အပြန်အလှန် အပြစ်တင်ခြင်း
Vol. 50 Ch. 812
ရှောင်လင်းယဲ့နှင့် မိတ်ဆွေဟောင်း ၅ ဦးအကြောင်း အမှန်တရား ပေါ်ပေါက်သွားသောအခါ ကျောင်းဝင်းတစ်ခုလုံး ပျံ့နှံ့သွားလေသည်။
အမှန်တရားကို သိလိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။
ရှောင်လင်းယဲ့ တကယ်ပဲ အလုပ်ကြံခံရတယ်ဆိုတာ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။ အထူးသဖြင့် မိတ်ဆွေဟောင်း ၅ ဦး ပေါင်းလုပ်ကြံတာကိုပေါ့။
ဩော်... မဟုတ်သေးဘူး... ၅ ယောက် ပေါင်းလုပ်ကြံတာ မဟုတ်ဘူး။ တစ်ယောက်ချင်းစီက ကုမ္ပဏီအကျိုးစီးပွားကို ရောင်းစားကြတာ။ ပြီးတော့ တူညီတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းလုပ်ကြံကြတာ။
ကျောင်းအုပ်ကြီးကတော့ စူးယန်၊ ကျောင်းရွှယ်ယန်နှင့်အဖွဲ့၏လုပ်ရပ်ကို လျစ်လျူရှုမထားနိုင်ပေ။
ရှောင်လင်းယဲ့လို လူတော်တစ်ယောက်ကို ဆရာတွေ၊ ပါမောက္ခတွေ အကုန်လုံး သဘောကျကြတယ်။ ရုပ်ချောတယ်၊ ဉာဏ်ကောင်းတယ်၊ အရည်အချင်းရှိတယ်၊ ပါရမီရှိတယ်။ ဘယ်သူက မကြိုက်ဘဲ နေမလဲ။
ရှောင်လင်းယဲ့က တောကလာပေမယ့် ဒုတိယနှစ်ကတည်းက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ကုမ္ပဏီထောင်ခဲ့တာ။ ၂ နှစ်အတွင်း ကုမ္ပဏီတိုးတက်လာတာကို လူတိုင်း မျက်မြင်ပဲ။
အခု ရှောင်လင်းယဲ့က တောသားလေးကနေ ပိုက်ဆံရှိတဲ့သူတစ်ယောက် ဖြစ်လာပြီ။
လူငယ်တွေကို အထင်မသေးနဲ့။ နောင်ကျရင် သူက ပိုပြီး အောင်မြင်လာဦးမှာ။
ဒါကြောင့် ကျောင်းက ရှောင်လင်းယဲ့ကို အလေးထားတယ်။
ရှောင်လင်းယဲ့ လုပ်ကြံခံရမှန်း သိလိုက်ရတော့ လုပ်ကြံတဲ့ စူးယန်၊ ကျောင်းရွှယ်ယန်နဲ့အဖွဲ့ကို ကျောင်းက အရေးယူရတော့မှာပေါ့။
သူတို့ မြို့တော်တက္ကသိုလ်မှာ ဆက်နေလို့ မရတော့ဘူး။
သူတို့မိသားစုတွေက မြို့တော်မှာ အာဏာရှိ၊ ငွေရှိပေမယ့် ကျောင်းထုတ်မခံရအောင် ဘယ်လောက်ပဲ တောင်းပန်ပန်၊ ဖိအားပေးပေး မရတော့ဘူး။ ကျောင်းထုတ်ခံရရင် သူတို့အနာဂတ် ထိခိုက်ရုံတင်မကဘူး၊ မိသားစုလည်း အရှက်ကွဲမှာ။
ဒါပေမဲ့ မြို့တော်တက္ကသိုလ်က ဘယ်လိုကျောင်းမျိုးလဲ။ နိုင်ငံမှာ နံပါတ်တစ် တက္ကသိုလ်လေ။ ဒီကျောင်းက မွေးထုတ်ပေးလိုက်တဲ့ လူတော်လူကောင်းတွေ အများကြီး ရှိတယ်။ နိုင်ငံခေါင်းဆောင်တွေတောင် ဒီကျောင်းက ဆင်းတာ။
ဒါကြောင့် ကျောင်းက သူတို့လို မိသားစုအသိုင်းအဝိုင်းလောက်ကို ကြောက်နေစရာ မလိုဘူး။
