← Chapters

ကျန်းရှုယွီ၏ ဗျူဟာ

Vol. 50 Ch. 818

ကျန်းရှုယွီ၏ ဗျူဟာ

Vol. 50 Ch. 818

ကျန်းရှုယွီသည် ကျောင်းသို့အပြန်လမ်းတစ်လျှောက်လုံး ရှောင်လင်းယဲ့ကို မည်သို့ချဉ်းကပ်ရမည်နည်းဟု စဉ်းစားလာခဲ့သည်။

ကျောင်းရောက်သည်နှင့် ဆုံးဖြတ်ချက်ချလိုက်သည်။

အတန်းပြီးသည်နှင့် တံခါးဝမှ အော်သံတစ်ခု ကြားလိုက်ရသည်။ "ကျောင်းသားရှောင်လင်းယဲ့၊ လာရှာတဲ့လူ ရှိတယ်"

ထို့နောက် ကျောင်းသားအချို့ တံခါးပေါက်တွင် ခေါင်းပြူကြည့်နေကြသည်။

ရှောင်လင်းယဲ့သည် သူ့ကိုခေါ်သံကြားသဖြင့် စာအုပ်များသိမ်းဆည်းပြီး တံခါးဝသို့ ထွက်လာခဲ့သည်။

တံခါးဝသို့ ရောက်သောအခါ လာရှာသူမှာ ကျန်းရှုယွီဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ရှောင်လင်းယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းရှုယွီကို ကွေ့ရှောင်ကာ တန်းတန်းမတ်မတ် ထွက်ခွာသွားသည်။

"ကျောင်းသားရှောင် ခဏလောက် စောင့်ပါဦး။ ကျွန်မ ရှင်နဲ့ ခဏလောက် စကားပြောချင်လို့ပါ" ကျန်းရှုယွီသည် ရှောင်လင်းယဲ့၏ရှောင်ဖယ်မှုကို ဂရုမစိုက်ဘဲ နူးညံ့စွာ ပြောလိုက်သည်။ "ကျောင်းသားရှောင် ကျွန်မမှာ တကယ် အရေးကြီးတဲ့ကိစ္စရှိလို့ပါ။ ရှင်နဲ့ သီးသန့်စကားပြောလို့ ရမလား။ ခဏလေးပါပဲ"

အမူအရာက ရိုးသားပြီး စစ်မှန်သည်။ ဘယ်ယောကျ်ားမဆို ဒီလိုအလှပဂေးလေးရဲ့ တောင်းဆိုမှုကို ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး။

သို့သော် ရှောင်လင်းယဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ငြင်းပယ်လိုက်သည်။ "မရဘူး"

ဘေးနားရှိ ကျောင်းသားတစ်ဦးက မကျေမနပ် ဝင်ပြောလိုက်သည်။ "ဘာလို့ မရတာလဲ"

ရှောင်လင်းယဲ့က ထိုသူကို စောင်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ငါနဲ့ သူ ပြောစရာမရှိလို့ပဲ"

ပြောပြီးသည်နှင့် အခြားသူများ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သူငယ်ချင်းများနှင့်အတူ ထွက်ခွာသွားလေသည်။

ရှောင်လင်းယဲ့ ထွက်သွားတော့မည်ကို မြင်သောအခါ ကျန်းရှုယွီ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ "ကျွန်မ မှားပါတယ်"

ရုတ်တရက် "ကျွန်မ မှားပါတယ်" ဟု အော်ဟစ်လိုက်သဖြင့် ဘေးနားရှိ ကျောင်းသားများ နားမလည်နိုင် ဖြစ်သွားကြသည်။

"ကျောင်းသားရှောင် ကျွန်မ တကယ် မှားသွားပါတယ်။ အခု ရှင့်ကို တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါ" ကျန်းရှုယွီသည် မျက်နှာကို ဘေးဖယ်ထားလိုက်ပြီး တောင်းပန်လိုက်သည်။

ရှောင်လင်းယဲ့ ခြေလှမ်းရပ်တန့်သွားပြီး သူမကို မျက်နှာသေဖြင့် ကြည့်ကာ မေးလိုက်သည်။ "ကျောင်းသူကျန်း၊ ခင်ဗျား ဘာမှားလို့လဲ။ ဘာလို့ ကျွန်တော့်ကို တောင်းပန်ရတာလဲ"

ကျန်းရှုယွီ မျက်နှာထား တင်းမာသွားပြီး ပါးစပ်ဟလိုက်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်ပြီး ဘာမှမပြောနိုင်ဘဲ ဖြစ်နေသည်။

