အခန်း (၃၄)
Vol. 4 Ch. 34
ယင်မီးတောက်နတ်ဆိုးအဘိုးကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ လုံးဝကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ပထမဆုံးအနေဖြင့် သူသည် ယင်ယန်ရှေးဟောင်းနတ်ဘုရားကြေးမုံကို လုယူရန်အတွက် ကျစ်ယာ့ စီရင်စု မှ ကျွမ်းကျင်သူများစွာနှင့် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ရသည်။
ထို့နောက် သူ၏သေမျိုးရန်သူဖြစ်သော ရေခဲနန်းတော်သခင်မရွှယ်ဝူရွှမ်နှင့်လည်း ဆက်လက်ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ရပြန်သည်။
တိုက်ပွဲမှတစ်ဆင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ရေခဲဝိညာဉ်အဆိပ်သင့်ကာ ထွက်ပြေးနေရသည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။
ယခုလက်ရှိ သူ၏အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ယိုင်နဲ့နဲ့ဖြစ်ကာ လဲကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။
အဘိုးကြီးက လက်ထဲရှိ သိုလှောင်အိတ် ထဲမှ ဆေးလုံးများကို စိတ်ဝိညာဉ်စွမ်းအင်ဆေး ဟုတ်မဟုတ်ပင် ဂရုမစိုက်တော့ဘဲ အလကားရသည့်အလား ပါးစပ်ထဲသို့ အကုန်သွန်ထည့်လိုက်လေသည်။
ဆေးလုံးများ၏ အကူအညီကြောင့် သူ၏ ပျံသန်းနှုန်းသည် ရုတ်တရက် အဆမတန် မြင့်တက်သွားလေကာ နောက်ဆုံးတွင် မြင့်မားပြီး ခံ့ညားထည်ဝါသော ချင်ထျန်းတောင်ထွတ်သည် သူ့မျက်စိရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။
ကောင်းကင်ရွှေ့ပြောင်းတာအိုစည်းဖြင့် ဖုံးကွယ်ထားသောကြောင့် အနီးကပ်ရောက်မှသာ ချင်ထျန်းတောင်ထွတ်၏ ထူးခြားဆန်းကြယ်မှုကို သူမြင်တွေ့လိုက်ရသည်။
မသေမျိုးတောင်တန်းတစ်ခုလုံးသည် အလွန်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းတွင် နတ်ဘုရားအလင်းတန်းများက ကြယ်များပမာ လက်နေကာ အလွန်ကြီးမြတ်ပြီး ခမ်းနားထည်ဝါသည်။
ကြည့်လိုက်ရုံမျှဖြင့် ပင်ပန်းနွမ်းနယ်မှုများ
ပြေပျောက်သွားသကဲ့သို့ ထင်မှတ်ရပြီး သူ၏ ခမ်းခြောက်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များပင် ပြန်လည်ပြည့်ဝလာသည်။
ကောင်းကင်ယံတွင် ရှေးဟောင်းသားရဲပုံရိပ်ယောင်များ သေရေးရှင်ရေး တိုက်ခိုက်နေကြသည်ကိုပင် တွေ့ရသည်။
ထိုပုံရိပ်များသည် ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း ယင်းတို့ထံမှ မရေမတွက်နိုင်သော နိယာမတရားများ စိမ့်ထွက်နေသည်ကို သူအာရုံခံမိလိုက်သည်။
