နတ်ဆိုးလှံ လျူပိုင် နှင့် နိဗ္ဗာန်ကောင်းကင်လောင်ကျွမ်းခြင်းမီးအစီအရင်
Vol. 17 Ch. 167
ဆေးဝိညာဉ်အလောင်းကောင် သုံးထောင်ကျော်ပါဝင်သော စစ်တပ်ကြီး...။ ဤမျှခိုင်မာသော အခြေခံအုတ်မြစ်က ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးကို ခြေမှုန်းပစ်ရန် လုံလောက်ပေသည်။
ဝူယွမ်က ဖန်တီးခြင်း ရှေးဟောင်းကျောက်တိုင်ရှေ့ရှိ ရင်ပြင်ကျယ်ကြီးပေါ်တွင် ရပ်တန့်နေသော မီးနီရောင် အရိုးဝိညာဉ်ရုပ်သေးများကို ကြည့်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်မိလေသည်။
ထိုဆေးဝိညာဉ်အလောင်းကောင်များကို ရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း၌ ထားရှိမည်ဆိုပါက မဟာရှေးဟောင်းဂိုဏ်းမှ တပည့်များအတွက် လက်ရည်သွေးလေ့ကျင့်ဖော် ရုပ်သေးများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
ဝူယွမ်က ရှေးဟောင်းနတ်နန်းတော်အတွင်း၌ သန့်စင်ခြင်းအစီအရင်တစ်ခုကို တည်ဆောက်လိုက်သည်။ ထိုအစီအရင်က ယခင်က တခြားကမ္ဘာမှနတ်ဆိုးစွမ်းအင်များကို သန့်စင်ခဲ့သည့်နည်းအတိုင်း အစွမ်းထက်လှသည်။ သူက ဆေးဝိညာဉ်အလောင်းကောင်များတွင် ကပ်ငြိနေသော ကြမ်းတမ်းခက်ထန်သည့် သွေးဆာနေသော အော်ရာများကို ဖယ်ရှားသန့်စင်ပေးလိုက်ရာ ထိန်းချုပ်ရ ပိုလွယ်ကူသွားခဲ့သည်။
ဤလုပ်ငန်းစဉ်များ ပြီးသောအခါ မိုလင်းနှင့် အခြားလူ ခုနစ်ဆယ်ကျော်အား သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ရုပ်သေးများအဖြစ် ပြုလုပ်ရန် ဆေးဝိညာဉ်အလောင်းကောင်များကို ရွေးချယ်စေခဲ့သည်။
ဆေးဝိညာဉ်အလောင်းကောင် တစ်ခုချင်းစီက ထူးခြားကွဲပြားမှုရှိပြီး သူတို့၏ ယခင်ဘဝနှင့် အတော်လေး ဆက်စပ်နေသည်။ ဥပမာအားဖြင့် အစောဆုံးပေါ်လာခဲ့သော ဆေးဝိညာဉ်အလောင်းကောင်၏ လက်ထဲတွင် သုံးခွလှံတံတစ်ခုကို ကိုင်ဆောင်ထားရာ ၎င်းက သူအသက်ရှင်စဉ်က အသုံးပြုခဲ့သော ဝိညာဉ်ရတနာလက်နက် ဖြစ်ဖို့ရာများသည်။
သူတို့က ကိုယ်ပိုင်ဝိသေသ လက္ခဏာများ ရှိကြပြီး ယခင်က တတ်မြောက်ခဲ့သော သိုင်းပညာရပ်အချို့ကို နားလည်ထားကာ အလေ့အထများကိုလည်း ထိန်းသိမ်းထားကြသည်။
မိုလင်းတို့အဖွဲ့က အရေအတွက်ကန့်သတ်ချက်မရှိဘဲ ကိုယ့်စွမ်းအားအပေါ်မူတည်ကာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။
သို့သော် ယေဘုယျအားဖြင့် သူတို့၏ စွမ်းအားအရ ဆေးဝိညာဉ်အလောင်းကောင် နှစ်ခုကို ထိန်းချုပ်ခြင်းသည်ပင် အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအလောင်းကောင်များက နိဗ္ဗာန်အဆင့်တစ်တွင် ရှိကြပြီး အချို့မှာ နိဗ္ဗာန်အဆင့်နှစ်သို့ပင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။
လူတိုင်း အနည်းဆုံး ဆေးဝိညာဉ်အလောင်းကောင် တစ်ခုစီ ရရှိပြီးနောက် ဝူယွမ်က သူတို့အား တစ်ကိုယ်တော်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရတနာများ ရှာဖွေရန် ထွက်ခွာခွင့်ပြုလိုက်သည်။