ထို့နောက် သူမသည် သနားစရာကောင်းသော မျက်လုံးများဖြင့် ရှောင်လင်းယဲ့ကို ကြည့်ကာ ပြောလိုက်သည်။ "ကျောင်းသားရှောင် ကျွန်မတို့ သီးသန့် စကားပြောလို့ ရမလား။ ခဏလေးပါပဲ... ရမလား"

သို့သော် ရှောင်လင်းယဲ့က သရော်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျောင်းသူကျန်း၊ ကျွန်တော်တို့ ပြောစရာမရှိဘူး ထင်ပါတယ်"

ပြောပြီးသည်နှင့် ကျန်းရှုယွီ၏ သနားစရာကောင်းသော အမူအရာကို ဂရုမစိုက်ဘဲ ထွက်ခွာသွားလေသည်။

ကျန်းရှုယွီ လက်သီးဆုပ်လိုက်ရာ လက်သည်းများ အသားထဲ စိုက်ဝင်သွားသည်။

ဒီ ရှောင်လင်းယဲ့က တကယ် ခေါင်းမာတာပဲ။ မိန်းမလှလေးကိုတောင် ဒီလောက် ရက်စက်တယ်။

ကြည့်ရတာ ဒီလောက်နဲ့တော့ အဆင်ပြေမှာ မဟုတ်ဘူး။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။

သူမရဲ့ အလှတရားနဲ့ အရည်အချင်းက သူ့နှလုံးသားကို မလှုပ်ရှားစေနိုင်ဘူးဆိုတာ မယုံပါဘူး။

ရှောင်လင်းယဲ့၏ရက်စက်မှုကို မြင်သောအခါ ကျောင်းသားအချို့က မကျေမနပ် ဖြစ်လာပြီး သူမကို နှစ်သိမ့်ပေးကြသည်။ "ကျောင်းသူကျန်း၊ ရှောင်လင်းယဲ့က သစ်တုံးကြီးပါ။ အချစ်ဆိုတာ နားမလည်ဘူး။ မင်း ဒီလောက် တောင်းပန်နေတာတောင် သူက ရက်စက်နေတုန်းပဲ။ နောက်ဆို သူ့ကို ဂရုမစိုက်နဲ့တော့"

လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရှုယွီနှင့်ပတ်သက်သော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး သူမ၏ စိတ်နေသဘောထားကို သံသယဝင်ခဲ့ကြသော်လည်း ကောလာဟလများ ငြိမ်သက်သွားသောအခါ သူမသည် ကျောင်းသားများ၏နတ်သမီးလေးအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရုပ်ရည်ရှိ၊ အသိုင်းအဝိုင်းရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ယောကျ်ားလေးက မလိုချင်ဘဲ နေမလဲ။

ကျန်းရှုယွီ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကျွန်မက သူ့ကို သွားရှာတာပဲလေ။ သူ ကျွန်မကို ဘယ်လိုဆက်ဆံဆက်ဆံ ကျွန်မ စိတ်မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ သူ့ကို ကြိုက်လို့လေ"

အားလုံး - "......"

သခင်မလေးကျန်းက ရှောင်လင်းယဲ့ကို တကယ် ကြိုက်တာပဲ။

စူးယန်နဲ့ ကျောင်းရွှယ်ယန်တို့ ရှောင်လင်းယဲ့ကို လုပ်ကြံတာ ကျန်းရှုယွီ ခိုင်းလို့ဆိုတဲ့ ကောလာဟလကို လူအများ သံသယဝင်လာကြသည်။

နတ်သမီးကျန်းက ရှောင်လင်းယဲ့ကို ဒီလောက် ကြိုက်နေတာ... ရှောင်လင်းယဲ့က ငြင်းလိုက်ရုံနဲ့ ဘယ်လိုလုပ် လက်စားချေချင်စိတ် ပေါက်လာမှာလဲ။

ရှောင်လင်းယဲ့၏ငြင်းပယ်မှုကို ခံလိုက်ရသော ကျန်းရှုယွီသည် ဝမ်းနည်းပက်လက်ဖြင့် ကြည့်နေသည်ကို တွေ့ရသောအခါ ကျောင်းသားများက သနားမိပြီး နှစ်သိမ့်ပေးကြသည်။ "ကျောင်းသူကျန်း၊ ဝမ်းမနည်းပါနဲ့။ ရှောင်လင်းယဲ့က မိန်းကလေးတွေကို ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးပါဘူး"

