ဝူယွမ် - အရာအားလုံးကို ငါပိုင်ဆိုင်ရမည်
Vol. 17 Ch. 170
ဝူယွမ်၏ စိတ်ထဲတွင် ထိုအသံက ရုတ်ချည်း ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားလေသည်။ စိတ်ကူးထဲက မြင်ကွင်းနှင့် လက်တွေ့မြင်ကွင်းတို့က ထပ်တူကျသွားပြီး သူသည် ကျောက်စင်မြင့်ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ရှုး... ရှုး... ရှုး...
ရုတ်တရက်ပင် ကျောက်စင်မြင့်က ထူးခြားစွာ ပြောင်းလဲလာသည်။ စင်မြင့်ပေါ်ရှိ လက်ဖဝါးရာ၊ လက်သီးရာနှင့် လက်ညှိုးရာတို့သည် အသက်ဝင်လှုပ်ရှားလာကြသည်။ ၎င်းတို့က တောက်ပသော အလင်းတန်း သုံးခုအဖြစ် အသွင်ပြောင်းကာ လေထုထဲသို့ တိုးထွက်လာပြီး ကျောက်စင်မြင့်အထက်တွင် အလင်းလုံး သုံးလုံးအဖြစ် ဝဲပျံနေကြသည်။
ထိုအလင်းလုံး သုံးခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် လင်းတုန်၊ ကျန်းယွဲ့နှင့် ကျန်သူများ၏ မျက်ဝန်းများထဲတွင် ပြင်းပြသော လောဘရိပ်များဖြင့် တောက်ပသွားကြသည်။
“ဒါဟာ ပါ့ကျိဂိုဏ်းရဲ့ အမွေအနှစ်တွေပဲ ဖြစ်ရမယ်။”
လင်းတုန်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
“အစ်ကိုကြီး... ဒီအမှတ်အသား သုံးခုကို ဘယ်လို ခွဲဝေကြမလဲ။”
ယခု သူတို့တွင် လူလေးယောက်နှင့် သားရဲသုံးကောင် ရှိနေသဖြင့် အမွေအနှစ်က လောက်ငှပုံမပေါ်ပေ။
ဝူယွမ်က “ဒီအလင်းလုံး သုံးခုဟာ လက်သီး၊ လက်ဖဝါးနဲ့ လက်ညှိုး ဆိုတဲ့ ဝိညာဉ်သိုင်းပညာရပ် သုံးခုနဲ့ သက်ဆိုင်တယ်။ ပါ့ကျိဂိုဏ်းရဲ့ သိုင်းပညာတွေက အလွန်တရာ မာကျောထက်မြက်ပြီး ပေါက်ကွဲအားကို အဓိကထားတယ်။ လက်ညှိုးသိုင်းကိုတော့ မင်းယူလိုက်။ မင်းက မဟာရှေးဟောင်း ကောင်းကင်ဖမ်းလက်ချောင်းကို လေ့ကျင့်နေတာဆိုတော့ ဒီသိုင်းကို လေ့ကျင့်တဲ့အခါ အစပြုရတာ လွယ်ကူစေသလို စွမ်းအားကိုလည်း မြန်မြန်ဆန်ဆန် ထုတ်ဖော်နိုင်လိမ့်မယ်။ လက်သီးသိုင်းကို ရှောင်ယန် ယူ၊ လက်ဖဝါးသိုင်းကိုတော့ ယွဲ့အာ ယူလိုက်ပါ။ မင်းတို့ ဒါတွေကို တတ်မြောက်သွားတဲ့အခါ မဟာရှေးဟောင်းဂိုဏ်းရဲ့ မျိုးဆက်တွေအတွက် ဖန်တီးခြင်းသိုင်းကျောက်တိုင်ထဲမှာ ဒီသိုင်းသုံးခုကို ထည့်သွင်းပေးရမယ်။”
လင်းတုန်နှင့် ရှောင်ယန်တို့က ပါ့ကျိဂိုဏ်း၏ သိုင်းပညာရပ်များနှင့် အလွန် လိုက်ဖက်ညီသူများ ဖြစ်ကြသည်။ ကျန်းယွဲ့မှာမူ သူမ၏ ‘နှင်းစက်ခန္ဓာကိုယ်’ အတွက် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအား လိုအပ်နေသည်။ မုချန်ချန်မှာမူ လှည့်စားမှုနှင့် အာရုံမှားစေသော ပညာရပ်များကို လေ့ကျင့်နေသူဖြစ်သဖြင့် ဤကဲ့သို့ ကြမ်းတမ်းခိုင်မာသော သိုင်းပညာများနှင့် မသင့်တော်ပေ။ ပိုင်ယွမ်တွင်မူ ၎င်းထက်ပင် ပိုမိုအားကောင်းသည့် မွေးရာပါသိုင်းပညာရပ်များ ရှိနှင့်ပြီးသား ဖြစ်သည်။