နောက်ဆုံးမှာ စူးယန်နဲ့ ကျောင်းရွှယ်ယန်တို့ နာမည်ပျက်ပြီး မြို့တော်တက္ကသိုလ်က ထုတ်ပယ်ခံလိုက်ရတယ်။
ဒါပေမဲ့ သူတို့ မကျေနပ်ဘူး။
သူတို့က ကျန်းရှုယွီဆိုတဲ့ မိန်းမကြောင့် ရှောင်လင်းယဲ့ကို လုပ်ကြံခဲ့ရတာ။ အခု သူတို့ ကျောင်းထုတ်ခံရပြီး ကျန်းရှုယွီကတော့ ဘာမှမဖြစ်ဘဲ လွတ်နေတယ်။
ကုမ္ပဏီကိစ္စကတော့ သူတို့ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတော့ ကျောင်းက ဝင်မပါဘူး။
ညနေ ၃ နာရီကျော်လောက်မှာ ရှောင်လင်းယဲ့ရဲ့ရှယ်ယာတွေကို လေလံတင်ရောင်းချတယ်။
အစတုန်းက လိဖေးနည်းပညာကုမ္ပဏီက ဝင်ပြိုင်မလို့ လုပ်သေးတယ်။ ဒါပေမဲ့ မန်နေဂျာကျန်းက အထက်က အမိန့်ရလို့ လက်လျှော့လိုက်တယ်။
ရှောင်လင်းယဲ့မရှိတဲ့ ထိန်ဖေးနည်းပညာကုမ္ပဏီက ဦးဆောင်သူမရှိတဲ့ လှေတစ်စင်းလိုပဲ။ စီးပွားရေးလောကမှာ ယိမ်းယိုင်နေပြီး အချိန်မရွေး နစ်မြုပ်သွားနိုင်တယ်။
ဒါကြောင့် ရှောင်လင်းယဲ့မရှိတဲ့ ထိန်ဖေးနည်းပညာကုမ္ပဏီကို ဝယ်ယူတာက အဓိပ္ပာယ်မရှိဘူး။ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာမှာ။
ဒါပေမဲ့ မြို့တော်တက္ကသိုလ်မှာ ချမ်းသာတဲ့ကျောင်းသားတွေ အများကြီးရှိတယ်။ သူတို့က စူးယန်တို့ ကိုယ့်အားကိုယ်ကိုးပြီး အလားအလာကောင်းတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်နိုင်တာကို အားကျနေကြတာ။
အခု အခွင့်အရေး ရောက်လာပြီ။ ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတွေကို ဝယ်နိုင်ရင် ထိန်ဖေးနည်းပညာကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဖြစ်လာမှာ။
ဒီလူတွေက ထိန်ဖေးနည်းပညာကုမ္ပဏီရဲ့ လက်ရှိအခြေအနေကိုပဲ ကြည့်ကြတယ်။ ဒီအခြေအနေကို ဖန်တီးပေးခဲ့တာက ရှယ်ယာရှင်ဟောင်း ရှောင်လင်းယဲ့ဆိုတာကို မစဉ်းစားမိကြဘူး။
ဒါပေမဲ့ တချို့ကျောင်းသားတွေကတော့ စဉ်းစားမိကြတယ်။
သူတို့ ဝင်ပြိုင်ကြတာက တခြားရည်ရွယ်ချက် ရှိလို့ပါ။
သူတို့က အဓိကရှယ်ယာရှင်ဖြစ်လာပြီးရင် ကုမ္ပဏီမှာ အာဏာအရှိဆုံးဖြစ်လာမယ်။ ပြီးရင် ရှောင်လင်းယဲ့ကို နည်းပညာဒါရိုက်တာအဖြစ် ပြန်ခန့်လိုက်မယ်။ ဒါဆိုရင် နှစ်ဖက်စလုံး အကျိုးရှိတာပေါ့။
သူတို့ တွေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှောင်လင်းယဲ့က ပြန်လာချင်မလားဆိုတာကိုတော့ မမေးကြည့်ကြဘူး။
