← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

ရေခဲဝိညာဉ်နတ်ဘုရားဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ရွှယ်ဝူရွှမ်သည် ခုနှစ်စင်ကြယ်ကြက်၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ယင်း၏ အရင်းအမြစ်ကို ချက်ချင်းပင် မှတ်မိသွားလေသည်။

ဤသည်မှာ ခုနှစ်စင်ကြယ်ကြက်၏ မွေးရာပါ အားအကောင်းဆုံးသော တိုက်ကွက်တစ်ခုဖြစ်သည့် နေမင်းမျက်လုံးပင် ဖြစ်သည်။ မွေးရာပါတိုက်ကွက်၏ ဆိုလိုရင်းမှာ မွေးကတည်းက တ​တ်မြောက်ခြင်းဖြစ်လေပြီး သင်ယူစရာမလိုအပ်ချေ။

ရှေးဟောင်းဒဏ္ဍာရီများအရ ရှေးဦးအစောပိုင်းကာလများတွင် ခြေထောက်တစ်သောင်းရှိသည့် ပိုးကောင်ကြီးတစ်ကောင်သည် သက်ရှိများစွာကို သတ်ဖြတ်ကာ ဖျက်ဆီးနေခဲ့သည်။

ထိုအခါ ကောင်းကင်တာအို နတ်ဘုရားမင်းကြီးသည် ထိုပိုးကောင်ကြီးအား ခုနှစ်စင်ကြယ်ကြက်ကို စေလွှတ်၍ နှိမ့်နင်းစေခဲ့သည်။

ခုနှစ်စင်ကြယ်ကြက်သည် ကမ္ဘာပေါ်ရှိ အလင်းတန်းများ စုစည်းရာ တောက်ပသော နန်းတော်ကြီးတွင် အမြဲတမ်း နေထိုင်သူဖြစ်သည်။

သူတော်စင်အဆင့် မဟုတ်သော မည်သူမဆို ထိုနန်းတော်ထဲသို့ ခြေချမိပါက လက်ဖက်ရည်တစ်ခွက် သောက်သည့်အချိန်အတွင်း အာရုံငါးပါးနှင့် နတ်ဘုရားစိတ်အာရုံများ ပြင်းထန်စွာ ပျက်စီးသွားနိုင်သည်။

သို့သော် ခုနှစ်စင်ကြယ်ကြက်မှာမူ ထိုနေရာတွင် နေထိုင်ကာ အချိန်၏ စွမ်းအားများကို အပြည့်အဝ ကျင့်သားရနေရုံသာမက မိမိ၏ မျက်လုံးများနှင့်ပါ ပေါင်းစပ်ပြီး အရာအားလုံးကို အရည်ပျော်စေနိုင်သည့် နေမင်းမျက်လုံး ဟု ခေါ်သော နတ်ဘုရားစွမ်းအားကို ရရှိခဲ့သည်။

အကယ်၍ ထိုအလင်းတန်း၏ ထိမှန်ခြင်းကို ခံရပါက မည်သူမဆို အရည်ပျော်ကာ သေဆုံးသွားရမည်ဖြစ်လေသည်။

သူမရှေ့ရှိ ခုနှစ်စင်ကြယ်ကြက် ဓမ္မပုံရိပ်ယောင်ထံမှ ထွက်ပေါ်လာသော အလင်းတန်းမှာ အလွန်ပင် ခံ့ညားထည်ဝါနေသော်လည်း ဒဏ္ဍာရီလာထဲမှ နေမင်းမျက်လုံးနှင့်ယှဥ်လျှင် များစွာ နိမ့်ကျနေသေးသည်။

သို့သော် ယင်မီးတောက် နတ်ဆိုးအဘိုးကြီး၏ ပြောင်းပြန်ယင်နတ်ဆိုးမီးတောက် နှင့် နှိုင်းယှဥ်ပါကမူ အဘိုးကြီး၏မီးသည် ကလေးကစားစရာ မီးရှူးမီးပန်းနှင့် တူနေတော့သည်။ အမှိုက်ကြက်၏ နေမင်းမျက်လုံးသည် အဘိုးကြီးထက်များစွာသန်မာလေ၏။

ဤနတ်ဆိုးအဘိုးကြီးမှာ ထိုရှေးဟောင်းကြက်ကြီးကို အားကိုးနေခြင်း ဖြစ်နိုင်ကြောင်း ရွှယ်ဝူရွှမ် တွေးမိလိုက်သည်။

