စူးယန်၏သေဆုံးမှု
Vol. 50 Ch. 817
"မေမေ... သမီး ဘာလုပ်ရမလဲ" ကျန်းရှုယွီသည် မိခင်၏လက်မောင်းကို လှုပ်ရမ်းပြီး ကြောက်လန့်တကြား မေးလိုက်သည်။
အမေကျန်းက အဖေကျန်းကို ကြည့်လိုက်သည်။
အဖေကျန်းက ရုတ်တရက် ပြောလိုက်သည်။ "ရှုယွီ... မကြောက်နဲ့။ ဒီရှောင်လင်းယဲ့နဲ့ ရှောင်လင်းယွီ ဘာတော်စပ်လဲဆိုတာ အရင်စုံစမ်းကြည့်လိုက်မယ်။ သာမန်ဆွေမျိုးလောက်ပဲဆိုရင် လွယ်ပါတယ်။ လက်ဆောင်တွေယူပြီး တောင်းပန်လိုက်ရင် ကုန်းမိသားစုက ခွင့်လွှတ်ပေးလောက်မှာပါ"
ဒါပေမဲ့ အဖေကျန်း မပြောတာတစ်ခုက ရှောင်လင်းယဲ့ဟာ သာမန်ဆွေမျိုး မဟုတ်မှာကို စိုးရိမ်နေခြင်းပင်။
ကျန်းရှုယွီ မျက်ရည်သုတ်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"
ထို့နောက် သူမ နောက်ထပ်ကိစ္စတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။ "ဖေဖေ၊ စူးယန်နဲ့ ကျောင်းရွှယ်ယန်တို့ကိစ္စ ဘယ်လိုလုပ်မလဲ"
အခု အခြေအနေက ပိုရှုပ်ထွေးလာပြီး ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်နေပြီဆိုတာ သူမ သိလိုက်ရတယ်။
သူမ နောင်တရမိတယ်။ ကိုယ့်စိတ်ကျေနပ်ဖို့အတွက်နဲ့ အလှကိုသုံးပြီး ရှောင်လင်းယဲ့ကို လုပ်ကြံခဲ့မိတာ။
အခု စူးယန်တို့ကိစ္စကို မဖြေရှင်းနိုင်ရင် ကျောင်းထဲမှာရော၊ မြို့တော်အထက်တန်းလွှာမှာပါ သူမ နာမည်ပျက်တော့မယ်။ အဲဒီကျရင် ဂုဏ်သရေရှိ အိမ်တော်ကို ဘယ်လို အိမ်ထောင်ပြုနိုင်တော့မလဲ။
အဖေကျန်း မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်သန်းသွားပြီး ပြောလိုက်သည်။ "ဒီကိစ္စ သမီး ဝင်မပါနဲ့တော့။ ဖေဖေ ဖြေရှင်းလိုက်မယ်"
စူးယန်တို့ ကျောင်းထုတ်ခံရတဲ့ကိစ္စမှာ ကုန်းမိသားစု ဝင်ပါနေတယ်ဆိုရင် သူ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် အခြေအနေ ပိုမဆိုးခင် တစ်ခါတည်း ရှင်းပစ်လိုက်တာ ကောင်းမယ်။
အဖေကျန်း၏စကားကို ကြားရသောအခါ ကျန်းရှုယွီ စိတ်သက်သာရာ ရသွားသည်။
အဖေကျန်းက ပြောလိုက်သည်။ "သမီး ကျောင်းပြန်သွားပြီး ဘာမှမသိသလို နေလိုက်။ ကျန်တာ ဖေဖေ စီစဉ်လိုက်မယ်။ ပြီးတော့ ထပ်ပြောမယ်၊ အမှန်တရား မပေါ်ခင် ရှောင်လင်းယဲ့ကို သွားမရှုပ်နဲ့။ ဘယ်သူ့ကိုမှ ဘာမှမပြောနဲ့"
ကျန်းရှုယွီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ ဖေဖေ၊ သမီး သိပါပြီ"
