← Chapters

မုချန်ချန်နှင့် ကျန်းယွဲ့တို့၏ ပူးပေါင်းခြင်း

Vol. 17 Ch. 168

မုချန်ချန်နှင့် ကျန်းယွဲ့တို့၏ ပူးပေါင်းခြင်း

Vol. 17 Ch. 168

ဝူယွမ်က ထိုထူးဆန်းသော အလုံးများကို မြင်မြင်ချင်း မှတ်မိလိုက်သည်။ ရှောင်တျောင်းနှင့် လင်းတုန်တို့လည်း ထိုအရာကို သိထားကြသဖြင့် သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားကြတော့သည်။

နိဗ္ဗာန်မီးမိုးကြိုးမှာ သန့်စင်သော နိဗ္ဗာန်စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အလွန်တရာ ကြမ်းတမ်းခက်ထန်လှသည်။ အနည်းငယ်မျှ ထိတွေ့မိရုံနှင့်ပင် ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်ကာ ၎င်းတို့၏ ဖျက်ဆီးအားမှာလည်း အံ့မခန်းပင်။ သေးငယ်သော အရွယ်အစားသာ ရှိသော်လည်း ထွက်ပေါ်လာသော တိုက်ခိုက်မှုစွမ်းအားမှာ သာမန်နိဗ္ဗာန်အဆင့် ပညာရှင်တစ်ဦးကိုပင် အသက်ပျောက်စေနိုင်သည်။

အကယ်၍ တစ်လုံးနှစ်လုံး သို့မဟုတ် ဆယ်ဂဏန်းခန့်သာ ရှိမည်ဆိုလျှင် ဝူယွမ်နှင့် လင်းတုန်တို့အတွက် အရေးတကြီး စိုးရိမ်စရာမရှိပေ။ သို့သော် သူတို့၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သောအခါတွင်မူ ချက်ချင်းပင် သတိကြီးကြီး ထားလိုက်ကြရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအတွင်း၌ ရှိနေသော နိဗ္ဗာန်မီးမိုးကြိုး အရေအတွက်မှာ သောင်းနှင့်ချီ၍ ရှိနေသောကြောင့်ပင်။ ထိုအရာက ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပဲ ဖြစ်သည်။

အကယ်၍ အမှတ်မထင် တစ်လုံးလောက် ပေါက်ကွဲသွားခဲ့လျှင် ဆက်တိုက်တုံ့ပြန်မှုများ ဖြစ်ပေါ်ကာ နယ်ပယ်တစ်ခုလုံးရှိ နိဗ္ဗာန်မီးမိုးကြိုးလုံးများ အကုန်ပေါက်ကွဲသွားပေလိမ့်မည်။ ထထိုသို့သာဖြစ်လျှင် နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူတစ်ဦးပင် အသက်ရှင်ရန် ခဲယဉ်းပေလိမ့်မည်။ ဝူယွမ်၏ ဝိညာဉ်စွမ်းအင် အကာအကွယ်နှင့် နှလုံးကြွေမီးတောက် အကာအကွယ်တို့မှာလည်း ထိုဒဏ်ကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

“အစ်ကိုကြီး... အစ်ကိုနှစိ... စိတ်မပူနဲ့။ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို အသုံးပြုပြီးတော့ ဒီနိဗ္ဗာန်မီးမိုးကြိုးတွေကို ဝါးမျိုလိုက်လို့ရတယ်၊ ဒါဆိုရင် ပေါက်ကွဲမှုဖြစ်မှာ မဟုတ်ဘူး”

ရှောင်တျောင်း၏ အသံမှာ သူတို့၏ စိတ်ထဲ၌ ပဲ့တင်ထပ်သွားသည်။ ဝါးမျိုခြင်းဘိုးဘေးအဆောင်က စွမ်းအင်အားလုံးကို ဝါးမျိုနိုင်သည်။ ဤနိဗ္ဗာန်မီးမိုးကြိုးများ မည်မျှပင် ကြမ်းတမ်းပါစေ၊ အနှစ်သာရဖြင့် စုစည်းထားသော နိဗ္ဗာန်စွမ်းအင်များသာ ဖြစ်သည်။ စွမ်းအင်ဟူသမျှကို ဝါးမျိုခြင်းဘိုးဘေးအဆောင်က ဝါးမျိုပစ်နိုင်သည်။

“ဒါ့အပြင် ဒီနိဗ္ဗာန်မီးမိုးကြိုးတွေကို ဝါးမျိုလိုက်တာကနေပြီးတော့ တော်တော်လေး ကောင်းမွန်တဲ့ နိဗ္ဗာန်စွမ်းအင်တွေကို ရနိုင်ဦးမှာ။ နိဗ္ဗာန်ဆေးလုံးတွေကို သုံးစွဲတာထက် အများကြီး ပိုသာတယ်”

အခြားသူများအတွက်မူ ဤအရာက ချက်ချင်းသေဆုံးစေနိုင်သော အန္တရာယ်ဖြစ်သော်လည်း ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားသော သူတို့အတွက်မူ အလွန်အဖိုးတန်သော အားဆေးကြီးသဖွယ် ဖြစ်နေတော့သည်။