ရုတ်တရက် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကာ ဤနေရာသည် ရှေးဟောင်းတာအိုဘုရားကျောင်း တစ်ခု ဖြစ်နေနိုင်သည်။

ထို့ကြောင့်လည်း ရှေးဦးသားရဲကြီးများ၏ ပုံရိပ်ယောင်များနှင့် ဤကဲ့သို့သော ခုနှစ်စင်ကြယ်ကြက်များ ရှိနေခြင်း ဖြစ်ရမည်။

ဤသို့တွေးမိသည်နှင့် သူမ အလွန် စိတ်လှုပ်ရှားသွားရသည်။

သူမ၏ နတ်ဘုရားစိတ်အာရုံမှာ ချင်ထျန်းတောင်ထွတ်ကို ဖောက်ထွက်နိုင်ခြင်း မရှိသဖြင့် ဤမင်္ဂလာရှိသော နယ်မြေ၏ အပြင်ဘက်တွင် အားကောင်းသော တားမြစ်စည်းများ ရှိနေသည်မှာ သိသာလှသည်။

သူမ၏ သာမန်မျက်စိဖြင့် ကြည့်လိုက်သောအခါ ဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ကျုံးရှန်က နတ်ဘုရားယန္တရားရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ ခြေရာလက်ရာအားလုံးကို ဖုံးကွယ်ထားသောကြောင့် ဖြစ်သည်။

ရွှယ်ဝူရွှမ်၏ စိတ်အာရုံမှာ ကြက်ကြီးအပေါ်တွင်သာ အာရုံရောက်နေသဖြင့် ချင်ထျန်းတောင်ထွတ် အတွင်းရှိ သတ္တဝါများကို သတိမထားမိခဲ့ချေ။

ဤကဲ့သို့သော ကောင်းကင်ဘုံကဲ့သို့ နယ်မြေမျိုးကို ကမ္ဘာပေါ်တွင် ရှာဖွေရန် ခက်ခဲလှသဖြင့် ဤနေရာမှာ ရှေးဟောင်းတာအို နယ်မြေတစ်ခု ဖြစ်ရမည်ဟု သူမ ယူဆလိုက်ကာ ကြက်ကြီးကို သတ်ဖြတ်ပြီးမှသာ အသေးစိတ် စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြစ်ပေါ်နေသော်လည်း ပြင်ပကမ္ဘာတွင်မူ ခဏတာသာ ကြာမြင့်သေးသည်။

နေမင်းမျက်လုံး၏ နတ်ဘုရားအလင်းတန်းမှာ သူမ၏ အနီးသို့ ရောက်ရှိလာပြီး အလွန်အမင်း ပူပြင်းလှသော အပူရှိန်ကြောင့် သူမ၏ ရေခဲဖုံးလွှမ်းနေသည့် အဝတ်အစားများပင် အရည်ပျော်ကုန်ကာ ဖြူဖွေးဝင်းပသော ခန္ဓာကိုယ်မှာ ပေါ်ထွက်လာတော့သည်။

သို့သော် သူမသည် ထိုအရာကို ဂရုမစိုက်ဘဲ သူမ၏ ရေခဲဝိညာဉ်နတ်ဘုရားဓားကို ဝှေ့ယမ်းကာ နေမင်းမျက်လုံးကို တစ်ချက်ချင်း တိုက်ခိုက်လိုက်သည်။

ရုတ်တရက်အတွင်း သူမသည် တိုက်ကွက်ကိုးခုကို ထုတ်ဖော်လိုက်ရာ သာမန်ဟု ထင်ရသော ထိုရေခဲဓားသည် နတ်ဘုရားအလင်းတန်းနှစ်ခုကို ၁၈ ပိုင်း တိတိ ပိုင်းဖြတ်ပစ်လိုက်သည်။

ထိုအလင်းတန်းများသည် တစ်စစီ ဖြစ်သွားပြီးနောက် ယင်းတို့၏ စွမ်းအားများ ကုန်ခမ်းသွားကာ ရေခဲများအဖြစ် ပြောင်းလဲသွားလေသည်။

ခုနှစ်စင်ကြယ်ကြက် ဓမ္မပုံရိပ်ယောင်မှာ ပြင်းထန်သော တန်ပြန်ဒဏ်ရာကို ရရှိသွားသဖြင့် ပါးစပ်မှ သွေးများ အန်ထုတ်ကာ နောက်သို့ လွင့်ထွက်သွားပြီး ပေရာချီရှိသော ပုံရိပ်ယောင်မှာလည်း ရုတ်တရက် ကျုံ့သွားတော့သည်။