ရှောင်လင်းယဲ့က ထိန်ဖေးနည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်တယ်။ လက်ရှိ ကုမ္ပဏီတန်ဖိုး ယွမ် ၂၂ သန်းနဲ့ တွက်ရင် ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတန်ဖိုးက ယွမ် ၄.၄ သန်းလောက် ရှိတယ်။
ရှောင်လင်းယဲ့က အခြေခံဈေးနှုန်း ယွမ် ၂ သန်းနဲ့ လေလံစဖွင့်လိုက်တယ်။
အစည်းအဝေးခန်းမထဲမှာ လူတွေပြည့်နေတာကို ကြည့်ပြီး ရှောင်လင်းယဲ့ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားတယ်။ စူးယန်တို့ ၅ ယောက်လည်း ရောက်နေတာ တွေ့လိုက်ရတယ်။
စီးပွားရေးသမားတွေဖြစ်လာတော့ မတူတော့ဘူး။ မျက်နှာပြောင်တိုက်တတ်လာပြီ။
ရှောင်လင်းယဲ့က သူတို့ကို မဝင်ရဘူးလို့ မတားပါဘူး။ တကယ်တော့ ရှောင်လင်းယဲ့က ဒီရှယ်ယာတွေကို သူတို့ဆီပဲ ရောင်းချင်တာပါ။
ထိန်ဖေးနည်းပညာကုမ္ပဏီက သူ မွေးမြူထားတဲ့ ကလေးလိုပဲ။ ကိုယ့်ကလေးကို သူများလက်ထဲ မထည့်ချင်ဘူး။
ဒါပေမဲ့ လောလောဆယ် သူ ပြုစုပျိုးထောင်လို့ မရသေးဘူး။ အုပ်ထိန်းခွင့် အပြည့်အဝ ပြန်ရတဲ့အချိန်ကျမှ ပြန်ယူမယ်။
ရှောင်လင်းယဲ့က အစည်းအဝေးခန်းမ ရှေ့မှာရပ်ပြီး ပြောလိုက်သည်။ "ကျွန်တော့်လက်ထဲက ရှယ်ယာတွေကို လေလံစတင်ပါပြီ။ အခြေခံဈေးနှုန်း ယွမ် ၂ သန်းပါ။ တစ်ခါတိုးရင် ယွမ် ၅ သောင်း တိုးရပါမယ်။ အမြင့်ဆုံးဈေး ကန့်သတ်ချက် မရှိပါဘူး"
လူအများစုက ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတန်ဖိုးကို တွက်ချက်ကြည့်လိုက်တော့ ယွမ် ၄ သန်းကျော် ရှိတယ်။ အခု ယွမ် ၂ သန်းနဲ့ စဖွင့်တယ်ဆိုတော့ လူအများကြီး စိတ်ဝင်စားသွားကြတယ်။
သူတို့အိမ်မှာ ပိုက်ဆံမရှားပါဘူး။ တချို့ဆိုရင် အိမ်ရဲ့ အမွေဆက်ခံသူတွေပါ။ ဒီကုမ္ပဏီသေးသေးလေးကို အထင်မကြီးပေမယ့် စီမံခန့်ခွဲမှု အတွေ့အကြုံ ရနိုင်တယ်။ လုပ်ငန်းခွင်မှတ်တမ်း ကောင်းကောင်းတစ်ခု ရနိုင်တယ်။
နောင်ကျရင် ပြောလို့ကောင်းတာပေါ့။
"ယွမ် ၂.၂ သန်း"
"ယွမ် ၂.၅ သန်း"
"ယွမ် ၃ သန်း"
……
"ယွမ် ၄ သန်း"
"ယွမ် ၄.၂ သန်း" စူးယန် အော်လိုက်သည်။
"ယွမ် ၄.၃ သန်း" ကျောင်းရွှယ်ယန် ချက်ချင်း လိုက်အော်သည်။
……
"ယွမ် ၄.၈ သန်း" ချူရှန်းပေ အံကြိတ်ပြီး အော်လိုက်သည်။
……
နောက်ဆုံးတွင် သူတို့ ၅ ယောက်နှင့် အခြားလူများ ယှဉ်ပြိုင်နေကြသည်။
လေလံဈေးက ရှယ်ယာတန်ဖိုးထက် ကျော်လွန်သွားပြီ။
