အခန်း (၂၉)
Vol. 3 Ch. 29
[ဒင်။ စနစ်ရှင် ယနေ့အတွက် မှတ်တမ်းမတင်ရသေးပါဘူး။]
ကျုံးရှန်သည် စိတ်ထဲတွင် စက်ရုပ်အသံ ပဲ့တင်ထပ်လာသောအခါ အလွန်ပျင်းရိငြီးငွေ့စွာဖြင့် သမ်းဝေလိုက်မိသည်။
သူသည် ပျင်းရိလေးတွဲစွာဖြင့် အကြောဆန့်လိုက်ပြီး ရိုးရှင်းသော အမိန့်တစ်ခုကို ရေရွတ်လိုက်သည်။
"မှတ်တမ်းတင်မယ်…"
[ဒင်။ စနစ်ရှင် ယနေ့အတွက် မှတ်တမ်းတင်ခြင်း ပြီးမြောက်ပါပြီ။ သူတော်စင်အဆင့် ဆုလာဘ်တစ်ခုဖြစ်သည့် နှစ်သန်းချီသက်တမ်းရှိတဲ့ ခရမ်းရောင်ချီဂျင်ဆင်းအနှစ်သာရကို ရရှိပါသည်။]
လေတိုးသံသဲ့သဲ့နှင့်အတူ ဆန်းကြယ်သော ခရမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေသည့် ဂျင်ဆင်းမြစ်ကြီးတစ်ခုသည် ကျုံးရှန်၏ လက်ထဲသို့ ရောက်ရှိလာလေသည်။
ရှေးဟောင်းဆေးဖက်ဝင်အပင်၏ တစ်ချက်လောက်ရှိုက်လိုက်ရုံဖြင့် မူးမေ့ချင်စရာကောင်းလောက်အောင် မွှေးကြိုင်သော ရနံ့သည် လေထုထဲတွင် ချက်ချင်းပျံ့နှံ့သွား၏။
တစ်ချက် နှစ်ချက်မျှ ရှူရှိုက်လိုက်ရုံမျှဖြင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း ပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး လန်းဆန်းတက်ကြွသွားစေမည်ဖြစ်လေသည်။
ကျုံးရှန်က လျာတစ်ချက်သပ်လိုက်ပြီး ရေရွတ်လိုက်သည်။
"အင်း… မဆိုးဘူး မဆိုးဘူး ကြက်စွပ်ပြုတ်ထဲကို ထည့်လိုက်ရင် အတော်ကောင်းမှာ"
"အင်း… ဒါပေမဲ့ ကြက်စွတ်ပြုတ်လုပ်စားထားတာလည်း မကြာသေးဘူးဆိုတော့ ထပ်စားရင် အီသွားလောက်မယ်"
ကျုံးရှန် စကားမဆုံးခင်မှာပင် ကျယ်လောင်ပြီး ပျော်ရွှင်တက်ကြွနေသည့် အသံတစ်သံက သူ့အနောက်ဘက်မှ ဖြတ်ပြောလိုက်သည်။
"အကယ်၍သာ ဒီခရမ်းရောင်ချီနဲ့ မြည်းစမ်းဖို့ ဝိုင်ကောင်းကောင်း တစ်အိုးလောက်သာရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ"
"ဆရာ… ဆရာ့ရဲ့ တပည့်ကျော် လွေ့ဝူတိ က ကမ္ဘာအနှံ့ နှစ်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကြာအောင် ခရီးသွားပြီးနောက် ဆရာ့ဆီ ပြန်ရောက်လာပါပြီ"
ကျုံးရှန် လှည့်ကြည့်လိုက်သောအခါ သူ့အနောက်တွင် တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူသည် အပြာရောင်ဝတ်ရုံပါးပါးကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ခရီးကြမ်းနှင်ထားရသော အရိပ်အယောင်များ ရှိနေကာ လက်ထဲတွင်လည်း ဝိုင်အိုးကြီးတစ်အိုးကို ပိုက်ထားလေသည်။
