မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၃)
Vol. 16 Ch. 224
"အာ...ငါသောက်တာ အရမ်းများသွားပြီပဲ"
ဂျိုဂုက ခေါင်းမော့ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
ညဥ့်နက်ခဲ့ပြီမို့ မကြာခင် နေထွက်တော့မည်။
သားရဲနန်းတော်သခင်က ဧည့်ခံကျွေးမွေးပွဲကို မနက်မိုးလင်းတဲ့အထိ ဆက်လုပ်ခဲ့သည်။အတိအကျပြောရလျှင် နန်းတော်သခင်နှင့် ချွန်းမြောင်တို့၏ လောင်းကစားပွဲသည် မိုးလင်းသည်အထိ ရှည်လျားခဲ့သည်။
'ဘယ်သူ နိုင်သွားလဲ'
'ငါလည်း ဘယ်လိုလုပ်သိမှာလဲ…'
နောက်ထပ် ဆက်မသောက်ချင်တော့သည့် ကျန်သည့်တပည့်များအားလုံးက နှစ်ယောက်တည်း ထားခဲ့ပြီး သူတို့၏အခန်းများဆီသို့ ပြန်သွားကြလေသည်။ဟွာဆန်း၏ တပည့်များသည် သူတို့၏သတိရှိနေသေးသော ခန္ဓာကိုယ်များကို ဦးဆောင်လမ်းပြပေးသည့် သားရဲနန်းတော်မှ အစောင့်များ ခွဲဝေပေးသည့် အခန်းများထဲတွင် သူတို့၏ ခရီးဆောင်အိတ်များကို အထုပ်ဖြေရန် ဆုံးဖြတ်ခဲ့ကြသည်။
“ကျွတ်…မင်း ငါ့ကို နေ့လယ်စာစားချိန်အထိ မနှိုးရင် ပိုကောင်းမယ်…”
သူ အတော်များများကို သောက်ခဲ့တာဖြစ်ရမည်။ရေတွင်းမှာ မျက်နှာသစ်ကာ မျက်နှာသုတ်ပြီးသောအခါ ဂျိုဂုက သူ့အခန်းထဲကို ဒယီးဒယိုင်ဖြင့် ဝင်လာခဲ့၏။
အထဲတွင် ယွန်းဂျွန်က သူ့အိပ်ရာကို သန့်ရှင်းရေးလုပ်နေ၏။ထို့နောက် ပြတင်းပေါက်ကိုဖွင့်၍ အခန်းအပြင်ကို လှမ်းကြည့်လိုက်၏။
"မအိပ်ဘူးလား ဆရာတူအကိုကြီး…"
"ငါအိပ်မှာပါ…"
ယွန်းဂျွန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေပြီးနောက် ဂျိုဂုဘက်သို့ လှည့်ကြည့်လာ၏။
"... အစ်ကို့မှာ စိတ်ပူစရာရှိလို့လား…"
“စိတ်ပူတာထက်…”
ယွန်းဂျွန်က ပြုံးလိုက်၏။
ယူနန်သို့လာသည့် လမ်းတစ်လျှောက်လုံးနှင့် နန်မန်သားရဲနန်းတော်သို့ ဝင်ရောက်ပြီးနောက် သူ့တွင် စိုးရိမ်စရာတစ်ခုခုများ ရှိလို့လားဟု မေးရန်မှာ ရယ်စရာတောင်ကောင်းသေးသည်။
သူတို့ကို ဘယ်လောက်ပဲ ကြိုဆိုနေပါစေ ဒီနေရာက သူတို့ အပန်းဖြေလို့ ရနိုင်သည့် နေရာမဟုတ်ပေ။သို့သော် ယွန်းဂျွန်က ဂျိုဂု ဘာကြောင့် သူ့ကို ဒီမေးခွန်းကို မေးနေမှန်း သူသိပါသည်။
"ဂု…"
"ဟုတ်ကဲ့ ဆရာတူအကိုကြီး…"
"ငါ တောင်းပန်ပါတယ်…ငါ့ကြောင့်ဖြစ်တာပါ…”
“ဘာကိုပြောနေတာလဲ ဆရာတူအကိုကြီး…"
ဂျိုဂုက အံ့အားသင့်သွားလေသည်။
"ကျွန်တော်တို့ ဒါတွေအားလုံးကို ကျော်ဖြတ်ခဲ့ပြီ မဟုတ်ဘူးလား…"
"ငါတို့အရင်က ဖြတ်သန်းခဲ့ရတဲ့ ကိစ္စတွေက...အားလုံးက ငါ့ကြောင့် သေကြရတော့မလို့လေ…"
