← Chapters

စိတ်ဝိညာဉ်သိုင်းပညာနှင့် မဟာရှေးဟောင်းဧကရာဇ်၏ ဝိညာဉ်

Vol. 17 Ch. 169

စိတ်ဝိညာဉ်သိုင်းပညာနှင့် မဟာရှေးဟောင်းဧကရာဇ်၏ ဝိညာဉ်

Vol. 17 Ch. 169

ပန်းတိုင်ကို အတိအကျသိရှိသွားပြီးနောက် ဝူယွမ်နှင့် အခြားသူများသည် လမ်းခရီး၌ တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်လာခဲ့ကြသည်။

ဤလျှို့ဝှက်ရတနာနယ်မြေ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ လူအများအပြား ရောက်ရှိနေကြပြီဖြစ်ပြီး မုဟုန်လင်းကဲ့သို့ အစွမ်းထက်သည့် ပုဂ္ဂိုလ်များလည်း မနည်းလှပေ။ အနောက်မြောက်ဒေသသည်ကား ဖုံးကွယ်ထားသော ပါရမီရှင်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ လူတိုင်းက ရှီကွမ်းနှင့် သူ၏အပေါင်းအပါများကဲ့သို့ လူသိထင်ရှား ကြွားဝါနေကြသည်မဟုတ်ဘဲ အစွမ်းထက်သူ အများအပြားက တိတ်တဆိတ်သာ အစွမ်းအစများကို ပျိုးထောင်နေကြခြင်း ဖြစ်သည်။

လျှို့ဝှက်ရတနာနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ခြေချလိုက်သည့် ခဏမှာပင် တွေ့ရသမျှလူအများစု၏ အငွေ့အသက်များအရ အားနည်းသူများမဟုတ်ကြောင်း သိသာထင်ရှားနေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဝူယွမ်နှင့် အခြားသူများက ကျွန်းငယ်အမြောက်အမြားကို ဖြတ်ကျော်လာခဲ့ကြသည်။

နောက်ဆုံးတွင်မူ သူတို့၏ပန်းတိုင်ကို လှမ်းမြင်လိုက်ရပြီဖြစ်သည်။ အခြားသော ကျွန်းအလွတ်များနှင့်မတူဘဲ ဤကျွန်းမှာ အလွန်ထူးခြားလှသည်။

ကျွန်းပေါ်တွင် တောင်တန်းများ သို့မဟုတ် သစ်တောများမရှိဘဲ ဧရာမရင်ပြင်ကျယ်ကြီးတစ်ခုသာ ရှိနေသည်။

ရင်ပြင်၏အလယ်ဗဟိုတွင် ထုထည်ကြီးမားလှသော ကျောက်သားအဆောက်အအုံများ စုဝေးတည်ရှိနေပြီး ထိုနေရာမှ ရှေးဟောင်း၍ အိုမင်းရင့်ရော်လှသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ကျယ်ပြောလှသော ရင်ပြင်ထက်တွင် ကျောက်တိုင်များစွာက တိတ်တဆိတ် ထောင်မတ်လျက်ရှိနေသည်။

ထိုကျောက်တိုင်များပေါ်တွင် အမျိုးမျိုးသော လက်ဝါးရာများနှင့် လက်သီးရာများမှာ သိပ်သည်းစွာ ထင်ကျန်နေသည်။

ကြည့်ရသည်မှာ ဤနေရာသည် ပါ့ကျိဂိုဏ်း၏ သိုင်းကျင့်ကြံခြင်း ကွင်းပြင်ဖြစ်ပုံရသည်။

ရင်ပြင်ပေါ်တွင် လူအတော်များများ ရောက်ရှိနေကြပြီဖြစ်သည်။

ဝူယွမ်နှင့် အခြားသူများ ရင်ပြင်ပေါ်သို့ တက်လာသည့်အခါ လူတိုင်း၏အာရုံများ သူတို့ထံသို့ ချက်ချင်းရောက်ရှိသွားသည်။

“ဝူယွမ် ရောက်လာပြီဟေ့”

“သွားပြီပဲ... ငါတို့တော့ ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ သူတို့ရောက်လာမှတော့ ဘယ်သူကများ ယှဉ်နိုင်ဦးမှာလဲ”

“သွားကြစို့... တခြားနေရာမှာပဲ သွားရှာကြရအောင်။ တောက်.. ကံဆိုးလိုက်တာ၊ ဒီနိမိတ်မကောင်းတဲ့ကောင်နဲ့မှ လာတိုးရတယ်လို့”

ဝူယွမ်နှင့် အဖွဲ့ရောက်လာသည်ကို မြင်သည်နှင့် လူအများအပြားမှာ ကျိန်ဆဲရင်း ထွက်ခွာသွားကြတော့သည်။

ယခင်က ရှေးဟောင်းနတ်ဘုရားနန်းတော်တွင် ဝူယွမ်က အဆင့်မြင့်ပြည်ထောင်စု ငါးခုကို ပြတ်ပြတ်သားသား အမြစ်ပြတ်ချေမှုန်းခဲ့ခြင်းကြောင့် သူ၏ကျော်ကြားမှုမှာ တိုက်ပွဲတစ်ခုတည်းနှင့်ပင် ကောင်းသတင်းရော ဆိုးသတင်းပါ ပြန့်နှံ့သွားခဲ့သည်။