ဤရှေးဟောင်းရတနာတိုက်ကြီးက အလွန်ကျယ်ပြောလှပြီး ဂိုဏ်းပေါင်းများစွာ ပြန့်ကျဲတည်ရှိနေသော ဂိုဏ်းမဟာမိတ်နယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့အားလုံး အတူတကွ သွားလာနေမည်ဆိုပါက ရောက်လေရာအရပ်ကို ခြေမှုန်းနိုင်မည် မှန်သော်လည်း နေရာနှံ့စပ်အောင် သွားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းအနည်းငယ်၏ အမွေအနှစ်များကိုသာ ရရှိနိုင်လိမ့်မည်။
ယခုအခါ ဝူယွမ်က သူတို့ကို ပထမအဆင့် ဆေးဝိညာဉ်အလောင်းကောင်များကို ပေးအပ်ထားပြီးဖြစ်သည်။ သုံးလေးငါးယောက် စုပေါင်းသွားလာပါက မည်သည့်ပြည်ထောင်စုနှင့် တွေ့ဆုံသည်ဖြစ်စေ ဘေးကင်းလုံခြုံမှု ရှိစေရန် လုံလောက်ပေသည်။
ဘေးကင်းရေးအပြင် ဝူယွမ်က သူတို့အတွက် မြေပုံကြမ်းတစ်ခုကိုလည်း ရေးဆွဲပေးလိုက်သည်။
သူရရှိခဲ့သော မှတ်ဉာဏ်အပိုင်းအစများမှတဆင့် ဝူယွမ်က ရှေးဟောင်းရတနာတိုက်၏ သတင်းအချက်အလက်များကို ယေဘုယျ နားလည်ထားပြီး ဂိုဏ်းအပျက်အစီနေရာများ၏ ခန့်မှန်းခြေ ဦးတည်ချက်များကို သိရှိထားသည်။
ဤဂိုဏ်းမဟာမိတ်အဖွဲ့ကို လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းကြီးလေးဂိုဏ်း၊ အစောင့်အရှောက်ဂိုဏ်း (၁၆) ဂိုဏ်းနှင့် ကြယ်တာရာဂိုဏ်း (၃၆) ဂိုဏ်း အပါအဝင် ဂိုဏ်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းကြီးလေးဂိုဏ်းကို ဗဟိုပြု၍ ကျန်ဂိုဏ်းများက အကွင်းလိုက် ဖြန့်ကျက်တည်ရှိနေသည်။
ရတနာတိုက်နယ်မြေတစ်ခုလုံးရှိ ဂိုဏ်းအပျက်အစီးနေရာများက ကြယ်တာရာမြေပုံသဏ္ဍာန် တည်ရှိနေပြီး မိုလင်းနှင့် အခြားသူများ၏ ပန်းတိုင်မှာ အပြင်ဘက်ရှိ အစောင့်အရှောက်ဂိုဏ်းများနှင့် ကြယ်တာရာဂိုဏ်းများ၏ အမွေအနှစ်များကို ရှာဖွေရန်ဖြစ်သည်။
လူအင်အား ဖြန့်ခွဲလိုက်ခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်သည်လည်း သဘာဝကျစွာပင် ပိုများပြားလာပေလိမ့်မည်။
ထို့အပြင် ဝူယွမ်က သူတို့ကို အမြဲတမ်း ကာကွယ်မပေးနိုင်ပေ။ သူတို့ကိုယ်တိုင် စွန့်စားသွားလာရမည်ဖြစ်သည်။ သို့မဟုတ်ပါက နောက်ထပ် နှစ်ဝက်အကြာတွင် ကျင်းပမည့် စစ်ပွဲကြီးတွင် ပါဝင်ရန်ပင် အရည်အချင်း မပြည့်မီဘဲ ဖြစ်သွားနိုင်သည်။
မုချန်ချန်နှင့် ကျန်းယွဲ့တို့ကမူ ဝူယွမ်၏ ဘေးနားတွင် ဆက်လက်နေရစ်ခဲ့ကြသည်။ သူတို့၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများကြောင့် ပြင်းထန်သော လေ့ကျင့်မှုများစွာ မလိုအပ်ဘဲ ဝူယွမ်အား ကူညီပေးရုံနှင့် လုံလောက်သည်။
အကယ်၍ သူတို့ကို လွှတ်လိုက်ပြီး အပြင်၌ အန္တရာယ်ကြုံတွေ့ကာ သေဆုံးသွားခဲ့လျှင် အတော်လေး နှမြောစရာပင် ကောင်းနေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဝူယွမ်နှင့် ရင်းနှီးသူများဖြစ်ရာ ဝူယွမ်အနေဖြင့် သူတို့နှစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးအရ မျက်နှာလိုက်မိသည်မှာ သဘာဝပင်ဖြစ်သည်။
လူနည်းသွားသဖြင့် ပတ်ဝန်းကျင်က ပိုတိတ်ဆိတ်သွားပြီး ဝူယွမ်က လင်းတုန် အဆင့်တက်လာမည့်အချိန်ကို ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။ အဆင့်တက်ခြင်းက လေးရက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။