……
"ဘာပြောလိုက်တယ်။ စူးယန် ကားတိုက်ပြီး သေသွားပြီ ဟုတ်လား" ကျောင်းရွှယ်ယန် သတင်းကြားပြီး အံ့သြတကြီး မေးလိုက်သည်။
အဖေကျောင်းက လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ စစ်ဆေးချက်အရ ယာဉ်မတော်တဆမှုပဲ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကျောင်းရွှယ်ယန် မျက်နှာ ဖြူဖျော့သွားသည်။ စူးယန်သေဆုံးမှုဟာ ကျန်းရှုယွီနဲ့ ပတ်သက်နေမယ်လို့ သူ ထင်နေတယ်။ မဟုတ်ရင် ဒီလောက် တိုက်ဆိုင်စရာ အကြောင်းမရှိဘူး။
အဖေကျောင်း စကားပြောရန် ပြင်လိုက်စဉ် ဖုန်းသံ မြည်လာသည်။ ဖုန်းကို ကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "သား၊ ဖေဖေ မင်းကို အခုချက်ချင်း နိုင်ငံခြား ပို့လိုက်မယ်"
ကျောင်းရွှယ်ယန် အံ့သြစွာ မေးလိုက်သည်။ "ဖေဖေ၊ ဘာဖြစ်လို့လဲ"
အဖေကျောင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဘာဖြစ်လဲဆိုတာ ဂရုမစိုက်နဲ့တော့။ အခုချက်ချင်း နိုင်ငံခြားသွား။ ဝေးလေ ကောင်းလေပဲ"
ထို့နောက် ကျောင်းရွှယ်ယန်ကို ရဟတ်ယာဉ်ပေါ်သို့ အလျင်အမြန် ပို့ဆောင်လိုက်သည်။
နိုင်ငံကူးလက်မှတ်နှင့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
ကျောင်းရွှယ်ယန်ကဲ့သို့ပင် အခြားသုံးဦးလည်း နိုင်ငံခြားသို့ အလျင်အမြန် ပို့ဆောင်ခံလိုက်ရသည်။
နိုင်ငံခြားသို့ မရောက်လိုက်သူ တစ်ဦးတည်းမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသော စူးယန်ပင်။
......
ကျန်းရှုယွီသည် ထိုရက်ပိုင်းအတွင်း စိုးရိမ်ပူပန်စွာ နေထိုင်ခဲ့ရသည်။
တစ်ဖက်တွင် စူးယန်တို့၏ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေပြီး အခြားတစ်ဖက်တွင် ရှောင်လင်းယဲ့၏ နောက်ခံအသိုင်းအဝိုင်းကို စိုးရိမ်နေရသည်။
မကြာမီ ကျောင်းဝင်းတစ်ခုလုံး သတင်းပြန့်သွားလေသည်။
"စူးယန် သေသွားပြီတဲ့။ နင်တို့ သိကြလား"
"သိတာပေါ့။ ကျောင်းတစ်ခုလုံး ပွက်လောရိုက်နေတာ။ ဘယ်လိုလုပ် မသိဘဲနေမလဲ"
"စူးယန်က ဒီအတိုင်း သေသွားတာလား။ တိုက်ဆိုင်လွန်းမနေဘူးလား" တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ဘာအဓိပ္ပာယ်လဲ" တစ်စုံတစ်ယောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "မတော်တဆမှုဆိုတာ တိုက်ဆိုင်တတ်တာပဲလေ"
