်ကတော့ မျက်နှာသေကြီးဖြင့်သာ စောင့်ဆိုင်းနေလိုက်သည်။

သူသည် နှစ်ပေါင်း တစ်သိန်းကျော်ရှင်သန်လာခဲ့ပြီသားဖြစ်ကာ အမွှေးတိုင်တစ်တိုင်စာအချိန်ဖြစ်သည့် တစ်ဆယ့်ငါးမိနစ်လေးကို စောင့်ဆိုင်းရန် ပြဿနာမရှိချေ။

သိပ်မကြာလိုက်ပဲ အပြာရောင်ဖျော့ဖျော့ အငွေ့အသက်များအားလုံးသည် ကျုံးထျန်းယွဲ့၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပေါင်းစပ်သွားပြီး သူမ၏ ပိတ်ထားသော မျက်လုံးတို့က ပြန်ပွင့်လာသည်။

​နောက်တစ်စက္ကန့်တွင် သူမ ပျောက်ကွယ်သွားပြီး သူမ၏ ယခင်အမြန်နှုန်းသည် အဆပေါင်းတစ်ရာကျော် ပိုမို မြန်ဆန်သည့် နှုန်းဖြင့် ကျုံးရှန်း ဘေးတွင်ပြန်ပေါ်လာလေသည်။

​"ဘိုးဘေး… သမီး အထွတ်အထိပ်တာအိုခန္ဓာ နဲ့ လုံးဝ ပေါင်းစပ်သွားပါပြီ" ကျုံးထျန်ယွဲ့က တောက်ပနေသော အပြုံးလေးဖြင့် ပြောလိုက်သည်။

​ကျုံးထျန်းယွဲ့သည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဆူပွက်ထွက်ပေါ်လာသော အဆုံးမဲ့စွမ်းအားများကို တိတ်ဆိတ်စွာ ခံစားနေပြီး ထိုခံစားချက်က သူမကို ယုံကြည်မှုအပြည့် ရှိစေကာ ကောင်းကင်ဘုံကိုပင် စိန်ခေါ်ရဲလောက်အောင် စိတ်ဓာတ်များ တက်ကြွနေတော့သည်။

"ဘိုးဘေး… ယွဲ့အာ ဆန်းကြယ်ကောင်းကင်အရိုးကို ပြန်ယူဆောင်နိုင်ပါပြီ ကျေးဇူးပြုပြီး သူတော်စင်တာအိုအရိုးကို ပြန်သိမ်းတော်မူပါ"

​ကျုံးထျန်းယွဲ့သည် ဆန်းကြယ်ကောင်းကင်အရိုးကို ကိုင်ဆောင်လျက် ကျုံးရှန်၏ ရှေ့တွင် ရိုသေစွာ ဒူးထောက်လိုက်သည်။

​သူမ၏ ရင်ဘတ်ထဲရှိ သူတော်စင်တာအိုအရိုးသည် အလွန်တန်ဖိုးကြီးလှသည်။ ယခု သူမ၏ မူလအရိုးကို ပြန်ရပြီဖြစ်၍ ဘိုးဘေးပေးထားသော လက်ဆောင်ကို ဆက်ယူထားရန် လိပ်ပြာမလုံ ဖြစ်မိသည်။

​သူမ၏ အမြင်တွင် သူမသည် များစွာသော အရာများကို ရရှိထားပြီးဖြစ်သည်။ ပျောက်ဆုံးသွားသော အရိုးကို ပြန်ရသည်သာမက စွမ်းအားကြီးလက်နက်ကို ရရှိခဲ့ပြီး အထွတ်အထိပ်တာအိုခန္ဓာနှင့် ပေါင်းစည်းခွင့်ရကာ ဧကရာဇ်၏ အမွေအနှစ်ကိုလည်း ဆက်ခံရရှိခဲ့သည်။

ဤသည်မှာ ဘိုးဘေး၏ ကျေးဇူးကြောင့် ရရှိခဲ့သော လွန်ကဲလှသည့် ကံကောင်းမှုများပင် ဖြစ်သည်။

​ကျုံးရှန်သည် နွေးထွေးစွာ ပြုံးလိုက်ပြီး သူမ၏ ခေါင်းကို ညင်သာစွာ လှမ်းပုတ်လိုက်သည်။

​"ဘိုးဘေး ပေးပြီးသားအရာကို ပြန်ယူစရာ အကြောင်းမရှိပါဘူးကွယ် ဒါ့အပြင် သမီးရဲ့ ပါရမီက ဘိုးဘေးအတွက် အသုံးဝင်လာနိုင်ပါသေးတယ်"

All Chapters