သူ့ကို မြင်သူတိုင်းမှာ ထိတ်လန့်တုန်လှုပ်နေကြရသည်။

ထို့ကြောင့် လူအတော်များများမှာ မကျေမနပ်ဖြစ်နေသော်လည်း တိုက်ရိုက်ပင် ထွက်ခွာသွားကြသည်။ သို့မဟုတ်ပါက ဝူယွမ်ကို မတော်တဆ စော်ကားမိလျှင် ရတနာမရသည့်အပြင် အသက်ပါ ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။

သို့သော်ငြား သူတို့ကို မကြောက်ရွံ့သည့်သူအချို့ ရှိနေသေးသည်။ အဆောက်အအုံများရှေ့တွင် လူအုပ်စုသုံးစုမှာ ရပ်မြဲအတိုင်း ရပ်နေကြသည်။

ဝူယွမ်က ထိုသူများကို မသိသော်လည်း ထိုသုံးအုပ်စုစလုံးတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များက စောင့်ကြပ်နေကြပြီး၊ ခေါင်းဆောင်သုံးဦးမှာ ဝူယွမ်နှင့် အဖွဲ့ကို စူးစမ်းလိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

သူတို့၏မျက်လုံးများထဲတွင် မာန်မာနအချို့ ကိန်းအောင်းနေပြီး သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အားကောင်းသည့် စွမ်းအင်လှိုင်းများအရ သူတို့၏အစွမ်းမှာ မနိမ့်ကြောင်း သိသာသည်။

“နိဗ္ဗာန်အဆင့်နှစ် တွေပဲ”

ဝူယွမ်က နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်သည်။

“ဒါက သူတို့ရဲ့ မာန်တက်နေတဲ့ အဓိကအကြောင်းအရာလား”

“နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူသုံးယောက်တောင် ပေါ်လာတယ်။ ဒီကောင်တွေက တော်တော်လေး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ကြတာပဲ။ ရှီကွမ်းတို့လိုကောင်တွေက နိဗ္ဗာန်အဆင့်တစ်လေးနဲ့ အရင်က တော်တော်ကြွားခဲ့တာ၊ တကယ့်ကို ကိုယ့်နေရာကိုယ် မသိတဲ့ကောင်တွေပဲ။ ဒါပေမဲ့ ဒီနိဗ္ဗာန်အဆင့်နှစ် သုံးယောက်ကလည်း ဘာမှထူးမနေဘူး။ ကျွန်တော်တစ်ယောက်တည်းနဲ့တင် အဲ့ဒီသုံးယောက်စလုံးကို နှိမ်နင်းနိုင်တယ်လို့ ခံစားနေရတယ်”

လင်းတုန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။ ဒုတိယအဆင့် ယွမ်နိဗ္ဗာန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် လင်းတုန်၏ အစွမ်းမှာ အလွန်တိုးတက်လာခဲ့ရာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

နိဗ္ဗာန်အဆင့်နှစ် အတွင်းရှိ လူအားလုံးကို ရှင်းပစ်ရန်မှာ သူ့အတွက် ပြဿနာမဟုတ်တော့ပေ။

“စိတ်မပူနဲ့၊ သူတို့တွေ နောက်ပိုင်း ဘာက ကောင်းတယ်၊ ဘာက ဆိုးတယ်ဆိုတာ မသိဘူးဆိုရင်တော့၊ သူတို့အားလုံးကို မင်းကိုပဲ ကိုင်တွယ်ခွင့်ပေးမယ်”

ဝူယွမ်နှင့် အခြားသူများက အဆောက်အအုံများရှေ့သို့ လျှောက်သွားကြပြီး ထိုနေရာတွင် စွမ်းအင်အတားအဆီး မရှိသည်ကို တွေ့လိုက်ရသည်။

‘ဤလူများ အဘယ်ကြောင့် အတွင်းသို့ မဝင်ကြသနည်း’ဟု ဝူယွမ်က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

သူကြည့်လ်ုက်သောအခါ ဤလူများ၏ မျက်နှာထက်တွင် စိတ်အားထက်သန်မှုနှင့်အတူ စိုးရိမ်ပူပန်မှု အရိပ်ယောင်များလည်း သန်းနေသည်။

ဝူယွမ်က သူ၏ဝိညာဉ်စွမ်းအင်ကို ချက်ချင်းပင် ဖြန့်ကြက်လိုက်သည်။

“ဟင်... အောက်ထဲမှာ တစ်ခုခုရှိနေတယ်”

ဝူယွမ်က သတိပေးလိုက်သည်။ အဆောက်အအုံရှေ့ရှိ မညီမညာ ရင်ပြင်အောက်ခြေမှ အားကောင်းသော အငွေ့အသက်တစ်ခုကို သူ အာရုံခံမိလိုက်ခြင်းဖြစ်သည်။

“အားလုံး သတိထားကြ”

“ဒါက အစွမ်းထက်တဲ့ နတ်ဆိုးသားရဲ တစ်ကောင်ပဲ ဖြစ်ရမယ်။ ဒီလို ရှေးဟောင်းဂိုဏ်းတွေ ချန်ထားခဲ့တဲ့အရာတွေက ကိုင်တွယ်ရ မလွယ်ကူဘူး” ရှောင်တျောင်း၏ အသံမှာလည်း ထွက်ပေါ်လာခဲ့သည်။