ယွန်းဂျွန်၏ မျက်နှာမှာ တင်းမာသွား၏။
"တကယ်လို့ တစ်ခုခုမှားသွားခဲ့ရင် ချွန်းမြောင်က ဖြေရှင်းပေးပါလိမ့်မယ်…"
“အဲဒါက ပြဿနာပဲ…”
"အမ်…"
ယွန်းဂျွန်က ခေါင်းယမ်းလိုက်သည်။
“ချွန်းမြောင်က ရှိနေတာကြောင့်ပဲ ငါတို့က အဲဒီအခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ကြတာ…ငါတို့တွေက သူရှိနေရင် အားလုံးပြေလည်သွားမယ်လို့ ထင်နေကြတာ…ငါတို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ အထောက်အကူဖြစ်ပေးခဲ့သင့်တာ…ဒါပေမယ့် နောက်ဆုံးတော့ ငါက ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပြီလေ ဟုတ်တယ်မလား…”
“ဆရာတူအကိုကြီး…”
“ငါ တုံးအခဲ့မိတယ်…ငါ အဲ့ဒီလို ဘယ်တော့မှမလုပ်တော့ပါဘူး…တောင်းပန်ပါတယ်…"
"မဟုတ်ဘူး ဆရာတူအကိုကြီး…"
ဂျိုဂုက သက်ပြင်းချလိုက်၏။သူဘာပဲပြောပြော ယွန်းဂျွန်က မှန်တယ်လို့ ခံစားရမှာမဟုတ်မှန်း သူ့နှလုံးသားက သိနေပါသည်။
"ဒါပေမယ့်...အစ်ကို ဘာလို့ အဲ့ဒီလိုလုပ်ခဲ့တာလဲ…ဆရာတူအကို ကို အဲ့ဒီလိုပုံစံမျိုးနဲ့ ပထမဆုံးမြင်ဖူးတာပဲ.."
“အဲ့ဒါက…”
ယွန်းဂျွန်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
သူ့ကြည့်ရတာ တစ်ခုခုကို လေးလေးနက်နက် တွေးနေပုံရပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။
"ငါက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့မှန်း မင်းသိလား"
“သိပါတယ်…ကျွန်တော် အဲ့ဒီအကြောင်းကို ကြားဖူးပါတယ်…”
"ဒါဆို ငါက သူတောင်းစားတစ်ယောက်ဆိုတာရော မင်းသိလား"
"အာ…"
ဂျိုဂုက အံ့အားသွား၏။
ယွန်းဂျွန်က သူ့ကိုကြည့်ကာ တည်ငြိမ်စွာ ဆက်ပြောသည်။
“ငါ မှတ်မိသလောက်ကတော့ ငါတို့က အမေတစ်ခု သားတစ်ခုပဲရှိခဲ့ကြတာ…ငါ့မှာ ဆွေမျိုးတွေ အသိမိတ်ဆွေတွေ မရှိဘူး…အဲ့ဒါကြောင့် အမေဆုံးပါးသွားပြီးနောက်မှာ သူတောင်းစားတစ်ယောက် ဖြစ်လာဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး…”
"ဆရာတူအကိုကြီး…"
“အဲ့ဒီမြင်ကွင်းကို ငါ ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေတုန်းပဲ…အေးလွန်းတဲ့ ဆောင်းရာသီမှာ တစ်ရက်ကျ ငါ့ကို ကူညီမယ့်သူမရှိလို့ လမ်းပေါ်မှာ သေအံ့အံ့ဆဲ ဖြစ်နေတဲ့အချိန်မှာ…ပိုရယ်စရာကောင်းတာက အဲဒီအချိန်တုန်းက အအေးဒဏ်ထက် ဆာလောင်မှုဒဏ်ကို ပိုခံစားခဲ့ရတယ်…အစားမစားရတာ ၁၀ ရက်ကျော်ပြီမို့ အစားလေးတစ်လုတ်အတွက်နဲ့ ငါ လူတောင် သတ်မိတော့မလို့…ငါသာ ကလေးတစ်ယောက်မဟုတ်ခဲ့ရင် သူခိုးတစ်ယောက် ဒါမှမဟုတ် လူသတ်သမားတစ်ယောက်တောင် ဖြစ်သွားနိုင်တယ်…"
