နိဗ္ဗာန်ဆေးလုံးဖြင့် အဆင့်တက်မရသောရှောင်ယန်
Vol. 17 Ch. 161
အပြစ်ကင်းစင်လှသည့် ပိုင်ယွမ်မှာမူ ထိုမျှအထိ နက်နက်နဲနဲ တွေးတောခြင်း မရှိပေ။ ၎င်းပြင် သူမတို့ကဲ့သို့သော သားရဲများ၏ စိတ်ထဲတွင် မိတ်လိုက်လိုစိတ် ဖြစ်ပေါ်ခြင်းမှာ သဘာဝတရား၏ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပြီး ဖုံးကွယ်ထားရန် မလိုအပ်ဟု မှတ်ယူထားကြသည်။ ထို့အပြင် သန်မာပြီး ခန့်ညားသော သားရဲများကသာ မိတ်လိုက်ခွင့်ကို ပိုရရှိထိုက်သည်ဟု သူတို့ ယုံကြည်ကြသည်။
အမှန်စင်စစ် ပိုင်ယွမ်က သားရဲအသွင်ကို စွန့်ခွာနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အသိဉာဏ်မပွင့်သေးသော သားရဲများကဲ့သို့ အဖော်ကို စည်းကမ်းမဲ့ ရွေးချယ်မည်မဟုတ်ပေ။ သူမက သူမ၏ သခင်နောက်သို့သာ တကောက်ကောက် လိုက်ပါလိုပြီး အပြစ်ကင်းစင်သော စိတ်ထားဖြင့် သူမသခင် နှစ်သက်သည့် အိမ်မွေးတိရစ္ဆာန်လေးအဖြစ်သာ နေထိုင်ချင်နေသည်။ သူမ၏သခင်က သူမအပေါ် မည်သို့ပင် ပြုမူပါစေ သူမကတော့ ကြည်ဖြူစွာ လက်ခံရန် အသင့်ရှိနေခဲ့သည်။
တကယ်တော့ လူသားအသွင်သို့ ပြောင်းလဲနိုင်ခဲ့ချိန်တွင် ပိုင်ယွမ်က သူမသခင်၏ စိုးရိမ်ပူပန်မှုအချို့ကို ဝေမျှဖြေဖျောက် ပေးနိုင်လိမ့်မည်ဟု တွေးမိခဲ့သည်။ ဝူယွမ်က မိမိ၏ စိတ်လှုပ်ရှားမှုများကို ဖြည်းညှင်းစွာ ထိန်းချုပ်ကာ ပိုင်ယွမ့်အပေါ် ထားရှိသည့် ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး လေသံအေးအေးဖြင့် စကားစပြောလိုက်သည်။
“ပိုင်ယွမ်... တကယ်တော့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါက မင်းကို မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။ ငါတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေမို့လို့ ငါ့ကို သခင်လို့ ခေါ်ဖို့ မလိုတော့ဘူး”
ပိုင်ယွမ့်၏ စင်ကြယ်လှပသော အဖြူနှင့်အမဲ ရောစပ် မျက်ဝန်းအစုံက ပုတ်ခတ်ပုတ်ခတ်ဖြင့် ဇဝေဇဝါ ဖြစ်သွားပုံရသည်။ “ဒါပေမဲ့ ရှင်က ကျွန်မရဲ့ သခင်ပဲဟာ။ သခင်လို့ မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲဟင်”
“မင်း ငါ့ကို... ဘယ်လိုခေါ်ရင် သင့်တော်မလဲဆိုတာ ငါ စဉ်းစားလိုက်ဦးမယ်” ဝူယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်ရင်း အတွေးနက်သွားခဲ့သည်။