ထိုသူက ပြောလိုက်သည်။ "ဒါပေမဲ့ ငါကြားတာတော့ စူးယန်နဲ့ ကျောင်းရွှယ်ယန်တို့ ၅ ယောက်က ကျောင်းပြန်တက်ဖို့ ကြိုးစားနေကြတာတဲ့။ နင်တို့လည်း ကောလာဟလတွေ ကြားတယ်မလား။ သူတို့ ရှောင်လင်းယဲ့ကို လုပ်ကြံတာ ကျန်းရှုယွီ ခိုင်းလို့လေ။ နောက်ဆုံးကျတော့ သူတို့ မအောင်မြင်ဘဲ ကျောင်းထုတ်ခံလိုက်ရတယ်။ ကျန်းရှုယွီကတော့ ဘာမှမဖြစ်ဘူး။ ဒါကြောင့် စူးယန်တို့ မကျေနပ်ကြဘူး။ ကြားတာတော့ လွန်ခဲ့တဲ့ ၂ ရက်က စူးယန်က ကျန်းရှုယွီကို ဖုန်းဆက်ပြီး သူတို့ကို ကျောင်းပြန်တက်ခွင့်ရအောင် လုပ်ပေးဖို့၊ မလုပ်ပေးရင် အကြောင်းစုံ ဖွင့်ချမယ်လို့ ခြိမ်းခြောက်ခဲ့တယ်တဲ့။ အခု စူးယန် ကားတိုက်သေသွားပြီဆိုတော့ အရမ်းတိုက်ဆိုင်လွန်းမနေဘူးလား"
ထိုအကြောင်းကို တွေးမိတိုင်း ကျောချမ်းသွားသည်။
တကယ်လို့ ဟုတ်တယ်ဆိုရင် ကျန်းရှုယွီက လူသတ်ဖို့ဝန်မလေးတဲ့ မြွေလို အဆိပ်ပြင်းတဲ့မိန်းမပဲ။
"ဟေး... နင် လျှောက်တွေးမနေပါနဲ့" အချို့လူများကတော့ ထိုမျှလောက် မတွေးမိကြပေ။ စူးယန်သေဆုံးမှုနှင့် ကျန်းရှုယွီ ပတ်သက်သည်ဟု မထင်ကြပေ။
သူတို့အမြင်တွင် လူ့အသက်က တန်ဖိုးရှိသည်။ လွယ်လွယ်နဲ့ သတ်လို့မရဘူး။
ဟားဟား... ဒီလူတွေက ရိုးအလွန်းတယ်။ သူတို့နေထိုင်တဲ့ကမ္ဘာက အေးချမ်းတယ်လေ။ မတရားမှုရှိရင် ရဲတွေ ဖြေရှင်းပေးမယ်လို့ ထင်နေကြတာ။
ဒါပေမဲ့ အာဏာရှိသူတွေအတွက်ကတော့...
ကျောင်းရွှယ်ယန်တို့ ၄ ယောက်ကို နိုင်ငံခြား အမြန်ပို့လိုက်ပြီးနောက် စူးယန်သေဆုံးမှုကို သာမန်ယာဉ်မတော်တဆမှုအဖြစ် ဖုံးဖိလိုက်ကြသည်။
စူးယန် သေဆုံးသွားပြီး ကျောင်းရွှယ်ယန်တို့ ထွက်ခွာသွားသောအခါ ကျန်းရှုယွီနှင့်ပတ်သက်သော ကောလာဟလများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
သို့သော် သူတို့ ၅ ယောက် ချန်ထားခဲ့သော ထိန်ဖေးကုမ္ပဏီသည် ခေါင်းဆောင်မရှိ ဖြစ်ကျန်ရစ်ခဲ့သည်။
ထိန်ဖေးကုမ္ပဏီသည် သူတို့သားများ ကြိုးစားတည်ထောင်ထားသော ကုမ္ပဏီဖြစ်သဖြင့် မိဘများက လွှဲပြောင်းယူလိုက်ကြသည်။
ခြင်ကောင်သေးပေမယ့် အသားပါပဲလေ။
ထို့အပြင် ထိန်ဖေးကုမ္ပဏီသည် အလားအလာကောင်းသော ကုမ္ပဏီတစ်ခုဖြစ်သည်။ သူတို့မိသားစုများ၏ အရှိန်အဝါနှင့် ပေါင်းစပ်လိုက်လျှင် ပိုမိုတိုးတက်လာမည်မှာ သေချာသည်။
.....