နိဗ္ဗာန်ကောင်းကင်မြစ်ရေများက လေဟာနယ်ထဲမှ အဆက်မပြတ် စီးဆင်းနေဆဲဖြစ်သည်။ ဝူယွမ်က မဟာရှေးဟောင်း ကျောက်တိုင်ကို အသုံးပြု၍ နှစ်ရက်တိုင်တိုင် စုပ်ယူခဲ့သော်လည်း အကုန်အစင် သိမ်းဆည်းနိုင်မည့်ပုံ မပေါ်သေးပေ။
ဤကောင်းကင်မြစ်ကို ပြုလုပ်ထားသော နည်းလမ်းက အလွန်ထူးဆန်းပြီး ဝူယွမ်အနေဖြင့် အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
သို့သော် ဤမျှခမ်းနားထည်ဝါသော ဆေးလုမြစ် ရှိနေခြင်းကိုကြည့်ယုံဖြင့် ဤဂိုဏ်းမဟာမိတ်အဖွဲ့က တစ်ချိန်က မည်မျှအထိ အင်အားကြီးမားခဲ့ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
“ဂျိန်း…”
လေပြင်းနှင့် မိုးကြိုးသံများ ထွက်ပေါ်လာပြီး ဆေးလုံးမြစ်၏ အထက်ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ စုစည်းလာခ!-သည်။
“ဘာလို့ အခုထိ ထွက်မလာသေးတာလဲလို့ တွေးနေတာ၊ ကောင်းကင်အဆောင်သခင် အဆင့်တစ်ကိုပါ တဆက်တည်း တက်လှမ်းနေတာကိုး”
ဝူယွမ် တစ်ယောက်တည်း ရယ်မောလိုက်မိဆသည်။
လင်းတုန်က နိဗ္ဗာန်ကပ်ဘေး နှစ်ခုကို ကျော်ဖြတ်ပြီးသည်ကို သူအာရုံခံမိခဲ့သည်။ ပုံမှန်အရဆိုလျှင် ထွက်လာသင့်ပြီဖြစ်သော်လည်း လေ၊မိုးကြိုး ကပ်ဘေးပါ တန်းပြီးလိုက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
အကြာကြီး စုဆောင်းထားပြီးမှ တစ်ခါတည်း ပေါက်ကွဲထွက်လာခြင်း ဖြစ်ဟန်ရသည်။ ယခင်က ကိုယ့်ကိုယ်ကို ဖိနှိပ်ထားလွန်းခဲ့သဖြင့် ယခုအခါ ကပ်ဘေးသုံးခု ဆက်တိုက်ကြုံတွေ့ရခြင်း ဖြစ်နိုင်သည်။
နာရီဝက်ခန့် ကြာသောအခါ လင်းတုန်က လေ၊မိုးကြိုး ကပ်ဘေးကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
မဟာနေ မိုးကြိုးခန္ဓာကို လေ့ကျင့်ထားခဲ့သော အခြေခံရှိသဖြင့် လင်းတုန်က မိုးကြိုးပစ်ခံရသည့် အတွေ့အကြုံရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် မိုးကြိုးစွမ်းအားများကို လျင်မြန်စွာ လက်ခံရယူနိုင်ခဲ့ပြီး ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသုံးပြုကာ မိုးကြိုးစွမ်းအား အများအပြားကိုပင် ဝါးမျိုလိုက်နိုင်သေးသည်။
“အစ်ကိုကြီး”
လင်းတုန်က ကျင့်ကြံရေးစင်မြင့်ထက်မှ ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်များ တောက်ပနေပြီး ဖိနှိပ်၍မရနိုင်သော ကြီးမားကျယ်ပြန့်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
“နိဗ္ဗာန်အဆင့်နှစ်နဲ့ ကောင်းကင်အဆောင်သခင် အဆင့်တစ်ပါလား။ အခုတော့ မင်းက တကယ့်ကို ရှေ့ရောက်သွားပြီပဲ”
ဝူယွမ်က စနောက်လိုသော အပြုံးဖြင့် ပြောလိုက်သည်။
ယခင်က လင်းတုန်က အောက်ဆုံးတွင် ရှိနေခဲ့သော်လည်း ယခုအခါ လူတိုင်းကို ရုတ်တရက် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။
“ဟီးဟီး... ကိစ္စမရှိပါဘူး။ အစ်ကိုကြီးသာ ကိုယ့်ကိုယ်ကို ထပ်ပြီးဖိနှိပ်ထားမယ်ဆိုရင် အဆင့်တက်တဲ့အခါ နိဗ္ဗာန်ကပ်ဘေး သုံးခုကို တိုက်ရိုက်ခေါ်ယူနိုင်ပြီး ထိပ်ဆုံးကို ချက်ချင်းပြန်ရောက်လာမှာပါ”