“ဟုတ်တယ် အစ်ကိုကြီး၊ ဒါကို ကျွန်တော့်လက်ထဲပဲအပ် ထားလိုက်ပါ။ ကျွန်တော် လမ်းရှင်းပေးမယ်၊ အစ်ကိုကြီးတို့က ကျွန်တော့်နောက်ကသာ လိုက်ခဲ့ကြ” လင်းတုန်က အခြေအနေကို သဘောပေါက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောရင်း ပြောလိုက်သည်။

“ကောင်းပြီ... သတိထားဦးနော်၊ သွားတော့” ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး သူ့အတွက် အကာအကွယ်အတွင်းမှ ကွက်လပ်တစ်ခု ဖွင့်ပေးလိုက်ကာ လင်းတုန်က ချက်ချင်းပင် အကာအကွယ်အပြင်ဘက်သို့ လှမ်းထွက်သွားတော့သည်။

“ဟယ်... လင်းတုန် ဘာလုပ်တာလဲ။ အပြင်မှာ အန္တရာယ်ရှိတယ်လေ” မုချန်ချန်နှင့် ကျန်းယွဲ့တို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဝူယွမ်၊ လင်းတုန်နှင့် ရှောင်တျောင်းတို့၏ ဆက်သွယ်မှုမှာ စိတ်ချင်းဆက်သွယ်ခြင်းသာဖြစ်သဖြင့် သူတို့နှစ်ဦးမှာ ရှောင်တျောင်း တည်ရှိနေမှုကို မသိရှိကြခြင်းကြောင့်ပင်။ ပိုင်ယွမ်နှင့် ရှောင်ယန်တို့မှာမူ ဤသို့သော ဆက်သွယ်မှုပုံစံကို အသားကျနေပြီဖြစ်၍ မည်သို့မျှ အံ့သြခြင်းမရှိကြပေ။

“ဒီထဲမှာ အရမ်းအိုက်နေလို့ လင်းတုန်က အပြင်က မီးပင်လယ်ထဲမှာ သွားပြီး ရေကူးမလို့တဲ့” ဝူယွမ်က ပြုံးရင်းနှင့်ပင် လွယ်လွယ်ကူကူ လိမ်ညာပြောဆိုလိုက်သည်။

ကျန်းယွဲ့နှင့် မုချန်ချန်တို့မှာ ဝူယွမ်ကို မျက်စောင်းထိုးလိုက်ကြသည်။ အပြင်ဘက်တွင် အဆင်မပြေနိုင်ကြောင်းကို သူတို့ မသိစရာ အကြောင်းမရှိပေ။ ဝူယွမ်က တမင်တကာ သူတို့ကို နောက်ပြောင်ကျီစယ်နေခြင်းသာ ဖြစ်သည်။ ကျန်းယွဲ့သည် နောက်တစ်ကြိမ်တွင် ဝူယွမ်ကို ပညာပေးရန်အတွက် နည်းလမ်းအချို့ကိုပင် စိတ်ထဲ၌ ကြံစည်ထားလိုက်လေပြီ။ ထို့အတူပင် မုချန်ချန်၏ စိတ်ထဲ၌လည်း ကလဲ့စားချေလိုသော အကြံအစည်များ ပေါ်ပေါက်လာသည်။

အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချင်းချင်း၏ အတွေးများကို ရိပ်မိသွားကြသဖြင့် ဝူယွမ်ဘက်သို့ လှည့်ကာ အဓိပ္ပာယ်ပါသော အပြုံးများဖြင့် ပြုံးပြလိုက်ကြသည်။ ထိုမိန်းမလှနှစ်ဦး၏ အသားစားမည့် ဘီလူးမများကဲ့သို့ အကြည့်ကို မြင်လိုက်ရသောအခါ ဝူယွမ်က အမြန်ပင် ရှင်းပြလိုက်ရတော့သည်။ “ရှေ့မှာ နိဗ္ဗာန်မီးမိုးကြိုး အများကြီး ပေါ်လာလို့၊ အဲ့ဒါတွေကို လင်းတုန်က လမ်းသွားရှင်းပေးတာပါ”

သူက ယခုအခါတွင် ထိုအမျိုးသမီးနှစ်ဦးကို အတော်လေး ကြောက်နေရပြီဖြစ်သည်။ နောက်ဆုံးအကြိမ် မုချန်ချန် နှလုံးကြွေမီးတောက်ကို ကျင့်ကြံစဉ် ပြဿနာတက်စဉ်က ဝူယွမ်က ကူညီဖြေရှင်းပေးခဲ့ပြီးကတည်းက သူတို့၏ ဆက်ဆံရေးမှာ ပိုမိုနီးစပ်လာခဲ့သည်။ နေ့စဉ်နှင့်အမျှ အတူယှဉ်တွဲနေထိုင်ခြင်း၊ ဘေးချင်းယှဉ် တိုက်ပွဲဝင်ခြင်းနှင့် သေဘေးကို အတူတကွ ရင်ဆိုင်ခဲ့ခြင်းတို့ကြောင့် မုချန်ချန်နှင့် ကျန်းယွဲ့တို့မှာ အချစ်ပြိုင်ဘက်များဘဝမှ ညီအစ်မများကဲ့သို့ ဖြစ်လာခဲ့ကြသည်။ သူမတို့နှစ်ဦးမှာ ဝူယွမ်အပေါ် ထားရှိသော ခံစားချက်များနှင့် သူမတို့၏ လျှို့ဝှက်ချက်လေးများကိုပါ အချင်းချင်း ရင်ဖွင့်တိုင်ပင်ခဲ့ကြသည်။