ထိုခဏ၌ ဝူယွမ်တို့ ရောက်လာသည်ကို မြင်သော လူအုပ်စုသုံးစုမှာ စိုးရိမ်စိတ်များ ပိုများလာပုံရပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စတင်လှုပ်ရှားကြတော့သည်။

သူတို့ကို ဦးဆောင်လာသော နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသုံးဦးမှာ အရင်ဆုံး ထုထည်ကြီးမားသော ကျောက်သားအဆောက်အအုံများ ဆီသို့ ဦးတည်ပြီး ရှေ့သို့ ပြေးထွက်သွားကြသည်။

သူတို့သုံးဦးထံမှ နိဗ္ဗာန်စွမ်းအင်များ လျှံထွက်လာပြီး သူတို့၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ သူတို့က မီးလျှံတန်းများကဲ့သို့ ပြောင်းလဲသွားကာ ကျောက်သားအဆောက်အအုံ၏ အကွာအဝေး ပေတစ်ထောင်ခန့်အတွင်းသို့ ချက်ချင်းပင် ရောက်ရှိသွားကြသည်။

သို့သော်လည်း ထိုအချိန်၌ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားလှသော ကျောက်သားရင်ပြင်အောက်ခြေမှ ပြင်းထန်သော တုန်ခါမှုတစ်ခု ပေါ်ထွက်လာခဲါသည်။

ဝုန်း။

ခဏလေးအတွင်းမှာပဲ ရင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

မြေပြင်မှာ ပြိုကျပျက်စီးသွားပြီး အပြာရောင်ကျောက်တုံးများ လွင့်စင်ထွက်ကုန်ကာ ကျောက်သားအဆောက်အအုံများ ရှေ့တွင် ကျယ်ပြောလှသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။

ရှူး... လျှပ်စီးကဲ့သို့ လျင်မြန်လှသော ဧရာမ မီးခိုးဖြူရောင် အရိပ်ကြီးတစ်ခုက မြေအောက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် ထိုလူသုံးဦးကို ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။

ဘန်း၊ ဘန်း၊ ဘန်း။

ထိုသုံးဦးမှာ တိုက်ရိုက်ပင် လွင့်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ရင်ပြင်ထက်တွင် နက်ရှိုင်းသော အမှတ်အသားများ ထင်ကျန်ရစ်သည်အထိ လျှောတိုက်ပါသွားကာ အလွန်ပင် အရှက်ရဖွယ် ဖြစ်သွားကြသည်။

ထိုအချိန်တွင် ဝူယွမ်နှင့် အခြားသူများက အက်ကွဲနေသော မြေပြင်မှ ဖုန်မှုန့်များ ထပွေလာပြီး ပြင်းထန်လွန်းသော ဖိအားနှင့် ဧရာမအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

“ဒါ... ‘ကောင်းကင်ပြို နတ်ဆိုးခွေနဂါး’ ပဲ”

ရှောင်တျောင်း၏ အသံမှာ သူတို့၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

ဤအကောင်က အလွန်ရှေးကျသော နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်ကာ ခန္ဓာကိုယ်အတွင်း၌ နဂါးသွေးပါဝင်နေသည်။

၎င်းက ကြမ်းကြုတ်ရက်စက်မှုကြောင့် ကျော်ကြားပြီး နဂါးသွေးပါဝင်သော အခြားသော နတ်ဆိုးသားရဲများထက်ပင် ပိုအစွမ်းထက်လှသည်။

ဖုန်မှုန့်များ လွင့်စင်သွားသောအခါမှ သားရဲ၏ ရုပ်သွင်မှာ ပေါ်ထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ ပေတစ်ရာခန့် မြင့်မားပြီး ထုထည်အလွန် ကြီးမားလှကာ တစ်ကိုယ်လုံး မီးခိုးဖြူရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံရိပ်များ တလက်လက် တောက်ပနေသည်။

အထူးခြားဆုံးမှာ သူ့တွင် အမဲလိုက်ခွေး၏ ခန္ဓာကိုယ်ရှိသော်လည်း ဦးခေါင်းမှာမူ ရက်စက်ကြမ်းကြုတ်သော နဂါးဦးခေါင်း ဖြစ်နေခြင်းပင်။

သားရဲက ကျောက်သားအဆောက်အအုံများ၏ အပြင်ဘက်တွင် အစောင့်သားရဲတစ်ကောင်ကဲ့သို့ ရပ်တန့်နေပြီး နောက်ကွယ်ရှိ အဆောက်အအုံများကို ကာကွယ်နေသည်။ ကြမ်းကြုတ်သော အငွေ့အသက်များက ရှေ့တွင်ရှိနေသော လူများထံသို့ အဆက်မပြတ် ရိုက်ခတ်နေတော့သည်။

ဒါဟာ ပါ့ကျိဂိုဏ်းရဲ့ အစောင့်နတ်ဆိုးသားရဲပဲ။

ရှောင်တျောင်းက “ဒါက သေနေတာကြာပြီပဲ။ အံ့သြစရာမရှိပါဘူး၊ ခုနက ငါဘာလို့ ထူးဆန်းနေလဲလို့ စဉ်းစားနေတာ။ မဟုတ်ရင် အသက်ရှင်နေတဲ့ ကောင်းကင်ပြို နတ်ဆိုးခွေးနဂါးက ဒီလောက်တော့ အားမနည်းနိုင်ဘူး”