ခုနှစ်စင်ကြယ်ကြက်မှာ ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားပြီး ရေခဲအဆိပ်များ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသောကြောင့် ဓမ္မပုံရိပ်ယောင်ကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ သာမန်ကြက်ဖတစ်ကောင်၏ အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။

ရွှယ်ဝူရွှမ် အသုံးပြုလိုက်သော ရေခဲဝိညာဉ်နတ်ဘုရားဓားမှာ ရှေးဟောင်းရေခဲနတ်ဘုရား ပိုင်ဆိုင်ခဲ့သည့် ဖန်ဆင်းရှင်အဆင့် လက်နက်တစ်ခု ဖြစ်သည်။

ထိုဓားကို ရှေးဦးဖရိုဖရဲအခြေအနေအတွင်း မပြောင်းလဲသေးသော ရေခဲစွမ်းအင်များနှင့် ရေခဲဝိညာဉ်သလင်းကျောက်တို့ကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သဖြင့် ကြီးမြတ်သောတာအိုအဆင့်ထက် တစ်ဆင့်သာ နိမ့်ကျသော စစ်မှန်သည့် နတ်ဘုရားလက်နက် ဖြစ်သည်။

ထိုဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် မိုင်ပေါင်းသန်းချီသော ကမ္ဘာကြီးကို အေးခဲသွားစေနိုင်သည့်အပြင် မည်သည့် တားမြစ်ချက်ကိုမဆို ဖျက်ဆီးနိုင်သော စွမ်းအားရှိသည်။

ရွှယ်ဝူရွှမ်၏ အရှိန်အဝါမှာလည်း များစွာ မြင့်တက်လာသဖြင့် ခုနှစ်စင်ကြယ်ကြက်မှာ ဆက်လက် မခုခံနိုင်တော့ဘဲ မူလပုံစံသို့ ပြန်ပြောင်းသွားရခြင်း ဖြစ်သည်။

အမှိုက်ကြက်မှာ မကျေမနပ် ဖြစ်နေသော်လည်း ရေခဲအဆိပ်ကြောင့် ခန္ဓာကိုယ်မှာ အားနည်းသွားကာ ပျံသန်းခြင်းပင် မပြုနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"အခုထိ ခေါင်းမာချင်သေးတာလား ဒီနေ့တော့ မင်းကို ကြက်သေတစ်ကောင် ဖြစ်စေရမယ်"

သူမက ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။ သူမက လက်ကို မြှောက်ကာ ဓားဖြင့် ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်စဥ် ကောင်းကင်ယံတွင် စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာကာ သူမ၏ ဓားအလင်းတန်းမှာ မမြင်ရသော ဓားအရှိန်အဝါတစ်ခု၏ ဖိနှိပ် ခြင်းကို ခံလိုက်ရသည်။

"ကောင်းပြီ အမှိုက်လေး မင်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ"

ကျုံးရှန်၏ ကြည်လင်သော အသံသည် အောက်ဘက်ရှိ တောင်ထွတ်ဆီမှ ထွက်ပေါ်လာကာ အမှိုက်ကြက်မှာ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အမှိုက်ကြက်သည် ဖုန်များ ပေကျံနေသည့် ခန္ဓာကိုယ်ဖြင့် တောင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကာ ကျုံးရှန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

"ကျွန်တော်က အသုံးမကျတဲ့ အမှိုက်ပါ အဲဒီရုပ်ဆိုးဆိုးမိန်းမကို မသတ်နိုင်ခဲ့တဲ့အတွက် ကျွန်တော့်ကို အပြစ်ပေးပါ သခင်ကြီး"

သူသည် ကျုံးရှန်နှင့် အခြားသော သတ္တဝါများကို ရင်မဆိုင်ရဲတော့ဘဲ ခေါင်းကို မြေကြီးထဲအထိ မြှုပ်ထားလေသည်။

"ဒါ မင်းအပြစ် မဟုတ်ပါဘူး မင်းကို အမှိုက်ကြက် လို့ နာမည်ပေးခဲ့မိတဲ့ ငါ့အပြစ်ပါ ငါ့ရဲ့ စကားတွေက ကံကြမ္မာတစ်ခု ဖြစ်သွားခဲ့တာလား မသိဘူး"