သူသည် ယုံကြည်မှုရှိသော ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီးနောက် ဒူးထောက်ချလိုက်ကာ မြေကြီးနှင့် ခေါင်းထိသည်အထိ ဦးညွှတ်၍ သူ့ဆရာကို လေးလေးစားစား ဂါရဝပြုလိုက်လေသည်။
"မင်း ပြန်ရောက်လာမယ်ဆိုတာ ငါသိပြီးသားပါကွာ ကောင်စုတ်လေး…"
ကျုံးရှန်က ဂုဏ်ယူဝမ်းမြောက်မှုတို့ဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။
"မဆိုးဘူး… မဆိုးဘူး မင်းထွက်သွားတုန်းက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်လောက်ပဲ ရှိသေးတာကို ငါမှတ်မိတယ် အခုတော့ သူတော်စင်နယ်ပယ်ရဲ့ စတုတ္ထအဆင့်ကိုတောင် ရောက်နေပြီပဲ ဒီနှစ်တွေအတွင်းမှာ အိမ်မှာမွေးထားတဲ့ ဝက်တွေ ကြက်တွေနဲ့ တခြားအကောင်လေးတွေထက်စာရင် မင်းက တော်တော်လေး တိုးတက်လာတယ်"
ကျုံးရှန်သည် သူ့ကို ထလာရန် လှိုက်လှိုက်လှဲလှဲ လက်ပြလိုက်သည်။
"ထတော့… ထတော့…"
အပြာရောင်ဝတ်ရုံနှင့်လူသည် ဒူးမှ ဖုန်များကို ပုတ်ခါလိုက်ပြီး မတ်တတ်ရပ်ကာ သူ့ဆရာကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
"ဟဲဟဲ… ဆရာကတော့ တပည့်ကို အမြဲစနောက်နေတာပါပဲ"
လွေ့ဝူတိက ကြည်နူးစွာဖြင့် ရယ်မောလိုက်သည်။
အကယ်၍ ပြင်ပကမ္ဘာမှ စွမ်းအားမြင့်ကျင့်ကြံသူများသာ ဤမြင်ကွင်းကို မြင်တွေ့သွားပါက အကြီးအကျယ် တုန်လှုပ်သွားကြပေလိမ့်မည်။
ကမ္ဘာတစ်ဝှမ်းလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော လွေ့ဝူတိဟု ကျော်ကြားသည့် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ယခုအချိန်တွင် ကျုံးရှန်၏ ရှေ့မှောက်၌ ကလေးဆိုးလေးတစ်ယောက်လို ပြုမူနေလေသည်။
"ဆရာ… ဒီ ပန်းရနံ့စကြဝဠာ နတ်ဘုရားဝိုင် အိုးက ပန်းသူတော်စင် အပျက်အစီးနယ်မြေထဲကနေ တူးဖော်ရရှိခဲ့တာ ဆရာ့အတွက် လက်ဆောင်ပါ"
လွေ့ဝူတိက လေးလံသော ဝိုင်အိုးကို ဘေးတွင် အသာအယာချထားရင်း ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ကျုံးရှန်သည် လက်ကိုနောက်ပစ်ကာ သူ့တပည့်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ မေးလိုက်သည်။
"ဝူတိ… ဒီတစ်ခါရော မင်း ဘယ်လောက်ကြာကြာ နေမှာလဲ"
"တပည့်က နောက်ထပ် ၁၀ နှစ်နေရင် ကျင်းပမယ့် မင်္ဂလာပွဲကို ဆရာ့ကို ဖိတ်ကြားချင်လို့ ပြန်လာခဲ့တာပါ"
လွေ့ဝူတိက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"မြောက်ဘက်ဓားကုန်းမြေတိုက်မှာ တပည့်က ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး..."