မူလက ပိုင်ယွမ်ကို ‘အစ်ကိုကြီး’ ဟု ခေါ်ခိုင်းရန် စီစဉ်ခဲ့သော်လည်း ယခုကဲ့သို့ ချစ်စဖွယ်ကောင်းသော မိန်းကလေးအဖြစ် ပြောင်းလဲသွားချိန်တွင် ‘အစ်ကိုကြီး’ ဟု ခေါ်ခိုင်းရန်မှာ တစ်မျိုးကြီး ဖြစ်နေသလို သူ ခံစားနေရသည်။
“သခင်... ကျွန်မကတော့ ‘သခင့်ကို... သခင်’ လို့ပဲ ခေါ်ချင်တာ” ပိုင်ယွမ်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်ကာ ပြောလိုက်သည်။ သူမအတွက်မူ ထိုခေါ်တဲ့ပုံစံမျိုးကို သဘာဝအကျဆုံး ဖြစ်နေကာ ထိုနာမ်စားက သူမသည် ဝူယွမ်တစ်ဦးတည်း၏ အပိုင်ဖြစ်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ၎င်းပြင် ထိုအမည်နာမမှာ သူမတစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်သည်မဟုတ်ပါလား။
“အင်းလေ... အခေါ်အဝေါ်ဆိုတာ ပုံစံတစ်ခုပါပဲ။ ကောင်းပြီ... မင်း အဲဒီလိုပဲ ခေါ်ချင်ရင်လည်း ခေါ်ပေါ့” ဟု ဝူယွမ်က ပြန်ပြောလိုက်သည်။ သူက ပိုင်ယွမ်ကို နားချရန် ကြိုးစားသေးသော်လည်း သူမ၏ ခိုင်မာသော အကြည့်များကို တောင့်မခံနိုင်ဘဲ လက်လျှော့လိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဝူယွမ်က ထိုသို့ခေါ်သည်ကို သူ၏စိတ်ထဲမှ သဘောကျနေကြောင်းကိုတော့ ဘယ်တော့မှ ဝန်ခံမည်မဟုတ်ပေ။ နုနယ်သော အသံလေးဖြင့် ‘သခင်’ ဟု ခေါ်သည်ကို ကြားရခြင်းမှာ လူတိုင်းရခဲလှသော အတွေ့အကြုံတစ်ခုပင်။ ပိုင်ယွမ်ကို စိတ်ထဲမှ အစေခံတစ်ဦးကဲ့သို့ သဘောမထားသရွေ့ အဆင်ပြေသည်ဟုသာ သူ တွေးလိုက်ရသည်။
“ကဲ... သွားကြစို့၊ ငါတို့ အပြင်ထွက်ကြမယ်”
ဝူယွမ်က ပိုင်ယွမ်ကို မြေအောက်နန်းတော်ထဲမှ ခေါ်ထုတ်လာခဲ့သည်။ သူမ ဝတ်ဆင်ထားသော ဝတ်ရုံကို ကြည့်ပြီး “မင်းအတွက် အဝတ်အစားအသစ်တွေ လဲပေးဖို့ လိုမယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။ ဝူယွမ်၏ ဝတ်ရုံကို ဝတ်ထားလျှင်ပင် ပိုင်ယွမ်က လှပနေသော်လည်း မိန်းမပျိုလေးများ၏ အဝတ်အစားနှင့်ဆိုလျှင်မူ သူမ၏ ဆွဲဆောင်မှုမှာ ပိုမိုပေါ်လွင်လာမည်ဖြစ်သည်။ ပိုင်ယွမ်က ဤမျှ လှပစွာ အသွင်ပြောင်းနိုင်ခဲ့သဖြင့် ဝူယွမ်အနေဖြင့် သူမကို ဖုံးကွယ်ထားရန် စိတ်မကူးမိပေ။
“အစ်မတော် ရွှမ်စု... ဒီကို ခဏလောက် လာခဲ့ပါဦး”
