← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

ကုန်းမြေတိုက်ကြီး၏ ကောလဟာလများနှင့် ဝေးကွာသော နန်ယန် စီရင်စုတွင် မသေမျိုးတစ်သန်းတောင်တန်းများကြားရှိ ချင်ထျန်းတောင်ထွတ်၏ ထိပ်ဖျား၌ ကျုံးရှန် သည် ဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ ပျော်ရွှင်စွာဖြင့် နေစာလှုံနေလေသည်။

​သူ၏ လက်ထဲတွင်လည်း ကြေးမုံငယ်လေးတစ်ခုသည် နိမ့်ချည်မြင့်ချည် ဝဲပျံနေပြီး နေရောင်ခြည်နှင့် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည်းညှင်းစွာ စုပ်ယူနေလေ၏။

"ဒီ ယင်ယန်ရှေးဟောင်းနတ်ဘုရားကြေးမုံ က ရှေးဟောင်းနတ်ဘုရားရတနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တယ်"

"နည်းနည်းလောက် ကလိလိုက်တာနဲ့ ကြေးမုံထဲမှာ ကမ္ဘာတစ်ခုပေါ်လာပြီး ချင်ထျန်းတောင်ထွတ် ကိုတောင်ပုံတူပွားနိုင်သွားတယ်"

​"ကံဆိုးတာက ဒီကြေးမုံက အစစ်ရဲ့ ဆယ်ပုံတစ်ပုံစွမ်းအားပဲရှိတော့ ကမ္ဘာအတုထဲမှာ အစစ်အမှန်ကမ္ဘာက ချင်ထျန်းတောင်ထွတ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ အသက်စွမ်းအင် ငါးပုံတစ်ပုံပဲရှိတယ်"

"အင်း ငါကြေးမုံလိုက်စုကြည့်ဦးမယ် တစ်ခုတည်းတောင် ဒီလောက်စွမ်းနေတာ ဆယ်ခုလုံးပေါင်းလိုက်ရင် ကြေးမုံထဲက ကမ္ဘာကို ဝမ်ရှန့်ကုန်းမြေတိုက်ကြီးလိုမျိုး အကြီးကြီး ဖန်တီးလို့ရနိုင်လောက်မယ်"

ကျုံးရှန် ကြေးမုံလေးအား သုံးသပ်နေစဥ် ရုတ်တရက် သူ၏ ခေါင်းပေါ်ရှိ ကောင်းကင်ယံတွင် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပွင့်ဟလာသည်။

​"မြောင်..."

​အဝါရောင်ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်လမ်းကြောင်းထဲမှ ခုန်ဆင်းလာပြီး စွမ်းအင်စုပ်ယူနေသော ယင်ယန်ရှေးဟောင်းနတ်ဘုရားကြေးမုံ ပေါ်သို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်သည်။

ထိုပုံရိပ်မှာ ကျီးကျူပင်ဖြစ်လေ၏။ သူက ကြေးမုံအား တအံ့တဩဖြင့်ကြည့်ကာ ပြောလိုက်သည်။

​"သခင်… ဒီ ကြေးမုံငယ်လေးက တော်တော်လေး ထူးခြားတာပဲ"

​"သူမှာ ယင်နဲ့ယန်ရှိပြီး ကိုယ်ပိုင်ကောင်းကင်တာအိုအသေးစားလေးလိုမျိုးဖြစ်နေပြီး အစစ်အမှန်ကောင်းကင်တာအို ရဲ့ အာရုံခံနိုင်စွမ်းကနေ လွတ်မြောက်နိုင်စွမ်း ရှိတယ်"

​ကျုံးရှန်သည် ပျင်းရိစွာဖြင့် မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်ပြီး နွေးထွေးသော နေရောင်ခြည်ကို ခန္ဓာကိုယ်တစ်ခုလုံးတွင် ကျရောက်စေလျက် ဖြည်းညှင်းစွာ မေးလိုက်သည်။

​"ကျူးကျီ… မင်း ပြန်ရောက်လာပြီလား"

​ကြောင်ဝါကြီးသည် ယင်ယန်ကြေးမုံ ပေါ်မှတဆင့် ကျုံးရှန် ၏ ပေါင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူနှင့်အတူ နေပူစာလှုံရန် သက်သောင့်သက်သာဖြင့် ခွေအိပ်လိုက်သည်။

