← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

​သားအဖကဲ့သို့ ရင်းနှီးကြသည့် လူနှစ်ယောက်သည် ဘေးချင်းယှဉ်ရပ်နေကြပြီး သူတို့၏နှလုံးသားထဲတွင် နက်ရှိုင်းရှုပ်ထွေးသော ခံစားချက်ပေါင်းများစွာ ပြည့်နှက်နေကြသည်။

​"ကောင်လေးလွေ့… မင်း ပြန်ရောက်လာတာလား"

​ရုတ်တရက်ဆိုသလို ခြံဝန်းထဲတွင် ဆော့ကစားနေသည့် ကျူးကျီသည် လွေ့ဝူတိ၏ အရှိန်အဝါကို အာရုံခံမိသွားလေသည်။

"မြောင်…"

ကျူကျီက ပျော်ရွင်စွာ ပြောလိုက်ပြီး ပေပေါင်းရာချီသော အကွာအဝေးကို လေပေါ်တွက် ခုန်ပျံကျော်လွှားကာ လွေ့ဝူတိ၏ ပခုံးပေါ်သို့ လေးလံစွာဖြင့် ပြုတ်ကျလာသည်။

​"ဦးလေးကျူး… မတွေ့ရတာ နှစ်ပေါင်းတစ်သောင်းကျော်တောင်ကြာသွားပြီ ဦးလေးက ပိုတောင် ဝလာသေးတယ်"

"ဆရာ့ဆီက စားကောင်းသောက်ဖွယ်တွေ အများကြီး ဂုန်းဆင်းထားတဲ့ပုံပဲ"

လွေ့ဝူတိက သူ့ပခုံးပေါ် ရောက်နေသော ကြောင်ကြီးကို လှည့်ကြည့်ရင်း စနောက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

​"မဆိုးဘူးပဲ ကောင်စုတ်လေး"

ကျူးကျီက ပြန်ပြောလိုက်ပြီး လွေ့ဝူတိ၏ စွမ်းအားကို အကဲခတ်ရန် မျက်လုံးများကို မှေးစင်းကြည့်လိုက်သည်။

"မင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကိုတောင် ငါမမြင်ရတော့ဘူးပဲ မင်း သူတော်စင်အဆင့်ရဲ့ စတုတ္ထအဆင့်ဖြစ်တဲ့ ဖရိုဖရဲပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နေပြီလား"

​"ဟဲဟဲ… ဟုတ်တယ် ဦးလေးကျူး… ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရာချီလောက်ကတည်းက စတုတ္ထအဆင့်ကို ချိုးဖျက်နိုင်ခဲ့တာ"

လွေ့ဝူတိက ဂုဏ်ယူစွာဖြင့် ရယ်မောပြောဆိုလိုက်သည်။ ငယ်စဉ်က သူ့ကို အနိုင်ကျင့်လေ့ရှိသည့် ကြောင်ဝါကြီးကို ဤသတင်းစကား မျှဝေရသည်မှာ ပျော်ရွှင်စရာ ကောင်းလှသည်။

​ကျူးကျီသည်တော့ တုန်လှုပ်ခြင်းထက် ကျေနပ်ပီတိဖြစ်မှုက ပိုမိုများပြားနေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ကျုံးရှန်ကဲ့သို့ပင် ဤကလေး ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူ ဖြစ်သည်။

လွေ့ဝူတိသည် နှစ်ပေါင်းနှစ်သောင်းအတွင်း စတုတ္ထအဆင့်သို့ ရောက်ရှိလာခြင်းမှာ မယုံနိုင်စရာပင်။ ဤအတိုင်း ကြိုးစားပန်းစားဖြင့် လေ့ကျင့်လျှင် အနာဂတ်တွင် လွေ့ဝူတိသည် နတ်ဘုရားအဆင့်၏ တံခါးပေါက်ကိုပင် ထိတွေ့နိုင်ပေလိမ့်မည်။

သူတော်စင်အဆင့်တွင် အဆင့်ကြီး ကိုးဆင့်ရှိလေပြီး ပထမသုံးဆင့်သည် အခြေခံနိယာမများကို နားလည်သဘောပေါက်ရန် ဖြစ်သည်။

စတုတ္ထအဆင့်မှ ဆဌမအဆင့်အထိသည် နိယာမများ၏ အရင်းအမြစ်ကို ထိတွေ့နိုင်ပြီး သူတော်စင်ကမ္ဘာငယ်လေးတစ်ခုကိုပင် တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်။