ဂျိုဂုက တိတ်ဆိတ်နေ၏။ယွန်းဂျွန်၏အတိတ်အကြောင်းကို သူ ပထမဆုံး ကြားဖူးတာဖြစ်သည်။
ခါတိုင်းလို ဆရာတူအကိုကြီး တစ်ယောက်၏ တာဝန်ကို တစိုက်မတ်မတ်နားထောင်တာမျိုးမဟုတ်ဘဲ ယွန်းဂျွန် ဒီလိုမျိုး လွတ်လွတ်လပ်လပ်ပြောတာကို ပထမဆုံးအကြိမ် နားထောင်ဖူးတာဖြစ်သည်။
“လမ်းဖြတ်လျှောက်သွားတဲ့ အကြီးအကဲတစ်ယောက်ကသာ မကယ်ခဲ့ဘူးဆိုရင် အဲဒီလမ်းပေါ်မှာတင် သေသွားလောက်ပြီ…ဟွာဆန်းက ငါ့ရဲ့ ကျေးဇူးရှင်ပဲ…လမ်းပေါ်မှာ သေလုနီးပါးဖြစ်နေတဲ့ သူတောင်းစားကလေးကနေ ဒီနေ့ ဟွာဆန်းက ငါအဖြစ် ပျိုးထောင်ပေးခဲ့တယ်…”
ယွန်းဂျွန်က သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။
အတိတ်ကို သတိရဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် သူ့အတွေးတွေကို ပြန်စုစည်းဖို့ ကြိုးစားနေသလားဆိုတာတော့ သေချာမသိပေ။ဂျိုဂုက စကားဖြတ်မပြောဘဲ ယွန်းဂျွန်ပြောလာမှာကို စောင့်နေ၏။
“အဲဒီအချိန်ကစပြီး လူတွေ အစာရေစာငတ်နေတာကို တွေ့တိုင်း ငါ့အတိတ်ကို ပြန်သတိရမိတယ်…ဘယ်လောက်တောင် နာကျင်ရတယ်ဆိုတာ ငါသိနေလို့ဖြစ်နိုင်တယ်...ငါဘယ်လိုမှ မတတ်နိုင်ဘူး…ကိုယ့်ကို သေသွားမယ်လို့ ခြိမ်းခြောက်နေတဲ့ ဆာလောင်မှုကြောင့် ခံစားရတဲ့ နာကျင်မှုက…”
"ကျွန်တော် နားလည်ပါတယ် ဆရာတူအကိုကြီး…"
"မင်းက နားလည်တယ်လား…"
"နားလည်ပါတယ် ဆရာတူအကိုကြီး…"
"ငါ့လုပ်ရပ်တွေက မင်းကို သေလုမျောပါး ဖြစ်သွားစေရင်တောင် မင်းနားလည်နိုင်သေးလား…"
“…”
"ငါတို့တွေ သေဆုံးပြီးသွားလို့ ဆုံတွေ့ခဲ့ကြရင် မင်း နားလည်ပါတယ်လို့ ငါ့ကို ပြောနိုင်ဦးမလား…"
"ဆရာတူအကိုကြီး…"
ယွန်းဂျွန်က ပြတ်ပြတ်သားသား ပြောလိုက်၏။
“အဲ့ဒါက မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပဲ…အထူးသဖြင့် နည်းပြနဲ့ ဂိုဏ်းတူညီအကိုတွေရဲ့ လုံခြုံရေးက ငါ့အပေါ်မှာ မူတည်နေတဲ့အချိန်မှာ ငါက ဆုံတောင်မဆုံဖူးတဲ့ လူတွေကို ကူညီပေးခဲ့တာလေ…"
ယွန်းဂျွန်၏ မျက်နှာပေါ်တွင် နောင်တအကြီးအကျယ်ရနေသည်ကို မြင်နေရသည်။သူ့ကြောင့်နှင့် ကိစ္စတွေ လွဲမှားကုန်ပြီး သူတို့အားလုံးနှင့် မျက်နှာချင်း မဆိုင်နိုင်လောက်တော့ဘူးဟုပင် ခံစားမိခဲ့သည်။ယွန်းဂျွန်က သူ့နှုတ်ခမ်းကို လျှာသပ်လိုက်သည်။
“ငါ ဟွာဆန်းကို ပြန်ရောက်တာနဲ့ အကြီးအကဲတွေကို အပြစ်ပေးဖို့ တောင်းဆိုမယ်…ဇီးပန်းဓားကို ငါပြန်ယူမယ်…ဒါပေမယ့် ငါ အဲ့ဒီလိုလုပ်ပြီးရင် ဘာအကြောင်းပြချက်တွေ ပေးနိုင်ဦးမှာလဲ…”