ရှောင်လင်းယဲ့သည် စူးယန် သေဆုံးကြောင်း ကြားသိရသောအခါ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ စူးယန်သေဆုံးမှုသည် ရိုးရှင်းမည် မဟုတ်ဟု သူ ထင်သည်။
သို့သော် ရဲစခန်းက ယာဉ်မတော်တဆမှုဟု ထုတ်ပြန်လိုက်သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ စူးယန်သေဆုံးပြီးနောက် ကျောင်းရွှယ်ယန်၊ ထိုက်ရိမင်၊ ချူရှန်းပေနှင့် ဖန်တာ့ယွဲ့တို့ကို မိဘများက နိုင်ငံခြားသို့ အလျင်အမြန် ပို့ဆောင်လိုက်ခြင်းပင်။ ထွက်ပြေးသလိုမျိုး ဖြစ်နေသည်။
သူ ကြားသိရသလောက် သူတို့က ကျောင်းပြန်တက်ချင်ကြတာ။ စူးယန်သေတာနဲ့ ဘာလို့ နိုင်ငံခြား ထွက်ပြေးသွားကြတာလဲ။
ကျောင်းရွှယ်ယန်တို့ ထွက်ပြေးသွားတာ စူးယန်သေဆုံးမှုနဲ့ ပတ်သက်နေတယ်လို့ ရှောင်လင်းယဲ့ သံသယဝင်မိတယ်။
အကြောင်းရင်းကိုတော့ စုံစမ်းရဦးမယ်။
မူလက ရှောင်လင်းယဲ့သည် သူတို့ ကုမ္ပဏီကို လွှဲပြောင်းယူပြီးနောက် စီးပွားရေးမကောင်းသည့်အခါ ဈေးပေါပေါနှင့် ပြန်ဝယ်ရန် စီစဉ်ထားသည်။
သို့သော် စူးယန်ကိစ္စ ဖြစ်ပွားပြီးနောက် ထိန်ဖေးကုမ္ပဏီကို သူတို့မိသားစုများက လွှဲပြောင်းယူလိုက်သည်။ သူတို့နောက်ခံနှင့်ဆိုရင် ကုမ္ပဏီက ချက်ချင်း ကျဆုံးမှာ မဟုတ်ဘူး။ ပိုတောင် ကောင်းလာနိုင်သေးတယ်။
သူတို့မှာ ပိုက်ဆံရှိတော့ နည်းပညာရှင်တွေကို လစာကောင်းကောင်းပေးပြီး ငှားလို့ရတယ်လေ။
အဲဒီလိုဆိုရင် နောက်ကျ သူ ကုမ္ပဏီကို ပြန်ဝယ်နိုင်ရင်တောင် သူနဲ့မရင်းနှီးတဲ့ ရှုပ်ထွေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေလိမ့်မယ်။
မဖြစ်ဘူး။
ရှောင်လင်းယဲ့ စဉ်းစားလိုက်သည်။ ဒီကိစ္စကို ယောက်ဖ ကုန်းထျန်းဟောက်ရဲ့အကူအညီနဲ့ ဖြေရှင်းမှ ရတော့မယ်။
ရှောင်လင်းယဲ့ သက်ပြင်းချလိုက်သည်။ "ငါ ငယ်သေးတာပဲ။ နုသေးတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ နောက်ဆက်တွဲ ဖြေရှင်းနည်းတွေကို ထည့်မတွက်မိဘူး"
မဟုတ်ရင် အခုလို အကျပ်ရိုက်နေမှာ မဟုတ်ဘူး။
ထို့ကြောင့် ရှောင်လင်းယဲ့သည် ကုန်းထျန်းဟောက်ထံ ဖုန်းဆက်လိုက်သည်။
"ယောက်ဖ၊ ကျွန်တော် အကူအညီလိုလို့ပါ။ ဒီလိုပါ..."