တာ့ကျွမ်း ရှိနေသေးသော်လည်း ရှောင်တျောင်းက သူ့ကို ‘နက်ရှိုင်းသော အေမှာင်ထုကျားမျိုးနွယ်’ ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးသိုင်းပညာရပ်ကို ပေးထားပြီးဖြစ်သည်။ ဝူယွမ်၏ အမြင်အရ တာ့ကျွမ်း၏ ဉာဏ်ရည်မှာ သိုင်းပညာတစ်ခုတည်းကိုပင် အချိန်အကြာကြီး လေ့ကျင့်ရမည့်သူဖြစ်ရာ နောက်ထပ်သိုင်းတစ်ခု ပေးလိုက်ခြင်းမှာ အပိုသာ ဖြစ်ပေလိမ့်မည်။
“မင်းတို့ သုံးယောက်... အမြန်ဆုံး ယူလိုက်ကြတော့။”
လင်းတုန်က “ဒါဆို အစ်ကိုကြီးကော ဘယ်လိုလုပ်မလဲ။” ဟု မေးလိုက်သည်။
“ပါ့ကျိဂိုဏ်းရဲ့ အမွေအနှစ်ဆိုတာ ဒီသိုင်းပညာရပ်တွေတင် မကဘူး။ မင်းတို့ သုံးယောက် အရင်ယူထားကြ။ ငါအလိုရှိတာက ဒီကျောက်စင်မြင့်ထဲမှာပဲ ရှိသေးတယ်။”
ဝူယွမ်က အသာအယာ ပြုံးလိုက်သည်။ ပါ့ကျိဂိုဏ်း၏ တန်ဖိုးအရှိဆုံး အနှစ်သာရ အမွေအနှစ်မှာ အပေါ်ယံတွင် မြင်နေရသည့် သိုင်းသုံးခုထက် ပိုမိုနက်ရှိုင်းကြောင်း သူ ကောင်းကောင်း သိထားသည်။
“ဟီးဟီး... အစ်ကိုနှစ် မတွန့်ဆုတ်နေနဲ့တော့။ အစ်ကိုကြီးက ဒီဂိုဏ်းရဲ့ တကယ့် အမွေအနှစ်အစစ်ကို လိုချင်နေတာ။” ရှောင်တျောင်းကလည်း အတွင်းက လျှို့ဝှက်ချက်ကို ရိပ်မိပုံရသည်။
လင်းတုန်နှင့် ကျန်နှစ်ယောက်မှာလည်း မဆိုင်းမတွဘဲ သက်ဆိုင်ရာ အလင်းလုံးများဆီသို့ လက်လှမ်းလိုက်ကြသည်။ သူတို့ သုံးယောက် အလင်းလုံးများကို ရရှိသွားသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းမှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာပြီး သူတို့သုံးဦးကို အပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။
ထိုအချိန်တွင် ဝူယွမ်က ကျောက်စင်မြင့်ဆီသို့ သူ၏လက်ကို တစ်ဖန် ပြန်လည် ဆန့်တန်းလိုက်သည်။
ဝုန်း
ဝူယွမ်၏ လက်က ကျောက်စင်မြင့်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဖိအားတစ်ခုကို သူ ခံစားလိုက်ရသည်။ သူ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး ခန္ဓာကိုယ်ကို တင်းခံလျက် ‘မဟာတောင်တန်းကိုယ်ခန္ဓာ’ စွမ်းအားကို အသုံးချကာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။
ထိုအခါ ကျောက်စင်မြင့်အတွင်းမှ အလွန်တရာ ခိုင်မာ၊ထက်မြက်ပြီး အတိုင်းအဆမရှိ ကျယ်ပြောသော လက်သီးဆန္ဒ တစ်ခုက ဝူယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။ ထိုလက်သီးဆန္ဒက ပုံသဏ္ဌာန်မရှိ၊ အရောင်အသွေးမရှိသော်လည်း ထိတွေ့ကိုင်တွယ်၍ ရနိုင်လောက်အောင်ပင် ထင်ရှားနေကြောင်း ဝူယွမ် ခံစားနေရသည်။