သူမတို့၏ သီးသန့်စကားဝိုင်းများတွင် ဝူယွမ်၏ လျှို့ဝှက်ချက်များမှာ အကုန်အစင် ပေါက်ကြားသွားကာ သူ၏ မိန်းမလိုက်စားတတ်သော ဗီဇကို ဖုံးကွယ်ထား၍ မရတော့ပေ။ ဤအချက်က အမျိုးသမီးနှစ်ဦးကို စိတ်ဆိုးစေသလို မကျေမနပ်လည်း ဖြစ်စေသည်။ သို့သော် ဝူယွမ်ကဲ့သို့ ထူးချွန်သော အမျိုးသားတစ်ဦးကို မိန်းမတစ်ဦးတည်းကသာ ထိန်းချုပ်ထား၍ မရနိုင်ကြောင်းကိုလည်း သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူမတို့နှစ်ဦးမှာ ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး ပေါင်းပြီး ဝူယွမ်ကို အကြိမ်ကြိမ် ပညာပေးခဲ့ကြသည်။ အပြင်လောကတွင် အနှိုင်းမဲ့ပြီး အဆင့်မြင့်ပြည်ထောင်စု တစ်ခုကိုပင် တစ်ကိုယ်တည်း စိန်ခေါ်နိုင်သော ဝူယွမ်မှာ အိမ်ထဲသို့ ရောက်သောအခါ ထိုမိန်းမလှနှစ်ဦး၏ လက်ထဲ၌ ရှုံးနိမ့်ခဲ့ရတော့သည်။ မည်သူမျှ အမြဲတမ်း တိုက်ခိုက်မနေနိုင်ပေ။ ထို့ကြောင့် ဝူယွမ်မှာ သတိထားနေရခြင်း ဖြစ်သည်။

ထိုအချိန်တွင် လင်းတုန်က သူတို့၏ ရှေ့သို့ ရောက်နေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင် အကာအကွယ်တစ်ခုကို တည်ဆောက်ထားခခဲ့သည်။ များပြားသော နိဗ္ဗာန်မီးမိုးကြိုး ရင်ဆိုင်ရာတွင် လင်းတုန်က သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို နှိုးဆွလိုက်သည်။ ထိုအခါ ပြင်းထန်သော ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ လက်ဖဝါးထဲ၌ မှောင်မည်းနက်ရှိုင်းသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ဗုံးရှင်းလင်းရေးသမား လင်းတုန်က သူ၏ အလုပ်ကို စတင်လိုက်ပြီ ဖြစ်သည်။ သူက နိဗ္ဗာန်မီးမိုးကြိုးများ ရှိရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး ဝါးမျိုခြင်းစွမ်းအားကို အသုံးပြုလိုက်သည်။ ထိုဝဲဂယက်၏ အောက်တွင် နိဗ္ဗာန်မီးမိုးကြိုးများက နိဗ္ဗာန်မီးလျှံစီးကြောင်းများအဖြစ် တိုက်ရိုက်ပြောင်းလဲသွားကာ ဝါးမျိုခြင်းကို ခံလိုက်ရတော့သည်။ လင်းတုန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ဗုံးရှင်းလင်းရေး အရှိန်ကို မြင့်တင်လိုက်တော့သည်။

သူက နိဗ္ဗာန်မီးမိုးကြိုးများကို တစ်လုံးပြီးတစ်လုံး ထိတွေ့ကာ အလျင်အမြန် ဝါးမျိုပစ်လိုက်သည်။ ဝါးမျိုရသည့် အရေအတွက် များလာသည်နှင့်အမျှ သူက ပိုမိုကျွမ်းကျင်လာတော့သည်။ နောက်ဆုံးတွင် သူက မီးပင်လယ်အတွင်း၌ အရှိန်ဖြင့် ပြေးလွှားနေတော့သည်။ အခြားသူများ ရှောင်ရှားကြရသော နိဗ္ဗာန်မီးမိုးကြိုးများက သူ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရသည်။ နောက်ပိုင်းတွင် သူက ထိတွေ့နေရန်ပင် မလိုတော့ဘဲ ဆွဲငင်အားကို အသုံးပြုကာ နိဗ္ဗာန်မီးမိုးကြိုးများကို လျှပ်စီးတန်းတစ်ခုအဖြစ် စုစည်းပြီးမှ ဝါးမျိုပစ်လိုက်တော့သည်။

ဤမြင်ကွင်းမှာ ခန့်ညားထည်ဝါလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။ မုချန်ချန်၊ ဝူယွမ်နှင့် အခြားသူများမှာ ပါးစပ်အဟောင်းသားနှင့် အံ့သြတုန်လှုပ်စွာ ကြည့်နေကြသည်။ ဝူယွမ်ကိုယ်တိုင်ပင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရပြီး သူ၏ စိတ်ထဲမှ “ငါ့ညီလေးကတော့ တကယ်ကို သတ္တိခဲပဲ” ဟု မချီးကျူးဘဲ မနေနိုင်တော့ပေ။