ဤကဲ့သို့သော မြင့်မြတ်နယ်မြေတွင် ဝင်သက်တချက်ရှိုက်လိုက်လျှင်ပင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်လာစေနိုင်သည်။
ချင်ထျန်းတောင်ထွတ်သည် ကျုန်းရှန်းစီရင်စုရှိ ဒဏ္ဍာရီလာ ရှေးဟောင်းတာအိုနယ်မြေများနှင့် အင်မော်တယ်မင်းဆက် အပျက်အစီးများထက်ပင် သာလွန်နေသည်။
အကယ်၍ ယှဥ်ပြိုင်ကြမည်ဆိုလျှင် ဤနေရာကို ဒုတိယဟုပြောလိုက်ပါက ကမ္ဘာပေါ်ရှိ အခြားမည်သည့် မြင့်မြတ်နယ်မြေကမျှ ပထမနေရာကို ရယူရဲမည်မဟုတ်ပေ။
ဤနေရာနှင့်ယှဉ်လျှင် သူ၏ တူယင်မီးတောင်မှာမူ ထင်းမီးဖိုကြီးတစ်ခုသာ ဖြစ်နေတော့သည်။
"ဒီလိုနေရာမျိုးကို ပိုင်ဆိုင်ထားတဲ့သူက ပြိုင်ဘက်ကင်း အစွမ်းထက်သူ ဖြစ်ရမယ်"
"ဂိုဏ်းချုပ်အဘိုးကြီး ပြောတာ မှန်လောက်တယ် ဒီက စီနီယာက ငါ့ကို ဒီဘေးအန္တရာယ်ကနေ တကယ် ကယ်နိုင်မှာပဲ"
သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပြန်လည်ပြည့်နှက်လာလေသည်။
သူ၏ တာအိုရွှေအမြုတေ သည် လျင်မြန်စွာ လည်ပတ်နေပြီး နောက်ဆုံးကျန်ရှိသည့် စွမ်းအားများကို ညှစ်ထုတ်လိုက်သောအခါ သူ့ခြေထောက်အောက်ရှိ မီးတောက်အစုအဝေးသည် ချက်ချင်းပင် အားကောင်းသော တွန်းကန်အားဖြင့် သူ့ကို ချင်ထျန်းတောင်ထွတ် ဆီသို့ အလင်းတန်းတစ်ခုအလား ပို့ဆောင်ပေးလိုက်သည်။
သူ့နောက်တွင်မူ အဖြူရောင်အလင်းတန်းတစ်ခုက ထပ်ကြပ်မကွာ လိုက်ပါလာကာ ထိုနှစ်ဦးကြား အကွာအဝေးသည် မိုင်တစ်ရာအကွာမှ ဆယ်မိုင်အောက်သို့ ကျုံ့သွားပြီဖြစ်ပြီး အချိန်နှင့်အမျှ ပိုပိုပြီး နီးကပ်လာနေလေသည်။
ရှေ့မှ ချင်ထျန်းတောင်ထွတ်ကို ကြည့်လိုက်ပြီး ထိုနေရာမှ ထွက်ပေါ်နေသော ကြွယ်ဝသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသောအခါ နှစ်ထောင်ချီကြာအောင် အေးခဲနေခဲ့သည့် ရွှယ်ဝူရွှမ်၏ မျက်နှာထားသည် ရုတ်တရက် ပျော့ပျောင်းသွားပြီး သူမ၏ မျက်လုံးများထဲတွင် လောဘရိပ်သန်းလာသည်။
"ငါ့ရဲ့ ရေခဲနန်းတော်လျှို့ဝှက်နယ်မြေသာ ဒီလိုမျိုးဖြစ်မယ်ဆိုရင် ငါ့ သူတော်စင်အဆင့်ကို နှစ်ထောင်ဂဏန်းအတွင်း ရောက်သွားမှာပဲ"
သို့သော် သူမမျက်လုံးထဲရှိ လောဘရိပ်များသည် လျင်မြန်စွာပင် သံသယအရိပ်အယောင်များအဖြစ် ပြောင်းလဲသွားလေသည်။
"ဒီ မသေမျိုးတစ်သန်းတောင်တန်း ထဲမှာ ဒီလို ဖန်ဆင်းရှင်အဆင့် မြင့်မြတ်နယ်မြေ ရှိနေတာကို ငါတစ်ခါမှမကြားဖူးဘူး"
"ဟို နတ်ဆိုးအဘိုးကြီး ဒီကို ထွက်ပြေးလာတာ ကြည့်ရင် ဒီနေရာအကြောင်း သူကြိုသိနေပုံရတယ်"
ရွှယ်ဝူရွှမ်သည် သံသယများ မသေချာမှုများဖြင့် ပြည့်နှက်နေသော်လည်း သူမ၏ အရှိန်ကို မလျှော့ချလိုက်ပေ။