လင်းတုန်က ရယ်မောလိုက်သည်။ သူက နိဗ္ဗာန်အဆင့်နှစ်သို့ ရောက်နေပြီဖြစ်သော်လည်း ဤစွမ်းအားက သူ၏ အစ်ကိုကြီးရှေ့တွင် မပြောပလောက်ကြောင်း ကောင်းစွာ နားလည်ထားသည်။
“ဒါနဲ့... မိုလင်း၊ ဝူချီနဲ့ တခြားသူတွေရော ဘယ်ရောက်ကုန်ပြီလဲ”
လင်းတုန်က ကျောက်တုံးကျွန်းကြီးကို လှမ်းကြည့်လိုက်ရာ လူအနည်းငယ်ကိုသာ တွေ့ရသဖြင့် ဇဝေဇဝါ မေးလိုက်သည်။
“ငါ သူတို့ကို ကြိုလွှတ်လိုက်ပြီ။ ငါတို့လည်း မြန်မြန်သွားမှ ဖြစ်မယ်။ လမ်းကျမှ ရှင်းပြတော့မယ်။ အချိန်ဖြုန်းနေလို့ မရတော့ဘူး”
“အင်း... ဟုတ်ပြီလေ”
ဝူယွမ်တို့ ထွက်ခွာသွားပြီးနောက် အခြားလူတစ်စု ရောက်ရှိလာကာ ဆေးလုံးမြစ် ကျင့်ကြံရေးစင်မြင့် နေရာကိုလုလိုက်ကြသည်။ ဝူယွမ်တို့၏ ပန်းတိုင်မှာမူ ဗဟိုအချက်အချာကျသော လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းကြီးလေးဂိုဏ်းဘဲ ဖြစ်သည်။
သူတို့က သေခြင်း-ရှင်ခြင်း ပြန်လည်မွေးဖွားခြင်းဆေးလုံးကို ရှာဖွေလိုကြသည်။ ထိုသို့သော အဆင့်မြင့်ဆေးလုံးက အမြင့်မြတ်ဆုံးနေရာတွင်သာ ရှိနေဖို့ရာများသည်။
ဝူယွမ်က စိတ်ထဲရှိ မြေပုံအချက်အလက်များကို အသုံးပြု၍ လျင်မြန်စွာ ချီတက်လာခဲ့ရင်း လမ်းတစ်လျှောက်တွင် လူအများအပြားနှင့် တွေ့ဆုံခဲ့ရသည်။ ဤလေးရက်အတွင်း ရှေးဟောင်းရတနာတိုက် နေရာအနှံ့တွင် လူများ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဂိုဏ်းအပျက်အစီးနေရာ အများအပြားကို တွေ့ခဲ့ရသော်လည်း အချို့မှာ ပျက်စီးနေပြီဖြစ်၍ ရှာဖွေရန် မထိုက်တန်တော့ပေ။
ဝူယွမ်က အချိန်ဆွဲမနေဘဲ ခရီးနှင်ခဲ့ပြီး ပြည့်စုံလုနီးပါးရှိသော ဂိုဏ်းအပျက်အစီးနေရာများကို ဖြတ်သန်းသွားသည့်အခါမှသာ ရပ်တန့်ကြည့်ရှုလေ့ရှိသည်။
ဝူယွမ် ကျေနပ်မိသည်မှာ သူတွေ့ခဲ့ရသမျှသော ဂိုဏ်းအပျက်အစီးနေရာ အကောင်းစားများတွင် မဟာယန်ပြည်ထောင်စုမှ လူများ ဝင်ရောက်ယှဉ်ပြိုင်နေကြသည်ကို တွေ့ရခြင်းပင်။
မိုလင်းက ဝူယွမ်ပေးသော သတင်းအချက်အလက်များကို အသုံးချကာ အစီအစဉ်များကို စေ့စေ့စပ်စပ် ရေးဆွဲခဲ့ပြီး လူတိုင်းကို ဂိုဏ်းအမွေအနှစ်များ ပိုမိုရရှိနိုင်စေရန် နေရာချထားပေးခဲ့ပုံရသည်။
ဤနေရာရှိ ဂိုဏ်းများက အစောင့်အရှောက်ဂိုဏ်းများဖြစ်စေ၊ ကြယ်တာရာဂိုဏ်းများဖြစ်စေ တစ်ချိန်က မဟာယန်ပြည်ထောင်စုက မော့ကြည့်ခဲ့ရသော အရာများဖြစ်သည်။ သူတို့အနေဖြင့် အမွေအနှစ်များကို အောင်မြင်စွာ ရယူနိုင်သမျှကာလပတ်လုံး စစ်ပွဲကြီးတွင် အရည်အချင်းပြည့်မီရန် ပြဿနာရှိတော့မည် မဟုတ်ပေ။
ဝူယွမ်က မဟာယန်ပြည်ထောင်စုမှ လူများ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ကို မြင်လျှင် အမွေအနှစ်များ ရရှိအောင် အဆင်ပြေသလို ကူညီပေးခဲ့သည်။
တော်တော်လေး ခရီးရောက်ပြီးနောက် ရှေ့ဘက်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် လူရိပ်အများအပြား ရောက်ရှိလာကြသည်။
ထိုအထဲတွင် ရင်းနှီးနေသော အနီရောင်ပုံရိပ်တစ်ခု ပါဝင်နေသည်။
“အစ်ကိုဝူယွမ်... ပြန်ဆုံကြပြန်ပြီနော်”