“သေနေတာလား”

ဝူယွမ်နှင့် လင်းတုန်တို့မှာ ချက်ချင်းပင် အနီးကပ်ကြည့်လိုက်ကြရာ ထိုနတ်ဆိုး ခွေးနဂါး၏ မျက်လုံးများတွင် အသက်ဓာတ် လုံးဝကင်းမဲ့နေပြီး ဟာလာဟင်းလင်းဖြစ်ကာ အရောင်အဝါ မှိန်ဖျော့နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှ သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည်ကိုပင် ခံစားနေရသည်။

ရှောင်တျောင်းက ဆက်ပြောလိုက်သည် - “သူ့ခန္ဓာကိုယ်မှာ အသက်ဓာတ်မရှိတော့ပေမဲ့ ကျန်ရစ်နေတဲ့ စွဲလမ်းမှု တစ်ခုတော့ ရှိနေသေးတယ်။ ဒီနတ်ဆိုး ခွေးနဂါးက ပါ့ကျိဂိုဏ်းရဲ့ အစောင့်သားရဲ ဖြစ်ခဲ့ပုံရတယ်။ သူ့ရဲ့ တာဝန်က ဂိုဏ်းကို ကာကွယ်ဖို့ပဲ။ သူ သေသွားရင်တောင် အဲ့ဒီစွဲလမ်းမှု အကြွင်းအကျန်က ဒီအပျက်အစီးနေရာတွေကို စောင့်ကြပ်နေတုန်းပဲ။ ဒီလို ခွေးနဂါးမျိုးက အလွန်ကြမ်းကြုတ်ပေမဲ့ ယဉ်ပါးအောင် လုပ်နိုင်ရင်တော့ တကယ့်ကို သစ္စာရှိမှာပဲ။ အရင်တုန်းကတော့ အစွမ်းထက်တဲ့ ဂိုဏ်းတိုင်းလိုလိုက ဒီလို ခွေးနဂါးမျိုးကို မွေးမြူကြတယ်”

ဂိုဏ်းကို ကာကွယ်လိုသည့် ကျန်ရစ်သော စွဲလမ်းမှုက ဝူယွမ်အား ချီရှင်းကို သတိရသွားစေသည်။ သူသည်လည်း ဂိုဏ်းကို စွဲလမ်းမှုကြောင့်သာ ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူသုံးဦးမှာ ပြန်လှည့်လာကြသည်။ နတ်ဆိုး ခွေးနဂါးကို ခဏမျှ စောင့်ကြည့်ပြီးနောက် သူတို့လည်း ပြဿနာကို သဘောပေါက်သွားကြသည်။

သူတို့ထဲမှတစ်ယောက်က ပြောလိုက်သည် - “ဒါက သေနေတဲ့ အရာတစ်ခုပဲ၊ ဒါတောင် ငါတို့ကို ခုခံဖို့ ကြိုးစားနေသေးတယ်။ အားလုံး အတူတူ တိုက်ခိုက်ကြရအောင်။ ဒီ ခွေးနဂါးကို အပြတ်ရှင်းပြီးရင် ပါ့ကျိဂိုဏ်းရဲ့ အမွေအနှစ်ကို ငါတို့ ရနိုင်ပြီ”

အဆောက်အအုံရှေ့ရှိ လူတိုင်း၏ မျက်လုံးများမှာ တောင့်တမှုများဖြင့် တောက်ပလာကြသည်။

သူတို့အားလုံး သဘောတူညီပြီး ခေါင်းညိတ်လိုက်ကြသည်။

ချက်ချင်းပင် တစ်ယောက်ချင်းစီက တိုက်ခိုက်လိုက်ကြပြီး နတ်ဆိုးခွေးနဂါးကို အမျိုးမျိုးသော အစွမ်းထက်သည့် သိုင်းပညာရပ်များဖြင့် ထိုးနှက်ကြတော့သည်။

ရှောင်တျောင်းက “အစ်ကိုကြီး၊ ဒီနတ်ဆိုး ခွေးနဂါးက သေနေတဲ့အရာဆိုပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ အားကောင်းတဲ့ သွေးမျိုးဆက်စွမ်းအားတွေ ရှိနေသေးတယ်။ အစ်ကိုကြီးသာ အဲ့ဒါကို ရမယ်ဆိုရင် ကောင်းကင်မိကျောင်း အရိုးရုပ်သေးက အဆင့်နှစ် ဝိညာဉ်ရုပ်သေး အဖြစ် တိုက်ရိုက် ထိုးတက်သွားနိုင်တယ်”

“အို... ဒါက ဖြစ်နိုင်တာပဲ”

ဝူယွမ်မှာ အနည်းငယ် အံ့သြသွားသည်။

ထိုအချိန်တွင် လူအုပ်ကို ဦးဆောင်သော သုံးဦးမှာ နတ်ဆိုး ခွေးနဂါးကို ဝိုင်းရံထားပြီး ရူးသွပ်စွာ တိုက်ခိုက်နေကြပြီဖြစ်သည်။

ပြင်းထန်သော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ ဤနေရာရှိ အားနည်းသူမှာပင် နိဗ္ဗာန်အဆင့်ရှိကြပြီး အများစုမှာ နိဗ္ဗာန်အဆင့်တစ်ဖြစ်ရာ သူတို့၏အစွမ်းမှာ မသေးလှပေ။