ဒါပေမဲ့ သူတို့ ၅ ယောက်က ဝယ်ကိုဝယ်ရမယ်။
သူတို့ ကိုယ်တိုင် ထူထောင်ထားတဲ့ ကုမ္ပဏီကို သူများလက်ထဲ ထည့်မပေးနိုင်ဘူး။ သူများက အဓိကရှယ်ယာရှင်နေရာ ယူပြီး သူတို့ခေါင်းပေါ် ရောက်လာမှာကို လက်မခံနိုင်ဘူး။
"ယွမ် ၅ သန်း" တစ်စုံတစ်ယောက်က အော်လိုက်ပြန်သည်။
ယွမ် ၅ သန်း အော်သံကြားတော့ စူးယန် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ကျန် ၄ ယောက်ကို တိုင်ပင်လိုက်သည်။ "ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတန်ဖိုးက ဈေးကွက်ပေါက်ဈေးထက် ကျော်သွားပြီ။ ဒီကုမ္ပဏီကို ငါတို့ကိုယ်တိုင် ထူထောင်ခဲ့တာ။ အခု ပြင်ပလူတစ်ယောက် ဝင်လာမှာကို မင်းတို့လည်း မလိုလားဘူးမလား။ ဒါပေမဲ့ ဈေးနှုန်းက ငါတို့မှန်းထားတာထက် များနေပြီ။ တစ်ယောက်တည်း ဝယ်ဖို့ဆိုတာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီ။ ငါ့အကြံကတော့ ငါတို့ ၅ ယောက် ပေါင်းဝယ်လိုက်ကြမလား။ ပြီးမှ ပြန်ခွဲကြမယ်လေ။ သူများလက်ထဲ ရောက်သွားတာထက်တော့ ပိုကောင်းတယ် မဟုတ်လား"
စူးယန်၏အကြံပြုချက်ကို ကြားသောအခါ ကျန် ၄ ဦး ခေတ္တမျှ စဉ်းစားပြီး သဘောတူလိုက်ကြသည်။
ဒါက သူတို့ကုမ္ပဏီလေ။ သူများဝင်လာရင် စိတ်မသက်မသာ ဖြစ်ရမယ့်အပြင် ကုမ္ပဏီအကျိုးစီးပွားလည်း ထိခိုက်နိုင်တယ်။
ဒါကြောင့် အခု သူတို့ရဲ့ရည်ရွယ်ချက်က ပြင်ပရန်သူကို အရင်တိုက်ထုတ်ဖို့ပဲ။ ပြီးမှ အတွင်းရေး ရှင်းကြမယ်။
လေလံဈေး ယွမ် ၅.၆ သန်း ရောက်သွားသည့်တိုင် ဆက်လက်တက်နေဆဲ ဖြစ်သည်။ စူးယန်က အားလုံးကိုယ်စား အော်လိုက်သည်။ "ယွမ် ၆ သန်း"
ယွမ် ၆ သန်း အော်လိုက်ချိန်တွင် သူတို့ ၅ ယောက်၏ နှလုံးသားများ သွေးထွက်မတတ် နာကျင်နေကြသည်။
အရင်တုန်းက ယွမ် ၄ သန်းနဲ့ ဝယ်လို့ရမယ့် ရှယ်ယာတွေကို အခု အနည်းဆုံး ယွမ် ၂ သန်း ပိုပေးပြီး ဝယ်ရတော့မယ်။
စူးယန် ယွမ် ၆ သန်း အော်လိုက်သောအခါ ပြိုင်ဘက် ၂ ယောက်၊ ၃ ယောက်လောက်ပဲ ကျန်တော့သည်။
တစ်ယောက်ကျန်နေသေးသရွေ့ လေလံပွဲ မပြီးသေးပေ။
ကျန်တဲ့ ၃ ယောက်ထဲမှာ ၂ ယောက်က ထိန်ဖေးနည်းပညာကုမ္ပဏီကို တကယ် ဝင်ချင်တာ။ ကျန်တစ်ယောက်ကတော့ စူးယန်တို့ရဲ့လုပ်ရပ်ကို မုန်းလို့ တမင်ဈေးကိုင်နေတာ။
ဒါပေမဲ့ တစ်ဖက်လူက ငွေရှိအာဏာရှိဆိုတော့ တမင်ဈေးကိုင်နေမှန်း ဘယ်သူမှ မသိကြဘူး။
"ယွမ် ၇ သန်း" စူးယန် အံကြိတ်ပြီး အော်လိုက်သည်။