ဂျိုဂုသည် ထိတ်လန့်ဖွယ်ကောင်းသော အသံဖြင့် ထိုလူပြောသည်ကိုကြားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဆရာတူအစ်ကိုကြီး ဘာတွေပြောနေမှန်း မသိရင်တောင် သူတို့က အစ်ကို ဓားကို ရောင်းမိလို့ အပြစ်ပေးမှာမဟုတ်ဘူးဆိုတာတော့ သေချာသိပါတယ်…"
"ဘာလို့လဲ…"
"အင်း ဇီးပန်းဓားက ဟွားဆန်းရဲ့ ဓားပါ…ဒါပေမယ့် ဟွာဆန်းရဲ့ မြင့်မြတ်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး…"
"အမ်…"
ဂျိုဂုက သူ့အသံကို ရှင်းလင်းလိုက်၏။
"ချွန်းမြောင်သာ အစ်ကို ပြောတာကိုကြားရင် သူဒီလိုပြောလိမ့်မယ်…'ဘယ်လို…ပြစ်ဒဏ်ဟုတ်လား…စိတ်ဓာတ်ကျနေတာလား…ဓားတစ်လက်က မြင့်မြတ်တဲ့ အရာလို့ ထင်နေရင် ဇီးပန်းဝတ်ရုံကလည်း မြင့်မြတ်တာပဲ မဟုတ်ဘူးလား။ငါတို့က ဇီးပန်းကို အရက်ပုလင်းထဲမှာ ထည့်ထားလိုက်ရင် အဲဒါလည်း မြင့်မြတ်တဲ့ အရာဖြစ်မှာလား…’ဆိုပြီးလေ…”
“…”
ဂျိုဂုက ယွန်းဂျွန်ကိုကြည့်ကာ ပြုံးလိုက်သည်။
“အဲဒီအရာတွေက ဘာမှအရေးမကြီးပါဘူး…အရေးကြီးတာက ဆရာတူအကိုကြီး ဟွာဆန်းကို ဘယ်လိုထင်လဲဆိုတာပဲ…"
ယွန်းဂျွန်က ခါးသက်သက် ပြုံးလိုက်၏။
ဂျိုဂု၏စကားများက သူ့ကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာမဟုတ်ပေ။သူဘာကို ပြောဖို့ ကြိုးစားနေမှန်း နားလည်သွားတာကြောင့်ဖြစ်သည်။
" ချွန်းမြောင်က အဲ့ဒီလို ပြောပါ့မလား…ငါတို့ အမှားလုပ်မိတဲ့အကြောင်း မဟုတ်ပါဘဲ အမှားတွေထဲကနေ သင်ယူနိုင်တာ ငါတို့ရဲ့အရည်အချင်းပဲဆိုပြီးလေ…ပြီးတော့ ဆရာတူအကိုကြီး ဘာမှ မသင်ယူခဲ့ရဘူးလား…"
“…အင်း…ငါသင်ယူခဲ့ရပြီးပြီ…”
"ဒါဆို အားလုံးအဆင်ပြေသွားပြီမလား…"
ယွန်းဂျွန်က သက်ပြင်းချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
-အဆင်ပြေရဲ့လား…မျက်လုံးတွေ ဖွင့်လိုက်စမ်းပါ။
'အကြီးအကဲ…'
သူ ဟွမ်ဆန်းက သူ့ကို ဆုပ်ကိုင်ထားသည့် မြင်ကွင်းကို သတိရမိ၏…သူခံစားခဲ့ရသည့် နွေးထွေးမှုကို သတိရမိ၏။
'တောင်းပန်ပါတယ်…'
“အဲဒါကို တွေးမနေဘဲ အိပ်ပါတော့…လုပ်စရာတွေ အများကြီးရှိတယ်လေ…မြက်ကိုရှာပြီး ဟွာဆန်းကို ပြန်မယ့်အကြောင်းကိုသာ စဉ်းစားစမ်းပါ…”
“ဟင်…ဟုတ်သားပဲ…”
ယွန်းဂျွန်က ခေါင်းငြိမ့်ပြလိုက်သည်။ကုတင်ပေါ်တွင် လှဲကာ မျက်လုံးကို မှိတ်၍ အိပ်ရန် ကြိုးစားလေသည်။သို့သော် လွယ်တော့မလွယ်ပေ။
သူ ရုတ်တရက် အသံတစ်ခုကြားလိုက်ရ၏။
"ဆရာတူအကိုကြီး…"
"အမ်.."
"ဆရာတူအကိုကြီး လုပ်ခဲ့တာ မှားတယ်…"
“…ဟုတ်တယ်”
“အခုထိကိုနော်…”
"အမ်…"
"ဆရာတူအကိုကြီးက ဒီလိုလူမျိုး ဖြစ်နေလို့ကို သဘောကျတာ.."