တိုက်ခိုက်မှုများကြောင့် ရင်ပြင်ကြီးတစ်ခုလုံး မခံနိုင်လောက်အောင် ဖြစ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင် လှိုင်းများက အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။

ဝူယွမ်နှင့် အခြားသူများလည်း တိုက်ခိုက်မှုတွင် ပူးပေါင်းပါးး၀င်လိုက်ကြသည်။

နတ်ဆိုး ခွေးနဂါးမှာ အားကောင်းသော်လည်း ကံဆိုးစွာပင် ယင်းက သေဆုံးပြီးသား ဖြစ်သည်။ သူက ကျန်ရစ်သော စိတ်ဆန္ဒတစ်ခုဖြင့်သာ တိုက်ခိုက်နေခြင်းဖြစ်ရာ ကြာရှည်မခံနိုင်တော့ဘဲ တုံ့ပြန်မှုများမှာလည်း အလွန်ပင် နှေးကွေး ထုံထိုင်းနေသည်။

လူများက သူ၏ အားနည်းချက်ကို သိသွားပြီးနောက် ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။ အဆုံးမရှိသော ယွမ်စွမ်းအင် တိုက်ခိုက်မှုများကြောင့် နတ်ဆိုးခွေးနဂါး၏ ခန္ဓာကိုယ်မှာ အမြန်ပင် ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့သည်။

ဘုန်း။

သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ နောက်ဆုံးတွင် ပြိုလဲသွားပြီး ခြောက်သွေ့နေသော အရိုးများမှာ ပေါက်ထွက်သွားကာ အသက်ဓာတ်ကင်းမဲ့နေသော မီးခိုးဖြူရောင် အသားများကို မြင်လိုက်ရသည်။

နတ်ဆိုး ခွေးနဂါး ပျက်စီးသွားသည်နှင့် လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်လာကြသည်။

ရွှတ်၊ရွှတ်၊ရွှတ်။

နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူသုံးဦးမှာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြပြီး နတ်ဆိုးခွေးနဂါး၏ ဖြူဖွေးဆွတ်နေသော အရိုးစုကို ဖမ်းယူရန် ဧရာမ ယွမ်စွမ်းအင် လက်ဝါးကြီးများကို ထုတ်လွှတ်လိုက်ကြသည်။

ဤကဲ့သို့ နတ်ဆိုးသားရဲ၏ အဖိုးတန် သွေးအဆီအနှစ်မှာ အရိုးခြင်ဆီအတွင်း ဖုံးကွယ်နေသည်ကို သူတို့လည်း သိထားပုံရသည်။

“ရောင်းရင်းတို့... ကျွန်တော့်အစ်ကိုကြီးက ဒီအရာကို လိုချင်နေတယ်”

လင်းတုန်နှင့် ရှောင်ယန်တို့ကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့က ထူထဲသော ရွှေအိုရောင် လှံရှည်နှင့် အနက်ရောင် တုတ်ရှည်ကြီးတစ်ခုကို အသီးသီး ကိုင်ဆောင်ထားကြသည်။

လှံအလင်းတန်းနှင့် တုတ်အရိပ်များက ထိုလူသုံးဦး၏ ယွမ်စွမ်းအင်လက်ဝါးကြီးများကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့က လျှပ်တပြက် လှုပ်ရှားကာ ဤလူသုံးဦး၏ ရှေ့တွင် တိုက်ရိုက် ပိတ်ဆို့လိုက်ကြသည်။

“ဟက်ဟက်... မင်းတို့ မဟာယန်ပြည်ထောင်စုက အရာအားလုံးကို လက်ဝါးကြီးအုပ်ချင်နေတာလား”

ဤသုံးဦးကလည်း လင်းတုန်နှင့် ရှောင်ယန်ကို နှိမ်နင်းရန် ချက်ချင်းပင် တိုက်ခိုက်လိုက်ကြတော့သည်။

ရှောင်ယန်နှင့် လင်းတုန်တို့ ယခင်က ပခုံးချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာမူ ကွဲပြားသည်။ ယခုမှာ ရှောင်ယန်က လူသားပုံသဏ္ဌာန်သို့ ပြောင်းလဲပြီးနောက် လင်းတုန်နှင့် ပထမဆုံးအကြိမ် စစ်မှန်စွာ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ရာ သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာ အလွန်ပင် မြင့်မားနေသည်။

သူတို့က ထိုသုံးဦးထက် နည်းနည်းလေးတောင် နိမ့်ကျခြင်းမရှိပေ။

လှံအလင်းတန်းနှင့် တုတ်အရိပ်များက ရူးသွပ်စွာ ထွက်ပေါ်လာပြီး နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူသုံးဦးကိုပင် အကြိမ်ကြိမ် ဆုတ်ခွာသွားစေသည်။

အထူးသဖြင့် လင်းတုန်က သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပို၍ပင် အားကောင်းလှပြီး သူက အဆင့်တစ် ကောင်းကင်အဆောင်သခင် အစွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူက တိုက်ခိုက်မှုတိုင်းကို တိကျစွာ လုပ်ဆောင်နိုင်သလို လေနှင့် မိုးကြိုးစွမ်းအားများကိုလည်း ထိန်းချုပ်ကာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