ကျန်းရှုယွီ ကြားလိုက်ရသောအခါ စိတ်မသက်မသာ ဖြစ်သွားသည်။ "ဟမ့် ငါက သာမန်မိန်းကလေးတွေနဲ့ တူလို့လား"

ဒါပေမဲ့ ကျန်းရှုယွီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ နောက်မှ ကျွန်မ သူ့ကို ထပ်ရှာပါ့မယ်။ ကျွန်မ သူ့ကို ကြိုက်တဲ့အတွက် ဘယ်တော့မှ လက်မလျှော့ပါဘူး"

ကျန်းရှုယွီ၏လက်ရှိဗျူဟာမှာ ရဲရဲတင်းတင်းဖွင့်ပြောပြီး လိုက်လံပိုးပန်းခြင်းဖြစ်သည်။ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင် ရှောင်လင်းယဲ့ စိတ်မလှုပ်ရှားဘဲနေမလား။

ယောကျ်ားလေးက မိန်းကလေးကို လိုက်ရင် တောင်တစ်လုံးခြားသလို ခက်ခဲပေမယ့် မိန်းကလေးက ယောကျ်ားလေးကို လိုက်ရင် ပိတ်ပါးတစ်ချပ်ခြားသလို လွယ်ကူပါတယ်။

အရင်တုန်းက သူမ လျှို့ဝှက်ပြီး လုပ်ခဲ့ပေမယ့် အခု ရှောင်လင်းယဲ့ရဲ့နောက်ခံကို သိသွားပြီဆိုတော့ ရှောင်လင်းယဲ့ကို မရမနေ ယူတော့မယ်။

.....

ရှောင်လင်းယဲ့ အဆောင်ပြန်ရောက်သောအခါ စိတ်ထဲတွင် သံသယဝင်နေဆဲပင်။

ကျန်းရှုယွီ ပုံမှန်မဟုတ်တာကို သူ ခံစားမိတယ်။ အထူးသဖြင့် သူမရဲ့ သဘောထားနဲ့ ဗျူဟာပြောင်းလဲသွားတာက မကောင်းတဲ့ အတိတ်နိမိတ်တစ်ခုလို ခံစားရတယ်။

ဒါပေမဲ့ ကျန်းရှုယွီကို သူ လုံးဝ စိတ်မဝင်စားပါဘူး။ အထူးသဖြင့် သူမက စူးယန်နဲ့ ကျောင်းရွှယ်ယန်တို့ကို မြှောက်ပေးပြီး သူ့ကို လုပ်ကြံခိုင်းခဲ့တာ သိပြီးနောက်ပိုင်း ပိုပြီး စိတ်ကုန်သွားတယ်။

"ယဲ့... ဒီည ဘယ်သွားမှာလဲ" အခန်းဖော်က မေးလိုက်သည်။ "ငါတို့ မာလာဟင်းရည် သွားသောက်မလို့။ မင်း လိုက်မလား"

ရှောင်လင်းယဲ့က ပြောလိုက်သည်။ "ငါ ချိန်းထားတာရှိတယ်။ မင်းတို့ သွားကြပါ"

ဒီနေ့က သူ ဆရာကန်တော့ပြီး နတ်ဘုရားလဲ့၊ အစ်မ၊ ယောက်ဖတို့နဲ့ ထမင်းစားရမယ့်နေ့လေ။

အခန်းဖော်က မျက်လုံးမှေးပြီး မေးလိုက်သည်။ "ချိန်းထားတာရှိတယ် ဟုတ်လား။ မိန်းမလှလေးနဲ့ ချိန်းတွေ့မလို့လား။ ယဲ့... မင်း မကောင်းဘူးကွာ။ ရည်းစားရနေပြီဆိုတာ ငါတို့ကို မပြောပြဘူး"

ရှောင်လင်းယဲ့ ပြောစရာစကား မရှိတော့ပေ။ "မင်းတို့ လျှောက်တွေးမနေနဲ့။ ငါက မိန်းမလှလေးနဲ့ ချိန်းတွေ့မှာ မှန်တယ်။ ဒါပေမဲ့ ရည်းစားနဲ့ ချိန်းတွေ့တာ မဟုတ်ဘူး"

အခန်းဖော် အံ့သြသွားပြီး မေးလိုက်သည်။ "ဟာ... တကယ် မိန်းမလှလေးနဲ့ ချိန်းတွေ့တာလား။ ဒါပေမဲ့ ရည်းစားမဟုတ်ဘူးဆိုတော့... ယဲ့... မင်း ငါတို့ကို လိမ်နေတာ မဟုတ်လား"