၎င်းက သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ တဟုန်ထိုး စီးဝင်လာရာ ဝူယွမ်မှာ ထိုလှိုင်းလုံးများကြားတွင် အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စင်းအလား ခံစားလိုက်ရသည်။ ထိုလက်သီးဆန္ဒ၏ ရှေ့မှောက်တွင် သူက အတော်လေး သိမ်ငယ်လွန်းလှသည်။
လက်သီးဆန္ဒများ အဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ ဝူယွမ် ခံစားရသည့် ဖိအားမှာလည်း ပိုကြီးမားလာသည်။ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ‘အာဏာရှင်သွေး’များက အရှိန်အဟုန်ဖြင့် စီးဆင်းလာမှသာ ထိုလက်သီးဆန္ဒကို ပြန်လည် ဖိနှိပ်လိုက်နိုင်လေသည်။
လက်သီးဆန္ဒများ ကျောက်စင်မြင့်အတွင်းမှ အကုန်အစင် ထွက်ပေါ်လာပြီးနောက် ကျောက်စင်မြင့်ထက်တွင် အက်ကွဲသံများ မြည်ဟည်းလာပြီး အက်ကြောင်းများ ပေါ်လာတော့သည်။ လက်သီးဆန္ဒ၏ အထောက်အပံ့ မရှိတော့သောအခါ ထိုကျောက်စင်မြင့်က လုံးဝ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေသည်။
“ဒါကမှ တကယ့် ‘ပါ့ကျိဆန္ဒ အစစ်အမှန်’ ပဲ။”
ဝူယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို ပါ့ကျိ လက်သီးဆန္ဒ အလင်းလုံးက ယခုအခါ သူ၏ ‘ယွမ်စွမ်းအင်ပင်လယ်’အတွင်းရှိ ‘မိုးကြိုးဝိညာဉ် ကောင်းကင်ဓား’ အောက်ခြေတွင် ငြိမ်သက်စွာ ဝဲပျံနေပြီး ယခင်ကကဲ့သို့ ကြမ်းတမ်းခက်ထန်ခြင်း မရှိတော့ဘဲ အလွန်ပင် ယဉ်ပါးသွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ်က ထိုလက်သီးဆန္ဒကို မိမိစိတ်ကြိုက် အသုံးချနိုင်ကြောင်း ခံစားမိသည်။ ထိုဆန္ဒ တိုက်ခိုက်မှုများတွင် ပေါင်းစပ်လိုက်ပါက ပိုပြင်းထန်သော ဖျက်ဆီးအားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ လက်သီးဆန္ဒက တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သော်လည်း သုံးစွဲလေ ကုန်ဆုံးလေဖြစ်သော အရာတစ်ခုပင် ဖြစ်သည်။ သို့သော် ဝူယွမ်ကဲ့သို့ ‘ဆန္ဒ’ နယ်ပယ်သို့ မရောက်ရှိသေးသူအတွက်မူ ဤသည်မှာ အလွန်ပင် ထူးကဲသော အခွင့်အရေးဖြစ်သည်။
ဤလက်သီးဆန္ဒကို အခြေခံ၍ သူက ‘ဆန္ဒ’ ၏ သဘောသဘာဝကို ကြိုတင်သိရှိနိုင်ကာ အဆင့်တက်လှမ်းရန် ပိုမို မြန်ဆန်စေပေလိမ့်မည်။ အမွေအနှစ်ကို ရရှိပြီးနောက် ဝူယွမ်က လင်းတုန်တို့နှင့် ပြန်လည် ဆုံတွေ့ရန် ထွက်လာခဲ့သည်။
“အစ်ကိုကြီး။”
လင်းတုန်တို့ သုံးယောက်လုံး၏ မျက်နှာထက်တွင် အပြုံးကိုယ်စီဖြင့် သူတို့ ရရှိခဲ့သော အရာများအပေါ် ကျေနပ်နေကြသည်။
ဝူယွမ်က “ဘယ်လိုလဲ၊ မင်းတို့ ဘာသိုင်းတွေ ရခဲ့ကြလဲ။” ဟု မေးလိုက်သည်။