လွေ့ဝူတိသည် ကျူးကျီထက် တစ်ဆင့်သာ မြင့်သော်လည်း စွမ်းအားကွာခြားချက်မှာ ကြီးမားလှသည်။

အကယ်၍ သူတို့ တိုက်ခိုက်ကြပါက လွေ့ဝူတိက သူ့ကို အချိန်တိုလေးအတွင်း တစ်ဖက်သတ် အနိုင်ယူသွားလိမ့်မည်ဖြစ်သည်။

​"သခင်ရွေးချယ်ထားတဲ့ ကလေးဆိုတဲ့အတိုင်းပဲ"

ကျူးကျီက သူ့ကြောင်လ​က်ဖဝါးများကို လျှာဖြင့်လျက်ရင်း သက်ပြင်းချလိုက်သည်။

"ဦးလေးတစ်ယောက်အနေနဲ့ ငါ့ကိုယ်ငါတောင် ရှက်မိပါရဲ့"

​ကျုံးရှန်က ဘေးမှနေ၍ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"မင်းကို ဘယ်သူကများ ဒီလောက် ပျင်းရိပြီး စည်းကမ်းမရှိ ဖြစ်နေခိုင်းလို့လဲ မင်းက ကျင့်ကြံခြင်းကို လစ်လျူရှုထားပြီး ကမြင်းနေတာကိုး ခဏနေကျရင် မင်း အပြင်ထွက်ပြီး လောကအနှံ့ကို ခရီးသွားသင့်တယ်"

​ကျူးကျီကတော့ ကျုံးရှန်ပြောသည်ကိုကြားသောအခါ လည်ပင်းကြီးပြုတ်ထွက်သွားတော့ မတတ် အသည်းအသန် ခေါင်းခါလိုက်သည်။

"ဟင့်အင်း… မရဘူး… မရဘူး… ကျွန်တော်က သခင့်ဘေးမှာပဲ နေချင်တာပါ ဒီခေတ်ပျက်ကြီး ပြီးသွားတဲ့အထိ ချင်ထျန်းတောင်ထွတ်ကနေ မထွက်ချင်ဘူး"

​ကျူးကျီ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုပါက အပြင်လောကတွင် အားလုံးက ကြောက်ရမည့် မိစ္ဆာသူတော်စင်ကြောင်ကြီးဖြစ်လာလိမ့်ပေမည်။ သူသည် မိုင်ပေါင်းဘီလီလျံဖြင့်ချီသော ပိုက်နက်ကို သိမ်းပိုက်ပြီး သူ့လက်အောက်တွင် သန်းနှင့်ချီသော မိစ္ဆာသားရဲများလည်း ရှိနိုင်သည်။

သို့သော် ကျူးကျီကတော့ သူ့သခင်ဖြစ်သည့် ကျုံးရှန်အနားကနေ ထွက်သွားရမည့်အစား လည်သာ အစင်းခံလိုက်မည့် ပုံရှိနေသည်။

​"ကျူးကျီ… ကောင်းကင်တာအိုက ဖရိုဖရဲဖြစ်လာပြီ"

"ငါတို့ တောင်ပေါ်က ဆင်းရမယ့်အချိန်ကလည်း သိပ်မလိုတော့ဘူး ပြီးတော့ တောင်ပေါ်မှာရှိတဲ့ အားကောင်းတဲ့ သက်ရှိတွေအားလုံးကို ဝိညာဉ်ချောက်ကမ်းပါး ဆီ လာဖို့ သွားခေါ်ချေ"

​ကျုံးရှန်သည် ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ချောက်ကမ်းပါးထိပ်သို့ ချက်ချင်းရောက်ရှိသွားသည်။

ထိုနေရာရှိ စိမ်းလန်းစိုပြေပြီး ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်သည် သူ့ကိုမြင်သည်နှင့် ညင်သာစွာ ယိမ်းနွဲ့လာသည်။

​ထိုသစ်ပင်မှ အချိန်ကိုပင် ရပ်တန့်သွားစေနိုင်သည့် အစိမ်းရောင် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည်။

အလင်းရောင် ပျောက်ကွယ်သွားသောအခါ သစ်ပင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အစိမ်းရောင်မျက်နှာနှင့် လူတစ်ယောက်သည် လေးစားစွာဖြင့် ဒူးထောက်လိုက်သည်။

​"ယင်သစ်ပင် က သခင်ကြီးကို ဂါရဝပြုပါတယ်"

​သူသည် မြေကြီးနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ မတုန်မလှုပ် ခိုင်ခံ့စွာ ဒူးထောက်နေလေသည်။

"သခင်ကြီးက အခုထိ ခန့်ညားထည်ဝါပြီး ပြိုင်ဘက်ကင်းနေတုန်းပါပဲလား ကောင်းကင်ကိုးထပ်မှာ အချောဆုံး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ အလင်းရောင်..."