"တော်ပြီ… တော်ပြီ… "
ကျုံးရှန်က သူ့စကားကို ဖြတ်ရန် လက်ကာပြလိုက်သည်။
"ဆရာက အသက်ကြီးနေပြီမို့လို့ ဒီလို ထိမိရှမိတဲ့ အချစ်ဇာတ်လမ်းတွေကို နားမထောင်နိုင်တော့ဘူး"
ကျုံးရှန်သည် သူ့တပည့်ကို ကြည့်ရင်း အတိတ်က အမှတ်တရဟောင်းများ ခေါင်းထဲသို့ ဝင်ရောက်လာလေသည်။
လွေ့ဝူတိ အကြောင်းပြောရလျှင် ကာယကံရှင်ကိုယ်တိုင်ပင် သူ့အမည်အရင်းကို မေ့လောက်ပြီဖြစ်သည်။ လွေ့ဝူတိဆိုသည့် အမည်မှာ အမည်ရင်းမဟုတ်လေပဲ ကျုံးရှန် ကိုယ်တိုင် ပေးခဲ့သော အမည်ဖြစ်သည်။
ကျုံးရှန်သည် ကံတရား၏ ကျိန်စာသင့်ထားသူဖြစ်ပြီး မျိုးဆက်သစ်များထံ ကံဆိုးမိုးမှောင်ကျခြင်းများ ယူဆောင်လာမည်ကို စိုးရိမ်သောကြောင့် လူများနှင့် ကင်းကွာစွာ နေထိုင်ခဲ့သည်။
သူသည် တပည့်လက်ခံရန် အစီအစဉ်မရှိဘဲ တောင်ပေါ်တွင် ထာဝရအနားယူရန် ရည်ရွယ်ကာ နှစ်ပေါင်း တစ်သိန်းကျော်ကြာ ပုန်းအောင်းနေထိုင်ခဲ့သူဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀,၀၀၀ ခန့်က ထိုအချက်ကို ပြောင်းလဲသွားစေခဲ့သည်မှာ ကံဆိုးသည့် ကံတရားဖြင့် မွေးဖွားလာသည့် ကောင်လေး လွေ့ဝူတိ နှင့် တွေ့ဆုံခဲ့ခြင်းကြောင့်ဖြစ်သည်။
လွေ့ဝူတိသည် နှစ်သန်းပေါင်းများစွာတိုင်အောင် ကံဆိုးမိုးမှောင်ကျစေရန် သတ်မှတ်ထားခြင်းခံရသည့် ဂြိုဟ်ဆိုးဝင်စားသူတစ်ဦးဖြစ်သည်။
သူ့နောက်တွင် ကံဆိုးခြင်း အရိပ်မည်းကြီးများ အမြဲထပ်ကြပ်မကွာ လိုက်ပါနေတတ်ပြီး ကောင်းကင်ယံကိုပင် အမှောင်ဖုံးလွှမ်းသွားစေနိုင်သည်အထိ ဆိုးရွားလှသည်။ သူသည် အသက်သုံးနှစ်အရွယ်တွင် သူ့မိဘများကို မတော်တဆ သေဆုံးစေခဲ့သည်။
ငါးနှစ်သားအရွယ် တောင်ပေါ်တွင် ဆော့ကစားနေစဉ် သူ့ကံဆိုးမှုကြောင့် ရှေးဟောင်းသားရဲကြီးတစ်ကောင် ရောက်ရှိလာပြီး ရွာတစ်ရွာလုံးကို သတ်ဖြတ်ကာ သူ့တစ်ယောက်တည်းကိုသာ အသက်ရှင်ကျန်ရစ်စေခဲ့သည်။
ရွာသားများအားလုံး သေပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ငလျင်အကြီးအကျယ်လှုပ်ခတ်ကာ သစ်တောများ ပြိုကျပြီး ထိုသားရဲကြီးမှာလည်း ကျောက်တုံးကြီးပိ၍ သေဆုံးသွားခဲ့ရသည်။
သူနှင့် ပတ်သက်ဆက်နွယ်သူတိုင်း အကြီးအကျယ် ဒုက္ခရောက်ကြရစမြဲပင်။ လွေ့ဝူတိ၏ ကံကြမ္မာသည် အကျိုးနည်းလှသည်။
ထိုနေ့က ကျုံးရှန်အတွက် ကံဆိုးသည်လား ကံကောင်းသည်လား ပြောရခက်လှသည်။ သူသည် တောင်ပေါ်မှဆင်းလာစဉ် မြေပြိုကျမှုများကြား၌ ထိုကံဆိုးသော ကလေးငယ်ကို တွေ့ရှိသည်။