“အစ်ကိုကြီး၊ ပါ့ကျိဂိုဏ်းက တကယ်ကို အားကောင်းတာပဲ။ အစောင့်အရှောက်ဂိုဏ်းကြီး ငါးခုမှာ အဆင့်နှစ် ချိတ်တာနဲ့ တန်ပါတယ်။ ကျွန်တော်တို့ သုံးယောက်လုံး ‘မြေကမ္ဘာအဆင့်’ ဝိညာဉ်သိုင်းပညာရပ်တွေကို ရခဲ့ကြတယ်။” လင်းတုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ယခုအချိန်အထိ သူတို့က ဝိညာဉ်သိုင်းပညာရပ်ကို ပိုင်ဆိုင်ထားသော ပြည်ထောင်စု တစ်ခုမှ မတွေ့ဖူးသေးချေ။ ယခုမူ သူတို့ဆီတွင် သုံးခုတိတိ ရရှိထားလေပြီ။
ထိုသိုင်းသုံးခုမှာ - တစ် - လက်သီးသိုင်း - ပါ့ကျိ ပျက်သုဉ်းခြင်း။ နှစ်- လက်ဖဝါးသိုင်း - ပါ့ကျိ ကောင်းကင်တံဆိပ်။ ၃ - လက်ညှိုးသိုင်း - ပါ့ကျိ ကောင်းကင်ထောက်လက်ညှိုး တို့ ဖြစ်သည်။
“ပါ့ကျိဂိုဏ်းရဲ့ သိုင်းပညာတွေက ‘ပါ့ကျိဆန္ဒ အစစ်အမှန်’ နဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတယ်။” ဝူယွမ်က စောစောက မြင်ကွင်းထဲတွင် ထိုလက်သီးဆန္ဒကို သုံး၍ အမှတ်အသား သုံးခုကို ထုတ်ဖော်ပြခဲ့သော အဖိုးအိုကို သတိရလိုက်သည်။
“မင်းတို့ဆီမှာသာ ဒီလက်သီးဆန္ဒ ရှိမယ်ဆိုရင် သိုင်းလေ့ကျင့်တဲ့အရှိန်က ပိုမြန်လာသဘို တိုက်ခိုက်မှုတွေကလည်း ဆတိုး အားကောင်းလာလောက်တယ်. အခု ငါရခဲ့တာက ပါ့ကျိ လက်သီးဆန္ဒပဲ၊ အဲဒါကို မင်းတို့ဆီ ခွဲဝေပေးမယ်”
ဝူယွမ်က ပြောပြောဆိုဆိုဖြင့် အလင်းတန်း သုံးခုကို သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်ပေးလိုက်သည်။ ဝူယွမ်အတွက်မူ ဤလက်သီးဆန္ဒက မရှိမဖြစ် မဟုတ်ပေ။ သူ့အတွက် အကြီးမားဆုံး အကျိုးကျေးဇူးမှာ လက်သီးဆန္ဒကို လေ့လာဆန်းစစ်နိုင်ခြင်းသာ ဖြစ်ပြီး ‘အာဏာရှင်ခန္ဓာကိုယ်’ ပိုင်ဆိုင်ထားသူဖြစ်သည့် သူ့အတွက် တိုက်ခိုက်ရေးစွမ်းအား မြှင့်တင်မှုမှာ အထွေအထူး မလိုအပ်ပေ။ အကြောင်းမှာ ‘အာဏာရှင်ခန္ဓာကိုယ်’ ကတိုက်ပွဲတိုင်းတွင် ပိုမိုသန်မာလာသောကြောင့် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။” လင်းတုန်နှင့် ရှောင်ယန်တို့က ပြုံးလျက် ပြောလိုက်ကြသည်။
ကျန်းယွဲ့ကမူ ဝူယွမ်ကို နားလည်သည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ ကျေးဇူးတင်ရှိမှုကို စကားလုံးများဖြင့် ဖော်ပြနေမည့်အစား လက်တွေ့လုပ်ဆောင်မှုများဖြင့်သာ အမြဲ သက်သေပြလေ့ရှိသည်။
“သွားကြစို့။ အစောင့်အရှောက်ဂိုဏ်းကြီး ငါးခုရဲ့ အမွေအနှစ်တွေကတော့ ရပြီးပြီ။ အခု ဗဟိုချက်ဆီကို အမြန်သွားကြမယ်။ ‘မဟာလျှို့ဝှက်ဂိုဏ်းကြီးလေးခု’ ရဲ့ အကြွင်းအကျန်တွေ ပေါ်လာတော့မှာ သေချာတယ်။”