​"မြောင်…"

​"သခင်… ရှေးဟောင်းသူတော်စင်ကျော့ဖန့် ရဲ့ ဗိမာန် ပွင့်တော့မယ် အင်အားစု အများအပြားက သတင်းရထားပြီးပြီမို့ ပြင်ဆင်နေကြတယ်"

​"ငှက်ရဲ့ သတင်းပို့ချက်အရဆိုရင် အင်အားစု ၁၂ ခုက လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေကြပြီ"

​"အဲဒီအထဲမှာ အားအကောင်းဆုံးကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ရှေးခေတ်တုန်းကတည်းက တည်ရှိခဲ့တဲ့ သူတော်စင်အဆင့် ကျွမ်းကျင်သူ နှစ်ယောက်ဖြစ်တဲ့ အဆိပ်သခင်ကြီးထော် နဲ့ ရွှေခြင်္သေ့သခင်ကြီး တို့ရောပါတယ်"

​"နှစ်ယောက်စလုံးက သူတော်စင်အဆင့်ကို ရောက်ရှိနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသအသီးသီးမှာ အုပ်စိုးသူတွေ ပဲ"

​"သူတို့က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီးလောကထဲ ထွက်လာခဲကြပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်လေး နက်ရှိုင်းတယ်"

​ကျုံးရှန် သည် ဝါးကုလားထိုင်ကို လက်ချောင်းဖြင့် ခပ်ဖွဖွ စတင်ခေါက်လိုက်သည်။

​"အဆိပ်သခင်ကြီးထော်… ရွှေခြင်္သေ့သခင်ကြီး…"

​သူ၏ နတ်ဘုရားစိတ်အာရုံ သည် ကောင်းကင်တာအို ကို ပုံဖော်ကာ တိတ်တဆိတ် တွက်ချက်ခြင်းများ ပြုလုပ်လိုက်သည်။

​သူ စကားမပြောသည်ကို မြင်သောအခါ ကျူးကျီသည် ခြေလက်များကို ကွေးကာ လှိမ့်လိုက်ပြီး သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဝမ်းဗိုက်ကို ဖော်ပြလိုက်ကာ ​ကြောင်တစ်ကောင်၏ ချစ်စရာကောင်းမှုကို အပြည့်အဝ အသုံးချလိုက်ခြင်း ဖြစ်သည်။

"သခင်… ဒီ သူတော်စင်အဆင့် ဆိုတဲ့ကောင်တွေက ကောင်းကင်တာအို စည်းမျဉ်းတွေရဲ့ အသိအမှတ်ပြုခြင်းကို မခံရတဲ့ သူတော်စင်တုတွေပါ သခင့်ရဲ့ စွမ်းရည်နဲ့ဆိုရင် သူတို့ကို ချေမှုန်းဖို့က အရမ်းလွယ်ကူလွန်းတယ်"

​"ဘာတွေများ တွက်ချက်နေစရာ လိုလို့လဲ"

ကျူးကျီ ပြောသည်မှာ မမှားပေ။

​ဝမ်ရှန့်ကုန်းမြေတိုက် ၏ ရှေးခေတ်ကာလနှင့် လက်ရှိ ကျုံးရှန် ရှိနေသော ခေတ်ကာလသည် မတူညီချေ။

လက်ရှိကာလသည် ကပ်ဘေးအသွင်ပြောင်းလဲမှုများနှင့် ကံတရား ယုတ်လျော့လာသော အချိန်ကာလတစ်ခု ဖြစ်သည်။

​ယနေ့ခေတ် သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို သူတော်စင်ဟု ခေါ်ဆိုကြသော်လည်း ရှေးဦးကမ္ဘာဦးခေတ်နှင့် ရှေးဟောင်းဧကရာဇ်ခေတ်များမှ ရှေးဟောင်းသူတော်စင်များနှင့် အလွန်ကွာခြားလှသည်။

ရှေးဟောင်းသူတော်စင်များသည် ဉာဏ်ရည်မြင့်သက်ရှိများမပြောနှင့် လမ်းဘေးက အင်းစက်များကိုပင် ဉာဏ်အလင်းပွင့်စေနိုင်သည်အထိ မြင့်မြတ်ကြသည်။