မုဟုန်လင်း၏ အသံက ဆွဲဆောင်မှုရှိပြီး သူမ၏ မျက်လုံးများက ဝူယွမ်ကို ကြည့်ရင်း မှေးစင်းနေသည်။
သူမက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အလွန်ထင်ရှားကာ သူမ၏ လှပသော ရုပ်သွင်က လူအများကို ငေးမောစေသည်။
လင်းတုန်၊ ရှောင်ယန်နှင့် ပိုင်ယွမ်တို့က သူတို့ထံမှ ဖိအားအချို့ကို ခံစားနေရသောကြောင့် မုဟုန်လင်းနှင့် သူမ၏အဖွဲ့ကို သတိထားကြည့်နေကြသည်။
မုဟုန်လင်းနှင့် ပါလာသော အဖွဲ့က သာမန်မဟုတ်ပေ။ အားအနည်းဆုံးသူများပင် နိဗ္ဗာန်အဆင့်တစ်တွင် ရှိကြပြီး အချို့မှာ နိဗ္ဗာန်အဆင့်နှစ်သို့ ရောက်နေကြကာ အရှိန်အဝါများမှာလည်း အားကောင်းလှသည်။
ဝူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး၊
“မိန်းကလေးမု... မတွေ့တာတောင် ကြာပြီပဲ။ မင်းနဲ့ မင်းသူငယ်ချင်းတွေက ပြီးခဲ့တဲ့ကိစ္စကို စိတ်ထဲထားနေတုန်းလား”
“ပြီးခဲ့တဲ့ကိစ္စတုန်းက ကျွန်မရဲ့ အရည်အချင်းက အစ်ကိုဝူယွမ်ကို မမီခဲ့တာပါ။ ထည့်ပြောစရာမလိုပါဘူး” မုဟုန်လင်းက နှုတ်ခမ်းကို အနည်းငယ် စူလိုက်သည်။ “ပြီးတော့ ကျွန်မက အာဏာကို အားကိုးပြီး တခြားသူတွေကို အနိုင်ကျင့်လေ့ မရှိပါဘူး။ အစ်ကို့ကို ပြန်လက်စားချေချင်ရင် ကိုယ်တိုင်ပဲ လုပ်မှာပေါ့။ အခု ကျွန်မက အစ်ကို့ပြိုင်ဘက် မဟုတ်ပေမယ့် အနာဂတ်မှာ မဖြစ်လာနိုင်ဘူးလို့ မဆိုလိုဘူးလေ”
ထိုအချိန်တွင် မုဟုန်လင်းဘေးနားရှိ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက ပြုံး၍ ပြောလာသည်။
“အစ်ကိုဝူယွမ်... ခင်ဗျားအကြောင်း ကြားနေရတာ ကြာပါပြီ”
“ခင်ဗျားကရော ဘယ်သူပါလဲ”
ဝူယွမ်က လက်သီးဆုပ်ရင်း အရိုအသေပေးကာ စိတ်ဝင်တစား မေးလိုက်သည်။
ဤလူအုပ်စုထဲတွင် ထိုအဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်သာ ဝူယွမ်အတွက် ကိုင်တွယ်ရ ခက်ခဲစေမည့်သူဟု သူခံစားနေရသည်။
“ကျွန်တော်က လျူပိုင် ပါ”
လျူပိုင်၏ နာမည်ကို ကြားလိုက်ရသောအခါ လင်းတုန်နှင့် အခြားသူများ စိတ်လှုပ်ရှားသွားကြပြီး အဖြူရောင်ဝတ်စုံနှင့် လူကို သေချာစိုက်ကြည့်လိုက်ကြသည်။
ရှေးဟောင်းနတ်နန်းတော်တွင် ရှိစဉ်က လျူပိုင်အကြောင်း အပါအဝင် သတင်းအချက်အလက်များစွာကို သူတို့ စုဆောင်းထားခဲ့ကြသည်။
အနောက်မြောက်ဒေသတွင် ယခင်က မောက်မာခဲ့သော နတ်ဆိုးကျောက်တုံးပြည်ထောင်စုက အားအကြီးဆုံး မဟုတ်ပေ။ သူတို့က အဆင့်မြင့်ပြည်ထောင်စုများအကြားတွင် ထူးချွန်ရုံသာ ရှိသေးသည်။
တကယ်တမ်း စွမ်းအားကြီးမားသူများက နတ်ဆိုးကျောက်တုံးပြည်ထောင်စုကဲ့သို့ အားနည်းသော ပြည်ထောင်စုများကို အနိုင်ကျင့်ကာ မိမိတို့၏ ဖြစ်တည်မှုကို ပြသလေ့မရှိကြပေ။
အနောက်မြောက်ဒေသ၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်များထဲတွင် ဝူယွမ်အပြင် အသိအမှတ်ပြုထားခံရသော အုပ်စိုးသူအဆင့် ပုဂ္ဂိုလ်လေးဦး ရှိသည်။
သူတို့သည် မျိုးစေ့အဆင့် ပါဝင်ယှဉ်ပြိုင်သူများ ဖြစ်ပြီး သူတို့၏ ပြည်ထောင်စုများက ပြည်ထောင်စုအားလုံး၏ ထိပ်ဆုံးဆယ်ခုစာရင်းဝင်များ ဖြစ်သည်။