"ယွမ် ၇.၂ သန်း" ထိုလူက အော်လိုက်သည်။
"ယွမ် ၇.၃ သန်း" စူးယန် အော်လိုက်သည်။
"ယွမ် ၇.၅ သန်း"
"ယွမ် ၇.၆ သန်း"
……
"ယွမ် ၇.၉ သန်း"
"ယွမ် ၈ သန်း" စူးယန် ထပ်မံအော်လိုက်သည်။ ထို့နောက် ပြိုင်ဘက်ကို စူးရှစွာ ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ကော်ချင်းဖိန်... မင်း တော်လောက်ပြီ။ မင်း တကယ် ကုမ္ပဏီထဲ ဝင်ချင်ရင် ငါတို့ရှယ်ယာတွေပါ ရောင်းပေးမယ်။ ယွမ် ၈ သန်း... ဘယ်လိုလဲ"
ကော်ချင်းဖိန် မျက်ခုံးပင့်လိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။ "ငါက မင်းတို့ရှယ်ယာတွေကို စိတ်မဝင်စားပါဘူး။ ကောင်းပြီ... ငါ မပြိုင်တော့ဘူး။ ယွမ် ၈ သန်းနဲ့ မင်းတို့ပဲ ယူလိုက်တော့"
"ဒါဆို မင်းက အစကတည်းက ဝယ်ဖို့ စိတ်ကူးမရှိခဲ့ဘူးပေါ့ ဟုတ်လား" စူးယန် သဘောပေါက်သွားပြီး မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ "မင်းက ငါတို့ကို ကစားနေတာပေါ့။ တမင် ဈေးကိုင်နေတာပေါ့ ဟုတ်လား"
ကော်ချင်းဖိန်က လူမိုက်ပုံစံ ပခုံးတွန့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်း ကြိုက်သလို ထင်လို့ရပါတယ်။ ဂုဏ်ယူပါတယ်၊ မင်း ထင်တာ မှန်တယ်။ ဒါပေမဲ့ ဆုမရှိဘူး"
"ကော်ချင်းဖိန်၊ မင်း လွန်လွန်းတယ်" ကျောင်းရွှယ်ယန်နှင့် အဖွဲ့ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ငါ လွန်လို့လား" ကော်ချင်းဖိန်က အပြစ်ကင်းသလို ပြောလိုက်သည်။ "ငါ မင်းတို့ကို အတင်းအကျပ် ဝင်ပြိုင်ခိုင်းတာမှ မဟုတ်တာ။ မင်းတို့ ဈေးကြီးတယ်ထင်ရင် မပြိုင်ဘဲ နေလိုက်လို့ ရတာပဲ။ ငါ့ကို ရောင်းခိုင်းလိုက်ရင် ပြီးတာပဲ"
ဟုတ်တယ်... သူ တမင်လုပ်တာ။
ဒါပေမဲ့ ဘာဖြစ်လဲ။ သူတို့ ဈေးကြီးတယ်ထင်ရင် သူ့ကို ရောင်းလိုက်လို့ ရတာပဲ။
သူတို့ကိုယ်တိုင်က မရောင်းချင်တာ။ သူများကို အပြစ်တင်လို့ မရဘူး။
စူးယန်နှင့် ကျောင်းရွှယ်ယန်တို့ မျက်နှာ နီလိုက်၊ ပြာလိုက်ဖြစ်နေပြီး အလွန်အရှက်ရသွားကြသည်။
ရှောင်လင်းယဲ့သည် ဘေးနားမှ ကြည့်နေပြီး ဝင်မပြောပေ။
စူးယန်တို့က သူ့ရှယ်ယာတွေကို သူများလက်ထဲ ထည့်မပေးချင်ဘူးဆိုတာ သူ သိတယ်။
ကိတ်မုန့်တစ်တုံးကို သူများ လာခွဲစားမှာ ဘယ်လိုလုပ် ကြည်ဖြူမှာလဲ။
ဒါပေမဲ့ လေလံရလဒ်ကိုတော့ ရှောင်လင်းယဲ့ အံ့သြသွားတယ်။
