အခန်း (၄၀)
Vol. 4 Ch. 40
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အတိုင်းအဆမရှိ ကျယ်ပြောလှသော ကုန်းမြေကြီးဖြစ်ပြီး နတ်ဘုရားအပေါင်းတို့၏ မွေးရပ်မြေလည်း ဖြစ်သည်။
ဤနေရာကို နတ်ဘုရားများ၏ အိမ်ဟုလည်း ခေါ်ဆိုကြပြီး ယခုအခါ နက်ရှိုင်းသောဟင်းလင်းပြင် နေရာများ၌ အခြေချနေကြသည့် လူမျိုးစုများ၊ အချိန်နှင့် ဟင်းလင်းပြင်အကြား လွင့်မျောနေသော မြင့်မြတ်သောနိုင်ငံများနှင့် တာအိုနန်းတော်များအားလုံးသည် ဤကုန်းမြေကြီးမှပင် မြစ်ဖျားခံခဲ့ကြခြင်း ဖြစ်သည်။
ဤနေရာသည် သက်ရှိအားလုံး၏ မြစ်ဖျားခံရာ အရင်းအမြစ်နှင့် တူလှသည်။ အစွမ်းထက်သော ပုဂ္ဂိုလ်များမှာ သစ်ကိုင်းများသဖွယ် ဟင်းလင်းပြင်ကို သိမ်းပိုက်ထားကြသည်။
ကောင်းကင်တာအိုသည် အဘယ်ကြောင့် ရက်စက်သည်ဟု ပြောကြသနည်း။ ရှေးဟောင်းနတ်ဘုရားတစ်ပါး မည်မျှပင် အစွမ်းထက်ပါစေ နောက်ဆုံးတွင် သူသည် သစ်ကိုင်းတစ်ခုသာ ဖြစ်ပြီး သစ်ပင်ကြီးဖြစ်သည့် ကောင်းကင်တာအို၏ လမ်းစဥ်ကို မပြောင်းလဲနိုင်ပေ။
ရှေးဟောင်းသူတော်စင်တစ်ဦး မည်မျှပင် အစွမ်းထက်နေပါစေ သူသည် သစ်ကိုင်းနှင့် သစ်ရွက်များကိုသာ အုပ်ချုပ်သူ ဖြစ်သည်။
ဧကရာဇ်တစ်ဦးသည်ပင် သစ်ရွက်အုပ်စုတစ်ခုမျှသာ ဖြစ်ပြီး ပါရမီရှင်တစ်ဦးသည် နှစ်ပေါင်းသောင်းချီ၍ လွှမ်းမိုးထားနိုင်သော်လည်း နောက်ဆုံးတွင် သစ်ရွက်စိမ်းတစ်ရွက်မျှသာ ဖြစ်ရရှာသည်။
ကံတရားမှာ အာဟာရနှင့် တူပြီး ကြွေကျလာသော သစ်ရွက်များမှာ သံသရာလည်ခြင်းပင် ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် သစ်ပင်တစ်ပင်တည်း ရှိနေသည်မဟုတ်ဘဲ အပြင်ဘက်တွင် တောအုပ်ကြီးတစ်ခုလည်း ရှိနေနိုင်သေးသည်။
နန်ယန်စီရင်စုသည် စီရင်စုအားလုံးထဲတွင် ကုန်းမြေတိုက်ကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှပြီး မရေမတွက်နိုင်သော မင်းဆက်များ၊ တာအိုဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများ ထွန်းကားရာ နေရာဖြစ်သည်။
ထို့ပြင် သာမန်သေမျိုးများ၏ အင်အားစုများစွာလည်း ရှိနေသည်။ လူဦးရေ ထူထပ်လှပြီး အပြိုင်အဆိုင်မှာ အလွန်ပင် ပြင်းထန်လှသည်။
သာမန်လူသားများမှာ ကိုယ်ခံပညာကို လေ့ကျင့်ကြပြီး ကိုယ်ခံပညာရှင်များမှာမူ နိယာမနယ်ပယ်သို့ ရောက်ရှိရန် ကြိုးစားကြသည်။