ဝူယွမ်နှင့် ကျန်သူများက ရတနာတိုက်၏ အနက်ရှိုင်းဆုံးနေရာသို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ကြသည်။ အဆင့်နှစ် အစောင့်အရှောက်ဂိုဏ်းတောင် ဤမျှ အဖိုးတန်သော အရာများ ရရှိသည်ဆိုလျှင် ၎င်းထက် ပိုမြင့်သော ‘မဟာလျှို့ဝှက်ဂိုဏ်းကြီးလေးခု’ ၏ အမွေအနှစ်မှာ အတော်လေး ထူးကဲလောက်ပေသည်။
ဝုန်း။
သူတို့ ခရီးဆက်နေစဉ် အရှေ့ဘက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအားလှိုင်းများက ဒီရေကဲ့သို့ တဟုန်ထိုး လွင့်စင်လာသည်။
ဝူယွမ်တို့က ထိုစွမ်းအားများ ထွက်ပေါ်ရာဆီသို့ တည်ကြည်သော မျက်နှာထားဖြင့် ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် တစ်စုံတစ်ခု ဝေဝါးစွာ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ကြရသည်။
“မဟာလျှို့ဝှက်ဂိုဏ်းကြီးလေးခုရဲ့ အကြွင်းအကျန်တွေ ပွင့်လာပြီ။”
သူတို့အားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ထင်ဟက်သွားသည်။ ကောင်းကင်ယံရှိ ထိုအရာက တဖြည်းဖြည်း ထင်ရှားလာပြီး အလွန်ကျယ်ပြောသော ကျွန်းကြီးတစ်ကျွန်း ဖြစ်နေကာ ကျွန်းပေါ်တွင် ရှေးဟောင်း ခမ်းနားထည်ဝါသော အဆောက်အဦးများကို ဝေဝါးစွာ မြင်နေရသည်။ ထိုခမ်းနားမှုမှာ အဝေးမှကြည့်လျှင်ပင် ဝိညာဉ်ကို တုန်လှုပ်စေနိုင် လောက်ပေသည်။
“သွားကြမယ်။”
ဝူယွမ်က အမိန့်ပေးသံနှင့်အတူ ပထမဆုံး ပျံသန်းထွက်ခွာသွားသည်။
ရတနာတိုက်အတွင်း ရောက်ရှိနေသူတိုင်းက ထိုအကြွင်းအကျန်များ ပွင့်လာသည်ကို သိရှိသွားကြပြီး ကျင့်ကြံမှုအဆင့် မည်သို့ပင်ရှိစေကာမူ အားလုံးက ကောင်းကင်ပေါ်ရှိ ကျွန်းဆီသို့ စိတ်လှုပ်ရှားစွာ အပြေးအလွှား သွားနေကြသည်။ လေထုကို ဖြတ်သန်းသွားသော အသံများ ပျံ့လွင့်နေပြီး လူအများအပြားက အရပ်မျက်နှာအသီးသီးမှ စုပြုံ၀င်ရောက်လာကြသည်။
ဝူယွမ်တို့ ကျွန်းပေါ်သို့ ရောက်သောအခါ ဤသည်မှာ သူတွေ့ဖူးသမျှထဲ၌ အကြီးမားဆုံးနှင့် အကောင်းဆုံး ထိန်းသိမ်းထားသော ကျွန်းဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်းပေါ်တွင် တောတောင် လျှိုမြောင်များက ယှက်နွယ်နေပြီး ရှေးဟောင်း အငွေ့အသက်များက ကောင်းကင်ယံတွင် လွင့်ပျံနေသည်။ ယခင်က တွေ့ခဲ့ရသော လူသူကင်းမဲ့သည့် ကျွန်းများနှင့်မတူဘဲ ဤနေရာက အသက်ဝင်လှုပ်ရှားနေသည်။
လူအများအပြား ဝင်ရောက်လာမှုကြောင့် ကျွန်းကြီးမှာ စည်ကားလာသော်လည်း ကျွန်းပေါ်တွင် ရှေးဟောင်းခေတ်ကတည်းက ရှင်သန်လာသည့် သားရဲများလည်း ရှိနေသေးသဖြင့် သတိထားရပေမည်။
“သတိထားကြ။ ‘သေခြင်း-ရှင်ခြင်း သံသရာဆေးလုံး’ ကို အရင်ရှာရမယ်။”