ရှူး...။

လင်းတုန်မှာ နောက်ဆုံးတော့ အားရသွားပုံရသည်။ သူက အရှိန်ကို အမြင့်ဆုံးအထိမြှင့်ကာ မီးပင်လယ်အတွင်း ခုန်ပျံသွားပြီး ဝင်ရောက်လာသော နိဗ္ဗာန်မီးမိုးကြိုးများကို ပျော်ရွှင်မြူးထူးစွာဖြင့် လိုက်လံဖမ်းဆီးနေတော့သည်။ အံ့သြနေကြစဉ်အတွင်းမှာပင် ဝူယွမ်နှင့် အခြားသူများမှာလည်း “ထူးဆန်းတဲ့ကောင်လေးပဲ” ဟု စိတ်ထဲမှ ရေရွတ်ရင်း အမြန်လိုက်ပါသွားကြသည်။

ခေတ္တမျှ ကြာပြီးနောက် အရှိန်ဖြင့် ပြေးလွှားနေသော လင်းတုန်၏ ပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဝူယွမ်နှင့် အခြားသူများလည်း ရပ်တန့်လိုက်ကြသည်။ လင်းတုန်ရပ်လိုက်သဖြင့် တစ်စုံတစ်ခုက သူတို့ကို ပိတ်ဆို့ထားခြင်း ဖြစ်နိုင်သည်။ ဝူယွမ်က ရှေ့သို့ တက်လိုက်ပြီး လင်းတုန်၏ ရှေ့ကို ကြည့်လိုက်သည်။

ဤနေရာတွင် နိဗ္ဗာန်စွမ်းအင်မှာ ပိုမိုသိပ်သည်းလာပြီး မီးလျှံများမှာလည်း ပြင်းထန်စွာ လောင်ကျွမ်းနေသည်။ ထူးခြားသည်မှာ နီရဲသော မီးလျှံများအတွင်း၌ မှေးမှိန်သော အနက်ရောင်မီးလျှံများ ပေါ်ထွက်နေခြင်းပင်။ ထိုအနက်ရောင်မီးလျှံများက သိသိသာသာပင် သာမန်မဟုတ်ချေ။ သတ္တိရှိလှသော လင်းတုန်၏ မျက်လုံးများထဲတွင်ပင် စိုးရိမ်ပူပန်မှု အချို့ ရှိနေခဲ့သည်။

မှေးမှိန်သော အနက်ရောင်မီးလျှံများက လေထဲ၌ ဝဲပျံနေပြီး တလူးလူးတလွန့်လွန့် ဖြစ်နေသည်။ ၎င်းတို့က အသိဉာဏ်ရှိပုံရပြီး ရံဖန်ရံခါတွင် သားရဲပုံသဏ္ဍာန်မျိုးစုံနှင့် လူမျက်နှာများအဖြစ်သို့ပင် ပြောင်းလဲနေကြရာ အလွန်ပင် ကျောချမ်းဖွယ် ကောင်းလှသည်။

“သတိထား၊ ဒါက နိဗ္ဗာန်နတ်ဆိုးမီးလျှံပဲ” ရှောင်တျောင်း၏ အသံမှာ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။

“ဒီ နိဗ္ဗာန်ကောင်းကင်လောင်ကျွမ်းခြင်း မီးအစီအရင် ထဲမှာ ဒီလို နိဗ္ဗာန်နတ်ဆိုးမီးလျှံမျိုး ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားမိဘူး။ နိဗ္ဗာန်နတ်ဆိုးမီးလျှံ ဆိုတာကလည်း နိဗ္ဗာန်စွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ မီးလျှံတစ်မျိုးပဲ၊ ဒါပေမဲ့ သာမန်နိဗ္ဗာန်မီးလျှံတွေလို အသားလောင်မတတ် မပူလောင်ပေမဲ့ သူမှာ ထူးဆန်းတဲ့ အရည်ပျော်စေနိုင်စွမ်းရှိတယ်။ အကယ်၍ ကိုယ်နဲ့ ထိသွားရင် အစွမ်းထက်တဲ့ နိဗ္ဗာန်ရွှေကိုယ်ထည်တောင်မှ သွေးအိုင်အဖြစ် အရည်ပျော်သွားနိုင်တယ်။ နိဗ္ဗာန်နတ်ဆိုးမီးလျှံက တတိယမြောက် နိဗ္ဗာန်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးမှသာ ပေါ်လာတတ်တာ။ ဒီမီးလျှံက ခန္ဓာကိုယ်အတွင်းထဲကနေ မြစ်ဖျားခံလာတာ၊ အကယ်၍ သတိမထားမိရင် ခန္ဓာကိုယ်ထဲက သွေးကြောတွေနဲ့ အရိုးတွေတောင် တိတ်တဆိတ် အရည်ပျော်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အပြင်ပန်းက ကြည့်ရင် ဘာမှမဖြစ်သလို ထင်ရပေမဲ့ အတွင်းထဲမှာတော့ အသားတွေ အရိုးတွေ တစ်ခုမှမရှိတော့ဘဲ လုံးဝ ဗလာဖြစ်သွားလိမ့်မယ်။ အဲ့ဒါက တကယ်ကို ကြောက်စရာကောင်းပြီး ထူးဆန်းတာပဲ”

“ နိဗ္ဗာန်အဆင့်သုံး ပညာရှင်တစ်ယောက်တောင်မှ ဒီလိုမီးမျိုးကို တော်တော်လေး ကြောက်ကြတယ်”