ထိုကဲ့သို့ အခြေခံမှစ၍ အထက်သို့ တက်လှမ်းနေသော ပတ်ဝန်းကျင်ကြောင့် ဤနေရာတွင် ပါရမီရှင်များစွာ ထွက်ပေါ်လာလေ့ရှိသည်။
နန်ယန်စီရင်စု၏ အနောက်ဘက်တွင်မူ အဆုံးမဲ့သော သဲကန္တာရကြီး ရှိသည်။ ထိုသဲကန္တာရမှာ သာမန်ကုန်းမြေတိုက် လေးငါးခုစာခန့် ကျယ်ဝန်းလှသည်။
ရှေးဟောင်းဧကရာဇ်များ လက်ထက်မှစ၍ မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ်များနှင့် တာအိုခေါင်းဆောင်များမှာ ဤမြေကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ အောင်မြင်ခြင်း မရှိခဲ့ပေ။
ဟွမ်ရှားလူမျိုးစုဝင်များသည် အဖြူနှင့် အနီရောင်ရှိသော မျက်နှာဖုံးများကို ဝတ်ဆင်ကြပြီး အရပ်ပုသော်လည်း အလွန်ပင် သန်မာသွက်လက်ကြသည်။
သာမန်လူမျိုးစုဝင်တစ်ဦးသည်ပင် ခဏချင်းအတွင်း မြင်းတစ်ကောင်ထက် မြန်အောင် ပြေးနိုင်ကြသည်။ သူတို့သည် သဲထဲတွင် ရက်အတော်ကြာအောင် ပုန်းအောင်းနေနိုင်သည့် သန်မာသော အသက်စွမ်းအင်များ ရှိကြသည်။ သူတို့သည် အတော်လေး အကြမ်းခံကြသည်။
ကျင့်ကြံခြင်းလမ်းစဥ်ကိုမလျောက်သော်လည်း သူတို့၏ မွေးရာပါ ခွန်အားကြောင့် လူသားများထဲမှ ကိုယ်ခံပညာအရှင်သခင်များနှင့် ရင်ဆိုင်နိုင်ကြသည်။
ထူးချွန်သော သူများမှာမူ သာမန်သေမျိုးခန္ဓာကိုယ်ဖြင့်ပင် နိယာမနယ်ပယ်၏ ပထမအဆင့်ရှိ ကျင့်ကြံသူများကို အသေအကြေတိုက်ခိုက်နိုင်ကြသည်။
ထိုသည်တို့မှာ သဲကန္တာရ၏ အစွန်အဖျားတွင် လှည့်လည်နေကြသော သာမန်လူမျိုးစုဝင်များသာ ဖြစ်သည်။
သဲကန္တာရ နက်ရှိုင်းသော နေရာရှိ မျိုးနွယ်စုခေါင်းဆောင်များနှင့် နတ်ဘုရားလင်းယုန် ယဇ်ပုရောဟိတ်များ၏ အစွမ်းမှာမူ မှန်းဆ၍မရနိုင်အောင်ပင် ဖြစ်သည်။
ထို့ကြောင့် ဤနေရာသည် နန်ယန်စီရင်စုရှိ လူသားအင်အားစုများနှင့် လူငယ်ပါရမီရှင်များအတွက် လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်လာခဲ့သည်။
ဟွမ်ရှားမြို့သည် နယ်စပ်အနီးရှိ အကြီးဆုံးသော မြို့ခံတပ်ကြီး ဖြစ်သည်။ မြို့အတွင်းရှိ အရက်ဆိုင်တစ်ခု၌ စားပွဲများကို ဆက်ထားသော စားပွဲရှည်ကြီးပေါ်တွင် ရိုးရှင်းသော ဟင်းလျာအချို့ ရှိနေသည်။
စားပွဲရှည်တန်းတွင် ကျန်းမာသန်စွမ်းသော လူငယ် ဆယ်ဂဏန်းခန့် စုထိုင်နေကြပြီး ထိုသူများထဲတွင် အရပ်ရှည်၍ ချောမောသော ခေါင်းဆောင်ဖြစ်သူ လူငယ်က အရက်ဖြင့် စားပွဲပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲနေသည်။