​ကျုံးရှန်၏ မျက်နှာက ရှုံ့မဲ့သွားပြီး လက်ကာပြလိုက်သည်။

"တော်ပြီ… တော်ပြီ ရပ်လိုက်တော့ အရင်ထပြီးမှ စကားပြော သစ်ပင်ကောင်ကလေး မင်းမြှောက်ပင့်ပြောတာ တော်တော်တတ်လာပါလား ဝက်ခြံထဲက အမည်းကောင်ကြီး သင်ပေးထားတာ မဟုတ်လား"

​ယင်သစ်ပင်သည် မြေကြီးပေါ်မှ မတ်တတ်ထရပ်လိုက်သည်။ သူသည် ခဏလေးသာ ဒူးထောက်လိုက်ရသော်လည်း သူ့ဒူးခေါင်းနှင့် မြေကြီးကြားတွင် ထူထဲသော သစ်မြစ်များ ပေါက်ရောက်နေပြီဖြစ်သည်။

​"ယင်သစ်ပင်… ဒီနေ့ ငါ ဝိညာဉ်ချောက်ကမ်းပါးကို ဘာလို့လာလဲဆိုတာ မင်းသိလား"

​ကျုံးရှန်က ချောက်ကမ်းပါးအစွန်းတွင် ရပ်လျက် အောက်ဘက်ရှိ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးကို ငုံ့ကြည့်ရင်း မေးလိုက်သည်။

​"သခင်ကြီးက သက်ရှိအရာအားလုံးကို တာအိုတရားဟောကြားပြီး ဉာဏ်အလင်းဖွင့်ပေးတော့မလို့လား"

ယင်သစ်ပင်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

​သူ့သခင်ကြီး နောက်ဆုံးအကြိမ် ဉာဏ်အလင်းဖွင့်ပေးခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းခန့်က ကျုံးရှန်သည် ဤအလေ့အထကို စတင်ခဲ့သည်။

​ပထမဆုံးဉာဏ်အလင်းပွင့်လာခဲ့သည်မှာ ချင်ထျန်းတောင်ထွတ်ရှိ သက်ရှိများဖြစ်သည်။ ပန်းများ၊ သစ်ပင်များ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များဖြစ်စေ ကျုံးရှန်၏ ဉာဏ်အလင်းပေးမှုကို ခံယူပြီးနောက်တွင် သူတို့သည် အသိစိတ်ဝင်လာကြပြီး မသေမျိုးအဖြစ်သို့ ကျင့်ကြံနိုင်မည့် အခွင့်အရေးကို ရရှိခဲ့ကြသည်။

ထို့နောက် ကျုံးရှန်သည် အခါအားလျော်စွာ ဗဟုသုတများ ဖြန့်ဝေပေးခြင်း၊ သင်ကြားပေးခြင်းနှင့် ကျင့်ကြံခြင်းနှင့် ပတ်သပ်သော မေးခွန်းများကို ဖြေရှင်းပေးခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်းကို ဉာဏ်အလင်းပလ္လင် ဟု ခေါ်ဆိုကြသည်။

​နောက်ပိုင်းတွင် ဉာဏ်အလင်းရရှိသော သက်ရှိများသည် ချင်ထျန်းတောင်ထွတ်တွင်သာ ကန့်သတ်မနေတော့ချေ။

ကျုံးရှန် ဉာဏ်အလင်းပလ္လင်ထိုင်သည့်အခါတိုင်း သက်ရှိပေါင်း သောင်းနှင့်ချီ၍ ဝိညာဉ်ချောက်ကမ်းပါးအောက်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ဉာဏ်အလင်းကို ခံယူခဲ့ကြသည်။

​ဉာဏ်အလင်းပလ္လင် ဖွင့်လှစ်သည့် အချိန်တိုင်းသည် ထိုသက်ရှိများအတွက် ကြီးမားသော အခွင့်အရေးနှင့် ကံကောင်းခြင်းကြီးတစ်ရပ်ပင် ဖြစ်သည်။