လင်းတုန်၏ မျက်နှာမှာ အနည်းငယ် တွန့်သွားသည်။ သူက ယခုအခါတွင် နိဗ္ဗာန်အဆင့်နှစ်၌ ရှိနေသော်လည်း ဤနိဗ္ဗာန်နတ်ဆိုးမီးလျှံကို ရင်ဆိုင်ရသောအခါတွင် ခြိမ်းခြောက်မှုကို ခံစားနေရဆဲပင်။

နိဗ္ဗာန်အဆင့်တွင် ရှေ့သို့ တိုးတက်လေလေ၊ အဆင့်တစ်ခုနှင့် တစ်ခုကြား ကွာဟချက်မှာ ပိုမိုကြီးမားလေလေ ဖြစ်သည်။ အထူးသဖြင့် ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားတွင် နိဗ္ဗာန်နတ်ဆိုးမီးလျှံက ကျော်ဖြတ်ရန် ခဲယဉ်းသော ချောက်နက်ကြီးသဖွယ် ဖြစ်နေတော့သည်။

ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အနည်းငယ် ဖြန့်ကြက်၍ စမ်းသပ်ကြည့်လိုက်သည်။ ဤနိဗ္ဗာန်နတ်ဆိုးမီးလျှံက နှလုံးကြွေမီးတောက်နှင့် မတူဘဲ အလွန်ပြင်းထန်သော ဖျက်ဆီးအား ရှိနေသည်။ မီးလျှံအမျိုးအစား တစ်ခုစီတွင် သူတို့၏ ထူးခြားသော ဂုဏ်သတ္တိများ ရှိကြသည်။ နှလုံးကြွေမီးတောက်က လူတစ်ဦး၏ စိတ်ခံစားမှုကို သက်ရောက်စေသော စိတ်မီးလျှံဖြစ်သည်။ ဤနိဗ္ဗာန်နတ်ဆိုးမီးလျှံမှာမူ ဖျက်ဆီးခြင်း သက်သက် ဖြစ်သည်။

“ငါတို့ ဘာလုပ်ကြမလဲ။ ရှေ့မှာ ဒီမီးလျှ-တွေ ရှိနေတယ်။ တခြားလမ်းကနေ ပတ်သွားကြမလား” လင်းတုန်က စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

ရှောင်တျောင်းက ရုတ်တရက် ရယ်မောလိုက်ပြီး “မလိုပါဘူး။ ဒီအရာက အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဘယ်သူနဲ့ တွေ့သလဲဆိုတာပေါ်မှာပဲ မူတည်တယ်။ အစ်ကိုနှစ် အတွက်တော့ ဒါက အခွင့်အရေးကောင်းပဲ။ အကယ်၍ အစ်ကိုနှစ်သာ ဒါကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါက မင်းအတွက် အားအကိုးရဆုံး လျှို့ဝှက်လက်နက် ဖြစ်လာလိမ့်မယ်”

လင်းတုန်က ယခုအခါ နိဗ္ဗာန်အဆင့်နှစ်၌သာ ရှိသေးရာ နိဗ္ဗာန်အဆင့်သုံး ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် ခက်ခဲနိုင်သော်လည်း ဤနိဗ္ဗာန်နတ်ဆိုးမီးလျှံကို အသုံးပြုနိုင်မည်ဆိုပါက မမျှော်လင့်ထားသော ရလဒ်များ ရရှိနိုင်ပေသည်။

“ငါ ဒါကို ဘယ်လို ယူရမလဲ။ ဝါးမျိုခြင်းဘိုးဘေးအဆောင်နဲ့ပဲလား”

“မဟုတ်ဘူး၊ အစ်ကိုနှစ်ရဲ့ အခုလက်ရှိ စွမ်းအားက အထဲမှာ ရှိနေတဲ့ ကြမ်းတမ်းတဲ့ နတ်ဆိုးသဘာဝကို ဝါးမျိုနိုင်ဖို့ မလုံလောက်သေးဘူး။ ဝါးမျိုခြင်းဘိုးဘေးအဆောင် အပြင် အစ်ကို့မှာ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ အရာတစ်ခု ရှိသေးတယ်လေ”

“ကျောက်လက်ဖွဲ့” လင်းတုန်၏ မျက်လုံးများ တောက်ပသွားသည်။

“အစ်ကိုကြီး... အစ်ကိုကြီး ဘယ်လိုထင်လဲ” သူက ဝူယွမ်ကို လှည့်မေးလိုက်သည်။

“မင်းပဲ ယူလိုက်ပါ။ ဒီနိဗ္ဗာန်နတ်ဆိုးမီးလျှံက မင်းအတွက် တစ်နည်းမဟုတ် တစ်နည်း အကူအညီ ဖြစ်မှာပါ” ဝူယွမ်က ပြုံးလိုက်သည်။ သူ့တွင် နှလုံးကြွေမီးတောက် ရှိနှင့်ပြီးသားဖြစ်ရာ စနစ်တကျ အသုံးပြုတတ်လျှင် ဖျက်ဆီးအားမှာ နတ်ဆိုးမီးလျှံထက် မလျော့ပေ။ သူ့အတွက်မူ ဤအရာက ပိုလျှံနေပေလိမ့်မည်။ ထို့ပြင် မဟာရှေးဟောင်းကျောက်တိုင်ကို အသုံးမပြုဘဲနှင့် ဤမီးလျှံကို သိမ်းဆည်းရန် သူ့တွင် အခြားနည်းလမ်းလည်း မရှိပေ။