ဝူယွမ်က ‘မူလဝိညာဉ် စုစည်းရေးရူန်း’ ကို အသုံးချကာ ဤကျွန်းပေါ်ရှိ စွမ်းအင်အများဆုံးနေရာကို ရှာဖွေရင်း ရှေ့မှ ဦးဆောင်သွားသည်။
ရှောင်တျောင်းက “အစ်ကိုကြီး၊ ဒီလို ဂိုဏ်းပေါင်းစုံ မဟာမိတ်တွေမှာ သီးသန့် ‘ယွမ်စွမ်းအင်မြစ်’ တွေ ရှိတတ်တယ်။ အဲဒီမြစ်တွေက ဆေးဥယျာဉ်တွေထဲမှာ ရှိတတ်ပြီး အဲဒီမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိနိုင်တယ်။ ဆေးပင်တွေရှိတဲ့နေရာမှာ ယွမ်စွမ်းအင်က ပိုအားကောင်းလိမ့်မယ်။” ဟု စိတ်အားထက်သန်စွာ ခန့်မှန်းပြောဆိုလိုက်သည်။ ထို့နောကိ သူက ကျောက်လက်ဖွဲ့အတွင်းမှနေ၍ သူ၏ ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်ကာ အာရုံခံနေခဲ့သည်။ သေခြင်း-ရှင်ခြင်း သံသရာ ဆေးလုံးကိုသာ ရရှိပါက သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်ရာ သူအလွန် စိတ်လှုပ်ရှားနေခဲ့သည်။
“ဟိုဘက်ကို သွားမယ်။”
ဝူယွမ်က စွမ်းအင်အများဆုံးနေရာကို ညွှန်ပြလိုက်သည်။ သူတို့သည် တောအုပ်ကို ဖြတ်ကျော်ကာ အရှိန်မြှင့် ပြေးထွက်ခဲ့ကြသည်။ လမ်းတွင် သားရဲအချို့နှင့် တွေ့သော်လည်း ၎င်းတို့မှာ အလွန်အမင်း အားမကောင်းလှဘဲ မြေအောက်တွင် နှစ်ပေါင်းများစွာ မြုပ်နှံခံထားရပြီး ယခုမှ နိုးထလာသူများ ဖြစ်ကြသည်။ ဝူယွမ်တို့က အချိန်ဖြုန်းမနေဘဲ သားရဲများကို နှိမ်နင်းကာ ရှေ့သို့ ဆက်လက် ပျံသန်းလာခဲ့ကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
သူတို့က တောအုပ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအခါ သင်းပျံ့လှသော ဆေးရနံ့များက သူတို့ထံသို့ လွင့်ပျံလာကာ သူတို့ရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ အဆုံးမရှိသော ဆေးပင်ပင်လယ်ကြီးပင် ဖြစ်သည်။
ဝူယွမ်တို့ အံ့အားသင့်သွားကာ တံတွေးပင် မျိုချလိုက်မိသည်။ ဆေးပင်ပင်လယ်ကြီးထဲတွင် ရေတွက်၍မရနိုင်သော ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားပြီး ဆေးရနံ့များက လေထုထဲတွင် မျက်စိဖြင့် မြင်နိုင်လောက်တဲ့အထိ ထူထပ်နေသည်။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ဤဆေးပင်ပင်လယ်က အလွန်တရာ တန်ဖိုးရှိလှသည်။
“ဒါဟာ တကယ့် ဂိုဏ်းပေါင်းစုံရဲ့ အရှိန်အဝါပဲ။ ‘နိဗ္ဗာန်အဆင့် ဆေးလုံးမြစ်’ ဆိုတာ ဒါနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး။”
လင်းတုန်က အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။ သူနှင့် ဝူယွမ်တို့က ချင်းယန်မြို့ငယ်လေးမှ စတင်လာခဲ့သူများ ဖြစ်ရာ ဆေးပင်များအပေါ် အမြဲတစေ မက်မောတွယ်တာမှု ရှိကြသည်။ ယခု ဤမျှကြီးမားသော ဆေးပင်ပင်လယ်ကို မြင်ရသောအခါ သူတို့၏ မျက်ဝန်းများမှာ အရောင်တောက်လာကြသည်။