သူတို့တွေသည် ရိုးရိုးအစွမ်းထက်ကြရုံလောက်သာမဟုတ်ပဲ ကောင်းကင်တာအိုကိုပင် ပြုပြင်နိုင်ကြပြီး စည်းမျဥ်းအသစ်များကိုလည်း ရေးဆွဲနိုင်ကြသည်။

ရှေးဦးကမ္ဘာဦးခေတ်မှ ရှေးဟောင်းဧကရာဇ်ခေတ်အထိ ကောင်းကင်တာအို စည်းမျဉ်းများသည် မပြည့်စုံသေးဘဲ မဟာတာအိုတွင် ချို့ယွင်းချက်များ ရှိခဲ့သည်။

ထိုသူတော်စင်များသည်သာ မဟာတာအိုကို ပြည့်စုံစေပြီး ကောင်းကင်တာအို ၏ သံသရာကို စနစ်တကျ ဖြစ်စေရန် ပြုပြင်ခဲ့ကြလေသည်။

ယခုခေတ်၏ သူတော်စင်များကို ရှေးခေတ်မှမဟာသူတော်စင်ကြီးများက လက်တစ်ချောင်းပင်မရွှေ့ပဲ အကြည့်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လေသည်။ ရှေးခေတ်နှင့် လက်ရှိခေတ်တို့၏ ကွာခြားချက်သည် အလွန်ကြီးမားလေသည်။

သို့သော်လည်း ကျုံးရှန် သည် သူ၏ တွက်ချက်မှုများကို ရပ်တန့်လိုက်ခြင်း မရှိပေ။

​"ဟေ့ကောင်… ရန်သူကို လျှော့တွက်ပြီး ပေါ့ဆရင် ရှုံးနိမ့်မှုကြီးနဲ့ ကြုံရတတ်တယ်ဆိုတာ မင်း မသိဘူးလား"

​ကျုံးရှန်က သူ့ပေါင်ပေါ်တွင် ပျင်းရိလေးတွဲစွာ အိပ်စက်နေသော ကြောင်ဝါကို ငုံ့ကြည့်လိုက်ပြီး လေးနက်သောလေသံဖြင့် ဆူပူတော့သည်။

​"မင်းသာ သူတို့လောက် ဝီရိယရှိပြီး လေးနက်မယ်ဆိုရင် ငါ့ရဲ့ အင်မော်တယ်ဆေးဝါးတွေ အများကြီး စားသုံးပြီး နှစ်ပေါင်း ၆၀,၀၀၀ လောက် ကျင့်ကြံခဲ့တာတောင်မှ အခုထိ သူတော်စင်နယ်ပယ်ရဲ့ တတိယအဆင့်စိတ်ဝိညာဉ်ဖန်ဆင်းခြင်း အဆင့်ပဲရှိဦးမှာ မဟုတ်ဘူး"

​"ဝက်ခြံထဲက အနက်ကြီး နဲ့ အနက်လေး ကြက်ခြံထဲက မဟာရွမ်းဟွမ်ကြက်နဲ့ ငါးကန်ထဲက အဖြူလေး နဲ့ ငွေရောင်လေး တို့ကို ကြည့်စမ်း"

​"သူတို့က မင်းလောက်တောင် အချိန်အကြာကြီး ကျင့်ကြံခဲ့ရတာ မဟုတ်ဘူး ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်တွေက မင်းကို မှီခါနီးနေပြီ"

​"မင်း မရှက်ဘူးလား… ဟမ် မရှက်ဘူးလား…"

​ကျုံးရှန် ပြောပြီးသည်နှင့် တပြိုင်နက် သူ့ပတ်လည်ရှိ ဝက်ခြံ ကြက်ခြံ နှင့် ငါးကန်တို့သည် ချက်ချင်း သက်ဝင်လှုပ်ရှားသွားကြသည်။

​သူတို့၏ အသံများတွင် ချီးကျူးခံရမှုကြောင့် ပျော်ရွှင်သံများ ပါဝင်နေသော်လည်း ကျူးကျီကို လှောင်ပြောင်နေကြသည့် အရိပ်အယောင်များလည်း ပါဝင်နေသည်။