လင်းတုန်က ဝူယွမ်၏ ခွင့်ပြုချက်ကိုရသည်နှင့် “ရှောင်တျောင်း... စလိုက်ကြရအောင်” ဟု ပြောလိုက်သည်။

ရှောင်တျောင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ လက်သည်းများကို လှုပ်ရှားလိုက်ရာ နူးညံ့သော အဖြူရောင်အလင်းတန်းတစ်ခု လင်းတုန်၏ လက်ဖဝါးထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအဖြူရောင်အလင်းတန်းက နိဗ္ဗာန်နတ်ဆိုးမီးလျှံအနားသို့ ချဉ်းကပ်သွားသောအခါ မီးလျှံများမှာ ရုတ်ချည်းပင် ထကြွလာပြီး ဟိန်းဟောက်သံနှင့်အတူ လင်းတုန်ရှိရာသို့ လျှပ်စီးကဲ့သို့ ပြေးဝင်လာတော့သည်။

လင်းတုန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ခုခံရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရှောင်တျောင်း၏ ဝိညာဉ်ပုံရိပ်က သူ့ရှေ့၌ ပေါ်လာပြီး လက်သည်းများကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ နို့နှစ်ရောင်ကဲ့သို့ နူးညံ့သောအလင်းဖြင့် ဖွဲ့စည်းထားသော ရူန်းတစ်ခုက ကျောက်လက်ဖွဲ့အတွင်းမှ ထွက်ပေါ်လာသည်။ သူ၏ လက်သည်းများ ဆက်လက်လှုပ်ရှားနေသည်နှင့်အမျှ အဖြူရောင် ရူန်းအလင်းတန်းက တံဆိပ်ခတ်နှိပ်ခြင်းကဲ့သို့ ချက်ချင်း ပြန့်ကားသွားပြီး နိဗ္ဗာန်နတ်ဆိုးမီးလျှံ တစ်ခုလုံးကို မြဲမြံစွာ ဖုံးအုပ်လိုက်တော့သည်။

“ပိတ်လှောင်စေ”

ရှောင်တျောင်းက အော်ဟစ်လိုက်ရာ မှေးမှိန်သော အနက်ရောင် နိဗ္ဗာန်နတ်ဆိုးမီးလျှံည်နိဗ္ဗာန်နတ်ဆိုးမီးလျှံက ကျောက်လက်ဖွဲ့အတွင်းသို့ လုံးဝ ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။

နိဗ္ဗာန်နတ်ဆိုးမီးလျှံကို သိမ်းဆည်းပြီးနောက် ဝူယွမ်နှင့် အခြားသူများမှာ ရှေ့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။ သူတို့က နိဗ္ဗာန်‌ေကာင်းကင်လောင်ကျွမ်းခြင်း မီးအစီအရင်အတွင်းမှ ထွက်ခွာခါနီးပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဝိညာဉ်စွမ်းအင်ဖြင့် စစ်ဆေးနေသော ဝူယွမ်က မီးပင်လယ်အတွင်း၌ ထူးခြားသော စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။

“အစ်ကိုကြီး... အစ်ကိုနှစ်... သတိထား” ထိုအချိန်တွင် ရှောင်တျောင်း၏ အသံက သူတို့၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

ဝူယွမ်မှာ ထိုထူးခြားမှုကို ကြိုတင်အာရုံခံမိပြီးဖြစ်၍ အမြန်ပင် ရှေးဟောင်းသော့ကို ထုတ်ယူကာ ရှောင်ယန်နှင့် အခြားသူများကို သော့အတွင်းရှိ နယ်ပယ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက နှလုံးကြွေမီးတောက်ကို နှိုးဆွလိုက်ပြီး ပုံရိပ်ယောင်ရူန်းအချို့ကို အလျင်အမြန် ထုတ်လွှတ်ကာ မိမိကိုယ်ကိုယ်နှင့် လင်းတုန်ကို ဖုံးအုပ်လိုက်သည်။ လင်းတုန်သည်လည်း အသစ်ရရှိထားသော နိဗ္ဗာန်နတ်ဆိုးမီးလျှံကို နှိုးဆွကာ သူတို့၏ ပတ်လည်တွင် ဖြန့်ကြက်လိုက်သဖြင့် သူတို့မှာ ပတ်ဝန်းကျင်ရှိ မီးပင်လယ်နှင့် တစ်သားတည်း ဖြစ်သွားကြတော့သည်။

ထိုအချိန်တွင် မီးလျှံများဖြင့် ဖုံးအုပ်ထားသော ပုံရိပ်နှစ်ခုက သူတို့နှင့် မလှမ်းမကမ်းရှိ မီးပင်လယ်အတွင်းမှ လျှပ်စီးကဲ့သို့ အလျင်အမြန် ဖြတ်ကျော်သွားကြသည်။ ဝူယွမ်နှင့် လင်းတုန်တို့မှာ အသက်ပင် ဝဝမရှူရဲဘဲ အဝေးသို့ လှမ်းကြည့်နေကြသည်။ ထိုပုံရိပ်နှစ်ခုက သူတို့၏ စွမ်းအင်များကို အလွန်အမင်း ကောင်းမွန်စွာ ဖုံးကွယ်ထားကြရာ အကယ်၍ သူတို့၏ ဝိညာဉ်စွမ်းအင်သာ ထက်မြက်ခြင်း မရှိခဲ့လျှင် သတိပြုမိကြလိမ့်မည် မဟုတ်ပေ။