“အစ်ကိုကြီး၊ ဆေးပင်ပင်လယ်ရဲ့ အလယ်ဗဟိုမှာ ယွမ်စွမ်းအင်မြစ် ရှိတယ်။” ရှောင်တျောင်းက ဆေးရနံ့များကြားမှ ခမ်းနားသော နန်းတော်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်။ သူ၏ စိတ်ထဲတွင် ဆေးလုံးမှလွဲ၍ ကျန်သည့် ဆေးပင်များကိုပင် ဂရုမစိုက်နိုင်တော့ပေ။
လင်းတုန်က “အစ်ကိုကြီး... ဒီဆေးပင်တွေကို ဒီအတိုင်း ထားခဲ့ရမှာလား။” ဟု မေးလိုက်သည်။ ယခုအခါ ကျွန်းပေါ်တွင် လူပေါင်းစုံ ရောက်နေကြပြီး မကြာမီ ဤနေရာကို အခြားသူများ တွေ့သွားကြမည်ဖြစ်သည်။ ဆေးလုံးကို သွားရှာနေစဉ်အတွင်း ဤဆေးပင်ပင်လယ်ကြီးကို တခြားသူများ လုယက်သွားမည်ကို သူ စိုးရိမ်နေသည်။
ရှောင်တျောင်းက ကျောက်လက်ဖွဲ့ထဲတွင် ဂဏာမငြိမ် ဖြစ်နေရင်း “ကျွန်တော်တို့ အများကြီး စဉ်းစားမနေနိုင်ဘူး။ အသေးအဖွဲအတွက်နဲ့ အရေးကြီးတာကို လက်လွှတ်လို့မဖြစ်ဘူး။ ဆေးပင်တွေကို ခဏစွန့်လွှတ်ပြီး ဆေးလုံးကိုပဲ အရင်ရအောင် ယူရမယ်။ ဆေးလုံးရဲ့ တန်ဖိုးက ဒီဆေးပင်တွေထက် အများကြီး ပိုပါတယ်။” ဟု ပြောလိုက်သည်။
ယခုအခါ သူတို့သည် ဆေးလုံးနှင့် ဆေးပင်လယ် နှစ်ခုအနက် တစ်ခုကိုသာ ရွေးချယ်ရတော့မည့် အခြေအနေ ဖြစ်နေသည်။ အားလုံးက ဝူယွမ်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
“ဘာလို့ စွန့်လွှတ်ရမှာလဲ။ ငါ့မှာ အဲဒါတွေကို ယူနိုင်တဲ့ စွမ်းအားရှိတာပဲ။ အဲဒီတော့... ငါ အကုန်လုံးကို လိုချင်တယ်။”
ဝူယွမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့အတွက် ‘လက်ဖဝါးထဲကကောင်းကင်ပုလင်း’ ရှိနေသဖြင့် ဤဆေးပင်များက ဆေးလုံးထက်ပင် ပို တန်ဖိုးရှိနေသည်။ ဤနေရာရှိ ဆေးပင်များကပမာဏများပြားရုံသာမက အမျိုးအစားလည်း စုံလင်လှသည်။ ဤဆေးပင်လယ် တစ်ခုလုံးကိုသာ ရရှိပါက သူက အေးအေးဆေးဆေး ကျင့်ကြံနေရင်းပင် ဆန်းကြယ်ရှင်သန်ခြင်း အဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။
ဝူယွမ်. မည်သို့လုပ်ဆောင်မည်ကို လင်းတုန်တို့က အံ့သြစွာ စောင့်ကြည့်နေကြသည်။
ဝူယွမ်က ဆေးပင်လယ်၏ အထက်သို့ ပျံတက်သွားပြီး အစီအရင် များကို ထုတ်ဖော်လိုက်ရာ ဆေးပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထားသော စွမ်းအားအတားအဆီးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ‘မဟာရှေးဟောင်းကျောက်တိုင်’ကို ထုတ်ယူကာ ဟင်းလင်းပြင် တံခါးတစ်ခုကို ဖွင့်လိုက်သည်။ ထိုအခါ ကျောက်တိုင်အတွင်းမှ မီးလျှံနီရောင် အရိပ်များစွာ ထွက်ပေါ်လာခ;့သည်။
၎င်းတို့မှာ သူ ပြုပြင်မွမ်းမံထားသော ‘ဆေးဝိညာဉ်ရုပ်သေး’ များပဲ ဖြစ်သည်။