"မြောင်…"

ကျူးကျီသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ခြံစည်းရိုးခတ်ထားသော နေရာသို့ ခုန်ဝင်သွားသည်။

​ကျုံးရှန် သည် သူတို့ကို ဂရုမစိုက်ဘဲ ဆော့ကစားခွင့် ပေးလိုက်သည်။ သူ၏ စိတ်အာရုံပင်လယ်ထဲတွင် ပုံရိပ်ပေါင်း သန်းချီ ပေါ်လာပြီး သူလိုအပ်သော သတင်းအချက်အလက်များသည် ထိုအထဲတွင် ရောနှောနေသည်။

​သူသည် များပြားလှသော သတင်းအချက်အလက်များကို လျင်မြန်စွာ စိစစ်လိုက်ပြီး အသုံးမလိုသည်များကို ဖယ်ရှားလိုက်ရာ ပုံရိပ်သစ်များ ဆက်တိုက် ပေါ်လာသည်။

​နောက်ဆုံးတွင် ကြောက်မက်ဖွယ် မျက်နှာနှင့် ဧရာမ ပုံရိပ်ကြီးတစ်ခု သူ၏ စိတ်အာရုံပင်လယ်ထဲတွင် ပေါ်လာလေသည်။

"သြော်… ဒါကြောင့်ကိုး"

​"ဒီကိစ္စက မရိုးရှင်းဘူးလို့ ငါ ထင်သားပဲ"

​သူ၏ စိတ်အာရုံပင်လယ်ထဲတွင် မဟာတာအို မှ ထုတ်ယူထားသော ပုံရိပ်ပေါင်း သန်းထောင်ချီ ပျောက်ကွယ်သွားပြီး သူမြင်ချင်သည့် ပုံရိပ်တစ်ခုတည်းသာ ကျန်ရှိတော့သည်။

​ကျုံးရှန်ကြည့်နေသည့် ပုံရိပ်သည် ဟင်းလင်းပြင်တစ်နေရာတွင် ထွန်ခြစ်ကို ကိုင်ဆောင်ထားသော ဧရာမ ပုံရိပ်ကြီးတစ်ခုကိုဖြစ်သည်။

ထိုပုံရိပ်၏ မျက်လုံးထောင့်တွင် အမာရွတ်တစ်ခုရှိပြီး မျက်နှာထားက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုသူမှာ ဝက်ခေါင်းလူကိုယ်နှင့် ဗိုက်ရွှဲကြီးဖြစ်ပြီး လက်နက်အဖြစ် ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်၏ ဦးခေါင်းခွံဖြင့် ပြုလုပ်ထားသော ကိုးသွားထွန်ခြစ် ကို ကိုင်ဆောင်ထားသည်။

​ထွန်ခြစ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဟင်းလင်းပြင်တွင် လှိုင်းလေထန်စေပြီး မရေမတွက်နိုင်သော ကြယ်များကို ကြေမွသွားစေနိုင်သည်။

​၎င်း၏ ဝက်မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရောင်များ လက်ခနဲ ဖြစ်သွားသည်။

သို့သော်လည်း ပြူးထွက်နေသော နားရွက်ကြီး နှစ်ဖက်အနက် တစ်ဖက်သာ ကျန်ရှိတော့သည်။

​ရုတ်တရက် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး ချောင်းကြည့်နေသည့် ကျုံးရှန်ကို ခက်ထန်သော ဝက်မျက်လုံးတို့ဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ့ရဲ့ အနာဂတ်ပုံရိပ်တွေကို ဘယ်ကောင်က ချောင်းကြည့်ရဲတာလဲ"

"ဝုန်း…"

၎င်းသည် ဒေါသတကြီးဖြင့် ထွန်ခြစ်ကို ဝှေ့ယမ်းလိုက်ရာ ကျုံးရှန်၏ စိတ်အာရုံထဲရှိ မြင်ကွင်းသည် တစ်စစီ ကွဲကြေပျက်စီးသွားလေသည်။