ဝူယွမ်က ဂိုဏ်းချုပ်နန်းဆောင်တွင် အနားယူနေသော အစ်မတော် ရွှမ်စုထံသို့ သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သတင်းစကား ပေးပို့လိုက်သည်။ ပုံမှန်အားဖြင့် ရွှမ်စုက ဝူယွမ်၏ ဂိုဏ်းချုပ်လက်ထောက် အတွင်းရေးမှူးအနေဖြင့် ဂိုဏ်းချုပ်နန်းဆောင်တွင် အမြဲရှိနေတတ်ရာ ဝူယွမ် ကျောက်တိုင်အာကာသအတွင်း ဝင်ထွက်သွားလာသည့်အခါတိုင်း အခြေအနေအရပ်ရပ်ကို ချက်ချင်း အစီရင်ခံနိုင်သည်။
“ဂိုဏ်းချုပ်... အို... ဒီမိန်းကလေးက ဘယ်သူလဲ”
ကျပ်ထုတ်နေသော ဘေးခွဲဝတ်စုံကို ဝတ်ဆင်ထားသည့် အစ်မတော် ရွှမ်စုက နွဲ့နွဲ့နှောင်းနှောင်းဖြင့် လှလှပပ လျှောက်လှမ်းလာခဲ့သည်။ ရောက်ရောက်ခြင်း သူမ၏ အကြည့်မှာ အရင်ဆုံး ဝူယွမ်၏ ဘေးတွင် ရပ်နေသော ပိုင်ယွမ်ထံသို့ ကျရောက်သွားသည်။ ပိုင်ယွမ်က ဝတ်ရုံတစ်ထည်ကိုသာ ရိုးရှင်းစွာ ရစ်ပတ်ထားသော်လည်း ရွှမ်စုက သူမ၏ အလှရှေ့တွင် မိမိကိုယ်မိမိ အားငယ်စိတ် အနည်းငယ် ဝင်သွားမိသည်။ သူမ ယှဉ်နိုင်သည်ဆို၍ သူမ၏ ရင်သားအလှတစ်ခုသာ ရှိတော့သည်။
“သူ့ကို မမှတ်မိဘူးလား။ အစ်မနဲ့ တွေ့ဖူးပါတယ်” ဟု ဝူယွမ်က ပြုံးလျက် ပြောလိုက်သည်။
ပိုင်ယွမ်က အသွင်ပြောင်းပြီးနောက် သူမ၏ ရုပ်ရည်သွင်ပြင်မှာ လင်းချင်းကျူနှင့် အနည်းငယ် ဆင်တူနေသည်။ လင်းချင်းကျူကို မြင်ဖူးသူတိုင်း ပိုင်ယွမ့်မျက်နှာတွင် သူမ၏ အရိပ်အယောင်အချို့ကို သတိထားမိပေလိမ့်မည်။ သို့သော် လင်းချင်းကျူမှာ တစ်နှစ်ပတ်လုံး မျက်နှာဖုံးစွပ်ထားလေ့ရှိရာ သူမ၏ မျက်နှာအစစ်အမှန်ကို မြင်ဖူးသူ အလွန်နည်းပါးလှသည်။ ဝူယွမ်နှင့် ပိုင်ယွမ်တို့ကသာ သူမ၏ ရုပ်ရည်အစစ်အမှန်ကို မြင်ဖူးကြခြင်း ဖြစ်သည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် လင်းချင်းကျူနှင့် တိုက်ရိုက် မဆုံမချင်း ပိုင်ယွမ့်အပေါ် သံသယဝင်သူ ရှိလိမ့်မည်မဟုတ်ပေ။
“အစ်မတော် ရွှမ်စု” ပိုင်ယွမ်က ချိုသာစွာ ခေါ်လိုက်ပြီး သူမ၏ ဦးခေါင်းပေါ်ရှိ အမွေးပွ နားရွက်ဖြူဖြူကြီးနှစ်ဖက်က လှုပ်ခတ်သွားသည်။ ထိုအခါမှသာ ရွှမ်စုက ထိုနားရွက်ကြီးများကို သတိထားမိသွားတော့သည်။