“…”
"အခုတော့ အိပ်ပါတော့…"
အခန်းက တိတ်ဆိတ်သွားပြန်သည်။
ယွန်းဂျွန်က သူ့မျက်လုံးများကို ခပ်တင်းတင်း မှိတ်ထားလိုက်သည်။သို့သော် မနက်မိုးလင်းတဲ့အထိ အိပ်မပျော်နိုင်ခဲ့ပေ။
"... အသက်ရှင်နေတုန်းလား"
"...သေသွားတဲ့ပုံပဲ…"
"မဟုတ်ဘူး…သူ့ကြည့်ရတာ အသက်ရှူနေသလိုပဲ…"
ဟွာဆန်းမှ တပည့်များသည် ချွန်းမြောင်၏ ဘေးနားပတ်လည်တွင် စုရုံးကာ သူ အိပ်ပျော်နေသည်ကို ကြည့်နေကြသည်။ဂျိုဂုက သူ့ကို စောစောက ကောက်လာခဲ့သည့် တုတ်ချောင်းနှင့် ထိုးလိုက်၏။
"သေသွားပြီလား…"
“သေသွားလောက်ပြီ…ဒီလောက်အများကြီး သောက်ပြီး အသက်ဆက်ရှင်နေမယ်ဆိုရင် သူက လူမဟုတ်လောက်ဘူး…”
“လူတစ်ယောက်ရဲ့ အစာအိမ်ထဲမှာ အစာနဲ့အရက် ဘယ်လောက်ဆံ့တယ်ဆိုတာ ကန့်သတ်ချက်ရှိတယ်…လူတစ်ယောက်တည်းက ဒီလောက်ထိ သောက်စားတာ ဖြစ်နိုင်လို့လား…အဲဒီလူက အရက်တွေကို မင်္ဂလာပွဲတစ်ခုအတွက် သိမ်းထားတာဆိုတာ ငါကြားလိုက်တယ်…”
"အရက်သမား…"
ဂျွတ်
ဂျိုဂုက ချွန်းမြောင်ကို ထပ်ပြီး တုတ်ချောင်းနှင့် ထိုးလိုက်သောအခါ သူက အိပ်နေရင်း တွန့်သွားလေသည်။
"သူ အသက်ရှင်နေသေးတယ်…"
"သူက တာအိုလမ်းစဉ်ကို ဘယ်တော့မှ မလိုက်ဘူး…ပြီးတော့ နန်းတော်သခင်ကိုတောင် သူနဲ့အတူ အပါခေါ်လိုက်သေးတယ်…"
"ဒါဆို ဘယ်သူ နိုင်သွားတာလဲ…"
ထိုစဉ်
“အား…”
မှောက်လျက် လဲလျောင်းနေသော ချွန်းမြောင်၏ ပါးစပ်မှ ကြောက်မက်ဖွယ် ညည်းတွားသံက ထွက်ပေါ်လာခဲ့သည်။
“ငါ…ငါ နိုင်သွားတာ…”
“အိပ်တော့...မင်း ကောင်းကောင်း လုပ်ခဲ့ပါတယ်"
“အင်း…ဟုတ်တယ်…မင်းနိုင်သွားတာဆိုတော့ အခု သေလို့ရပြီ…"
"အာ…ငါမသေပါဘူး…"
ချွန်းမြောင်က ဖြည်းဖြည်းချင်း ထလာပြီး မတ်မတ်ထိုင်လိုက်သည်။
“ရေ..ရေအေး…”
“ငါတို့ဂိုဏ်းကတော့ ထိပ်တန်းဂိုဏ်းပဲဖြစ်ရမယ်…နည်းပြတစ်ယောက်က တပည့်တစ်ယောက်ကို ရေကမ်းနေတယ်တဲ့”
ဘတ်ချုန်းက သူကြိုတင်ပြင်ဆင်ထားသည့် ရေအေးကို ပေးလိုက်၏။ချွန်းမြောင်က နောက်ထပ် ဘာစကားမှမပြောဘဲ သောက်လေသည်။ထို့နောက် သူ့ခေါင်းကို သူကိုင်လိုက်သည်။
“အားးးး…. ငါ့ခေါင်း…"
“…ဒီအချိန်မှာ အဆိပ်အတောက်တွေကို မီးရှို့ပစ်လိုက်ရမှာ…မင်းအရင်က လုပ်ဖူးပါတယ်…"
“အဲ့ဒီလိုဆိုရင် ဘာလို့ အရက်သောက်နေသေးလဲ…”
“ဟုတ်တယ်…ဟုတ်တယ်…မင်းအရင်က ဒီလိုပဲ ပြောခဲ့တာ…"
ဘတ်ချုန်းက သက်ပြင်း တစ်ချက် ချလိုက်၏။
ဒီလိုမျိုး ဝမ်းနည်းရိပ်သန်းနေတဲ့အချိန်မှာ ဒီလူသားကို သူဘယ်လို ဆူပူနိုင်တော့မှာလဲ။
ဒါပေမယ့်…
'မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်…'
ခင်မင်ရင်းနှီးမှုတည်ဆောက်ရန် အကောင်းဆုံးနည်းလမ်းမှာ အရက်သောက်ခြင်းပင်ဖြစ်သည်။နန်းတော်သခင်၏ ရာထူးဂုဏ်သိန်သည် ယန်နန်ပြည် အပြည့်ပင်ဖြစ်သည်။