"ရဲဘော်တို့... ဒါက မနေ့က ငါတို့ဖမ်းမိတဲ့ သဲမျိုးနွယ်ဝင်ဆီကနေ ရထားတဲ့ ရွှေစေတီကျောင်းဆောင်ရဲ့ မြေပုံပဲ"
"နန်းတော်ကနေ ရထားတဲ့ သတင်းအရတော့ အစွန်အဖျားက ဟွမ်ရှားလူမျိုးစုတွေက ထူးထူးခြားခြား လှုပ်ရှားနေပြီး ရွှေစေတီကျောင်းဆောင်တွေမှာ စစ်အသုံးအဆောင်တွေကို စုဆောင်းနေကြတယ် လို့ သိရတယ် ငါတို့ရဲ့ ဒီတစ်ခေါက် တာဝန်ကတော့ အပြင်ဘက်က ရွှေစေတီကျောင်းဆောင်တစ်ခုကို ဖျက်ဆီးပြီး သဲမျိုးနွယ် စစ်သည်တွေဆီကနေ သဲကျောက်ဓားကောက် အလက်တစ်ရာကို သိမ်းဆည်းဖို့ပဲ"
"အဲ့ဒီနေရာက ဟွမ်ရှားမြို့ရဲ့ အနောက်ဘက် မိုင် ၆၀ ခန့်မှာရှိတဲ့ အိုအေစစ်တစ်ခု အနားမှာ ရှိတယ်"
ရွှေစေတီကျောင်းဆောင်များမှာ အဆုံးမဲ့ကန္တာရအတွင်း၌ မရေမတွက်နိုင်အောင် ရှိနေသည်။ ဟွမ်ရှားလူမျိုးစုဝင်များသည် သူတို့ယုံကြည်သော နတ်ဘုရားများကို ပူဇော်ရန်အတွက် ထိုစေတီများကို တည်ဆောက်ကြခြင်း ဖြစ်သည်။
ဒဏ္ဍာရီများအရ ကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင် အမြင့်ပေ တစ်သောင်းခန့်ရှိသော ဧရာမရွှေစေတီကြီးများ ရှိနေပြီး ရှေးဟောင်းနတ်ဘုရားများက ကြယ်တာရာများနှင့် ကိုက်ညီအောင် တည်ဆောက်ထားကာ သေသောသူကို ပြန်လည်ရှင်သန်စေနိုင်သော စွမ်းအားများ ရှိသည်ဟု ဆိုကြသည်။
ယခုအခါတွင်မူ ထိုစေတီများသည် ဟွမ်ရှားလူမျိုးစု၏ တိုက်ခိုက်ရေးစခန်းများ ဖြစ်နေသည်။ သဲကျောက်ဓားကောက်မှာမူ ဟွမ်ရှားလူမျိုးစုအတွင်း၌သာ ရှိသော ရှေးဟောင်းနည်းလမ်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ထိုနည်းလမ်းသည် သဲထဲမှ သဲကျောက်ဟုခေါ်သော ဆန်းကြယ်သည့် ပစ္စည်းတစ်ခုကို ထုတ်ယူကာ လျှို့ဝှက်နည်းစနစ်များဖြင့် နေမင်းနှင့် လမင်း၏ စွမ်းအင်များကို စုပ်ယူနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။
သာမန်လူမျိုးစုဝင်များပင် ထိုဓားကို ကိုင်ဆောင်နိုင်ပြီး သာမန်အဆင့်မြင့်လက်နက်များမှာ သဲကျောက်ဓားကောက်ကို မယှဉ်နိုင်ပေ။
လူငယ်က လက်ညှိုးဖြင့် ထောက်လိုက်ရာ သူ၏ ချီစွမ်းအင်များမှာ စားပွဲပေါ်ရှိ ရွှေစေတီပုံ၏ အလယ်ဗဟိုသို့ ထိုးဖောက်သွားသည်။
"တပ်မှူး ကျုံးကျဲ ကတော့ တကယ့်ကို အစွမ်းထက်တာပဲ"
"တပ်မှူးက အတွင်းအားကိုတောင် အပြင်ကို ထုတ်လွှတ်နိုင်နေပြီပဲ တပ်မှူးရဲ့ ဦးဆောင်မှုအောက်မှာဆိုရင် ငါတို့ ဒီလေ့ကျင့်မှုမှာ အောင်မြင်မှာ သေချာတယ်"