“ပိုင်ယွမ်... မင်းက ဟိုဖြူဖြူဖွေးဖွေး ကျားမလေး ပိုင်ယွမ်ပေါ့လေ” ရွှမ်စုက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ သားရဲများ လူသားအသွင်ပြောင်းခြင်းကို သူမ ကြားသာကြားဖူးပြီး အပြင်မှာ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ဪ... မင်းက ကျားမလေးကိုး” ရွှမ်စုက အနည်းငယ် မနာလိုသလို လေသံဖြင့် ပြောလိုက်သည်။ သူမ ယခင်က ပိုင်ယွမ်ကို အထီးလား၊ အမလား သတိမထားမိခဲ့ပေ။ သို့သော် ယခု ပိုင်ယွမ်က လူသားအသွင်ပြောင်းလိုက်ပြီး ထူးကဲစွာ လှပနေခြင်းကြောင့် မိမိ၏ အလှအပအပေါ် ယုံကြည်မှုရှိလှသော ရွှမ်စုပင် ဖိအားအနည်းငယ် ခံစားလိုက်ရသည်။
“ကဲ... ပိုင်ယွမ်က အခုမှ အသွင်ပြောင်းတာဆိုတော့ ဝတ်စရာ အဝတ်အစားမရှိသေးဘူး။ ဒါကို အစ်မပဲ တာဝန်ယူပေးပါ။ ပိုင်ယွမ့်ကို အဝတ်အစားလေးတွေ ပြင်ဆင်ပေးပြီး လူသားတစ်ယောက်လို နေထိုင်တတ်အောင် သင်ပေးပါဦး”
ဝူယွမ်က ပိုင်ယွမ်ကို ရွှမ်စုထံ အပ်နှံခဲ့ပြီးနောက် ကျောက်တိုင်အာကာသအတွင်းမှ ထွက်ခွာကာ နတ်ဆိုးကျောက်တုံးမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“အစ်ကိုကြီး... အဆင့်တက်တာ ပြီးပြီလား။ ပိုင်ယွမ်ရော ဘယ်မှာလဲ” ဝူယွမ်ကို မြင်သည်နှင့် လင်းတုန်က စပ်စုလိုက်သည်။
“ပိုင်ယွမ်က အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ပြီး လူသားအသွင် ပြောင်းသွားပြီ။ အခု အစ်မတော် ရွှမ်စုဆီမှာ အဝတ်အစားတွေ ပြင်ဆင်နေတယ်”
“အခု ရှောင်ယန်ရဲ့ အဆင့်တက်ဖို့ကိစ္စကို ဆွေးနွေးကြစို့။ ရှောင်တျောင်း... မင်း ပြောပြပါဦး၊ ရှောင်ယန်က ဘာလို့ နိဗ္ဗာန်ဆေးလုံးတွေကို သုံးပြီး နိဗ္ဗာန်အဆင့်ကို တက်လှမ်းလို့ မရတာလဲ”
ယခုအခါ လူနှစ်ယောက်နှင့် ကျားနှစ်ကောင်အဖွဲ့တွင် ရှောင်ယန်တစ်ကောင်သာ အဆင့်မတက်သေးဘဲ ကျန်ရှိနေတော့သည်။ ယန်မြို့တော်မှ အတူထွက်လာကြသူများ ဖြစ်ကြရာ ရှောင်ယန်ကို နောက်ချန်ထားရန် ဝူယွမ် စိတ်မကူးပေ။
အရင် ပိုင်ယွမ်နှင့်အတူ နိဗ္ဗာန်အဆင့်ကို အတူတက်ဖို့ ပြင်တုန်းက ရှောင်တျောင်းက တားဆီးကာ ရှောင်ယန်ကို နိဗ္ဗာန်ဆေးလုံးတွေ သုံးပြီး နိဗ္ဗာန်အဆင့်ကို တက်မရကြောင်းပြောခဲ့ခြင်းကြောင့် ရပ်ထားရခြင်းဖြစ်သည်။