'ဒီရည်ရွယ်ချက်နဲ့ သောက်တာလား ဒါမှမဟုတ် လုံးဝ ပျော်ဖို့သက်သက်နဲ့ ရည်ရွယ်ပြီးတော့လားဆိုတာ ငါမသိဘူး…ဒါပေမယ့်...ဘယ်လိုပဲဖြစ်ဖြစ်အခု ချွန်းမြောင်က နန်းတော်သခင်နဲ့ မိတ်ဆွေတွေ ဖြစ်နေပြီဆိုတာတော့ သေချာတယ်…'
“အ နာလိုက်တာ…”
ချွန်းမြောင်က ခေါင်းကို နှစ်ကြိမ်ခါယမ်းပြလိုက်၏။ထို့နောက် နန်းတော်အစောင့်တစ်ယောက်က အထဲသို့ အပြေးဝင်လာခဲ့သည်။
"နိုးပါပြီလား…"
မနေ့ကနှင့် လုံးဝမတူသည့် သဘောထားပင်ဖြစ်၏။အစောင့်က ယဉ်ကျေးနေပြီး သူတို့ကို ဦးညွှတ်လာသည်။ယခု သူတို့သည် အရှင်၏ အသိအမှတ်ပြုခြင်းကို ခံရသော ဧည့်သည်များ ဖြစ်နေကြပြီမို့ ဒါ သဘာဝပင်ဖြစ်သည်။
“အင်း…”
“အရှင်က ခင်ဗျားတို့ကို ရှာနေပါတယ်…”
"ဘယ်လို…"
ချွန်းမြောင်က မေးလိုက်သည်။
"အရမ်းတွေ တက်ကြွနေပြီလား…ခုနလေးကတော့ မူးနေတာ မဟုတ်ဘူးလား…"
ဘတ်ချုန်း၏ နှုတ်ခမ်းများက မဲ့ရွဲ့နေ၏။
"ချွန်းမြောင် ရှုံးသွားတာထင်တယ်…"
"...ဖြစ်-ဖြစ်နိုင်ပါ့မလား…"
"အရှုံးသမား…"
ဘတ်ချုန်းက ပြုံးပြီး ထိုလူနောက်ကို လိုက်သွားလေသည်။
သူ ဒီလောက်ကြာအောင် အသက်ရှင်လာခဲ့တာ အခုတော့ ချွန်းမြောင် ရှုံးတာကို မျက်မြင်တွေ့နိုင်ခဲ့ပြီဖြစ်သည်။အခုမှပဲ ဘတ်ချုန်းအတွက် ဘဝက နည်းနည်းလေး ပျော်စရာကောင်းလာသလိုပင်။
'...မဖြစ်နိုင်ဘူး'
နန်းတော်သခင်ကို မြင်လိုက်ရသောအခါ ဘတ်ချုန်း၏ ရွှင်မြူးနေသောမျက်လုံးများမှာ ပြောင်းလဲသွားလေသည်။သူတို့ရှေ့ရှိ ဧရာမကုလားထိုင်ကြီးတစ်ခုတွင် ထိုင်ကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျားအရေခွံတစ်ခုကို ပတ်ထားလျက် သတိရှိနေသေးသည့် နန်းတော်သခင်…
မဟုတ်ဘူး…သူ သတိမရှိတော့ဘူး။
“ကျွတ်…”
'အဲဒါတွေကို ဘယ်လောက်တောင် သောက်ခဲ့ကြတာလဲ'
ထိုလူက သူသာ လမ်းလျှောက်ချင်လျှင် မိုးကောင်းကင်က သူ့ဘာသူ ဆင်းလာပေးဖို့လိုပြီး သူ့ကို ကူတွဲပေးရပေလိမ့်မည်။သူ၏မျက်လုံးများက မည်းမှောင်နေပြီး ခံစားချက်ကင်းမဲ့နေကာ သူ၏ပါးပြင်များသည် ရောဂါတစ်ခု ကပ်နေသလိုမျိုးဖြစ်နေသည်။
သူက ညည်းတွားပြီး စကားပြောဖို့ ကြိုးစားလိုက်သည်။
"...နေ..နေကောင်းရဲ့လား…"
"ဟားဟား…ကောင်းပါတယ်…ဒီနေ့လည်း သောက်ကြမယ်လေ… သောက်…ဝေါ့'
ဟွာဆန်းမှ တပည့်များသည် ချွန်းမြောင်ဆီသို့ အမြန်ပြေးသွားကာ သူ့ပါးစပ်ကို အုပ်လိုက်ကြသည်။
"မအန်နဲ့လေ…မင်းက အရူးပဲ…"
"ဒါက ဘယ်နေရာလို့ ထင်နေလို့လဲ…ခဏလေးနေဦး…"
"ပုံး…ကျွန်တော်တို့ကို ပုံးတစ်ပုံးယူလာပေးပါ…”
နန်းတော်သခင်က ထိုသို့ဖြစ်နေသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။