လျူပိုင်က အနောက်မြောက်ဒေသ၏ အုပ်စိုးသူလေးဦးအနက်မှ တစ်ဦးဖြစ်သည်။
သူ၏ ဘွဲ့နာမည်မှာ နတ်ဆိုးလှံ လျူပိုင်ပဲ ဖြစ်ပေသည်။
“ဪ... အစ်ကိုလျူပိုင်ကိုး။ ခင်ဗျားအကြောင်း အများကြီး ကြားဖူးထားပါတယ်။ တွေ့ရတာ ၀မ်းသာပါတယ်” ဝူယွမ်က ပြုံး၍ ပြောလိုက်သည်။
“မဟုတ်တာဗျာ... အခု အနောက်မြောက်ဒေသမှာ အစ်ကိုဝူယွမ်ရဲ့ နာမည်ဂုဏ်သတင်းကို မကြားဖူးတဲ့သူ ဘယ်ရှိပါ့မလဲ။ လူအများစုရဲ့ စိတ်ထဲမှာ ကျွန်တော်တို့ လေးယောက်စလုံးက ဝူယွမ်ရဲ့ နောက်မှာပဲ ရှိနေကြတာပါ”
လျူပိုင်က နှိမ့်ချစွာ ပြောဆိုလိုက်သည်။
တစ်ကယ်တော့ သူ၏ စကားများမှာ မမှားပေ။ ဝူယွမ်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထူးချွန်သော စွမ်းရည်ကြောင့်သာမက ပို၍ ကြောက်စရာကောင်းသည်မှာ သူက မဟာယန်ပြည်ထောင်စုတစ်ခုလုံးကို ဦးဆောင်၍ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြင့်ပြည်ထောင်စုများကို တစ်ခုပြီးတစ်ခု အနိုင်ယူခဲ့ခြင်းဖြစ်သည်။
အဆင့်နိမ့်ပြည်ထောင်စုတစ်ခုက ဤမျှ ကြောက်စရာကောင်းသည်ကို သူတို့ ယခင်က မကြားဖူးခဲ့ပေ။
“ကဲပါ... ရှင်တို့နှစ်ယောက် အပြန်အလှန် မြှောက်ပင့်နေတာတွေ ရပ်လိုက်ကြတော့။ အခု ရှင်တို့နှစ်ယောက်စလုံးက အနောက်မြောက်ဒေသရဲ့ ကိုယ်စားပြု ပုဂ္ဂိုလ်တွေ ဖြစ်နေကြပြီ။ ဘယ်သူ ပိုသာလဲ သိချင်ရင်တော့ အခု တိုက်ခိုက်ကြည့်ကြမှ ရမယ်” မုဟုန်လင်းက အေးဆေးပဲ ပြောလိုက်သည်။
“ဟုန်လင်းရဲ့ မြှောက်ပင့်သွေးထိုးတာတွေကို နားမယောင်ပါနဲ့ အစ်ကိုဝူယွမ်။ ကျွန်တော် ဒီမှာ တမင်စောင့်နေတာက ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ။” လျူပိုင်က မုဟုန်လင်းကို မျက်စောင်းထိုးကြည့်ရင်း လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ကျွန်တော်တို့ သိထားသလောက်ဆိုရင် အနောက်မြောက်ဒေသက လူတွေအပြင် အနောက်တောင်ဒေသက ကောင်တွေလည်း ဒီရှေးဟောင်းရတနာတိုက်ထဲကို ဝင်ရောက်လာကြတယ်”
မုဟုန်လင်းကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဟုတ်တယ်... ဟုတ်တယ်။ အဲဒီကောင်တွေက ဒီက ရတနာတွေကို လာလုချင်နေကြတာ။ တချို့ဆို နိဗ္ဗာန်အဆင့် ဇယားထဲ ဝင်နိုင်လောက်တဲ့အထိ နာမည်ကြီးတဲ့သူတွေပါတယ်”
လျူပိုင်က ဆက်ပြောလိုက်သည်၊ “ကျွန်တော်တို့ အနောက်မြောက်ဒေသက ပစ္စည်းတွေကို သူတို့ လက်ထဲ အပါမခံနိုင်ဘူး။ ဒါကြောင့် အဲဒီကောင်တွေနဲ့ တွေ့ရင် သူတို့လက်တွေ သိပ်မရှည်သင့်ဘူးဆိုတာ သိအောင် အစ်ကိုဝူယွမ်နဲ့ ပူးပေါင်းချင်ပါတယ်”
“ဪ... သဘောပေါက်ပါပြီ။ ဒါပေမဲ့ အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ကျွန်တော် မျက်စိကျတဲ့ ရတနာမှန်သမျှ အနောက်တောင်ကပဲလာလာ၊ အရှေ့မြောက်ကပဲလာလာ... ကျွန်တော့်ဆီက လာလုရဲရင် သူတို့အားလုံးက ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေပါပဲ”
ဝူယွမ်က ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကိုယ့်လူနှင့် ရန်သူ ဟူ၍သာ ရှိသည်။