ယင်မီးတောက် နတ်ဆိုးအဘိုးကြီး သည် သူမ၏ သေမျိုးရန်သူဖြစ်ပြီး သူတို့နှစ်ဦး ထိပ်တိုက်တွေ့ခဲ့သည်မှာ တစ်ကြိမ်မကတော့ပေ။
ဤသည်မှာ ကံတရားနှောင်ကြိုးတစ်ခုသာမက ကောင်းကင်ဘုံ၏ အလိုဆန္ဒလည်း ဖြစ်သည်။
အကယ်၍ တစ်ယောက်က အခြားတစ်ယောက်ကို သုတ်သင်နိုင်လျှင် အနိုင်ရသူက ကြီးမားသော ကံကမ္မာအကျိုးကျေးဇူးများကို ရရှိလိမ့်မည်ဖြစ်သည်။
မကြာလိုက်ပင် ဤမသေမျိုးတောင်တန်းကို ဝန်းရံထားသော အစွမ်းထက် မိစ္ဆာများစွာရှိနေသည်ကို သူမ တွေ့ရှိလိုက်ရသည်။ ယင်းတို့အနက် နိယာမနယ်ပယ်၏ အဆင့် ၂၅ အထက်ရှိသော မိစ္ဆာဘုရင်များစွာ ပါဝင်သည်။
"ဒီနေရာမှာ ထူးဆန်းတာတစ်ခုခု ရှိနေတာ သေချာတယ်"
ထိုသို့တွေးနေစဉ်မှာပင် သူတို့နှစ်ဦး၏ အရှိန်ကြောင့် မျက်စိတစ်မှိတ်အတွင်း ချင်ထျန်းတောင်ထွတ် ပေါ်သို့ ရောက်ရှိသွားကြသည်။
ယင်မီးတောက် နတ်ဆိုးအဘိုးကြီး သည် မသေမျိုးတောင်တန်းပေါ်ရှိ ချောက်ကမ်းပါးတစ်ခုပါဝင်သော နေရာလွတ်တစ်ခုကို ချက်ချင်း မြင်လိုက်ရသည်။
ထိုနေရာလွတ်တစ်ခုလုံးကို အစိမ်းဖျော့ရောင် နယ်ပယ်တစ်ခုက လွှမ်းခြုံထားပြီး ထိုအထဲတွင် ပါဝင်နေသော အချိန်နိယာမတရားကြောင့် နတ်ဆိုးအဘိုးကြီး၏ နှလုံးသား တုန်လှုပ်သွားသည်။
ချောက်ကမ်းပါးအောက်တွင် သက်ရှိသတ္တဝါများနှင့် သားရဲငယ်လေးများ ပြည့်နှက်နေသည်။ အစောက မြင်လိုက်ရသော ရှေးဦးသားရဲပုံရိပ်ယောင်များသည် အန္တရာယ်မရှိပုံရသော ဤသတ္တဝါလေးများကြောင့် ဖြစ်ပေါ်လာပုံရသည်။
ချောက်ကမ်းပါးပေါ်တွင် သာမန်လူတစ်ယောက်နှင့်မခြားသော အရှိန်အဝါရှိသည့် လူငယ်တစ်ဦးသည် ဝါးကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး လက်ထဲတွင် ရွှေခွက်တစ်ခွက်ကိုကိုင်ကာ အေးအေးလူလူ ဇိမ်ယူနေလေသည်။
သူ့ဘေးတွင် အံ့မခန်းအားကောင်းသည့် အရှိန်အဝါရှိသော လူငယ်တစ်ဦး တင်ပျဉ်ခွေထိုင်နေပြီး ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း အာရုံခံ၍မရပေ။
ထိုနှစ်ဦးသည် အတူတူ သောက်စားနေကြပုံရသည်။
သို့သော် ဝါးကုလားထိုင်ပေါ်မှ လူငယ်နှင့်မတူဘဲ တင်ပျဉ်ခွေထိုင်နေသော လူငယ်၏ မျက်လုံးများမှ ထက်ရှမှုကို အဝေးကနေပင် နတ်ဆိုးအဘိုးကြီး ခံစားမိနေသည်။
"အဲဒီလူငယ်က ဂိုဏ်းချုပ်အဘိုးကြီး ပြောတဲ့ စီနီယာများလား"
နတ်ဆိုးအဘိုးကြီး ထိတ်လန့်သွားသည်။ သူ တောင်ပေါ်သို့ ပြေးဝင်ပြီး စကားမပြောနိုင်ခင်မှာပင် ဧရာမ ကြက်ဖကြီးတစ်ကောင် လေပေါ်သို့ ပျံတက်လာပြီး ယင်း၏ အရွယ်အစားမှာ ဆယ်ဆခန့် ကြီးထွားလာသည်။
"ဒါက ရွှမ်ဟွမ်ကြက်လား"