ဝူယွမ်က ရုပ်သေး အကောင် ငါးရာကို ထုတ်လွှတ်လိုက်သည်။ ထိုရုပ်သေးများက ‘နိဗ္ဗာန်အဆင့်တစ်’ စွမ်းအားရှိကြရာ ယခု ရောက်ရှိနေသူများအနက် အားအကောင်းဆုံးမှာ ‘နိဗ္ဗာန်အဆင့်နှစ်’ သာရှိသဖြင့် ရုပ်သေး ငါးရာကို မည်သူမျှ ရင်ဆိုင်ရဲမည် မဟုတ်ပေ။
ထို့အပြင် ဝူယွမ်က ‘သွေးဝိညာဉ်ရုပ်သေး’ နှင့် ‘ကောင်းကင်မိကျောင်း အရိုးရုပ်သေး’ တို့ကိုလည်း ထုတ်လိုက်သည်။ ယခုအခါ အရိုးရုပ်သေးက ‘ရှေးဦးနတ်ဆိုး ခွေးနဂါး’ ၏ သွေးအဆီအနှစ်ကို စုပ်ယူထားသဖြင့် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီး သွေးဝိညာဉ်ရုပ်သေးမှာလည်း ဆေးလုံးမြစ်အတွင်း စိမ်ထားသဖြင့် ဒုတိယအဆင့်သို့ တက်လှမ်းထားပြီးသားဖြစ်သည်။
ဤအားကောင်းသော ဒုတိယအဆင့် ရုပ်သေးနှစ်ကောင်က ပထမအဆင့် ရုပ်သေး ၅၀၀ ကို ဦးဆောင်ကာ ကာကွယ်ထားသဖြင့် မည်သူမျှ ကျူးကျော်နိုင်မည် မဟုတ်တော့ပေ။ အထူးသဖြင့် ဝူယွမ်၏ ကိုယ်ပွားကဲ့သို့ ဖြစ်နေသော ‘သွေးတိမ်တိုက်’ က ကောင်းကင်ပြာ ဧကရာဇ်သွေး ‘သွေးနတ်ဆိုးအသူရာလှံ’ နှင့် လျှို့ဝှက်ဓားအစီအရင် ကျောက်သန္ဓေသားတို့ကို ပိုင်ဆိုင်ထားရာ ‘နိဗ္ဗာန်အဆင့်သုံး’ ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပီဖြစ်သည်။
“အခုဆိုရင် ဘယ်သူမှ ကျူးကျော်လို့ မရတော့ဘူး။”
ပြင်ဆင်မှုများ ပြီးဆုံးသောအခါ ဝူယွမ်က လင်းတုန်တို့ဆီ ပြန်လာပြီး “ကဲ... သွားကြစို့။” ဟု ခေါ်လိုက်သည်။
ဝူယွမ်သည် ‘မူလ ပုံရိပ်ယောင်ရူန်း’ များကို အသုံးပြု၍ အပြင်လူများ အတွင်းက မြင်ကွင်းကို မမြင်နိုင်အောင် ဖုံးကွယ်လိုက်သည်။ ထို့နောက် မဟာရှေးဟောင်းကျောက်တိုင်ကို သုံးကာ၍ ဆေးပင်လယ်ပတ်ပတ်လည်တွင် ဟင်းလင်းပြင် တံခါးများစွာကို ဖွင့်လိုက်သည်။
“ချန်ချန်၊ ယွဲ့အာ၊ ပိုင်ယွမ်၊ ရှောင်ယန်၊ တာ့ကျွမ်း... မင်းတို့အားလုံး ဂိုဏ်းသားတွေကို ဦးဆောင်ပြီး ဒီဆေးပင်လယ်တစ်ခုလုံးကို ကျောက်တိုင်ဟင်းလင်းပြင်ထဲက ဆေးခင်းတွေထဲကို အမြန်ဆုံး ရွှေ့ပြောင်းကြ။ သတိထားရမှာက မြေကြီးနဲ့တကွ မပျက်စီးအောင် ရွှေ့ကြပါ။”
ဝူယွမ်က အစီအစဉ်များကို အမြန်ဆုံး ချမှတ်လိုက်သည်။ သူတို့အနေဖြင့် အလင်းကဲ့သို့ အလျင်နှုန်းဖြင့် မြန်မြန်လုပ်ဆောင်ရမည်ဖြစ်ပြီး ဤနေရာကို ရှင်းလင်းပြီးလျှင် နောက်ထပ်နေရာများကို ဆက်သွားရမည်ဖြစ်သည်။
ဝူယွမ်က မည်သည့် ရတနာကိုမျှ လက်လွှတ်မခံလိုဘဲ အရာအားလုံးကို သူ၏ ကျောက်တိုင်ဟင်းလင်းပြင်ထဲသို့ သိမ်းကျုံးယူဆောင်သွားရန် ရည်ရွယ်ထားလေသည်။
နောင်လာမည့် အဆင့်မြင့် အမွေအနှစ်များကိုလည်း သူလိုချင်သေးသည်။