“မှန်တယ်…ဒီလိုတွေ ဖြစ်ပြီးတော့မှ မင်း နေလို့ကောင်းနိုင်မှာ မဟုတ်တော့ဘူး… အော့…”
"အိုး…နန်းတော်သခင်…အရှင် ထပ်ပြီး မအန်ပါနဲ့တော့…"
"ဒီမှာ..ရော့…"
အကုန်ရှုပ်ယှက်တွေခတ်ကုန်၏။သည်းမခံနိုင်တော့သည့် အစောင့်တစ်ယောက်က လှမ်းအော်လေသည်။
"နေမကောင်းဘူးလို့ ခံစားရရင် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ထိန်းတော်မူပါ…"
"ဘယ်လို…မင်းကတော့ အရူးပဲ…အဲ့ဒီလိုဆိုရင် ငါက ဘာလို့ အရက်သောက်နေမှာလဲ…'
ထိုစကားကို ကြားသောအခါ ဘတ်ချုန်းက ပြုံးလိုက်လေသည်။
“… တစ်နေရာရာမှာ ကြားဖူးသလို ခံစားရတယ်…ငါပဲ အထင်မှားနေတာလား…"
"အထင်မှားတာ ဖြစ်မှာပါ နည်းပြဘတ်"
အလောင်းအစားပွဲတွင် ပါဝင်သူနှစ်ဦးစလုံးသည် လှုပ်ဖို့တောင် အနိုင်နိုင်ပင်။သူတို့က တစ်ယောက်ကိုတစ်ယောက် မော့ကြည့်ရင်း နှုတ်ခမ်းများကို သုတ်လိုက်ကြသည်။
“ဒီလိုဆိုရင်…”
"...သရေမလား…"
မနေ့ညက သူတို့နှစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲသည် အရက်များ ပြတ်လပ်သွားသောကြောင့် အဆုံးသတ်ခဲ့တာဖြစ်သည်။သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် အရှုံးမပေးချင်သောကြောင့် နောက်နေ့တစ်နေ့မှ အပြီးသတ်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
“…အဲဒါ အရမ်းကောင်းတယ်…”
"မင်း…"
ဟွာဆန်းမှ တပည့်များသည် ကြောက်စရာကောင်းသော အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် လက်မထောင်ပြနေကြသည့် လူနှစ်ယောက်ကို မြင်သောအခါ ရယ်မောကြလေသည်။
'သူတို့က အဆင်ပြေနေကြတာပဲ…'
'သူတို့ကြားထဲမှာ တူညီတဲ့အချက်တစ်ခုတော့ ရှိမယ့်ပုံပဲ…'
'ဒါက ကြောက်စရာကောင်းလိုက်တာ..'
ဒါတွေက သူတို့ အတွေးဖြစ်သည်။နန်းတော်သခင်၏ဘဝသည်လည်း အတော်လေး မပျော်ရွှင်နိုင်ခဲ့ရလောက်ပေ။နန်းတော်သခင်သည် သူတို့၏ ကောင်စုတ်လေးနှင့် ဆင်တူနေသည်ကို တွေ့ရသောအခါ သူတို့သည် ထိုကြောက်စရာကောင်းသော လူကြီးအတွက် စာနာစိတ်နှင့် သနားကြင်နာစိတ်တို့ ဖြစ်မိကြသည်။
“ဒါပေမယ့် မနက်က ကျွန်တော်တို့ကို ဘာလို့ ဆင့်ခေါ်လိုက်တာလဲ…”
“အာ ဟုတ်သားပဲ…”
နန်းတော် သခင်က ပုံးကို ဘေးသို့ ဖယ်လိုက်ပြီး ပြောလိုက်၏။
"မင်းတို့မေးတဲ့ မြက်ပင်လေ…"
“ဟုတ်ကဲ့…”
"ကျုပ် အကူအညီတောင်းထားတဲ့လူက ကုန်သည်တွေဆီ စုံစမ်းမေးမြန်းပြီး သူတို့ထဲက တစ်ယောက်ဆီက သတင်းအချက်အလက် တချို့ ရလာခဲ့တယ်…"
"အာ အဲဒါက မြန်လိုက်တာ…"
“ဟားး..ဟားး..ယန်နန်ပြည်သူတွေက မြန်ဆန်တယ်…တိကျတယ်လေ…”
သူတို့ နှစ်ယောက် ရယ်နေတာကို ကြည့်ပြီး တပည့်များက သက်ပြင်း ချလိုက်ပြန်သည်။