“ဒါဆိုရင်တော့ ကျွန်တော်တို့ သွားနှင့်ပါရစေ။ ရတနာတိုက်ရဲ့ အတွင်းပိုင်းကျမှ ပြန်ဆုံကြတာပေါ့”
လျူပိုင်နှင့် အဖွဲ့သည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ အခြားတစ်ဖက်သို့ ပျံသန်းထွက်ခွာသွားကြသည်။
လျှို့ဝှက်နယ်မြေသို့သွားရာလမ်းက ရှည်လျားပြီး လမ်းခရီးတွင် အခြားအကျိုးအမြတ်များ ရှိနိုင်သေးသည်။ ထို့ကြောင့် သူတို့က ဝူယွမ်နှင့်အတူ မသွားချင်ကြချေ။
“သွားကြစို့... ငါတို့လည်း အတွင်းပိုင်းကို အမြန်သွားဖို့ လိုတယ်။ ဒီပြိုင်ပွဲက ငါတို့ထင်ထားသလောက် လွယ်ကူမှာ မဟုတ်ဘူး”
အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ လေဟာနယ် အတက်အကျများက ပိုမတည်ငြိမ် ဖြစ်လာသည်။ အချို့နေရာများတွင် လေဟာနယ်စွမ်းအားများက လူတစ်ယောက်ကို အပိုင်းပိုင်းပြတ်အောင်ပင် ဆွဲဆုတ်ပစ်နိုင်စွမ်း ရှိသည်။
ဤနေရာအထိ ရောက်လာနိုင်သူများက နိဗ္ဗာန်အဆင့်ထဲမှ အားကြီးသူများသာ ဖြစ်ကြသည်။
နိဗ္ဗာန်အဆင့် ကျင့်ကြံသူများပင်လျှင် ခရီးသွားလာနေရုံဖြင့် အန္တရာယ်ကြီးမားစွာ ကြုံတွေ့နေရသည်။
ထို့ကြောင့် လူဦးရေက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
သုံးရက်ကြာပြီးနောက်...
ဝူယွမ်နှင့် အခြားသူများ၏ ရှေ့တွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာရှိ လေဟာနယ်က မီးတိမ်တိုက်များနှင့် ဆင်တူသော အနီရောင်များဖြင့် ဖုံးလွှမ်းနေပြီး လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။
အနီးကပ် လေ့လာကြည့်လိုက်သောအခါ ထိုအရာက အဆုံးမရှိသော အနီရောင် မီးပင်လယ်ကြီးဖြစ်ပြီး လေဟာနယ်တစ်ခုလုံးကို ဝါးမျိုလောင်ကျွမ်းနေသကဲ့သို့ မီးတောက်များ မြင့်တက်နေသည်။ မီးပင်လယ်ပတ်လည်တွင် ပျက်စီးနေသော လေဟာနယ်က မီးလောင်ကျွမ်းမှုကြောင့် ပိုမိုတွန့်လိမ်နေပြီး အလွန်မတည်ငြိမ် ဖြစ်နေခဲ့သည်။
လင်းတုန်က မျက်မှောင်ကြုတ်လိုက်ပြီး၊
“ဒါ ဘယ်လိုမီးတောက်မျိုးလဲ။ အန္တရာယ် အငွေ့အသက်ကို ခံစားနေရတယ်”
ဝူယွမ်ကမူ ပြုံးလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒါက နိဗ္ဗာန်ကောင်းကင်လောင်ကျွမ်းခြင်းမီးအစီအရင် ပဲ”
“ဒါက အစောင့်အရှောက် အစီအရင်တစ်ခုပဲ။ ဒီအထဲမှာ ရှေးဟောင်းရတနာတိုက်ရဲ့ ဗဟိုဧရိယာ ရှိတယ်။ လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းကြီးလေးဂိုဏ်းက အဲဒီအထဲမှာ ရှိတာ။ သေခြင်း-ရှင်ခြင်း ပြန်လည်မွေးဖွားခြင်းဆေးလုံးကို ရဖို့ဆိုရင် ဒီမီးပင်လယ် အစီအရင်ကို အရင်ဖြတ်ကျော်သွားရလိမ့်မယ်”
လင်းတုန်က “အစ်ကိုကြီး... ဒီမီးတောက်တွေက သာမန်မီးတောက်တွေ မဟုတ်ဘူးနော်။ နိဗ္ဗာန်စွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ မီးတောက်တွေပဲ။ ဒီလို နိဗ္ဗာန်မီးတောက်က နိဗ္ဗာန်ကပ်ဘေးက ထွက်လာတဲ့ မီးတောက်တွေထပ် မနိမ့်ဘူး။ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီအထဲမှာ အကြာကြီး နေမိရင် သူ့ခန္ဓာကိုယ်ထဲက နိဗ္ဗာန်ချီတွေ မီးလောင်ပြီး ကိုယ့်ကိုယ်ကို လောင်ကျွမ်းသေဆုံးသွားနိုင်တယ်။ မိန်းကလေးကျန်း နဲ့ မိန်းကလေးမု တို့က နိဗ္ဗာန်ကပ်ဘေး မကျော်ဖြတ်ရသေးတော့ သူတို့ကို ရှေးဟောင်းကျောက်တိုင်နယ်မြေထဲ ဝင်ခိုင်းလိုက်ရမလား” ဟု စိုးရိမ်တကြီး မေးလိုက်သည်။