ခန့်မှန်းကြည့်ရန်ပင် မလိုတော့ချေ။ ဤသူတို့မှာ ထိပ်တန်းကျင့်ကြံနှစ်ဦး ဖြစ်သည်မှာ သေချာသည်။ သူတို့၏ ပတ်ပတ်လည်တွင် လေဟာနယ် နယ်မြေတစ်ခု ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင်ရှိ မီးလျှံများကို လုံးဝ သီးခြားခွဲထုတ်ထားသည်။ သူတို့ကဲ့သို့ပင် မီးပင်လယ် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေကြသဖြင့် ရှာဖွေတွေ့ရှိဖို့ရာ ခဲယဉ်းလှသည်။

“ဒီနယ်ပယ်... အရှေ့ပိုင်းရွှမ်ဒေသက လူတွေက ဒါကို ပိုင်ဆိုင်ထားတာ တော်တော်ကြာနေပြီ။ အခုတော့ ငါတို့အလှည့်ပဲ...”

ထိုသူနှစ်ဦးမှာ တစ်စုံတစ်ခုကို စကားပြောဆိုနေကြပုံရသည်။ ဝူယွမ်မှာ သူတို့က ဤနယ်ပယ်အပေါ် စိတ်ဝင်စားနေကြကြောင်းကို မရေမရာ ကြားလိုက်ရသည်။ ဝူယွမ်အနေဖြင့် ထိုသူနှစ်ဦး၏ စွမ်းအားကို အာရုံမခံနိုင်သလို ပွင့်ပွင့်လင်းလင်းလည်း စမ်းသပ်ရန် မဝံ့ရဲပေ။ အနိမ့်ဆုံး ခန့်မှန်းချက်အရပင် ဤသူနှစ်ဦး၏ စွမ်းအားမှာ ချီရှင်းထက် မနိမ့်နိုင်ပေ။ အကယ်၍ သူတို့ကို သွားရောက်ရန်စမိပါက အတော်လေး ဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် သူတို့စကားကို ကြားလိုက်ရသောအခါ သူနှင့် လင်းတုန်တို့မှာ စိတ်ထဲ၌ ထိတ်လန့်သွားကြသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရဲကြပေ။

“ဒီလူနှစ်ယောက်ရဲ့ စွမ်းအင်က နည်းနည်းတော့ ထူးဆန်းနေတယ်။ သူတို့က ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ပါဝင်တဲ့လူတွေ မဟုတ်တာတော့ သေချာတယ်။ တခြားရွှမ်ဒေသတွေကနေ ဒီတိုက်ပွဲအတွင်းကို တိတ်တဆိတ် ခိုးဝင်လာတဲ့သူတွေ ဖြစ်ဖို့များတယ်။ ဟဲဟဲ... ဒီနယ်ပယ်က တကယ်ကို အဖိုးတန်တာပဲ။ အရှေ့ပိုင်းရွှမ်ဒေသက အထူးဂိုဏ်းကြီးတွေအားလုံး ဒါကို အလေးထားကြတယ်။ တခြားသူတွေအနေနဲ့ ဒီနေရာကို သိမ်းပိုက်ဖို့ဆိုတာ မလွယ်ကူဘူး။ စိတ်မပူနဲ့၊ အထူးဂိုဏ်းတွေက သူတို့ကို နှိမ်နင်းဖို့ လူတွေ သေချာပေါက် လွှတ်မှာပါ” ရှောင်တျောင်းက တိုးတိုးလေး အသံလွှင့်ကာ ပြောလိုက်သည်။

“ဒါမှမဟုတ် ကျွန်တော်ကသာ သေခြင်း-ရှင်ခြင်း သံသရာဆေးလုံးကို ရရှိပြီး ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်မယ် ဆိုရင်တော့... ဟဲဟဲ... အစ်ကိုကြီးနဲ့ အစ်ကိုနှစ်တို့ကို ကျွန်တော်ကပဲ ကာကွယ်ပေးပါ့မယ်”

“အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။အစ်ကိုကြီး… မြန်မြန် ထွက်သွားကြမလား”

ဝူယွမ်က “မလှုပ်နဲ့ဦး။ စွမ်းအင် နည်းနည်း လှုပ်ခတ်သွားတာနဲ့ သူတို့က ချက်ချင်း သိသွားလိမ့်မယ်။ သူတို့ ထွက်သွားတဲ့အထိ စောင့်ကြရအောင်။ အကယ်၍ စောင့်လို့မရတော့ဘူးဆိုရင်တော့ မင်းနဲ့ငါ အတူတူ သော့ရဲ့ အာကာသထဲကို ဝင်ပြီးတော့ အဲ့ဒီကနေပဲ ထွက်ပြေးကြတာပေါ့” ဟု ပြောလိုက်သည်။

ခေတ္တခဏ ကြာပြီးသည်အထိ ထိုသူနှစ်ဦးမှာ ဝူယွမ်နှင့် လင်းတုန်တို့ကို သတိမထားမိကြသေးပေ။ ထိုအချိန်တွင် လူများ ပိုမိုရောက်ရှိလာကြရာ ဝူယွမ်တို့ လာခဲ့သော လမ်းကြောင်းအတိုင်း ရောက်လာကြခြင်း ဖြစ်ပုံရသည်။