နတ်ဆိုးအဘိုးကြီး ကြောင်အသွားရသည်။ သူ့တစ်သက်နှင့်တစ်ကိုယ် ဤမျှ အစွမ်းထက်သည့် ရွှမ်းဟွန်ကြက်အား မမြင်ဖူးခဲ့ချေ။
ကြက်ဖကြီးသည် တဖြည်းဖြည်း ပိုမိုကြီးထွားလာပြီး သူ့ရှေ့သို့ ရောက်သောအခါ ပေပေါင်းတစ်သောင်းခန့် ရှိနေပြီဖြစ်သည်။
စွမ်းအားကြီးမားသော အရှိန်အဝါတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များ ဆုတ်ဖြဲခံလိုက်ရသည်။
နတ်ဆိုးအဘိုးကြီးမှာ ထိုစွမ်းအားကြောင့် တုန်လှုပ်သွားပြီး သူအတင်းညှစ်ထုတ်ထားသော စွမ်းအင်များအားလုံး ချက်ချင်း ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ပျော့ခွေပြီး ကောင်းကင်မှ တန်းတန်းမတ်မတ် ပြုတ်ကျသွားလေသည်။
"ဟမ့် ဒီလူသားက တီကောင်တစ်ကောင်ထက်တောင် ပိုအားနည်းတာပဲ"
အမှိုက်ကြက်က ခေါင်းခါလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
အမှိုက်ကြက်သည် သူ၏ နှုတ်သီးကြီးကို ဟလိုက်ရာ စုပ်ယူအားတစ်ခု ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးအဘိုးကြီးကို ပါးစပ်ထဲသို့ ဆွဲသွင်းကာ အစာအဖြစ် ဝါးမျိုတော့မည့်ပုံရသည်။
နတ်ဆိုးအဘိုးကြီးမှာ မျှော်လင့်ချက်မဲ့သွားလေကာ သူ့တွင် ကျန်ရှိသော နောက်ဆုံးအားကို သုံးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကျွန်တော်က ရှောင်ဟော် ရဲ့ မျိုးဆက်ပါ"
ထိုသည်ကို ကြားသောအခါ အောက်ဘက်တွင် ဝါးကုလားထိုင်ပေါ်၌ ထိုင်နေသော ကျုံးရှန် နားရွက် အနည်းငယ် လှုပ်သွားသည်။
"ဟမ် ရှောင်ဟော်"
ထိုအခိုက် အတိတ်က အမှတ်တရများ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတုန်းက သူ ကောင်းကင်ဘုံဂိုဏ်းကို မတည်ထောင်မီ ယန်ချန်မိစ္ဆာလမ်းစဉ်မှ မြင့်မြတ်သားတော် ယွမ်ရှောင်ဟော် နှင့် ပူပြင်းသောမီးတောက်ကုန်းမြေတိုက်တွင် တွေ့ဆုံခဲ့ဖူးသည်။
ထိုစဉ်က မျိုးဆက်တစ်ခု၏ ပါရမီရှင်များဖြစ်ကြသော သူတို့နှစ်ဦး တွေ့ဆုံခဲ့ရာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
သို့သော် ယွမ်ရှောင်ဟော် သည် ကျုံးရှန် လက်ချက်ဖြင့် လုံးဝ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
ယွမ်ရှောင်ဟော် သည် မိစ္ဆာလမ်းစဉ်မှ သားတော်ဖြစ်သော်လည်း သူ့စိတ်နှလုံးမှာ ဖြူစင်ပြီး ကျုံးရှန် အပေါ် စစ်မှန်စွာ လေးစားကြည်ညိုခဲ့သည်။
သူသည် ရှံးနိမ့်ပြီးနောက်တွင် အရှက်မရှိစွာဖြင့် ကျုံးရှန် နောက်သို့ လိုက်ပါခဲ့ပြီး နှစ်ပေါင်းတစ်ထောင်တိုင်တိုင် အတူသွားလာကာ မရေမတွက်နိုင်သော အန္တရာယ်များကို ရင်ဆိုင်ခဲ့သည်။