ကျုံးရှန်သည် ဂရုမစိုက်သလိုပုံစံဖြင့် တဟားဟားရယ်မောလိုက်ပြီး စိတ်အာရုံထဲမှ ထိုပုံရိပ်ကို ဖျောက်ဖျက်လိုက်သည်။

"တကယ်ပဲ ဝက်ဘိုးဘေး ထျန်းဖုန် ဖြစ်နေတာကိုး…"

"ဒါပေမဲ့လည်း သိပ်တော့ မထူးဆန်းပါဘူးလေ အဲဒီတုန်းက သူတော်စင်ကျော့ဖန့်က သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်အတွက် ဉာဏ်အလင်းရအောင် ဟင်းလျာကောင်းတွေကို ရှာဖွေရင်း ဟင်းလင်းပြင်ထဲ ဝင်သွားခဲ့တာကိုး”

"အဲဒီမှာ ဝက်ဘိုးဘေး ထျန်းဖုန်နဲ့ မတော်တဆ သွားတွေ့ခဲ့တယ် ဝက်ဘိုးဘေးက သူတော်စင်ရဲ့ ခန္ဓာကိုယ်ကို တပ်မက်ပြီး စားပစ်ချင်ခဲ့ပေမဲ့ သူတော်စင်က ပြန်ပြီးတော့ သူ့နားရွက်တစ်ဖက်ကို ဖြတ်ယူပြီး ဟင်းချက်စားပစ်လိုက်တယ်လေ"

"အဲဒီကနေစပြီး ရန်ငြိုးဖွဲ့သွားကြတာပဲ"

"အဲဒီနောက်မှာတော့ ဝက်ဘိုးဘေးက ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ပုန်းအောင်းနေခဲ့တယ် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ ကျူးကျော်တိုက်ခိုက်ကြတုန်းကတောင် သူက ထွက်မလာခဲ့တဲ့အတွက် ကပ်ဘေးကနေ လွတ်မြောက်သွားခဲ့တာပဲ"

"အခု သူတော်စင်ကျော့ဖန့်ရဲ့ ဗိမာန်ဂူ ပွင့်လာပြီဆိုတော့ သူတော်စင်ကျော့ဖန့်ရဲ့ ကောင်းကင်တာအို အမွေအနှစ်ကို ဆက်ခံထားတဲ့ ပါရမီရှင် မျိုးဆက်သစ်တွေ သေချာပေါက် ရှိနေမှာပဲ ဒီတော့ ဝက်ဘိုးဘေး ရောက်လာပြီး သွေးချောင်းစီးအောင် မလုပ်ဘူးဆိုရင်သာ ထူးဆန်းနေဦးမယ်"

"အင်း… ထျန်းဖုန် ရှေးခေတ်က သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်"

"စိတ်ဝင်စားဖို့ ကောင်းတယ် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်"

ကျုံးရှန်သည် ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း မျက်လုံးကို အသာမှေးကာ တိတ်တဆိတ် တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။

သူတော်စင်ကျော့ဖန့်၏ ဗိမာန်ဂူ ဖွင့်လှစ်ခြင်းသည် ရှောင်လွှဲမရသော သွေးချောင်းစီးပွဲတစ်ခု ဖြစ်လာလိမ့်မည်ဆိုသည်ကို ကြိုတင်ခန့်မှန်းနိုင်ပေသည်။

မရေမတွက်နိုင်သော ပါရမီရှင်များနှင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် ထိုနေရာ၌ ပျက်စီးသေဆုံးကြရမည်ဖြစ်ပြီး အခြားသူများအတွက် ခြေနင်းကျော​က်တုံးများ ဖြစ်လာကြပေလိမ့်မည်။

"ကောင်းကင်တာအိုက တကယ်ကို ရက်စက်ပြီး ကြုမ်းကြုတ်လွန်းတယ် အခွင့်အရေးတွေနဲ့ ကံတရားအတွက် သက်ရှိအားလုံးကို အချင်းချင်း သတ်ဖြတ်ခိုင်းစေတယ် ဟူး… "

ကျုံးရှန်သည် သက်ပျင်းတစ်ချက်ချလိုက်ကာ ခေါင်းခါလိုက်ပြီး နေရာမှထကာ သက်သောင့်သက်သာဖြင့် အကြောဆန့်လိုက်လေသည်။

All Chapters