"တပ်မှူးက မြင့်မြတ်တဲ့ဂိုဏ်းက တပည့်ဆိုတော့လည်း ပါရမီက ငါတို့ထက် အများကြီး သာတာပေါ့ ဒီတစ်ခေါက် စခန်းရဲ့ အကဲဖြတ်မှုမှာ တပ်မှူးက လင်ချန်ကို ကျော်ဖြတ်ပြီး တပ်ရင်းမှူး ဖြစ်လာမှာ သေချာတယ်"
ဘေးပတ်ဝန်းကျင်မှ လူငယ်များမှာ တပ်မှူး ကျုံးကျဲ ကို ဝိုင်းဝန်းချီးကျူးနေကြသည်။ အမျိုးသမီးငယ်များမှာလည်း ကျုံးကျဲကို ကြည့်ရင်း ရှက်သွေးဖြာနေကြသည်။
ကျုံးကျဲက ပြုံးလိုက်သော်လည်း စကားသိပ်မပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ စိတ်ထဲတွင် ရွှေစေတီကျောင်းဆောင်၏ စစ်ဆင်ရေးကိုသာ အာရုံစိုက်နေသည်။
သို့သော် သူ၏ ရင်ထဲတွင် မရေမရာသော စိုးရိမ်မှုတစ်ခု ရှိနေသည်။ ဤစစ်ဆင်ရေးမှာ အရာအားလုံးက ချောမွေ့လွန်းနေသည်။ အလွယ်တကူ ဖမ်းမိခဲ့သော သဲမျိုးနွယ်ဝင်ကပင် နှိပ်စက်ခြင်း မပြုရသေးခင်မှာ အရာအားလုံးကို ဝန်ခံသွားခဲ့သည်။
သူသည် ဘေးပတ်ဝန်းကျင်ရှိ ရဲဘော်များကို ကြည့်လိုက်သည်။ သူတို့အားလုံးမှာ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ အထူးတပ်ရင်းမှ အရာရှိလောင်းများ ဖြစ်ကြသည်။
သူတို့အားလုံးမှာ နိယာမနယ်ပယ်သို့ ရောက်ရှိနေကြပြီး အချို့မှာ ဒုတိယအဆင့်ဖြစ်သော ကျားသစ်အင်အား နယ်ပယ်သို့ပင် ရောက်ရှိနေကြသည်။
သူကိုယ်တိုင်မှာမူ နိယာမနယ်ပယ်၏ စတုတ္ထအဆင့်ဖြစ်သော အနှစ်သာရကို ချီအဖြစ်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ နိယာမနယ်ပယ်၏ စတုတ္ထအဆင့်မှာ အလွန်အားကောင်းသည်မဟုတ်သော်ငြား ဤအဆင့် ကန္တာရအစွန်အဖျားတွင် အစွမ်းထက်လေသည်။
"ဒါက စခန်းထဲက လေ့ကျင့်ရေးတစ်ခုပဲဆိုတော့ နန်းတော်က အကုန်စဉ်းစားထားမှာပါ အန္တရာယ်ရှိရင်တောင် ငါတို့ ကိုင်တွယ်နိုင်မှာပါ"
ကျုံးကျဲက မိမိကိုယ်ကို ယုံကြည်မှုရှိနေသည်။ သူ၏ ညာဘက်လက်မောင်းတွင် မင်ကဲ့သို့ နက်မှောင်နေသော မွေးရာပါ အမှတ်တစ်ခု ရှိသည်။
ထိုအမှတ်ကို စူးစိုက်ကြည့်လျှင် ငရဲပြည်၏ နက်ရှိုင်းသော နေရာကို မြင်ရသကဲ့သို့ ခံစားရသည်။
ဤအမှတ်မှာ သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်ပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းသည် အဆင့်တူအခြားကျင့်ကြံသူများထက် သာလွန်စေသည့် ရင်းမြစ်ပင် ဖြစ်သည်။