ရှောင်တျောင်းက ဝူယွမ်၏အမေးကို ရှင်းပြလိုက်သည်။ - “နိဗ္ဗာန်အဆင့်ကို တက်လှမ်းဖို့ဆိုတာ လူသားတွေအတွက်ရော သားရဲတွေအတွက်ပါ အရမ်းအရေးကြီးတယ်။ သွေးသားသန့်စင်တဲ့ သားရဲအချို့က နိဗ္ဗာန်အဆင့်ကို ရောက်တာနဲ့ ပိုင်ယွမ်လိုမျိုး အသိဉာဏ်ပွင့်ပြီး လူသားအသွင် ပြောင်းလဲနိုင်ကြတယ်။ ဒါပေမဲ့ သွေးသားမသန့်စင်တဲ့ သားရဲတွေကတော့ အသိဉာဏ် တိုးလာပေမဲ့ သားရဲဘဝကနေ မလွတ်မြောက်နိုင်ကြဘူး။ အဆင့်တက်သွားပေမဲ့ သူတို့ရဲ့ သဘာဝက မပြောင်းလဲသွားတဲ့အတွက် နောင်တစ်ချိန်မှာ နိဗ္ဗာန်ဘေးဒုက္ခတွေကို ကျော်ဖြတ်ဖို့ ပိုခက်ခဲသွားပြီး သေခြင်းရှင်ခြင်း နယ်ပယ်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
လင်းတုန်က “ရှောင်ယန်မှာက သွေးသားထူးခြားချက်တွေ ရှိနေတာ မဟုတ်ဘူးလား” ဟု မေးသည်။
“သွေးသားထူးခြားတာက ဆင့်ကဲပြောင်းလဲဖို့ အခွင့်အရေး ပိုများတာပဲရှိတာ၊ အခြေခံအားဖြင့်တော့ သူက အဆင့်နိမ့်သားရဲပဲ။ သူက တခြားသားရဲတွေရဲ့ သွေးသားကို ဝါးမျိုခဲ့ပေမဲ့ အဲဒီသားရဲတွေကလည်း သိပ်အစွမ်းမထက်ဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ကိုပဲ သန်မာစေတာ၊ သွေးသားကို အခြေခံကနေ ပြောင်းလဲမပေးနိုင်ဘူး။ ဒါကြောင့် ရှောင်ယန်ရဲ့ သွေးသားကို လုံးဝပြောင်းလဲပစ်ဖို့ဆိုရင် စင်ကြယ်တဲ့ ကျားမျိုးနွယ်စုရဲ့ သွေးသားကို ဝါးမျိုဖို့ လိုအပ်တယ်”
လင်းတုန်နှင့် ရှောင်ယန်တို့က သေချာနားထောင်နေကြသော်လည်း ရှောင်ယန်မှာမူ သူ၏ အသိဉာဏ်ဖြင့် ထိုအကြောင်းအရာများကို နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။
ရှောင်တျောင်းက ဆက်လက်၍ “ကျားမျိုးနွယ်စုတွေထဲမှာ သွေးသား အသန့်စင်ဆုံး မျိုးနွယ်သုံးခု ရှိတယ်။ အဲဒါတွေကတော့ နက်ရှိုင်းတဲ့ အမှောင်ထုကျား၊ မြေကမ္ဘာတုန်ဟီး မိုးကြိုးကျားနဲ့ ကောင်းကင်နတ်ဆိုးကျား (Heavenly Demon Tiger) တို့ပဲ”
“ဒီမျိုးနွယ်သုံးခုဟာ နတ်ဆိုးနယ်မြေမှာတင်မက ပြည်ထောင်တစ်ရာတိုက်ပွဲကို ဦးစီးနေတဲ့ ဂိုဏ်းကြီးတွေထက် နည်းနည်းလေးမှ အားမနည်းဘူး။ ဒါတွေအပြင် ရှေးဦးအစပိုင်းမှာ ရှိခဲ့ဖူးတဲ့ ပိုအစွမ်းထက်တဲ့ အလင်းနတ်ဘုရားကျား ဆိုတာလည်း ရှိသေးတယ်၊ ဒါပေမဲ့ အဲဒါက ပျောက်ကွယ်သွားတာ ကြာလှပြီ”
လင်းတုန်က အနည်းငယ် စိတ်ပျက်သွားကာ “ဒီနေရာက နတ်ဆိုးနယ်မြေလည်း မဟုတ်ဘူး၊ ရှေးဟောင်းစစ်မြေပြင်မှာ ဒီလိုမျိုးနွယ်စုတွေကို တွေ့နိုင်ပါ့မလား”