၎င်းသည် သူတို့၏ ကျင့်ကြံခြင်းကို တိုးတက်စေရုံသာမကများစွာသော သက်ရှိများကို ရှေးဟောင်းမျိုးနွယ်စုများ၏ စွမ်းရည်များကိုပါ နိုးထလာစေခဲ့သည်။

​"ဟုတ်တယ်"

ကျုံးရှန်က ခေါင်းညိတ်လိုက်သည်။

​"ယင်သစ်ပင်… မင်းရဲ့ မူလပုံစံအစစ်က ရှေးဟောင်းပုဆိန်သစ်ပင် ပဲ အခု ရှေးဟောင်းပုဆိန်သစ်ပင်အချိန်နယ်မြေ ကို ဖွင့်ပြီးတော့ အချိန်စီးဆင်းမှုကို အဆတစ်ရာလောက် နှေးကွေးသွားအောင် လုပ်လိုက် ဒါက ငါမင်းတို့အားလုံးကို ဒီပလ္လင်ထက်မှာ ဉာဏ်အလင်းပေးမယ့် နောက်ဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်တယ်"

​ကျုံးရှန်သည် လက်ကိုနောက်ပစ်၍ မတ်တတ်ရပ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ ထိုစကားကြောင့် ယင်သစ်ပင်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

"သခင်ကြီး… ဘာလို့ နောက်ဆုံးအကြိမ် ဖြစ်ရတာလဲ"

​ဒုန်း…

​သူသည် မြေကြီးပေါ်သို့ နောက်တစ်ကြိမ် ပြင်းထန်သော အားဖြင့် ဒူးထောက်ချလိုက်ရာ ချောက်ကမ်းပါး၏ တစ်ဝက်ခန့်ပင် အနည်းငယ် တုန်ခါသွားလေသည်။

​ကျုံးရှန်က လက်လှမ်းလိုက်ပြီး မမြင်ရသော စွမ်းအင်ဖြင့် သူ့ကို လေပေါ်သို့ ညင်သာစွာ မတင်ပေးလိုက်သည်။

​"ကောင်းကင်နဲ့မြေကြီးရဲ့ ကံတရားတွေက အကြီးအကျယ် ပြောင်းလဲသွားပြီ မင်းတို့ ဉာဏ်အလင်းရသက်ရှိတွေအနေနဲ့ ချင်ထျန်းတောင်ထွတ်ကနေ ထွက်ခွာပြီး ကိုယ်ပိုင်ကံတရားနောက်ကို လိုက်ဖို့ အခွင့်အရေးရှိတယ် ငါ့အနေနဲ့ သက်ရှိအားလုံးကို သင်ကြားပေးတယ်ဆိုတာက ဒီအတိုင်းကုသိုလ်ယူရုံသက်သက်ပါပဲ သိပ်ပြီး အလေးထားမနေပါနဲ့"

​"ကဲ… ငါ့အမိန့်ကို နားထောင်ကြ"

​ထိုသို့ပြောပြီးနောက် ကျုံးရှန်သည် မျက်လုံးများကိုမှိတ်ကာ ချောက်ကမ်းပါးအစွန်းတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။

​ယင်သစ်ပင်သည် သူ့အနောက်ရှိ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်လည်သက်ဆင်းလိုက်သည်။ သူ့မျက်နှာပေါ်တွင် အစိမ်းရောင်မျက်ရည်စီးကြောင်းနှစ်ခု ပေါ်လာပြီး ထိုဝမ်းနည်းပူဆွေးမှုများက ပတ်ဝန်းကျင်ရှိ အချိန်စီးဆင်းမှုကိုပင် အနှောင့်အယှက်ဖြစ်စေနိုင်သည်။

​ထိုအချိန်တွင် တိရစ္ဆာန်ခြံများအနီး၌ သတင်းစကားများ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

​"အမည်းကြီး… အမည်းလေး… သခင်ကြီးက ဉာဏ်အလင်းဖွင့်ပွဲ လုပ်တော့မယ်တဲ့ဟေ့ ဝိညာဉ်ချောက်ကမ်းပါးဆီကို မြန်မြန်သွားကြ" ကျူးကျီက ခြံစည်းရိုးနားသို့ ကပ်လာပြီး အော်ပြောလိုက်သည်။

အသံအချို့က ညည်းတွားလိုက်ကြသည်။

"သွားမယ်… သွားမယ်… ဟိုအမြင်ကပ်ဖို့ကောင်းတဲ့ မျောက်စုတ်တွေ နေရာကောင်းမယူခင် ငါတို့နေရာ အရင်ဦးရမယ်"