ရှောင်လင်းယဲ့ ရယ်မောကာ ပြောလိုက်သည်။ "ငါက မိန်းမလှလေးတစ်ယောက်နဲ့ ချိန်းတွေ့မှာပါ။ ဒါပေမဲ့ မင်းတို့ထင်တဲ့ ရည်းစား မဟုတ်ပါဘူး"

ပြောပြီးသည်နှင့် ပစ္စည်းများ သိမ်းဆည်းလိုက်ပြီး ပြောလိုက်သည်။ "ကဲ... မင်းတို့ကို ဆက်မပြောတော့ဘူး။ ငါ သွားတော့မယ်။ နောက်ကျရင် မိန်းမလှလေး စိတ်ဆိုးလိမ့်မယ်"

ရှောင်လင်းယဲ့ ထိုသို့ပြောလိုက်သောအခါ အခန်းဖော်များ စပ်စုချင်စိတ်ဖြစ်သွားကြသည်။ သို့သော် ရှောင်လင်းယဲ့က မပြောပြသဖြင့် သူ ထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

ရှောင်လင်းယဲ့ ကျောင်းပေါက်ဝမှ ထွက်သည်နှင့် ဘတ်စ်ကားစီးပြီး ထွက်ခွာသွားလေသည်။

သို့သော် သူ မသိလိုက်သည်မှာ အနက်ရောင်ကားတစ်စီးက သူ့နောက်သို့ လိုက်ပါလာခြင်းပင်။

ကျန်းရှုယွီက ယာဉ်မောင်းကို ပြောလိုက်သည်။ "လိုက်သွား"

ရှောင်လင်းယဲ့သည် မှတ်တိုင် ၁၀ ခုခန့် စီးပြီးနောက် ဆင်းလိုက်ပြီး နောက်ထပ် ဘတ်စ်ကားတစ်စီး ပြောင်းစီးလိုက်သည်။

အနက်ရောင်ကားကတော့ မနီးမဝေးမှ လိုက်ပါလာသည်။

ရှောင်လင်းယဲ့သည် ဘတ်စ်ကား ၂ စီး ပြောင်းစီးပြီးနောက် လမ်းဘေးတွင် စောင့်နေသော ဇိမ်ခံကားတစ်စီးပေါ် တက်လိုက်သည်။

အဝေးမှ လိုက်ပါလာသော ကျန်းရှုယွီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ရှောင်လင်းယဲ့က ဘာတွေ လျှို့ဝှက်လုပ်ဆောင်နေတာလဲ။

"သခင်မလေး၊ အဲဒီကောင်လေးက ဇိမ်ခံကားပေါ် တက်သွားပြီ။ ငါတို့ ဆက်လိုက်ဦးမလား" ယာဉ်မောင်းက မေးလိုက်သည်။

ကျန်းရှုယွီ စဉ်းစားပြီး ပြောလိုက်သည်။ "လိုက်မယ်"

ရှောင်လင်းယဲ့ ဘာသွားလုပ်မလဲဆိုတာ သူမ တကယ် သိချင်နေပြီ။

အခုမှ သူမ နားလည်သွားတယ်။ ရှောင်လင်းယဲ့က တကယ် သိုသိပ်တာပဲ။

ကျောင်းသားတွေ မသိအောင်လို့ ဘတ်စ်ကား ၂ စီး ပြောင်းစီးပြီးမှ လာကြိုတဲ့ကားပေါ် တက်တာ။

ဒီတစ်ခါ ရှောင်လင်းယဲ့ သွားမယ့်နေရာက နည်းနည်းဝေးမယ်လို့ သူမ ခန့်မှန်းမိတယ်။ မဟုတ်ရင် အရင်တစ်ခေါက် ကုန်းအိမ်တော်သွားတုန်းကလို ဘတ်စ်ကားနဲ့ပဲ သွားမှာ။

အရင်တစ်ခေါက်တုန်းက သူ ကုန်းအိမ်တော်ကို သွားလိမ့်မယ်လို့ သူမ ထင်မထားခဲ့ဘူး။

အဲဒီတုန်းကသာသိခဲ့ရင် နောက်ပိုင်းပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူး။

ကျန်းရှုယွီသည် ရှောင်လင်းယဲ့၏ကားနောက်သို့ မနီးမဝေးမှ လိုက်ပါသွားသည်။

မြို့ပြင်ရောက်ခါနီးအထိ လိုက်ပါသွားသည်။

"သခင်လေးရှောင်၊ နောက်မှာ ကားအနက်တစ်စီး ကျွန်တော်တို့ကို လိုက်နေသလိုပဲ"