“ရပါတယ်။ အရင် ဝင်ကြည့်ကြတာပေါ့။ ငါ့မှာ နည်းလမ်းရှိပါတယ်။ တကယ်လို့ အဆင်မပြေမှ ရှေးဟောင်းကျောက်တိုင်နယ်မြေထဲ ဝင်ကြတာပေါ့”
ဝူယွမ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
မဟာရှေးဟောင်းကျောက်တိုင်နှင့် ပတ်သက်၍ စစ်မြေပြင်တွင် စီစဉ်ထားသော အထူးဂိုဏ်းကြီးများမှ အစွမ်းထက်ပုဂ္ဂိုလ်များက အမှောင်ထဲမှ စောင့်ကြည့်နေနိုင်သောကြောင့် ဤရှေးဟောင်းမြေတွင် မလိုအပ်ဘဲ ထုတ်မသုံးရန် ဝူယွမ် ရည်ရွယ်ထားသည်။
ထို့နောက် ဝူယွမ်လက်ထဲတွင် ဖျော့တော့သော အကြည်ရောင် မီးတောက်အစုအဝေးများ ပေါ်ထွက်လာသည်။ ၎င်းမှာ နှလုံးကြွေမီးတောက်ပဲဖြစ်သည်။ ထိုမီးတောက်က သူတို့လူစု၏ ပတ်လည်တွင် အကြည်ရောင် မီးတောက်အတားအဆီး တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
ယခင်က နှလုံးကြွေမီးတောက်က နိဗ္ဗာန်မီးတောက်များကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ကြောင်း ဝူယွမ် တွေ့ရှိထားခဲ့သည်။
“သွားကြစို့... ဝင်မယ်”
မီးပင်လယ်ထဲသို့ ပြေးဝင်လိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော အပူလှိုင်းများက သူတို့ထံသို့ တိုးဝင်လာပြီး နှလုံးကြွေမီးတောက်၏ အတားအဆီးကို ရိုက်ခတ်လေသည်။
သို့သော် မီးတောက်များက စ်လုံးကြွေမီးတောက်နှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် တွန်းထုတ်ခံလိုက်ရကာ ၎င်းတို့က အနည်းငယ်ပင် ကြောက်ရွံ့နေပုံရသည်။
“ဒီနေရာက နိဗ္ဗာန်မီးတောက်တွေက ငါတို့ထဲက နိဗ္ဗာန်စွမ်းအင်တွေကို လောင်ကျွမ်းစေနိုင်တယ်။ ဒါကြောင့် အားလုံးပဲ ကိုယ့်ရဲ့ နိဗ္ဗာန်စွမ်းအင်ကို မလှုံ့ဆော်မိအောင် ကြိုးစားကြပါ” ဝူယွမ်က သတိပေးလိုက်သည်။
အတွင်းပိုင်းသို့ ရောက်လေလေ နိဗ္ဗာန်မီးတောက်များက ပိုမိုအားကောင်းလာလေလေ ဖြစ်သည်။ ဝူယွမ်က ဝိညာဉ်စွမ်းအင်များကို ထပ်မံထုတ်လွှတ်ပြီး ဝိညာဉ်စွမ်းအင် အတားအဆီးတစ်ခု ဖန်တီးကာ နှလုံးကြွေမီးတောက် အကာအကွယ်ကို အားဖြည့်ပေးလိုက်သည်။
ရွှတ်... ရွှတ်...
ရုတ်တရက် ရှေ့ဘက်တွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး
ဝူယွမ် ချက်ချင်း သတိကပ်လိုက်သည်။
သူတို့၏ အကြည့်များက ဖျော့တော့သော အတားအဆီးကို ဖောက်ထွင်း၍ ကြည့်လိုက်ရာ ဆူပွက်နေသော မီးပင်လယ်ထဲတွင် မီးတောက်အလင်းတန်းများ ရုတ်တရက် ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။ ထိုမီးတောက်များထဲတွင် လက်သီးဆုပ်အရွယ်အစားရှိသော အနီရောင်ဘောလုံးများ ပါဝင်ပြီး ထိုဘောလုံးများအတွင်းမှ ထွက်ပေါ်လာသော ကြမ်းတမ်းသည့် စွမ်းအင်အတက်အကျများကြောင့် သူတို့၏ ခန္ဓာကိုယ်များပင် အနည်းငယ် ကျုံ့သွားမိသည်။
ဝူယွမ်၏ မျက်နှာထားက အနည်းငယ် လေးနက်သွားပြီး ပြောလိုက်သည်။
“ဒါက နိဗ္ဗာန်မီးမိုးကြိုး ပဲ”