ထိုမြင်ကွင်းကို မြင်သူတိုင်းက သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိလာတာ အနှစ် (၂၀) လောက် ကြာပြီဟု ထင်မိလောက်သည်။
ကံကောင်းထောက်မစွာနှင့် ခဏကြာသောအခါ တံခါးမကြီးက ပွင့်သွားပြီး ကုန်သည်တစ်ယောက် ဝင်လာခဲ့သည်။
"ယန်နန်ပြည်ရဲ့ နေမင်းသူရိန်ဖြစ်တဲ့ အရှင့်ကို နှုတ်ခွန်းဆက်သပါတယ်…"
"အရေးမပါတာတွေ ထားလိုက်တော့…ခရမ်းရောင်သစ်သားမြက်ကို မင်းသိသလား…"
ထိုလူက ကုန်သည်ကို စကားပြောဖို့တောင် အချိန်မပေးပေ။သခင်၏အမူအကျင့်နှင့် အကျွမ်းတဝင်ရှိနှင့်ပြီးသား ကုန်သည်က မေးခွန်းထဲတွင် ပါနေသည့် အကြောင်းအရာကို ဆက်ပြော၏။
“အလယ်ပိုင်းလွင်ပြင်က ခရမ်းရောင်သစ်သားမြက် လို့ခေါ်တာပါ…ယန်နန်မှာ ကျွန်တော်တို့က နတ်ဝိညာဉ်မြက်လို့ ခေါ်ပါတယ်။
"ဘယ်လို…"
သူ့အသံက ကျယ်လောင်နေ၏။
"နတ်ဝိညာဉ်မြက်လို့ ပြောတာလား…"
“ဟုတ်ကဲ့…”
"မင်းပြောတာက နတ်ဝိညာဉ်မြက်ကိုရှာဖို့ သူတို့က ဒီကို ရောက်နေတာလား…"
နန်းတော်သခင်၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။သူ့အသံမှာ ချက်ချင်းပင် အားလျော့သွားလေသည်။
'မဟုတ်သေးပါဘူး…ဒါဘာလဲ...'
"...အဲ့ဒါက အံ့သြစရာကောင်းတာမျိုးလား…"
ချွန်းမြောင်က နန်းတော် သခင်၏တုံ့ပြန်မှုကို မကြိုက်သဖြင့် မေးလိုက်၏။
“မဟုတ်ဘူး…အံ့သြစရာတော့ မဟုတ်ပါဘူး…”
'ကောင်းပြီလေ…'
'အဲ့ဒီမြက် အရင်တုန်းက အလယ်ပိုင်းလွင်ပြင်ကို ရောက်ဖူးတဲ့ ပစ္စည်းတစ်ခုလို့ သူတို့ ပြောခဲ့ဖူးတယ်မဟုတ်လား…အဲဒီမြက်က ကြီးကျယ်မြင့်မြတ်တဲ့ ပစ္စည်းတစ်ခုဆိုရင် ဒီလိုမျိုး အရောင်းအ၀ယ်လုပ်ဖြစ်မှာ မဟုတ်ဘူး…'
သို့သော် နန်းတော်သခင်က အကြပ်ရိုက်နေသောမျက်နှာနှင့် သူ့ခေါင်းကုတ်ကာ ပြောလိုက်၏။
“အာ ဒါက ဘာကိုဆိုလိုတာလဲဆိုရင်…"
"ပြဿနာတစ်ခုခုရှိလို့လား…"
ချွန်းမြောင်၏အမေးကြောင့် နန်းတော်သခင်က သက်ပြင်းချလိုက်သည်။
“ဒါကိုရဖို့နဲ့ ကိစ္စတွေတော့ ရှုပ်ကုန်တော့မှာပဲ…ပထမဆုံးအနေနဲ့ မင်းတို့ပြောခဲ့တဲ့ ခရမ်းရောင်သစ်သားမြက်တွေက ယန်နန်မှာ သေချာပေါက်ရှိတယ်… ဒါပေမယ့်…”
နန်းတော်သခင်က ခေါင်းယမ်းလိုက်သည်။
“မဟုတ်ဘူး ဒါကို ရှင်းရှင်းပြောရင် မင်းတို့အတွက် အထောက်အကူ ဖြစ်မှာမဟုတ်ဘူး…ကျုပ်နောက်လိုက်ခဲ့ကြပါ…နတ်ဝိညာဉ်မြက်ပင်ရှိတဲ့ဆီကို လမ်းပြပေးမယ်…”
နန်းတော်သခင်က ထိုင်နေရာမှ ခုန်ထလိုက်၏။
ထိုလူကြီး၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ သူတို့တွေ ယုံကြည်လိုက်ကြသည်..။
"ကျုပ်နောက်လိုက်ခဲ့ကြ...ဝေါ့…ပုံး..ပုံး..ဝေါ့…”
နောက်တော့ ထိုယုံကြည်မှုက ချက်ချင်းပျောက်ကွယ်သွားတော့သည်။