ရှောင်လင်းယဲ့သည် အဖြစ်အပျက် အစအဆုံးပြောပြလိုက်ပြီး မေးလိုက်သည်။ "ယောက်ဖ၊ ကျွန်တော် အခု ဘယ်လိုလုပ်ရမလဲ"
ကုန်းထျန်းဟောက် ခနစဉ်းစားပြီးနောက် "ဒီကိစ္စကို ငါ့တာဝန်ထားလိုက်ပါ။ မနက်ဖြန်က မင်းလေးစားတဲ့ နတ်ဘုရားနဲ့ ထမင်းစားရမယ့်နေ့၊ ဆရာတင်မြှောက်ရမယ့်နေ့ပဲ။ သေချာ ပြင်ဆင်ထားလိုက်။ စိတ်ချပါ၊ လဲ့ကျွင်းရှန်က မင်းကို သဘောကျပါတယ်"
ရှောင်လင်းယဲ့ ဝမ်းသာအားရ ပြောလိုက်သည်။ "ဟုတ်ကဲ့... ကျွန်တော် သိပြီ ယောက်ဖ"
ဖုန်းချလိုက်ပြီးနောက် ရှောင်လင်းယဲ့သည် နတ်ဘုရားလဲ့နှင့် တွေ့ဆုံမည့်ကိစ္စကို အာရုံစိုက်လိုက်သည်။
……
"ရှုယွီ၊ စူးယန် သေသွားပြီ။ ကျောင်းရွှယ်ယန်တို့လည်း နိုင်ငံခြားရောက်သွားပြီ။ သူတို့ သမီးကို ဒုက္ခမပေးနိုင်တော့ဘူး" ကျန်းရုံက ပြောလိုက်သည်။
ကျန်းရှုယွီ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဖေဖေ"
ဖခင်ဖြစ်သူ ဝင်ပါလိုက်ရင် အရာအားလုံး ပြေလည်သွားမယ်ဆိုတာ သူမ သိသားပဲ။
ထို့နောက် ကျန်းရုံက နောက်ထပ်ကိစ္စတစ်ခုကို လေးနက်စွာ ပြောလိုက်သည်။ "ငါ ထောင်ယွမ်ရွာကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပြီ"
ကျန်းရှုယွီ စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ရလဒ်က ဘယ်လိုလဲဟင်"
"ရှောင်လင်းယဲ့က ရှောင်လင်းယွီရဲ့ မောင်အရင်းပဲ" ကျန်းရုံ လေးနက်စွာ ပြောလိုက်သည်။ "ဆိုလိုတာက ကုန်းထျန်းဟောက်ရဲ့ ယောက်ဖပေါ့"
"ဘာ..." အမေကျန်း အံ့သြတကြီး မေးလိုက်သည်။ "ယောကျ်ား... ရှင် မမှားဘူးမလား"
ကျန်းရုံ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ရှောင်လင်းယွီနဲ့ ရှောင်လင်းယဲ့က မောင်နှမအရင်းဆိုတာ ထောင်ယွမ်ရွာမှာ လျှို့ဝှက်ချက်မှ မဟုတ်တာ။ မေးကြည့်လိုက်ရင် သိနိုင်တာပဲ"
ရှောင်လင်းယဲ့နဲ့ ရှောင်လင်းယွီ ဆွေမျိုးတော်စပ်မယ်လို့ ထင်ခဲ့ပေမယ့် မောင်နှမအရင်း ဖြစ်နေလိမ့်မယ်လို့ သူတို့ ထင်မထားခဲ့ကြဘူး။
ဒါဆိုရင် ရှောင်လင်းယဲ့က ကုန်းထျန်းဟောက်ရဲ့ ယောက်ဖအရင်းပေါ့။
ကုန်းထျန်းဟောက်က မိန်းမကိုချစ်တာ မြို့တော်တစ်ခုလုံး သိကြတယ်။
ကုန်းထျန်းဟောက်လို မိသားစုကို ကာကွယ်တတ်တဲ့၊ ရက်စက်တဲ့သူက သူ့ယောက်ဖ အနိုင်ကျင့်ခံရတာကို လက်စားမချေဘဲ နေပါ့မလား။