ကုန်းထျန်းဟောက် လွှတ်လိုက်သော ယာဉ်မောင်းများသည် လေ့ကျင့်ထားသူများဖြစ်ကြသည်။

ရှောင်လင်းယဲ့ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကားအနက်တစ်စီး လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ ဘတ်စ်ကားစီးတုန်းကလည်း ဒီကား လိုက်လာတာကို သတိထားမိလိုက်တယ်။

ရှောင်လင်းယဲ့ စဉ်းစားပြီး ပြောလိုက်သည်။ "ဆရာလီ၊ သူတို့ကို ဖယ်ထုတ်လို့ ရမလား"

ဘယ်သူပဲ လိုက်လိုက် သူ မကြိုက်ဘူး။

ဆရာလီက ပြုံးလျက် ပြောလိုက်သည်။ "ဒါက အသေးအဖွဲပါ သခင်လေးရှောင်။ ထိုင်ခုံခါးပတ် ပတ်ထားပါ"

ရှောင်လင်းယဲ့ ချက်ချင်း ပြင်ဆင်လိုက်သည်။

ဆရာလီသည် လီဗာနင်းလိုက်ပြီး "ရွှီ" ခနဲ အသံနှင့်အတူ ကားက ပြေးထွက်သွားလေသည်။

နောက်မှလိုက်လာသော ယာဉ်မောင်းက ကျန်းရှုယွီကို ပြောလိုက်သည်။ "သခင်မလေး၊ တစ်ဖက်လူက ကျွန်တော်တို့ လိုက်နေတာကို ရိပ်မိသွားပုံရတယ်။ ကျွန်တော်တို့ကို ဖယ်ထုတ်ချင်နေတယ်။ ဆက်လိုက်ဦးမလား"

ကျန်းရှုယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ထားလိုက်ပါတော့... မလိုက်တော့ဘူး။ ပြန်ကြစို့"

တစ်ဖက်လူက ရိပ်မိသွားမှတော့ ဆက်လိုက်ရင် ရန်လိုသလို ဖြစ်သွားလိမ့်မယ်။ ရှောင်လင်းယဲ့ သိသွားရင် ရှင်းပြရခက်လိမ့်မယ်။

သူမက ရှောင်လင်းယဲ့နဲ့ အဆင်ပြေအောင် လုပ်ချင်တာ။ ရန်သူဖြစ်ချင်တာ မဟုတ်ဘူး။

ရှောင်လင်းယဲ့ ဘယ်သွားလဲဆိုတာ သိချင်ပေမယ့် သိချင်စိတ်လွန်ကဲရင် ဒုက္ခရောက်တတ်တယ်။

ဆရာလီသည် ကားပြန်လှည့်သွားသည်ကို ကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ "ဘယ်သူတွေလဲ မသိဘူး။ ရိပ်မိတာနဲ့ ချက်ချင်းပြန်လှည့်သွားကြတယ်"

ဒီကိစ္စကို သူ သေချာပေါက် သတင်းပို့ရမယ်။

သခင်လေးရှောင်ကို နောက်ယောင်ခံလိုက်တာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ တကယ်လို့ နောက်ယောင်ခံလိုက်တဲ့သူက သခင်လေးရှောင်ကို ဒုက္ခပေးချင်ရင် ဘယ်လိုလုပ်မလဲ။

ဆရာလီသည် ရှောင်လင်းယဲ့ကို မြို့ပြင်ရှိ ရိုးရာအိမ်လေးတစ်ခုသို့ ခေါ်ဆောင်သွားသည်။

ဤနေရာသည် သာယာလှပပြီး တိတ်ဆိတ်ငြိမ်သက်သည်။ တွေ့ဆုံစားသောက်ရန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်တို့သည် ခြံဝန်းထဲတွင် လက်ချင်းချိတ်ကာ စောင့်ဆိုင်းနေကြသည်။

ရှောင်လင်းယဲ့သည် အစ်မဖြစ်သူကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှား ဝမ်းသာစွာ ခေါ်လိုက်သည်။ "မမ"

ထို့နောက် ပြေးသွားပြီး ဖက်လိုက်ကာ ပြောလိုက်သည်။ "မမ... ပိုလှလာပါလား"

ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ရှောင်လင်းယဲ့ကို မကျေမနပ် ပြောလိုက်သည်။ "ဘာလာဖက်နေတာလဲ။ ဒါ ငါ့မိန်းမကွ။ ဖက်ချင်ရင် ရည်းစားသွားရှာ"

ရှောင်လင်းယဲ့ - "......"