ကျုံးရှန်က အေးအေးလူလူပင် ပြောလိုက်သည် ။

"ဒါပေမဲ့ ဒီအမျိုးသမီးက ရှေးဟောင်းရေခဲနတ်ဘုရားရဲ့ အမွေအနှစ်အချို့ကို ရရှိထားပြီး ရေခဲဝိညာဉ်အေးခဲခြင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် မင်းထက် ကျင့်ကြံခြင်းအဆင့်တစ်ဆင့်ပိုမြင့်နေတာဆိုတော့ မင်း မယှဥ်နိုင်တာ သာမန်ပါပဲ"

အမှိုက်ကြက်မှာ နားမလည်နိုင် ဖြစ်နေရသည်။ ကျုံးရှန်သည် ကြက်များ၏ နာမည်ကို သူ၏ အတိတ်ဘဝ အမှတ်တရများအရ ပေးခဲ့ခြင်းဖြစ်သော်လည်း ဤမျှအထိ မှန်ကန်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကျုံးရှန်က လက်ကို ဝှေ့ယမ်းကာ တောင်ပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံနေသော မီးတောက်တစ်ခုကို ခေါ်လိုက်သည်။

"မီးခြစ်လေး… ဒီကိုလာပြီး အမှိုက်ကြက်နဲ့ ဒီအဘိုးကြီးဆီက ရေခဲအဆိပ်တွေကို ဖယ်ရှားပေးလိုက်စမ်း"

သေးငယ်သော မီးတောက်လေးမှာ လူသားပုံစံသို့ ပြောင်းလဲကာ ချောက်ကမ်းပါးပေါ်သို့ ပျံသန်းလာပြီး အမှိုက်ကြက်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲအဆိပ်များကို မီးတောက်များဖြင့် ဖယ်ရှားပေးလိုက်သည်။

ရွှယ်ဝူရွှမ်သည် ကြက်ကြီးမှာ တောင်ပေါ်သို့ ဆင်းသက်သွားသည်ကို မြင်သောအခါ ရေခဲဝိညာဉ်နတ်ဘုရားဓားကို ကိုင်ဆောင်ကာ တားမြစ်ချက်၏ အပြင်ဘက်သို့ ပျံသန်းလာသည်။

ဤနေရာတွင် ကြီးမားသော အခွင့်အလမ်းများ ရှိနေကြောင်း သူမ သေချာပေါက် ယုံကြည်နေသည်။ သူမသည် နတ်ဘုရားဓားကို မြှောက်ကာ တားမြစ်ချက်ကို ဖျက်ဆီးရန် ပြင်လိုက်စဥ် ကျုံးရှန်က တားမြစ်ချက်ကို တိုက်ရိုက် ဖွင့်ပေးလိုက်သဖြင့် ဝိညာဉ်ချောက်ကမ်းပါး ရှိ အရာအားလုံးမှာ သူမ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာတော့သည်။

"ဟင်… ဘာလို့ ကျင့်ကြံခြင်းမရှိတဲ့ သေမျိုးသတ္တဝါလေးတွေ ဒီလောက်တောင် များနေရတာလဲ"

သူမသည် ကျုံးရှန် ၊ လွေ့ဝူတိ နှင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယင်မီးတောက် နတ်ဆိုးအဘိုးကြီး တို့ကို မြင်တွေ့လိုက်ရသည်။

သူမ၏ နတ်ဘုရားစိတ်အာရုံဖြင့် စစ်ဆေးလိုက်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံ၍ မရချေ။

သူတို့သည် သာမန်လူများလား သို့မဟုတ် ဤနေရာ၏ အမွေဆက်ခံသူများလား ဆိုသည်ကို သူမ မဝေခွဲနိုင်ဘဲ ကြောက်ရွံ့မှု​ကြောင့် ထိတ်လန့်သွားသည်။

သို့သော် ကြီးမားသော အခွင့်အလမ်းနှင့် ရင်ဆိုင်ရသောအခါ သူမသည် စိတ်ကို တင်းထားပြီး အကာအကွယ်အတားအဆီးအတွင်းသို့ တိုက်ရိုက် ပျံသန်းဝင်ရောက်သွားသည်။

ထိုအချိန်တွင် ဝိညာဉ်ချောက်ကမ်းပါး နှင့် ရှေးဟောင်းသစ်ပုဆိန်အချိန်နယ်ပယ် တို့မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမသည် အောက်ဘက်ရှိ သတ္တဝါများကို လျစ်လျူရှုကာ ကျုံးရှန်၏ ရှေ့သို့ မောက်မာစွာဖြင့် ပျံသန်းလာလေသည်။

All Chapters