မိသားစု ၃ ယောက်စလုံး ကုန်းထျန်းဟောက် လက်စားချေမည့်အရေးကို တွေးမိပြီး ကြောက်လန့်သွားကြသည်။ မျက်နှာများ ဖြူဖျော့သွားကြသည်။
ကျန်းရှုယွီ မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှောင်လင်းယဲ့က ကုန်းထျန်းဟောက်ရဲ့ ယောက်ဖဆိုတာကို ဘာလို့ ဖုံးကွယ်ထားရတာလဲ"
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ လက်ထပ်တာ ၄ နှစ်ရှိပြီ။ ကလေးတောင် ၃ နှစ်ကျော်နေပြီ။
ဆိုလိုတာက ရှောင်လင်းယဲ့ မြို့တော်တက္ကသိုလ် စတက်ကတည်းက သူက ကုန်းထျန်းဟောက်ရဲ့ ယောက်ဖဖြစ်နေပြီ။
ဒါပေမဲ့ ဒီနှစ်တွေအတွင်း ကျောင်းမှာ ဘယ်သူမှ မသိကြဘူး။ တောကလာတဲ့ ကျောင်းမြက်လေးက နိုင်ငံအချမ်းသာဆုံးသူဌေးရဲ့ ယောက်ဖဆိုတာကိုလေ။
ရှောင်လင်းယဲ့က ကုန်းထျန်းဟောက်ရဲ့ ယောက်ဖမှန်းကြိုသိရင် သူမ ဘယ်လိုလုပ် လုပ်ကြံမှာလဲ။ ဖားယားပြီးတောင် နေလိုက်ဦးမယ်။
သူမ လုပ်ခဲ့တဲ့ မိုက်မဲမှုတွေကို တွေးမိပြီး ရှောင်လင်းယဲ့ကို လုပ်ကြံတာ မအောင်မြင်ခဲ့လို့ တော်သေးတယ်လို့ တွေးမိလိုက်တယ်။ မဟုတ်ရင် ရှောင်လင်းယဲ့ ကုမ္ပဏီကထွက်၊ ကျောင်းထုတ်ခံရပြီး အရှက်ကွဲသွားရင် ကုန်းထျန်းဟောက်ရဲ့လက်စားချေမှုက ပိုပြင်းထန်မှာ။
အမေကျန်းကလည်း အံ့သြစွာ ပြောလိုက်သည်။ "ဒီ ရှောင်လင်းယဲ့က တော်တော် သိုသိပ်တာပဲ"
တခြားလူသာဆိုရင် ဒီလောက်တောင့်တင်းတဲ့ နောက်ခံရှိနေမှတော့ လူသိရှင်ကြား ကြွားလုံးထုတ်နေလောက်ပြီ။
ရှောင်လင်းယဲ့ကတော့ ဂုဏ်ထူးနဲ့ ကျောင်းဝင်ခွင့်ရတယ်။
ကျောင်းစတက်ကတည်းက အချိန်ပိုင်းအလုပ်လုပ်ပြီး ဆင်းရဲတဲ့ကျောင်းသားတွေနဲ့မခြား နေထိုင်ခဲ့တယ်။
သူက ပိုက်ဆံမရှားတဲ့သူဆိုတာ ဘယ်သူ ထင်ထားမှာလဲ။
ကျန်းရှုယွီ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ "ဖေဖေ... သမီး အခု ဘယ်လိုလုပ်မလဲ"
အဖေကျန်းက ပြတ်သားစွာ ပြောလိုက်သည်။ "ရှောင်လင်းယဲ့ကို သွားတောင်းပန်ရမယ်။ သူ လျော်ကြေးလိုချင်ရင် ပေးလိုက်မယ်။ အခု အရေးကြီးတာက ရှောင်လင်းယဲ့က ငါတို့တောင်းပန်မှုကို လက်ခံဖို့ပဲ"
အမေကျန်းက "ယွီအာ... ရှောင်လင်းယဲ့ကို အရင်ဆုံး ထမင်းလိုက်ကျွေးလိုက်။ စားရင်းသောက်ရင်းမှာ ဆွေးနွေးရင် အဆင်ပြေလွယ်တယ်"
ကျန်းရှုယွီ ရှက်သော်လည်း လုပ်ရတော့မည်။