ဒီရှာလကာရည်အိုးကြီးကတော့။ (သဝန်တို)

ရှောင်လင်းယဲ့က အားကျမခံ ပြန်ပြောလိုက်သည်။ "ခင်ဗျားမိန်းမ ဖြစ်ပေမယ့် ကျွန်တော့်အစ်မအရင်းလေ။ ဘာလို့ ဖက်လို့မရရမှာလဲ။ ကျွန်တော်တို့ဖက်နေတုန်းက ခင်ဗျား ဘယ်ရောက်နေမှန်းတောင် မသိသေးဘူး"

ကုန်းထျန်းဟောက်က နှာခေါင်းရှုံ့လိုက်ပြီး "ဟမ့်.. မင်းအစ်မအရင်း ဖြစ်ပေမယ့် အခု ငါ့မိန်းမ ဖြစ်နေပြီ။ ငါ့မိန်းမကို ငါတစ်ယောက်တည်းပဲ ဖက်လို့ရမယ်။ တခြားအထီးတွေ ဝေးဝေးနေ"

"ဟားဟား... ဝေးဝေးနေရမယ် ဟုတ်လား" ရှောင်လင်းယဲ့ကလည်း နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ "ခင်ဗျားက ကျွန်တော့်အစ်မကို စစ်မြေပြင်မှတ်နေတာလား"

ကုန်းထျန်းဟောက် - "......"

ရှောင်လင်းယွီက ရယ်မောကာ ပြောလိုက်သည်။ "ကဲပါ... ရှင်တို့နှစ်ယောက် ရန်ဖြစ်မနေကြနဲ့တော့။ နတ်ဘုရားလဲ့က အထဲမှာ ရောက်နေပြီ။ မြန်မြန်ဝင်ကြစို့။ ရိုင်းရာကျနေမယ်"

ထို့နောက် သုံးယောက်သား သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။

အခန်းထဲမဝင်မီ ယာဉ်မောင်းဆရာလီက ကုန်းထျန်းဟောက်အား သတင်းပို့သည်။ "ဘော့စ်၊ ကျွန်တော်တို့ လာတုန်းက ကားအနက်တစ်စီး နောက်ကလိုက်လာတယ်။ သခင်လေးရှောင် ပြောတာတော့ သူ ဘတ်စ်ကားစီးတုန်းကတည်းက အဲဒီကားကို သတိထားမိတယ်တဲ့။ ဒါပေမဲ့ အစတုန်းကတော့ သိပ်ဂရုမစိုက်မိဘူးတဲ့။ ကျွန်တော်က သခင်လေးရှောင်ကို ဒုက္ခပေးမှာ စိုးရိမ်လို့ ဘော့စ်ကို သတင်းပို့တာပါ"

ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အင်း... ငါသိပြီ။ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"

ယောက်ဖလေးရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် သူ ပေါ့ပေါ့ဆဆ မနေပါဘူး။

အခန်းထဲရောက်သောအခါ ရှောင်လင်းယဲ့၏အမူအရာမှာ စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။ ကိုယ်ကိုးကွယ်တဲ့ အိုင်ဒေါနဲ့ တွေ့ရသလိုမျိုးပေါ့။

ရှောင်လင်းယဲ့ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ "နတ်ဘုရားလဲ့"

လဲ့ကျွင်းရှန်သည် စိတ်လှုပ်ရှားနေသော လူငယ်လေးကို ကြည့်ပြီး ရယ်ချင်သွားသည်။ "နတ်ဘုရားလဲ့လို့ ခေါ်တုန်းလား။ ဆရာလို့ ခေါ်သင့်ပြီ။ ဒီစားပွဲဝိုင်းရဲ့ အဓိပ္ပာယ်ကို မင်း မသိဘူးလား"

ရှောင်လင်းယဲ့ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ ထပ်ခေါ်လိုက်သည်။ "ဆရာ"

"ဟားဟား..." လဲ့ကျွင်းရှန် ရယ်မောလိုက်သည်။ "ကောင်းပြီ... တပည့်လေး... ထိုင်ပါဦး"

ရှောင်လင်းယွီနှင့် ကုန်းထျန်းဟောက်လည်း ထိုင်လိုက်ကြသည်။

ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ "နတ်ဘုရားလဲ့... နောက်ဆို ကျွန်မမောင်လေးကို ဆုံးမသွန်သင်ပေးပါဦး။ မကျေနပ်တာရှိရင် ပြောပါ။ ကျွန်မ သူ့ကို ကောင်းကောင်း ဆုံးမပေးပါ့မယ်"