သူသည် ကလေးကို ကယ်တင်ပြီး ချင်ထျန်းတောင်ထွတ်သို့ ခေါ်ဆောင်သွားရန် စီစဉ်ခဲ့သော်လည်း အပြန်လမ်းတွင် ကျုံးရှန်သည် ရှားပါးလှသော ကောင်းကင်မိုးကြိုးဖြင့် ပစ်ခွင်းခြင်းကို ခံလိုက်ရသည့် ကြယ်တစ်လုံးက သူတို့ဆီသို့ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခါမှသာ တစ်ခုခု လွဲချော်နေပြီဖြစ်ကြောင်း ကျုံးရှန် သဘောပေါက်လိုက်သည်။ ထို ကောင်းကင်မိုးကြိုးသည် ကောင်းကင်ဘုံးကိုးဘုံ၏ အနက်ရှိုင်းဆုံးနေရာမှ လာပြီး ကောင်းကင်ဘုံ အမျက်ထွက်မှသာ ပေါ်လာတတ်သည့် အလွန်ရှားပါးသော အရာဖြစ်သည်။
ပြီးနောက် ကျယ်ပြောလှသော ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထဲတွင် ကြယ်တစ်လုံးက ကျုံးရှန်၏ ခေါင်းပေါ်တည့်တည့်သို့ ပြုတ်ကျလာသည်မှာ ဖြစ်နိုင်ချေ မရှိလောက်အောင်ပင်။
သူသည် ကောင်းကင်လျှို့ဝှက်ချက်များကို အလျင်အမြန် တွက်ချက်ကြည့်လိုက်ရာ ဤကလေးသည် အလွန်ဆိုးရွားသော ကံဆိုးခြင်းကျိန်စာ သင့်နေကြောင်း တွေ့ရှိလိုက်ရသည်။
ကုန်းမြေတိုက်ကြီး၏ ကံတရားကြောင့် ကျိန်စာသင့်နေရသူချင်းတူသဖြင့် ကျုံးရှန်သည် ထိုကောင်လေးအပေါ် နက်ရှိုင်းစွာ သနားမိသွားလေကာ ထို့အတွက်ကြောင့်ပဲ သူ့ကို ခေါ်ယူစောင့်ရှောက်ပြီး သေသေချာချာ သင်ကြားပေးရန် ဆုံးဖြတ်လိုက်ခဲ့ခြင်းဖြစ်၏။
အစပိုင်းတွင် ဘေးအန္တရာယ်များ တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့သည်။ ကြီးမားခိုင်ခံ့လှသော ချင်ထျန်းတောင်ထွတ်ကြီးပင်လျှင် အကြောင်းပြချက်မရှိဘဲ ပြိုကျလုနီးပါး ဖြစ်ခဲ့ရသည်။
လွေ့ဝူတိအား တပည့်အဖြစ်မွေးစားပြီးနောက်ပိုင်း ကျုံးရှန်သည် နှစ်ပေါင်းထောင်ချီကြာအောင် နေ့စဥ်မှတ်တမ်းတင်တိုင်း အသုံးဝင်သည့် မည်သည့်ရတနာကိုမျှ ရှာမတွေ့ခဲ့ရခြင်းက ထိုသကောင့်သား မည်မျှကံဆိုးကြောင်းကို အထင်းသား သက်သေပြနေသည်။
နောက်ဆုံးတွင် ကျုံးရှန်သည် ကံဆိုးခြင်းဘိုးဘေး ဟုခေါ်သော ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးထံမှ သူတော်စင်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို တွေ့ရှိခဲ့သည်။