ကျန်းရှုယွီ ခေါင်းညိတ်လိုက်သည်။ "အင်း... ရှောင်လင်းယဲ့ရဲ့ သဘောထားကို အရင် စမ်းကြည့်လိုက်မယ်"
အရင်တုန်းက ရှောင်လင်းယဲ့ကို ကြိုက်ခဲ့တာ ရုပ်ချောပြီးတော်လို့ပါ။ ကျောင်းက ယောကျ်ားလေးတွေအကုန်လုံး သူမကို ဝိုင်းဝန်းကြိုက်နေပေမယ့် ရှောင်လင်းယဲ့က ဂရုမစိုက်လို့ သိက္ခာကျပြီး အနိုင်လိုချင်စိတ်ဖြစ်သွားတာ။
အဲဒီတုန်းက ရှောင်လင်းယဲ့ကို ကြိုက်ရုံ၊ အနိုင်ယူချင်ရုံ၊ အသုံးချချင်ရုံပါပဲ။ လက်ထပ်ဖို့ စိတ်ကူးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမက မြို့တော်အထက်တန်းလွှာကိုပဲ လက်ထပ်ရမယ်လို့ ငယ်ငယ်ကတည်းက သွန်သင်ခံထားရတာလေ။
အဲဒီတုန်းက ရှောင်လင်းယဲ့က ဘာနောက်ခံမှ မရှိဘူး။ တောကလာတဲ့ ဖီးနစ်ငှက်လေး တစ်ကောင်ပါပဲ။
အခုတော့ ရှောင်လင်းယဲ့ရဲ့ အထောက်အထားက ပြောင်းလဲသွားပြီ။
ကုန်းထျန်းဟောက်ရဲ့ ယောက်ဖဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် မိန်းကလေးအများစု လိုချင်နေကြပြီ။
ပြီးတော့ ရှောင်လင်းယဲ့ရဲ့အစ်မ ရှောင်လင်းယွီ တည်ထောင်ထားတဲ့ ထောင်ယွမ်ရွာ Green Fresh အုပ်စုရဲ့ ပိုင်ဆိုင်မှုက ဘီလီယံရာချီရှိနေပြီ။ အနည်းဆုံး တစ်ဝက်လောက်က ရှောင်လင်းယဲ့ပိုင်ဆိုင်မှာ သေချာတယ်။
သူမက ကျန်းမိသားစု ဆွေမျိုးဆိုပေမယ့် ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေပေါင်းလိုက်ရင်တောင် ဘီလီယံ ဂဏန်းလောက်ပဲ ရှိတာ။
သူမတို့ ဂုဏ်ယူစရာဆိုလို့ မြို့တော် ကျန်းမိသားစုဝင်ဖြစ်နေတာလေး တစ်ခုပဲရှိတယ်။
ဒါကြောင့် သူမသာ ရှောင်လင်းယဲ့ကို လက်ထပ်လိုက်ရင် ကုန်းမိသားစုနဲ့ ဆွေမျိုးတော်ရုံတင်မကဘူး၊ ဘီလီယံရာချီတဲ့ ပိုင်ဆိုင်မှုတွေပါ ရလာမှာ။ ရှောင်လင်းယဲ့ကို သေချာချုပ်ကိုင်ထားနိုင်ရင် တစ်သက်လုံး စည်းစိမ်ခံစားရမှာ။
ကျန်းရှုယွီ တွေးလေ ပျော်လေဖြစ်လာသည်။ ရှောင်လင်းယဲ့ရဲ့ အထောက်အထား ပေါ်သွားတာက သူမရဲ့ အနိုင်လိုချင်စိတ်ကို ပိုနှိုးဆွလိုက်သလို ဖြစ်သွားပြီး မရမနေ ယူချင်လာသည်။
ဒါပေမဲ့ ရှောင်လင်းယဲ့ကို ဘယ်လို သိမ်းပိုက်ရမလဲဆိုတာ သေချာ စီစဉ်ရမယ်။
ရှောင်လင်းယဲ့က အပျော့ဆွဲရင် ပါမယ့်လူမျိုးပဲ။ နည်းဗျူဟာ ပြောင်းလိုက်ရင် အောင်မြင်မှာ သေချာတယ်။