“သွားကြစို့... တစ်ယောက်ယောက် လာနေပြီ” ထိုသူနှစ်ဦးမှာ သတိပြုမိသွားကြပြီး အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

ထိုအချိန်အတွင်း ဝူယွမ်တို့မှာ သူတို့နှစ်ဦး အချင်းချင်း ဖလှယ်ခဲ့ကြသော အချက်အလက် မြောက်မြားစွာကို ကြားသိခဲ့ရသည်။ သို့သော် လောလောဆယ် ဝင်ရောက်စွက်ဖက်ရန် သူတို့၌ အစီအစဉ်မရှိသေးပေ။

“သွားကြစို့”

ဝူယွမ်နှင့် လင်းတုန်တို့မှာ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ရှေ့ရှိ နီရဲသော ‌နယ်ပယ်ကြီးမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သူတို့သည် နောက်ဆုံးတွင် နိဗ္ဗာန်ကောင်းကင် လောင်ကျွမ်းခြင်း မီးအစီအရင် အတွင်းမှ လွတ်မြောက်လာခဲ့ကြလေပြီ။

ထို့နောက် သူတို့က ရှေးဟောင်းရတနာတိုက်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာကြတော့သည်။ ဝူယွမ်က မုချန်ချန်နှင့် အခြားသူများကို ရှေးဟောင်းသော့နယ်ပယ်အတွင်းမှ ပြန်လည် ခေါ်ထုတ်လိုက်သည်။

“ဝါး... ဒီနေရာက တကယ်ကို ခန့်ညားထည်ဝါတာပဲ” မုချန်ချန်က မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ တောက်ပသွားတော့သည်။

ရှေ့မှ မြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှပြီး ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ကျယ်ပြောလှသော မြေပြင်ပေါ်တွင် ကျွန်းစုများ ကောင်းကင်ယံ၌ ဝဲပျံနေကြပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားကြရာ အဝေးမှ ကြည့်လျှင် ကောင်းကင်၌ ရှိနေသော တိုက်ကြီးတစ်ခုသဖွယ် ထင်မှတ်ရသည်။ အပြင်ဘက်ရှိ ပျက်စီးနေသော နေရာနှင့် မတူဘဲ ဤရတနာတိုက်၏ အနက်ရှိုင်းဆုံးရှိ နေရာမှာ အလွန်တည်ငြိမ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။

သူတို့ ထွက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူအများအပြားမှာလည်း အစီအရင်အတွင်းမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် သူတို့နှင့် ယှဉ်လျှင် ထိုလူများမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေကြပြီး အချို့မှာ ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။ သို့သော်ငြားလည်း ဤနေရာအထိ ရောက်ရှိလာနိုင်သူများမှာ ထူးချွန်ထက်မြက်သူများသာ ဖြစ်ကြသည်။

“အရင်က ငါတို့ရထားတဲ့ သတင်းတွေအရဆိုရင် ဒီရတနာတိုက်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဂိုဏ်းကြီးကိုးဂိုဏ်း ရှိတယ်၊ အဲ့ဒါတွေကတော့ ဆန်းကြယ်မဟာဂိုဏ်းကြီးလေးဂိုဏ်းနဲ့ ထိပ်သီးအစောင့်အရှောက်ဂိုဏ်း ငါးဂိုဏ်းပဲ”

“အစောင့်အရှောက်ဂိုဏ်း ငါးဂိုဏ်းရဲ့ အမွေအနှစ်တွေ အကုန်လုံး ပွင့်လာပြီးမှသာ မဟာဂိုဏ်းကြီးလေးဂိုဏ်းရဲ့ အမွေအနှစ်တွေက ပွင့်လာမှာ။ အခုလောလောဆယ်တော့ အဲ့ဒီအစောင့်အရှောက်ဂိုဏ်း ငါးဂိုဏ်းရဲ့ အပျက်အစီးတွေကို အရင် သွားစူးစမ်းကြရအောင်”

ဝူယွမ်က တောင်ဘက်သို့ ကြည့်လိုက်ပြီး “ငါရထားတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ အရဆိုရင် အဲ့ဒီဘက်မှာ ဂိုဏ်းအပျက်အစီးတစ်ခု ရှိတယ်၊ ငါတို့နဲ့ အနီးဆုံးပဲ၊ အဲ့ဒီဂိုဏ်းနာမည်က ပါ့ကျိဂိုဏ်းတဲ့။ သူက အစောင့်အရှောက်ဂိုဏ်းတွေထဲမှာ ဒုတိယအဆင့်ရှိတယ်။ အဲ့ဒီမှာ ရတနာကောင်းတွေ ရနိုင်လောက်တယ်။ မြန်မြန်သွားကြစို့”

ယခုအခါတွင် ရတနာတိုက်၏ အနက်ရှိုင်းဆုံးသို့ ရောက်ရှိလာသူ အတော်များများ ရှိနေပြီဖြစ်ရာ အနီးဆုံးနေရာမှ စတင်၍ စူးစမ်းလေ့လာခြင်းကသာ သင့်တော်သည်။ သို့မဟုတ်ပါက အဆင့်တစ်နေရာကိုသာ ဇွတ်အတင်း သွားရောက်ရှာဖွေနေပါက သူတို့ မရောက်မီမှာပင် အမွေအနှစ်များကို အခြသူများ အကုန်အစင် သိမ်းယူခြင်း ခံလိုက်ရပေလိမ့်မည်။

All Chapters