​ဝက်မည်းကြီးအချို့က လူစကားပြောလိုက်ပြီး ရုတ်တရက်ဆိုသလို သူတို့သည် ရင်အုပ်ဗလာဖြင့် သန်မာသော လူကြီးများအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ချောက်ကမ်းပါးဆီသို့ ကောင်းကင်ယံမှတဆင့် ပျံသန်းသွားကြသည်။

​ထို့နောက်တွင် ရှေးဟောင်းကြက်ကြီးများနှင့် ရွှေငါးကြင်းများ လိုက်ပါလာကြသည်။ သတင်းကြားသည်နှင့် သူတို့သည်လည်း စိတ်အားထက်သန်စွာဖြင့် လူအသွင်ပြောင်းလဲလိုက်ကြပြီး အမျိုးမျိုးသော မှော်စွမ်းအင်များကို အသုံးပြုကာ ချောက်ကမ်းပါးဆီသို့ ပျံသန်းသွားကြသည်။

​တောင်နောက်ဘက်ရှိ စိတ်ဝိညာဉ်ဥယျာဉ်ထဲတွင် နေထိုင်ကြသော မျောက်များနှင့် မြေခွေးများ၊ တောင်ပေါ်ရှိ ဉာဏ်အလင်းရထားသော ကျောက်တုံးဝိညာဉ်အနည်းငယ်တို့သည်လည်း ဝိညာဉ်ချောက်ကမ်းပါးဆီသို့ အသည်းအသန် ပြေးလွှားသွားကြသည်။

​"သိပ်ကောင်းတာပဲ နှစ်ပေါင်းတစ်သောင်းကြာပြီးတဲ့နောက်မှာ ငါတို့ နောက်ထပ် ဉာဏ်အလင်းရမဲ့အခွင့်အရေးကို စောင့်ဆိုင်းနိုင်ခဲ့ပြီ"

​"ဒီတစ်ခါတော့ ငါ သူတော်စင်အဆင့်ရဲ့ ပထမအဆင့်ကို တန်းပြီး ရောက်နိုင်လောက်တယ်"

​ပန်းတစ်ပွင့်ကို ကိုင်ထားသည့် ယုန်ကလေးတစ်ကောင်သည် ပန်းခြင်းကို ကိုင်ဆောင်ထားသော လှပသည့် နတ်သမီးတစ်ပါးအဖြစ် ပြောင်းလဲသွားသည်။

သူမသည် ဝိညာဉ်ချောက်ကမ်းပါးဆီသို့ ကျက်သရေရှိစွာ လှမ်းသွားလိုက်သည်။ သူမ၏ နောက်တွင် ပန်းများ ဖူးပွင့်နေသော လမ်းကြောင်းတစ်ခု ပေါ်လာပြီး မူးမေ့ချင်စရာ ကောင်းလောက်အောင် မွှေးကြိုင်ကာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

​ထိုအခိုက်အတန့်တွင် ချင်ထျန်းတောင်ထွတ် တစ်ခုလုံးရှိ အသိစိတ်နိုးထပြီးသော သက်ရှိများအားလုံးသည် ဝိညာဉ်ချောက်ကမ်းပါးဆီသို့ ကြည်ညိုလေးစားစွာဖြင့် ချဉ်းကပ်လာကြသည်။

သူတို့အတွက်မူ ကျုံးရှန်သည် သူတို့ကို ပညာသင်ကြားပေးပြီး ဘဝများကို ပြောင်းလဲပေးခဲ့သော ရှေးဟောင်းသူတော်စင်ကြီး တစ်ပါးနှင့် တူလေသည်။

သူ့ကျေးဇူးတရားသည် ကောင်းကင်ကြီးထက်ပင် ကြီးမားလှပေသည်။ ကျုံးရှန်က ဉာဏ်အလင်းပြတော့မည်ဟု ကြားသောအခါ သက်ရှိများအားလုံးသည် အတိုင်းထက်အလွန် ပျော်ရွှင်နေကြသည်။

​ကျူးကျီ နှင့် လွေ့ဝူတိ တို့သာလျှင် ပြောမပြနိုင်လောက်အောင် ဝမ်းနည်းပူဆွေးနေသည့် အမူအရာများဖြင့် တိတ်တဆိတ်ရပ်နေကြသည်။

All Chapters