လဲ့ကျွင်းရှန်က ပြုံးကာ ပြောလိုက်သည်။ "ညီမလေး... မင်းကတော့ တင်းကြပ်နေပြန်ပါပြီ။ ရှောင်လင်းယဲ့ကို ငါ သူ့မှတ်တမ်းတွေ ကြည့်ပြီးပြီ။ ငါ အရမ်းကျေနပ်ပါတယ်။ နောက်ဆို သူ သေချာ ကြိုးစားမယ်ဆိုရင် သူ့အောင်မြင်မှုက ငါ့အောက် မလျော့ပါဘူး"

အခု ရှောင်လင်းယဲ့ကို ကြည့်ရတာ အရင်တုန်းက သူ့ကို မြင်ရသလိုပဲ။

သူက ဆက်ပြောသည်။ "လင်းယဲ့က အရင်တုန်းက ငါနဲ့ တူတယ်"

ရှောင်လင်းယဲ့ စိတ်လှုပ်ရှားနေသော်လည်း နှိမ့်ချစွာ ပြောလိုက်သည်။ "ဆရာ... ကျွန်တော်က နုပါသေးတယ်။ ဘယ်လိုလုပ် ဆရာ့ငယ်ဘဝနဲ့ တူမှာလဲ"

လဲ့ကျွင်းရှန်က ရယ်မောကာ ပြောလိုက်သည်။ "ငါ့ငယ်ဘဝတုန်းကလည်း အတွေ့အကြုံနုတာပဲလေ"

ရှောင်လင်းယဲ့ - "......"

အာ... နှိမ့်ချလွန်းသွားပြီ။ ဆရာလည်း ငယ်ရာကနေ ရင့်ကျက်လာတာပဲလေ။

ရှောင်လင်းယဲ့ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ဆရာ... စိတ်ချပါ။ ကျွန်တော် နောက်ဆို ဆရာ့နောက်လိုက်ပြီး ကောင်းကောင်း သင်ယူပါ့မယ်။ ဆရာ့မျက်နှာပျက်အောင် ဘယ်တော့မှ မလုပ်ပါဘူး"

ပြောပြီးသည်နှင့် သူသည် လဲ့ကျွင်းရှန်အတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ကိုယ့်အတွက်လည်း တစ်ခွက်ငှဲ့လိုက်သည်။ အရက်ခွက်ကို ကိုင်ပြီး လဲ့ကျွင်းရှန်ကို ရိုသေစွာ ပြောလိုက်သည်။ "ဆရာ... တပည့် ရှောင်လင်းယဲ့က ဆရာ့ကို ဂါရဝပြုပါတယ်။ ဆရာ့တပည့် ဖြစ်ခွင့်ရလို့ ဝမ်းသာပါတယ်"

ရှောင်လင်းယဲ့က အရွယ်ရောက်ပြီးသူ ဖြစ်သည်။ ကုမ္ပဏီဖွင့်ထားသဖြင့် စီးပွားရေးဧည့်ခံပွဲများ သွားရလေ့ရှိသည်။ ပြီးတော့ ရှောင်မိသားစုဝင် ယောက်ျားလေးတွေက အရက်ကောင်းကောင်းသောက်တတ်ကြသည်။

လဲ့ကျွင်းရှန် ဝမ်းသာအားရ အရက်ခွက်ကို ကိုင်လိုက်ပြီး ရှောင်လင်းယဲ့ကို ပြုံးလျက် ပြောလိုက်သည်။ "ငါလည်း မင်းကို တပည့်အဖြစ် လက်ခံရလို့ ဝမ်းသာပါတယ်"

ထိုအချိန်တွင် ကုန်းထျန်းဟောက်က လဲ့ကျွင်းရှန်ကို ပြောလိုက်သည်။ "ကျွင်းရှန်၊ ငါ့ယောက်ဖက မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မင်းရဲ့နည်းပညာတွေကို အကုန်သင်ပေးလိုက်ပါ"

လဲ့ကျွင်းရှန် ကြားလိုက်ရသောအခါ မကျေမနပ် ပြောလိုက်သည်။ "ဘာလဲ... ငါ ပညာဝှက်ထားမှာ စိုးရိမ်နေတာလား။ ဒါဆို မင်းပဲ သင်ပေးလိုက်လေ"