သူသည် လွေ့ဝူတိ ကို ထိုနည်းစနစ်အား ကြိုးကြိုးစားစား ကျင့်ကြံစေခဲ့သည်။ ထိုနည်းစနစ်မှတစ်ဆင့် လွေ့ဝူတိသည် သူ၏ကံဆိုးခြင်းများကို ကောင်းကင်တာအို ထဲသို့ လွှဲပြောင်းပေးနိုင်စေပြီး အခြားသက်ရှိများဆီသို့ ဖြန့်ဝေပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် လွေ့ဝူတိသည်လည်း ကံတရားကို အံတုနိုင်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုနည်းစနစ်သည် ကျုံးရှန်ထံတွင်တော့ မသက်ရောက်ခဲ့ချေ။ ကျုံးရှန်၏ ကျိန်စာအား ဖြေဖျက်လိုလျှင် နည်းလမ်းနှစ်မျိုးရှိပြီး ပထမတစ်မျိုးသည် ကြီးမြတ်သောတာအိုအဆင့် ရတနာများကို အသုံးပြုရမည်ဖြစ်သည်။
ဒုတိယနည်းလမ်းမှာတော့ ကျိန်စာက တဖြည်းဖြည်းဖြင့် အားနည်သွားသည်ကို နှစ်သန်းနှင့်ချီပြီ စောင့်ဆိုင်းရမည်ဖြစ်သည်။
လွေ့ဝူတိ သည် ကျုံးရှန်၏ ဘေးနားတွင် အမြဲရှိနေကာ ချင်ထျန်းတောင်ထွတ် ပေါ်တွင် နှစ်ပေါင်းရှစ်ထောင်ကြာ ကျင့်ကြံခဲ့သည်။ သူတို့နှစ်ဦးကြားရှိ သံယောဇဉ်သည် သားအဖကဲ့သို့ပင် အလွန်နက်ရှိုင်းလှသည်။
လက်ရှိအချိန်သို့ ပြန်ရောက်သောအခါ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးကြည့်ပြီး ကြည်နူးစွာ ပြုံးပြလိုက်ကြသည်။
"ဆရာ… တပည့် ဆရာ့ကို အရမ်းလွမ်းနေခဲ့တာ"
လွေ့ဝူတိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကျုံးရှန် ပြုံးလိုက်ပြီး ကလေးဘဝတုန်းက ကြောက်ရွံ့နေသည့် လွေ့ဝူတိကို နှစ်သိမ့်ပေးသကဲ့သို့ ကျောကို အသာအယာ ပုတ်ပေးလိုက်သည်။
"လိမ္မာတဲ့ ကလေး… မင်း ပြန်ရောက်လာပြီဆိုတော့ ဆရာနဲ့အတူ တစ်ခွက်လောက် သောက်ရမယ်"
လွေ့ဝူတိက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ကျိန်းသေပေါက်ပေါ့ ဆရာ ဒီနေ့ ကျွန်တော် ဆရာ့ကို မူးအောင် တိုက်မှာနော်"
လွေ့ဝူတိက ရယ်မောလိုက်ပြီး အကျင့်ပါနေသည့်အတိုင်း ကျုံးရှန်၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ သူသည် ယခုအခါ သူ့ဆရာထက် အရပ်ရှည်ပြီး ပိုမိုခန့်ညားထည်ဝါနေပြီ ဖြစ်သော်လည်း ကောင်လေးတစ်ယောက်လို ပြုမူနေဆဲပင်။
"တောင်နောက်ဘက်က စိတ်ဝိညာဉ်ဥယျာဉ်ထဲက မျောက်တွေကို မင်းမှတ်မိသေးလား"
ကျုံးရှန်က မေးလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မျောက်ဘုရင်က သူတော်စင်အဆင့်ကို ရောက်သွားတော့ သစ်သီးတစ်ရာမျောက်ဝိုင် ချက်နည်းကို တတ်မြောက်သွားတယ် ငါအဲ ဝိုင်အိုးတော်တော်များများ စုဆောင်းထားတယ် မင်းရဲ့ ပန်းရနံ့စကြဝဠာ နတ်ဘုရားဝိုင်ကတော့…"