အစတုန်းက ယွမ် ၅ သန်း၊ ၆ သန်းလောက် ရမယ်လို့ မှန်းထားတာ။ အခု ယွမ် ၈ သန်းထိ ရသွားတယ်။ မူရင်းဈေးထက် နှစ်ဆတောင် ပိုရသွားတယ်။
စူးယန်တို့ သွေးအန်မတတ် ဖြစ်နေတာကို ကြည့်ပြီး ရှောင်လင်းယဲ့ သနားမိတယ်။
ဒါက ကိုယ့်သေတွင်းကိုယ်တူးတာပဲ။
နောက်ဆုံးတွင် ရှောင်လင်းယဲ့လက်ထဲမှ မူလတန်ဖိုး ယွမ် ၄ သန်းရှိသော ရှယ်ယာ ၂၀ ရာခိုင်နှုန်းသည် ယွမ် ၈ သန်းဖြင့် စူးယန်တို့ ၅ ယောက်လက်ထဲ ရောက်သွားခဲ့သည်။
၅ ယောက်စလုံး အရောင်းအဝယ်စာချုပ်ကိုကြည့်ပြီး သွေးအန်ချင်နေကြသည်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဒီရှယ်ယာတွေကို ဝယ်ကိုဝယ်ရမယ်။
အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးနောက် ရုံးခန်းထဲ ကျန်ရစ်သော ၅ ယောက်သည် စကားများကြတော့သည်။
ဖန်တာ့ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ "ဟားဟား... အစတုန်းက ငါ ဘာပြောလဲ။ ရှောင်လင်းယဲ့ရဲ့ရှယ်ယာတွေကို တိုက်ရိုက်ဝယ်လိုက်ရင် ပြီးပြီလို့ ပြောခဲ့တယ် မဟုတ်လား။ အခုတော့ ယွမ် ၄ သန်းတန် ရှယ်ယာတွေကို နှစ်ဆပေးဝယ်ရရုံတင်မကဘူး၊ ရှောင်လင်းယဲ့ နာမည်မပျက်ဘဲ ငါတို့ နာမည်ပျက်သွားပြီ။ စူးယန်... မင်း တကယ် တော်တာပဲ"
ထိုက်ရိမင်ကလည်း ထောက်ခံလိုက်သည်။ "စူးယန်၊ အစတုန်းက မင်းပဲ အကြံပေးခဲ့တာ။ ရှောင်လင်းယဲ့ နာမည်ပျက်အောင်လုပ်ပြီး ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ရှယ်ယာတွေ ရနိုင်တယ်ဆို။ အခုတော့... ဟားဟား... စူးယန်... မင်း ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ပေးရမယ်"
ကျောင်းက သူတို့ကို ဘယ်လိုအရေးယူမလဲ မသိရသေးပေမယ့် ရလဒ်ကောင်းတော့ မဟုတ်ဘူး။ အနည်းဆုံး သတိပေးခံရမယ်။ အဆိုးဆုံးကတော့ ကျောင်းထုတ်ခံရမယ်။
ဒီကိစ္စက အိမ်ကို အကြောင်းကြားတော့မှာ။ သူတို့ တာဝန်ယူမယ့်သူတစ်ယောက် ရွေးထုတ်ရမယ်။
အဲဒီလူက စူးယန်ဖြစ်မှာ သေချာတယ်။
ဘာလို့လဲဆိုတော့ အကြံပေးတာက စူးယန်လေ။ ပြီးတော့ ပြိုင်ဘက်ကုမ္ပဏီက လူကို ကျောင်းခေါ်လာပြီး သက်သေခံခိုင်းတာလည်း စူးယန်ပဲ။
ပြိုင်ဘက်ကုမ္ပဏီက လူကို ခေါ်လာတာတော့ ထားပါတော့။ ဒါပေမဲ့ သူက မအောင်မြင်ဘဲ တစ်ဖက်လှည့်ပြီး သူတို့ကို ပြန်ကိုက်ခိုင်းလိုက်တယ်။
ဒါကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာတာ။