သို့သော် ထိုသုံးဦးမှာလည်း ခေသူများ မဟုတ်ကြပေ။ သူတို့က အခြေအနေကို အမြန်ပင် ပြန်လည်ထိန်းညှိလိုက်ကြပြီး အမျိုးမျိုးသော အစွမ်းထက်သည့် ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကို လင်းတုန်နှင့် ရှောင်ယန်ထံသို့ ရူးသွပ်စွာ ပစ်လွှတ်လိုက်ကြသည်။

“စိတ်ဝိညာဉ်သိုင်းပညာရပ်ရဲ့ စွမ်းအားကို မင်းတို့ကို ပြပေးရတာပေါ့” လင်းတုန်က အကျယ်ကြီး အော်ဟစ်လိုက်ပြီး အပေါ်သို့ ပျံတက်သွားကာ ကျယ်ပြောလှသော ယွမ်စွမ်းအင်များကို ရူးသွပ်စွာ ထုတ်လွှတ်လိုက်သည်။

“စိတ်ဝိညာဉ်သိုင်းပညာရပ် ဟုတ်လား”

လူတိုင်း၏အာရုံမှာ လင်းတုန်ထံသို့ ရောက်ရှိသွားပြီး ဝူယွမ်ပင်လျှင် အံ့သြသွားရသည်၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် စိတ်ဝိညာဉ်သိုင်းပညာရပ်ကို မကြာသေးမီကမှ နားလည်သဘောပေါက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း - ပေါင်းစပ်ခြင်း”

လင်းတုန်၏ လည်ချောင်းထဲမှ နက်ရှိုင်းသောအသံတစ်ခု ထွက်ပေါ်လာကာ သူ၏ ယွမ်စွမ်းအင်များက ဒြပ်ထုတစ်ခုကဲ့သို့ လေထုထဲသို့ တိုးဝင်သွားပြီး ရှေးဟောင်းဧရာမ လက်ချောင်းငါးချောင်းအဖြစ် ပုံဖော်လိုက်သည်။

သို့သော် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုလက်ချောင်းကြီးငါးချောင်းမှာ အမှန်တကယ်ပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အလင်းတန်းများ တလက်လက် တောက်ပလာကာ တဖြည်းဖြည်း နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရှေးကျသော လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုလက်ဝါးကြီးမှာ ရှေးဟောင်းဆန်ကာ အဝါရောင်ဖြစ်နေပြီး ရှေးကျသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ လက်ဝါးပေါ်တွင် ရှုပ်ထွေးလှသော အမြောင်းရာများကို မြင်တွေ့နိုင်ပြီး ရှေးကျမှုကို ခံစားရစေကာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေနိုင်သည့် ထိတ်လန့်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ရှေးဟောင်းလက်ဝါးကြီး ဖြစ်ပေါ်လာသည့် ခဏ၌ လင်းတုန်၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး လေဟာနယ်မှာ ပြိုကျသွားသည်။ လေဟာနယ်ထဲတွင် ဝေဝါးနေသော ပုံရိပ်တစ်ခု ပေါ်လာပြီး သူ၏ လက်များကို နောက်ကျောတွင် ထားကာ ရပ်နေသည်မှာ အတော်လေး ကြီးကျယ်လှသည်။

“သိုင်းပညာဝိညာဉ်”

ထိုသုံးဦး၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။

ယခုအချိန်အထိ အနောက်မြောက်ဒေသတွင် ပေါ်ထွန်းလာသူ အများစုမှာ ဖန်တီးခြင်းအဆင့် သိုင်းပညာရပ်များကိုသာ ပိုင်ဆိုင်ကြပြီး မည်သူမျှ စိတ်ဝိညာဉ်သိုင်းပညာကို မပြသနိုင်ကြသေးပေ။

ဝိညာဉ်ရှိသော သိုင်းပညာရပ်က စိတ်ဝိညာဉ်သိုင်းပညာပင် ဖြစ်သည်။

ဤကဲ့သို့သော သိုင်းပညာရပ်များကို ဖန်တီးနိုင်သူများက ကောင်းကင်နှင့် မြေကြီးကြားရှိ အမှန်တကယ် ကြီးမြတ်သော ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သူတို့က ကွယ်လွန်သွားနိုင်သော်လည်း ဤကမ္ဘာလောကတွင် သူတို့၏ အမှတ်အသားများကို ချန်ထားနိုင်ခဲ့ကြသည်။

ဤကဲ့သို့သော အမှတ်အသားများကို ကောင်းကင်နှင့် မြေကြီးကပင် ဖျက်ဆီး၍မရနိုင်ပေ။

စိတ်ဝိညာဉ်သိုင်းပညာက ၎င်းကို ဖန်တီးသူ၏ စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန်ကို ပိုင်ဆိုင်ထားကာ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် ထိုဖမ်းဆုပ်၍မရသော စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်ပြီး ထိုအခါမှသာ ဤသိုင်းပညာရပ်၏ စွမ်းအားမှာ ကောင်းကင်နှင့် မြေကြီးကို အမှန်တကယ် တုန်ခါစေနိုင်မည် ဖြစ်သည်။

မဟာရှေးဟောင်း ဧကရာဇ်။

ဝူယွမ်က ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်ပြီး ရင်းနှီးမှုအချို့ကို ခံစားလိုက်ရသည်။