"ယွီအာ၊ အခု ကျောင်းပြန်လိုက်တော့" အဖေကျန်းက ပြောလိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ... သမီး ကျောင်းပြန်လိုက်ပါဦးမယ်"
ကျန်းရှုယွီ ထွက်သွားသည်ကို ကြည့်ပြီး အမေကျန်းက သမီးဖြစ်သူ အောင်မြင်မည်ဟု ယုံကြည်နေသည်။
"ကျွန်မတို့သမီးက လှလည်းလှတယ်၊ ကျန်းမိသားစုဝင်လည်း ဖြစ်တယ်။ ဘယ်ယောကျ်ားက ငြင်းနိုင်မှာလဲ။ ပြီးတော့ ရှောင်လင်းယဲ့က ကုန်းထျန်းဟောက်ရဲ့ ယောက်ဖဆိုပေမယ့် တောမှာ ကြီးပြင်းလာတဲ့ ကလေးပဲ။ ဖြားယောင်းမှုကို ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့သမီးရဲ့ စကတ်အောက်ကို ရောက်လာမှာ သေချာတယ်"
အဖေကျန်းကမူ အကောင်းမြင်မနေပေ။ သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အဲဒီကောင်လေးက သိုသိုသိပ်သိပ်နေတတ်ပြီး တော်တော်ပါးနပ်တဲ့ပုံပဲ။ ငါတို့သမီး သူ့နားကပ်တာနဲ့ ရည်ရွယ်ချက်ကို ရိပ်မိသွားလောက်တယ်"
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီ လက်ထပ်တာ ၄ နှစ်ရှိပြီ။ သူတို့မင်္ဂလာပွဲက အရမ်းခမ်းနားကြီးကျယ်တယ်လို့ ကြားတယ်။ အဲဒီတုန်းက ကုန်းထျန်းဟောက် ဘယ်သူလဲဆိုတာ သိကြမှာပဲ။
ဒါပေမဲ့ ၄ နှစ်အတွင်း ရှောင်လင်းယဲ့က ဘာသတင်းမှ မထွက်စေဘဲ တောသားလေးလိုပဲနေခဲ့တယ်။ ဒါကိုကြည့်ရင် သူက သည်းခံနိုင်စွမ်းရှိပြီး ဉာဏ်နီဉာဏ်နက်များမယ့်ပုံပဲ။
သမီးဖြစ်သူရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့တာကို ကြည့်ရင် သူ ကျန်းရှုယွီကို မကြိုက်ဘူးဆိုတာ သိသာတယ်။
ပြီးတော့ သူ ကုမ္ပဏီကနေ အထုတ်ခံရအောင် လုပ်ကြံတဲ့ နောက်ကွယ်က တရားခံက ကျန်းရှုယွီဆိုတာ ကျောင်းမှာ သတင်းတွေ ပြန့်နေပြီ။ ရှောင်လင်းယဲ့ မကြားဘဲ နေမှာ မဟုတ်ဘူး။
ဒါကြောင့် ကိုယ့်ကို လုပ်ကြံခဲ့တဲ့၊ အခု တခြားရည်ရွယ်ချက်နဲ့ လာကပ်တဲ့ မိန်းမတစ်ယောက်ကို ဘယ်ယောကျ်ားက ကြိုက်မှာလဲ။
အမေကျန်း ကြားလိုက်ရသောအခါ စိုးရိမ်ပူပန်လာသည်။ "ဒါဆို ဘယ်လိုလုပ်ကြမလဲ"
ထို့နောက် တစ်စုံတစ်ရာကို သတိရသွားပြီး မျက်လုံးများ အရောင်လက်ကာ ပြောလိုက်သည်။ "အဓိကအိမ်ကြီးဘက်ကို အကူအညီတောင်းရင် ကောင်းမလား"
အဖေကျန်း စဉ်းစားလိုက်ပြီးနောက် "ယွီအာရဲ့ အခြေအနေကို အရင် စောင့်ကြည့်လိုက်ကြတာပေါ့"
ပြောပြီးသည်နှင့် သက်ပြင်းချလိုက်တော့သည်။
***