"ဟုတ်တယ် စူးယန်၊ မင်းသာ ကိုယ့်သဘောနဲ့ကိုယ် လိဖေးကုမ္ပဏီက မန်နေဂျာကျန်းကို မခေါ်လာခဲ့ရင် ဒီနေ့ ငါတို့ ရှောင်လင်းယဲ့ကို နာမည်ပျက်အောင် မလုပ်နိုင်ရင်တောင် လိဖေးကုမ္ပဏီနဲ့ အရောင်းအဝယ်လုပ်ခဲ့တယ်ဆိုတာ ပေါ်သွားမှာ မဟုတ်ဘူး" ချူရှန်းပေက ရှက်ရွံ့စွာ ပြောလိုက်သည်။ "အခုတော့ ငါတို့ ကိုယ့်ကိုယ်ကိုယ် လူမတူ၊ တစ္ဆေမတူ ဖြစ်အောင် လုပ်လိုက်ပြီ။ နောက်ဆို ဘယ်သူက ငါတို့နဲ့ ပေါင်းသင်းချင်တော့မှာလဲ"
ဒီနေ့ပြီးရင် သူတို့ ၅ ယောက် မြို့တော်တက္ကသိုလ်မှာ နာမည်ပျက်တော့မယ်။
မဟုတ်ဘူး... မြို့တော်တက္ကသိုလ်တင် မကဘူး၊ ဘေးနားက တက္ကသိုလ်တွေ၊ မြို့တော်အသိုင်းအဝိုင်းမှာပါ နာမည်ပျက်တော့မယ်။
အဲဒါကို တွေးမိတိုင်း ချူရှန်းပေ မျက်လုံးများ ပြာဝေသွားသည်။
သူ အရှက်ကွဲရုံတင်မကဘူး၊ မိသားစုတစ်ခုလုံး အရှက်ကွဲရတော့မယ်။
"စူးယန်၊ မင်း အကြံပိုင်လို့ ဒီလိုဖြစ်ရတာ။ ဒါကြောင့် မင်း ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို လျော်ပေးရမယ်။ ဒီ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို မင်း မရစေရဘူး" ကျောင်းရွှယ်ယန်က လေးနက်စွာ ပြောလိုက်သည်။
စူးယန် သူတို့စကားကို ကြားတော့ မျက်နှာထား အလွန်ဆိုးရွားသွားသည်။ မျက်နှာ ဖြူလိုက်၊ စိမ်းလိုက် ဖြစ်နေသည်။
သူကလည်း အနိုင်မခံပြန်ပြောလိုက်သည်။ "ဟားဟား... အစတုန်းက ငါ အကြံပေးတော့ မင်းတို့ အကုန်လုံး သဘောတူခဲ့ကြတာလေ။ အခုမှ ရလဒ်မကောင်းတော့ တာဝန်အားလုံးကို ငါ့ခေါင်းပေါ် ပုံချချင်နေကြတယ်။ အိပ်မက်မက်နေလိုက်"
ကျောင်းရွှယ်ယန် ပြန်ပြောရန် ပြင်လိုက်စဉ် စူးယန်က အေးစက်စွာ ရယ်မောကာ မေးလိုက်သည်။ "ရှောင်လင်းယဲ့ကို လုပ်ကြံတဲ့ကိစ္စမှာ မင်းတို့ မပါဘူးလို့ မပြောနဲ့။ ကုမ္ပဏီ နည်းပညာသစ်တွေ ရောင်းစားတဲ့ကိစ္စမှာ မင်းတို့ မပါဘူးလို့ မပြောနဲ့။ ဒီနေ့ ရလဒ်က မင်းတို့အားလုံးနဲ့ သက်ဆိုင်တယ်။ ငါက ကံဆိုးပြီး ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မိလိုက်လို့ပါ။ မန်နေဂျာကျန်းက မင်းတို့ကို ဖော်ကောင်မလုပ်ရင် ငါတစ်ယောက်တည်း ရှောင်လင်းယဲ့ရဲ့ နည်းပညာသစ်တွေကို ရောင်းစားတယ်လို့ ထင်နေမှာ။ ဟားဟား... ရယ်စရာကောင်းလိုက်တာ။ ပြီးပြည့်စုံတဲ့ အစီအစဉ်လို့ ထင်ထားတာ။ သူများက ခြေလှမ်းပြင်ထားပြီး ပြန်တိုက်ခိုက်လိုက်တာ။ ပြီးတော့..."