သူရရှိခဲ့သော မဟာရှေးဟောင်း ဧကရာဇ်ကျမ်းမှာ ကောင်းကင်သိုင်းပညာရပ်ဖြစ်ပြီး စိတ်ဝိညာဉ်သိုင်းပညာထက်ပင် အဆင့်မြင့်လှသည်။

မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်း အပြင် ထိုကျမ်းထဲတွင် မှတ်တမ်းတင်ထားသော သိုင်းပညာရပ် အများစုမှာ နက်နဲခြင်းအဆင့်အထိ ကျင့်ကြံနိုင်ပါက မဟာရှေးဟောင်း ဧကရာဇ်၏ ဝိညာဉ်ကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။

လင်းတုန်က စိတ်ဝိညာဉ်သိုင်းပညာကို ဤမျှမြန်ဆန်စွာ နားလည်နိုင်ခြင်းမှာ ကျောက်လက်ဖွဲ့၏ အကူအညီကြောင့် ဖြစ်ပေလိမ့်မည်။

ဘုန်း။

ဧရာမ လက်ဝါးကြီး ကျဆင်းလာကာ နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူသုံးဦးမှာ ဤကျွန်းပေါ်မှ တိုက်ရိုက်ပင် လွင့်ထွက်သွားပြီး သွေးများ အန်ထုတ်ကာ အလွန်ပင် အရှက်ရဖွယ် ပုံသဏ္ဍာန်များ ဖြစ်သွားကြသည်။ သူတို့က မသေဆုံးလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိသွားကြပြီဖြစ်သည်။

ထိုအချိန်တွင် ဝူယွမ်မှာ အေးအေးဆေးဆေးပင် လျှောက်သွားပြီး ပတ်ဝန်းကျင်ရှိ လူများ၏ မကျေမနပ်ဖြစ်နေသော အကြည့်များအောက်တွင် နတ်ဆိုးခွေးနဂါး၏ အရိုးခြင်ဆီကို သိမ်းဆည်းလိုက်သည်။

“ဒီနေရာကို ငါတို့ မဟာယန်ပြည်ထောင်စုက သိမ်းပိုက်လိုက်ပြီ။ မကျေနပ်တဲ့သူရှိရင် စမ်းကြည့်လို့ရတယ်၊ အဲ့ဒီအခါကျရင် ခုနက သုံးယောက်ရဲ့ ကံကြမ္မာက မင်းတို့ရဲ့ ကံကြမ္မာဖြစ်လာလိမ့်မယ်”

လင်းတုန်က အေးစက်သော အကြည့်ဖြင့် ရောက်ရှိနေသူအားလုံးကို ကြည့်ကာ ကြေညာလိုက်သည်။

ထိုလူများက အကူအညီမဲ့နေကြပြီး ကျိန်ဆဲရင်း၊ ညည်းတွားရင်းနှင့်သာ ထွက်ခွာသွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူယွမ်နှင့် သူ၏အဖွဲ့သာ ကျန်ရစ်တော့သည်။

အဆောက်အအုံများအတွင်းသို့ ဝင်လိုက်သည့်အခါ အတွင်းပိုင်းမှာ အလွန်ပင် ကျယ်ပြောလှပြီး လမ်းကြောင်း ရာပေါင်းများစွာရှိကာ ဝင်္ကပါတစ်ခုကဲ့သို့ ရှုပ်ထွေးလှသည်။ ကာလကြာရှည်စွာ ပိတ်လှောင်ထားသော ရှေးဟောင်းအငွေ့အသက်များက သူတို့ထံသို့ လွင့်ပျံလာသည်။

သို့သော်လည်း ဝင်ရောက်ပြီးနောက် ပင်မခန်းမကြီးမှာ ဗလာဖြစ်နေပြီး အတွင်း၌ ဘာမျှမရှိပေ။

“ဘာလို့ တစ်ယောက်ယောက်က အရင် လုယက်သွားသလိုမျိုး ခံစားနေရတာလဲ” လင်းတုန်က မျက်မှောင်ကြုတ်လိုက်သည်။

ဒါက သူနှင့် သူ၏အစ်ကိုကြီးတို့ ယခင်က ရှေးဟောင်းသင်္ချိုင်းဂူဗိမာန်တွင် ရှိစဉ်က အရာအားလုံးကို သိမ်းကျုံးယူခဲ့ကြသည်ကို သတိရစေသည်။

“မဖြစ်နိုင်ပါဘူး။ ပင်မခန်းမထဲကို ဝင်ကြည့်ရအောင်”

ဝူယွမ်က ပြုံးရင်း လျှောက်သွားသည်။ အတွင်း၌ တစ်ခုခုရှိနေမည်ကို သူ ယုံကြည်ချက်အပြည့်ရှိနေသည်။

မကြာမီ သူတို့ ပင်မခန်းမသို့ ရောက်ရှိသွားကြရာ ထိုနေရာမှာလည်း ဗလာဖြစ်နေဆဲဖြစ်ပြီး မည်သည့် ထူးခြားသော စွမ်းအင်လှိုင်းမျှ မရှိပေ။ နိဗ္ဗာန်ဆေးလုံးများ၊ ဝိညာဉ်ဆေးဝါးများ ဒါမှမဟုတ် သိုင်းပညာရပ်များ တစ်ခုတောင် မမြင်တွေ့ရပေ။

တစ်ခုတည်းသော ထူးခြားသည့်အရာမှာ ပင်မခန်းမအတွင်း၌ ထီးထီးကြီး တည်ရှိနေသော ကျောက်တိုင်တစ်ခုသာ ဖြစ်သည်။