ဝူယွမ်ကမူ ရှောင်ယန်၏ ကံကြမ္မာကို သိရှိပြီးဖြစ်ရာ ယုံကြည်မှုအပြည့်ဖြင့် “စိတ်မပူပါနဲ့၊ ငါတို့ရဲ့ ကံတရားက အဲဒီလောက် မဆိုးနိုင်ပါဘူး။ ရှေးဟောင်းနယ်မြေဘက်ကို သွားရင်းနဲ့ သတင်းစုံစမ်းကြတာပေါ့။ ဒီမျိုးနွယ်စုတွေရဲ့ သတင်းကြားတာနဲ့ ငါ ကိုယ်တိုင် ရှောင်ယန်အတွက် ကူညီပြီး ရယူပေးမယ်”
ထို့နောက် အဖွဲ့သားများကို ပြင်ဆင်စေပြီး ခရီးဆက်ခဲ့ကြသည်။ လမ်းခရီးတွင် အစ်မတော် ရွှမ်စု၏ ပြင်ဆင်ပေးမှုဖြင့် ပိုင်ယွမ်က ကျောက်တိုင်အာကာသအတွင်းမှ ထွက်လာခဲ့သည်။
“အစ်ကိုကြီး... ဒါ... ဒါ ပိုင်ယွမ်လား” လင်းတုန်မှာ ပိုင်ယွမ်ကို မြင်မြင်ခြင်း ဆွံ့အသွားတော့သည်။ လင်းတုန်သာမက ဝူယွမ်ကိုယ်တိုင်ပင် အံ့ဩသွားရသည်။ အစ်မတော် ရွှမ်စု၏ အဝတ်အစား ရွေးချယ်မှုမှာ အလွန်ပင် ကောင်းမွန်လှသည်။ ပိုင်ယွမ်က အနက်ရောင် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်မှ နှင်းဖြူရောင် သားမွေးဝတ်ရုံကို ခြုံထားကာ သူမ၏ ဦးခေါင်းပေါ်ရှိ နားရွက်ဖြူဖြူလေးများနှင့် အလွန်ပင် လိုက်ဖက်လှသည်။
သူမ၏ ဖြူဖွေးသွယ်လျသော လက်မောင်းလေးများနှင့် ညှို့ရိုးလေးများမှာ ဝတ်ရုံကြားမှ ပေါ်လွင်နေသည်။ ငွေရောင်ဆံနွယ်ရှည်များက ကျောပြင်ထက်တွင် ဖြန့်ကျက်ကျနေပြီး ဘေးခွဲ၀တ်စုံကြောင့် ပေါ်လွင်နေသော သူမ၏ ခြေတံရှည်များက ရင်သပ်ရှုမောဖွယ် အလှကို သယ်ဆောင်နေသည်။
“ဟားဟား... ညီလေး၊ ငါပြောသားပဲ၊ ငါတို့နတ်ဆိုးမျိုးနွယ်က မိန်းကလေးတွေ အသွင်ပြောင်းရင် တိုင်းပြည်ကိုတောင် မှောက်လှန်နိုင်တဲ့ အလှမျိုးရှိတယ်ဆိုတာ။ မင်း တွေ့ပြီမလား၊ လူသားမိန်းကလေးတွေထဲမှာ ပိုင်ယွမ့်အလှကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး” ရှောင်တျောင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
ရှောင်ယန်ကမူ သူ၏အစ်မ လူသားအသွင် ပြောင်းသွားသည်ကို မယုံနိုင်ဘဲ ပိုင်ယွမ့်ကို ပတ်ချာလည်ဝိုင်းကာ ဟိန်းဟောက်နေလေသည်။ ပိုင်ယွမ်ကမူ ယခင်အတိုင်းပင် ဝူယွမ်၏ ဘေးနားမှ မခွာဘဲ ကပ်နေမြဲဖြစ်သည်။ အဖွဲ့သားအားလုံးက ဝူယွမ်၏ ဘေးတွင် ယခုကဲ့သို့ လှပသော သားရဲလက်တွဲဖော်ရှိသည်ကို အားကျမဆုံး ဖြစ်နေကြသည်။
ထိုညတွင် အနားယူနေစဉ် ကျန်းယွဲ့က ဝူယွမ်၏ အခန်းထဲသို့ တိုးတိုးလေး ဝင်လာပြီး “အစ်ကိုကြီး ဝူယွမ်... အစ်ကိုနဲ့ ပိုင်ယွမ်က ဘယ်လိုလဲဟင်” ကပ်တိုးလေး မေးခွန်းထုတ်လိုက်သည်။ ပိုင်ယွမ့်အလှက မိန်းကလေးအချင်းချင်းပင် ရင်ခုန်ရလောက်အောင် ထူးကဲလွန်းလှသည်မဟုတ်ပါလား။