သူ မျက်နှာထား ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "မန်နေဂျာကျန်းကို မခေါ်ခင် မင်းတို့ ငါ့ကို ကြိုပြောခဲ့ရင်၊ မင်းတို့လည်း တိတ်တဆိတ် ရောင်းစားခဲ့တယ်ဆိုတာ ပြောပြခဲ့ရင် ငါ သံသယဝင်မိပြီး မန်နေဂျာကျန်းကို မယုံတော့ဘူး။ သူ့ကို သက်သေလာခိုင်းမှာ မဟုတ်ဘူး။ အခုတော့ ငါတို့ ကိုယ့်ပါးကိုယ်ပြန်ရိုက်သလို ဖြစ်သွားပြီ။ ဂုဏ်သိက္ခာလည်း ကျသွားပြီ။ ဒီကိစ္စကို ငါ့ခေါင်းပေါ် ပုံချလို့ ရမလား"
"အခု ငါ့ကို ရှယ်ယာမပေးချင်ဘူးဆိုရင်တော့ မရဘူးလို့ပဲ ပြောလိုက်မယ်" စူးယန် ဒေါသတကြီး အော်ပြောလိုက်သည်။
ကျောင်းရွှယ်ယန်နှင့်အဖွဲ့သည် စူးယန်၏စကားကြောင့် မျက်နှာ နီလိုက်၊ ပြာလိုက် ဖြစ်သွားကြသည်။
ရှောင်လင်းယဲ့ကို လုပ်ကြံဖို့အတွက် ကုမ္ပဏီနည်းပညာသစ် ရောင်းစားတာက ကောင်းတဲ့ကိစ္စမဟုတ်တော့ သူများကို မပြောပြခဲ့ကြဘူး။
ဒါပေမဲ့ ရှောင်လင်းယဲ့ရဲ့ နည်းပညာသစ်ကို ရောင်းစားတဲ့သူက သူတစ်ယောက်တည်း မဟုတ်ဘဲ ကျန်တဲ့ ၅ ယောက်လုံး ပါဝင်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
အဆိုးဆုံးကတော့ လိဖေးနည်းပညာကုမ္ပဏီက လူတွေက ဘာမှ အသံမထွက်ခဲ့ကြဘူး။
"နေပါဦး..." ဖန်တာ့ယွဲ့သတိရသွားပြီး သံသယဖြင့် မေးလိုက်သည်။ "ငါတို့ ဘာလို့ တစ်ချိန်တည်းမှာ ရှောင်လင်းယဲ့ရဲ့ နည်းပညာသစ်ကို ရောင်းစားမိကြတာလဲ။ ပြီးတော့ ငါတို့အချင်းချင်း တိုင်ပင်မထားဘဲနဲ့ ရှောင်လင်းယဲ့ကို လုပ်ကြံတဲ့ကိစ္စမှာ ဘာလို့ တူညီနေကြတာလဲ"
ဖန်တာ့ယွဲ့၏မေးခွန်းကြောင့် ကျောင်းရွှယ်ယန်နှင့် အဖွဲ့ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ အဖြေတစ်ခု ထွက်ပေါ်လာသည်။
ချူရှန်းပေက ရုတ်တရက် ပြောလိုက်သည်။ "မင်းတို့လည်း ကျန်းရှုယွီရဲ့ စကားကို နားထောင်ခဲ့ကြတာလား"
"မင်းလည်းလား"
……
အဖြေထွက်လာသောအခါ ၅ ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"ကျန်းရှုယွီက ကတိပေးတယ်၊ ရှောင်လင်းယဲ့ကို ကုမ္ပဏီက မောင်းထုတ်ပေးရင် ငါ့ကောင်မလေး လုပ်မယ်တဲ့"
"ကျန်းရှုယွီက ငါ့ကိုလည်း ကတိပေးတယ်၊ ရှောင်လင်းယဲ့ကို ကုမ္ပဏီက မောင်းထုတ်ပေးရင်၊ နာမည်ပျက်အောင် လုပ်နိုင်ရင် ပိုကောင်းတယ်၊ အဲဒါဆို ငါ့ကောင်မလေး လုပ်မယ်တဲ့"