ကုန်းထျန်းဟောက်က ချက်ချင်း ပြန်ပြောလိုက်သည်။ "ငါ သင်ပေးတတ်ရင် ငါကိုယ်တိုင် သင်ပေးလိုက်မှာပေါ့။ ငါ့ယောက်ဖက အရည်အချင်းရှိပြီး ဉာဏ်ကောင်းတယ်လေ"

လဲ့ကျွင်းရှန်က သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆို မင်းက ဘာလို့ စကားများနေရတာလဲ"

ရှောင်လင်းယဲ့သည် ယောက်ဖကို ကြည့်လိုက်၊ ဆရာကို ကြည့်လိုက်နှင့် ခေါင်းကို ပွတ်သပ်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ယောက်ဖ၊ ဆရာ၊ ခင်ဗျားတို့ ဆက်ဆံရေးက တကယ် ကောင်းတာပဲ"

"ဟမ့် ဘယ်သူက သူနဲ့ ဆက်ဆံရေးကောင်းလို့လဲ" လဲ့ကျွင်းရှန်က မာနကြီးစွာ ပြောလိုက်သည်။ "သူက တက္ကသိုလ်တက်ကတည်းက အမြင်ကပ်စရာ ကောင်းတာ"

ကုန်းထျန်းဟောက်ကလည်း အားကျမခံ ပြန်ပြောလိုက်သည်။ "မင်းက အဲဒီတုန်းက ပိုပြီး အမြင်ကပ်စရာ ကောင်းတယ်"

ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့ မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းခါကာ ရယ်မောလိုက်ကြသည်။

ထမင်းစားပွဲတွင်မှ ရှောင်လင်းယဲ့ သိလိုက်ရသည်။ ပြင်ပတွင် အဝတ်အစားဖရိုဖရဲ၊ မုတ်ဆိတ်မရိတ်ဘဲ စီးပွားရေးဆွေးနွေးတတ်သော နတ်ဘုရားလဲ့သည် တကယ်တော့ စကားများသူတစ်ယောက်ဖြစ်နေသည်။

ဒါက လဲ့ကျွင်းရှန်အပေါ် သူထားရှိတဲ့ ပုံရိပ်ကို ပြောင်းလဲသွားစေသည်။

သူ့အမြင်မှာတော့ လူကြီးလူကောင်းတွေက အေးစက်ပြီး သူဌေးအရှိန်အဝါ ရှိရမှာ မဟုတ်ဘူးလား။

ကုန်းထျန်းဟောက်သည် ရှောင်လင်းယဲ့၏ ထူးဆန်းသော အမူအရာကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ယဲ့အာ၊ မင်းဆရာက စကားများမယ်လို့ ထင်မထားဘူးမလား။ နောက်ဆို နားငြီးမခံနိုင်ရင် ဆရာပြောင်းမလား။ စိတ်ချ, ယောက်ဖက နောက်ထပ် ဆရာတစ်ယောက် ရှာပေးမယ်။ သူ့ထက် မညံ့စေရဘူး"

လဲ့ကျွင်းရှန် မကျေမနပ် ဖြစ်သွားသည်။ "ဟေ့... ကုန်းထျန်းဟောက်၊ မင်း ဒီလိုလုပ်လို့ မရဘူးနော်။ မင်းကိုယ်တိုင် မင်းယောက်ဖကို ငါ့ဆီ မိတ်ဆက်ပေးခဲ့တာ။ အခုကျတော့ ဆရာပြောင်းပေးမယ်တဲ့။ ငါ သဘောမတူဘူး။ ငါ ပြောလိုက်မယ်... လင်းယဲ့ဆိုတဲ့ ကောင်လေးကို ငါ သဘောကျတယ်။ သူ ငါ့တပည့်ဖြစ်ဖို့ သေချာသွားပြီ"

ထို့နောက် သူက ရှောင်လင်းယဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ "တပည့်လေး၊ မင်းယောက်ဖစကား နားမထောင်နဲ့။ စိတ်ချ၊ ငါက စကားများပေမယ့် လျှောက်ပြောနေမှာ မဟုတ်ဘူး။ ပြောရင်လည်း နည်းပညာပိုင်းဆိုင်ရာတွေကိုပဲ ပြောမှာပါ"

ကုန်းထျန်းဟောက်က အေးစက်စွာ ရယ်မောလိုက်သည်။ "ဟားဟား..."

လဲ့ကျွင်းရှန် - "......"

ရှောင်လင်းယွီတို့မောင်နှမ - "......"

***

All Chapters