“မင်း ဘာတွေ တွေးနေတာလဲ။ ငါနဲ့ ပိုင်ယွမ်က သခင်နဲ့ အိမ်မွေးသားရဲ ဆက်ဆံရေးပဲရှိတာပါ။ ငါက ကျားဘုရင် ဖြစ်ချင်နေတယ်လို့ မင်းထင်နေတာလား” ဟု ဝူယွမ်က ကျန်းယွဲ့ကို ချော့မော့ရင်း သက်ပြင်းချလိုက်သည်။
နေ့စဉ် လှုပ်ရှားသွားလာရာတွင် ဝူယွမ်က ပိုင်ယွမ်နှင့် ခပ်ခွာခွာနေရန် ကြိုးစားသော်လည်း ပိုင်ယွမ်ကမူ ထိုသို့သော အသိမျိုး မရှိပေ။ သူမက ယခင်ကဲ့သို့ပင် ဝူယွမ်ကို ကပ်တွယ်နေပြီး တစ်ခါတစ်ရံတွင် “သခင်... အရင်ကလို ကျွန်မရဲ့ နားရွက်လေးတွေကို ဘာလို့ မပွတ်ပေးတော့တာလဲ” ဟုပင် မေးတတ်သေးသည်။ ဝူယွမ်မှာ သူမကို မပစ်ပယ်နိုင်သော်လည်း ကျားတစ်ကောင်ကို ပွတ်သပ်ပေးခြင်းနှင့် မိန်းကလေးတစ်ဦးကို ပွတ်သပ်ပေးခြင်းမှာ စိတ်ပိုင်းဆိုင်ရာအရ များစွာ ကွာခြားလှသည်။
ထို့ကြောင့် ဝူယွမ်က ပိုင်ယွမ်ကို မိန်းကလေးတစ်ယောက်ကဲ့သို့ ကျင့်ကြံတတ်ရန် ဖြည်းဖြည်းချင်း သင်ကြားပေးရတော့သည်။ သူက ချင်းတန်ကို ဆုံးမသကဲ့သို့ပင် ပိုင်ယွမ်ကို လူရှေ့တွင် သခင်နှင့် အစေခံကဲ့သို့ စည်းကမ်းရှိရှိ နေထိုင်ရန်နှင့် လူကွယ်ရာတွင်မှ နားရွက်လေးများကို ပွတ်သပ်ပေးမည်ဟု ကတိပေးခဲ့ရသည်။
ဆယ်ရက်ခန့် ခရီးနှင်ပြီးနောက် သူတို့က ရှေးဟောင်းနယ်မြေသို့ ဆိုက်ရောက်လာကြသည်။ ထိုနေရာက အလွန်တရာ ကျယ်ပြောလှပြီး ရှေးကျသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ မြို့တော်များမှာလည်း ခမ်းနားထည်ဝါလှပြီး ရတနာရှာဖွေသူများဖြင့် အလွန်ပင် စည်ကားနေသည်။ ဝူယွမ်တို့အဖွဲ့ ဝင်လာချိန်တွင် နတ်ဆိုးကျောက်တုံးပြည်ထောင်စုကို နှိမ်နင်းခဲ့သည့် သူတို့၏ ဂုဏ်သတင်းကြောင့် လူအများက လမ်းဖယ်ပေးလိုက်ကြသည်။
ဝူယွမ်က ချက်ချင်းပင် မိုလင်နှင့် အခြားသူများကို စေလွှတ်၍ ကျားမျိုးနွယ်စုကြီး သုံးခု၏ သတင်းကို စုံစမ်းခိုင်းလိုက်သည်။ သိပ်မကြာမီမှာပင် မိုလင်က ဝမ်းသာအားရဖြင့် ပြန်ရောက်လာခဲ့သည်။
“ခေါင်းဆောင်... ကျွန်တော်တို့ ဒီမှာ ကောင်းကင်နတ်ဆိုးကျားနဲ့ ပတ်သက်တဲ့ သတင်း ရထားပါတယ်”
“အို... မြန်မြန်ပြောစမ်းပါဦး” ဟု ဝူယွမ်က စိတ်ဝင်တစား မေးလိုက်လေသည်။