ကျုံးရှန်က သူ့ကို အမြဲတမ်း ကယ်တင်ခဲ့ရသော်လည်း သူတို့နှစ်ဦးကြားတွင် သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျုံးရှန် ကိုယ်ပိုင်ဂိုဏ်းတည်ထောင်ပြီးမှသာ ယွမ်ရှောင်ဟော်သည် ယန်ချန်မိစ္ဆာလမ်းစဉ် သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။
ထိုအရာတွေးမိပြီး သူလက်ဝှေ့ယမ်းလိုက်ရာ နတ်ဆိုးအဘိုးကြီးကို ကြက်ဖကြီး၏ ပါးစပ်မှ ဆွဲထုတ်လိုက်ပြီး သူ၏ အထွတ်အထိပ် နတ်ဘုရားစွမ်းအားဖြစ်သော လက်တစ်ကမ်းကမ္ဘာကို ချက်ချင်း အသုံးပြုကာ သူ့ရှေ့သို့ ရောက်ရှိစေလိုက်သည်။
နောက်မှ ရွှယ်ဝူရွှမ် ပင် ဒါကို သတိမထားမိလိုက်ချေ။ သူမ၏ စိတ်အာရုံမှာ သူမရှေ့ရှိ ဧရာမကြက်ဖကြီးထံတွင်သာ ဖမ်းစားခြင်း ခံထားရသည်။
သူမ၏ နတ်ဘုရားစိတ်အာရုံဖြင့် အမြန်စစ်ဆေးလိုက်ရာ ကြက်ကြီး၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်း သိလိုက်သည်။
"ကြက်ကကြီးလိုက်တာ ရှေးဦးသားရဲ ဖြစ်မှာပဲ"
"ဒါပေမဲ့ နည်းနည်းလောက် အားစိုက်လိုက်ရင် ငါ ဒါကို သတ်နိုင်လောက်တယ်"
သူမ ခေတ္တရပ်တန့်လိုက်ပြီး ဧရာမကြက်ဖကြီး၏ ရှေ့တွင် ရပ်လိုက်လေသည်။
သူမ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် ဆန်းကြယ်ရေခဲစွမ်းအားလှိုင်းကြီးတစ်ခု ကြက်ကြီးဆီသို့ လျင်မြန်စွာ ဦးတည်သွားသည်။
သူမ၏ ရေခဲစွမ်းအားမှာ မယုံနိုင်လောက်အောင် ပြင်းထန်လှပြီး အရာအားလုံးကို အေးခဲသွားစေနိုင်မည့်ပုံ ပေါက်နေသည်။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များပင် မလွတ်မြောက်နိုင်ဘဲ တစ်လက်မချင်းစီ အေးခဲသွားကာ မြေပြင်ပေါ်သို့ ရေခဲစများအဖြစ် ကြွေကျကုန်သည်။
"အောက် အီးအီး အွတ်"
တစ်ချိန်တည်းတွင် ဧရာမကြက်ဖကြီးက တွန်လိုက်စဥ်
အာရုဏ်ဦး အလင်းရောင် ထွက်ပေါ်လာသည်။
နေထွက်စ နေမင်းကဲ့သို့ တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ဆန်းကြယ်ရေခဲစွမ်းအားကို တွန်းလှန်လိုက်သည်။ စွမ်းအားနှစ်ခုမှာ ထိပ်တိုက်တွေ့သွားပြီး နှစ်ဖက်လုံးက အသာစီးမရဘဲ ညီတူညီမျှဖြစ်နေသည်။
ရွှယ်ဝူရွှမ်၏ လှပသော မျက်နှာထားမှာ အေးစက်နေပြီး သူမ၏ ပါးစပ်ကိုဖွင့်ကာ သူမခန္ဓာကိုယ်ထဲတွင် စုဆောင်းထားသော နောက်ထပ် ရေခဲစွမ်းအင်တစ်ခုကို ပြင်းထန်စွာမှုတ်ထုတ်လိုက်လေသည်။
ဤရေခဲစွမ်းအင်ကို ပေါင်းထည့်လိုက်သောအခါ သူမ၏ ဆန်းကြယ်ရေခဲစွမ်းအားမှာ အသာစီးရစပြုလာပြီးအာရုဏ်ဦး အလင်းရောင်၏ စွမ်းအားများပင် စတင် အေးခဲလာတော့သည်။