ထိုကျောက်တိုင်မှာ မြင့်မားခြင်း သို့မဟုတ် ခန့်ညားထည်ဝါခြင်း မရှိပေ။ ၎င်းက တိတ်ဆိတ်စွာပင် တည်ရှိနေပြီး မည်သူကမှ မလှုပ်ခါနိုင်သော ခံစားချက်ကို ပေးစွမ်းနေကာ ကျောက်တိုင်ပေါ်တွင် အမှတ်အသားများစွာ ရှိနေသည်။

ဝူယွမ်က ကျောက်တိုင်ဆီသို့ လျှောက်သွားပြီး သူတို့ ရှာဖွေနေသည့်အရာကို ချက်ချင်းပင် မြင်လိုက်ရသည်။

“ရတနာက ဒီမှာပဲ”

သူသည် ကျောက်တိုင်ပေါ်ရှိ အမှတ်အသားသုံးခုကို ညွှန်ပြရင်း ပြောလိုက်သည်။

၎င်းတို့မှာ လက်ဝါးရာတစ်ခု၊ လက်သီးရာတစ်ခုနှင့် အနက်ရောင် လက်ချောင်း အပေါက်တစ်ခုတို့ ဖြစ်ကြသည်။

“အို... အစ်ကိုကြီး၊ ဒါက ဘာလဲ”

လင်းတုန်က စူးစမ်းလိုစိတ်ဖြင့် လက်သီးရာကို ထိကြည့်ရန် လက်လှမ်းလိုက်သည်။

“ဟေ့.. သတိထားဦး”

ဝူယွမ် သတိပေးလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်ပြီး အစွမ်းထက်လှသော လက်သီးဆန္ဒ တစ်ခုက လက်သီးရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လင်းတုန်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

“ဘုန်း”

လင်းတုန်၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာကာ ရွှေခေါင်းလောင်းကိုယ်ခန္ဓာက အလိုအလျောက် အသက်၀င်သွားသည်။ သူက လက်သီးဆန္ဒကို မဖြေဖျောက်နိုင်မီ ခြေလှမ်း တစ်ဆယ်ကျော်ခန့် နောက်သို့ ဆုတ်လိုက်ရသည်။

ထိုအချိန်တွင် ဝူယွမ်က လျှောက်သွားပြီး နတ်ဆင်နှိမ်နင်းခြင်း ကို အသုံးပြုကာ အစွမ်းထက်သော အင်အားကို ထုတ်လွှတ်ပြီး လက်သီးရာကို ဖြည်းညှင်းစွာ ထိလိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းပြီး ကျယ်ပြောလှသော လက်သီးဆန္ဒက လက်သီးရာမှ ပေါက်ကွဲထွက်လာပြီး ဝူယွမ်ကို နောက်သို့ တွန်းထုတ်ရန် ကြိုးစားတော့သည်။

“မဟာတောင် ကိုယ်ခန္ဓာ… အသက်၀င်”

ဝူယွမ်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး အတွင်းပိုင်းမှ လက်သီးဆန္ဒကို ယှဉ်ပြိုင်ရန် သူ၏ ကိုယ်ခန္ဓာခွန်အားကို ထပ်မံထုတ်လွှတ်လိုက်သည်။

နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်မှာတုန်ခါနေရာမ* ရပ်တန့်သွားသည်။

ဝူယွမ်က ဝါးမျိုခြင်းစွမ်းအားကို အသုံးပြုကာ ထွက်ပေါ်လာသော လက်သီးဆန္ဒကို တဖြည်းဖြည်း ဝါးမျိုလိုက်သည်။

ကျယ်ပြောပြီး မိုးကြိုးသံကဲ့သို့ ပြင်းထန်သော လက်သီးဆန္ဒကို ဝူယွမ်က ဝါးမျိုလိုက်သည့် အချိန်မှာပင်။

ဝူယွမ်၏ စိတ်ထဲမှာ ရုတ်တရက် ဝေဝါးသွားပြီး ဝေးကွာလှသော အတိတ်ကာလမှ ရှေးဟောင်းမြင်ကွင်းတစ်ခု ပေါ်လာသည်။

ထိုမြင်ကွင်းတွင် အိုမင်းသော ပုံရိပ်တစ်ခုက ဤကျောက်တိုင်ရှေ့တွင် ရပ်နေပြီး လက်သီးတစ်ချက်၊ လက်ဝါးတစ်ချက်နှင့် လက်ချောင်းတစ်ချက်ကို ထိုးနှက်လိုက်သည်ကို တွေ့လိုက်ရသည်။

ထိုအခါမှ ဤနက်ရှိုင်းသော အမှတ်အသားသုံးခု ထင်ကျန်ရစ်ခဲ့ခြင်း အကြောင်အရင်းကို သိသွားသည်။

နောက်ဆုံးတွင် မြင်ကွင်းမှာ ပြီးဆုံးသွားပြီး သူ၏ စိတ်ထဲတွင် တည်ငြိမ်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒီကျောက်တိုင်ပေါ်မှာ ပါ့ကျိဂိုဏ်းရဲ့ အမွေအနှစ်တွေရှိနေတယ် ထိုက်တန်သူကဘဲ ရရှိနိုင်လိမ့်မယ်”

All Chapters