ကျုံးရှန် စကားရပ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါ တားမြစ်စည်းများဖြင့် ဖုံးအုပ်ထားသော ဝိုင်အိုးပေါ်ရှိ မှော်စည်းတံဆိပ်သည် အလိုအလျောက် ကွာကျသွားလေသည်။
ပြီးနောက်တွင် ကျုံးရှန်က သူတော်စင်အဆင့် ခရမ်းရောင်ချီဂျင်ဆင်းကို ဝိုင်အိုးထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။
ထို့နောက် လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ တောင်နောက်ဘက်ရှိ ဥယျာဉ်မှ ရှားပါးသော စိတ်ဝိညာဉ်ဆေးဖက်ဝင်အပင်အချို့ ပျံသန်းလာပြီး ဝိုင်အိုးထဲသို့ ညင်သာစွာဖြင့် ကျရောက်သွားလေသည်။
အရာအားလုံးပြီးနောက်တွင်တော့ စည်းတံဆိပ်သည် လတ်ဆတ်မှုကို ထိန်းသိမ်းရန် အလိုအလျောက် ပြန်လည်ပိတ်သွား၏။ ယခုအခါ ဝိုင်ထဲတွင် အဖိုးတန်ရတနာများစွာ ပေါင်းစပ်ပါဝင်သွားပြီ ဖြစ်သည်။
"ငါ ဒီဝိုင်အိုးကို တောင်အောက်က နတ်ဘုရားရင်းမြစ်သလင်းကျောက် ထဲမှာ မြှုပ်နှံထားလိုက်မယ်"
ကျုံးရှန်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"မင်းရဲ့ မင်္ဂလာပွဲကျရင် ငါတို့အတူတူ သောက်ကြတာပေါ့လေ"
ကျုံးရှန်၏ စိတ်အခြေအနေသည် အလွန်ကောင်းနေကာ အတော်လေးပျော်ရွင်နေမိသည်။ ယင်ယန်ရှေးဟောင်းနတ်ဘုရားကြေးမုံကိုရတုန်းကပင်လျှင် သူယခုလောက် မပြုံးမိချေ။
အဘယ်ကြောင့် ယခုလောက်အထိ ပျော်ရွင်နေရသည်နည်း။ အဘယ်ကြောင့်ဆိုသော် သူ့ကလေးလေးသည် နောက်ဆုံးတွင် ကံဆိုးခြင်းများမှ လွတ်မြောက်ကာ အောင်မြင်မှုနှင့် ပျော်ရွှင်မှုတို့ကို ရရှိခဲ့ပြီ မဟုတ်ပါလော။
ဤကလေး လူမှန်းစသိတတ်ခါစအချိန်ကတည်းက သူကပဲ စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ကာ ဤကလေးသည် သူ့အတွက်တော့ သားအရင်းနှင့် မခြားနားပေ။
လွေ့ဝူတိသည်လည်း ရင်ထဲတွင် ခံစားချက်များ လှိုင်းထလာသလို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးသည် တောင်စောင်းတွင် ယှဉ်တွဲရပ်လျက် အဝေးသို့ ဆန့်တန်းနေသော သန်းပေါင်းများစွာသော မြင့်မြတ်သည့် တောင်တန်းကြီးများကို ငေးကြည့်နေကြသည်။
ဤခမ်းနားထည်ဝါသော သုခဘုံကြီးကို ကြည့်ရင်း လွေ့ဝူတိသည် ချင်ထျန်းတောင်ထွတ်သို့ ကလေးအဖြစ် ပထမဆုံးရောက်ရှိလာခဲ့သည့် ထိုအချိန်အခိုက်အတန့်ဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။