နှစ်ယောက်သား ရန်ဖြစ်ခြင်း
Vol. 51 Ch. 825
"အနီရောင်" အမေရှောင်သည် အသက် ၂၀ ကျော် ကောင်လေးတစ်ယောက်က အနီရောင်ကြိုက်သည်ကို သံသယဖြစ်နေသည်။ "ယွီအာ... သမီး သေချာကြားတာဟုတ်ရဲ့လား။ အဲဒီ ဆရာ့ညီလေးက တကယ် အနီရောင် ကြိုက်တာလား။ ထပ်မေးကြည့်ပါဦးလား"
ရှောင်လင်းယွီလည်း သံသယဖြစ်မိသည်။ ဒါပေမဲ့ ဒီစကားက သူ့အစ်ကိုအရင်း ပြောတာလေ။
ရှောင်လင်းယွီ စဉ်းစားပြီး မောင်လေး ရှောင်လင်းယဲ့ထံ ဖုန်းဆက်လိုက်သည်။
ရှောင်လင်းယဲ့ ဖုန်းကိုင်ပြီးနောက် ဆရာဖြစ်သူကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လဲ့ကျွင်းရှန် ကြောင်အသွားပြီး မေးလိုက်သည်။ "ယဲ့အာ၊ ဘာဖြစ်လို့လဲ။ ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။ ကြောက်စရာကြီးကွာ"
ရှောင်လင်းယဲ့က မေးလိုက်သည်။ "ဆရာ၊ ဆရာ့ညီလေးက အနီရောင်ကြိုက်တာ သေချာရဲ့လား"
လဲ့ကျွင်းရှန် စဉ်းစားပြီး ပြောလိုက်သည်။ "သူ ဝယ်တဲ့ ကားက အနီရောင်လေ။ အနီရောင် အဝတ်အစားတွေလည်း ဝတ်တတ်တယ်"
"ဒါဆို ဆရာလည်း သေချာမသိဘူးပေါ့" ရှောင်လင်းယဲ့က ပြောလိုက်သည်။ "သူ ဝတ်တာစားတာ ကြည့်ပြီးမှ အနီရောင်ကြိုက်တယ်လို့ ပြောတာပေါ့"
လဲ့ကျွင်းရှန် ရှက်ရွံ့စွာ ပြောလိုက်သည်။ "ငါ ဖုန်းဆက်မေးကြည့်လိုက်မယ်"
ဖုန်းခေါ်ရန် ပြင်လိုက်စဉ် ရှောင်လင်းယဲ့က တားလိုက်သည်။ "ဆရာ မလိုပါဘူး။ ကျွန်တော် သွားစုံစမ်းကြည့်လိုက်မယ်"
ဒီလို ဖုန်းဆက်မေးလိုက်ရင် ညီဖြစ်သူ စိတ်မကောင်းဖြစ်သွားမှာပေါ့။
လဲ့ကျွင်းရှန်လည်း သဘောပေါက်သွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "အင်း... ကောင်းသားပဲ"
တပည့်ပြောသလိုပဲ သူ ညီဖြစ်သူကို ဂရုမစိုက်မိဘူး။ ညီဖြစ်သူ ဘာအရောင်ကြိုက်လဲတောင် မသိဘူး။
ရှောင်လင်းယဲ့က ပြောလိုက်သည်။ "မန်နေဂျာလဲ့ ကျွန်တော့်အိမ်ရောက်ရင် အိမ်မှာတည်းမလား မသိပေမယ့် အမေကတော့ အခန်းတစ်ခန်း ပြင်ဆင်ထားသင့်တယ်တဲ့။ အခု ကျွန်တော် မန်နေဂျာလဲ့ဆီသွားပြီး စုံစမ်းကြည့်လိုက်ဦးမယ်။ အိမ်ကို ပြန်ပြောရအောင်လို့"
လဲ့ကျွင်းရှန် ခေါင်းညိတ်လိုက်သည်။ "အင်း"
အခုမှ သူ သိလိုက်ရတယ်။ ညီဖြစ်သူကို ဂရုစိုက်မှု နည်းလွန်းနေတာပဲ။
ရှောင်လင်းယဲ့သည် လဲ့ကျွင်းရှန်နှင့် အလုပ်ကိစ္စဆွေးနွေးရာမှ ထွက်ခွာပြီး လဲ့ကျုံးဇီ ရုံးခန်းသို့ တိုက်ရိုက် သွားလိုက်သည်။
"မင်္ဂလာပါ၊ ကျွန်တော် မန်နေဂျာလဲ့နဲ့ တွေ့ချင်လို့ပါ" ရှောင်လင်းယဲ့ အတွင်းရေးမှူးစားပွဲသို့ လျှောက်သွားပြီး ပြောလိုက်သည်။
အတွင်းရေးမှူးသည် ရုပ်ချောပြီး ခန့်ညားသော ရှောင်လင်းယဲ့ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားသည်။ သို့သော် သူမ၏တာဝန်ကိုသတိရပြီး လေးနက်စွာ မေးလိုက်သည်။ "ဘယ်သူပါလဲ။ မန်နေဂျာလဲ့နဲ့ ကြိုတင်ချိန်းဆိုထားလား"
ရှောင်လင်းယဲ့က တိုက်ရိုက် ဖြေလိုက်သည်။ "ကျွန်တော့်နာမည် ရှောင်လင်းယဲ့ပါ။ မန်နေဂျာလဲ့နဲ့ ကြိုတင်ချိန်းဆိုမထားပါဘူး"
အတွင်းရေးမှူးက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ "တောင်းပန်ပါတယ်။ ကြိုတင်ချိန်းဆိုမထားရင် မန်နေဂျာလဲ့နဲ့ တွေ့ခွင့်မရပါဘူး။ ဒီမှာ စာရင်းသွင်းထားခဲ့ပါ။ မန်နေဂျာလဲ့ကို တင်ပြပေးပါ့မယ်"
ရှောင်လင်းယဲ့က ပြောလိုက်သည်။ "ဒီလိုလုပ်ပါ၊ ခင်ဗျား အခုပဲ မန်နေဂျာလဲ့ကို သွားပြောပေးပါ။ တွေ့ချင်လား၊ မတွေ့ချင်ဘူးလား မေးကြည့်ပါ"
အတွင်းရေးမှူး အခက်တွေ့သွားသည်။ "ဒါက..."
ရှောင်လင်းယဲ့က ဆက်ပြောသည်။ "စိတ်မပူပါနဲ့။ သူ မတွေ့ချင်ရင် ကျွန်တော် ပြန်သွားပါ့မယ်"
ကြိုတင်ချိန်းဆိုတာတော့ မလိုပါဘူး။
ဆရာ ဖုန်းတစ်ချက်ဆက်လိုက်ရင် သူက ပြေးလာမှာ သေချာတယ်။
အတွင်းရေးမှူး တွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။ မန်နေဂျာလဲ့ကို မေးကြည့်ပေးပါ့မယ်"
ဒီလူ ဒီလိုပြောရဲတယ်ဆိုတော့ မန်နေဂျာလဲ့နဲ့ သိတဲ့လူ ဖြစ်လောက်တယ်။
လဲ့ကျုံးဇီသည် ရုံးခန်းထဲတွင် ပျင်းရိစွာ ဂိမ်းဆော့နေစဉ် ဖုန်းမြည်လာသည်။
"မန်နေဂျာလဲ့၊ အပြင်မှာ ရှောင်လင်းယဲ့ဆိုတဲ့လူ ရောက်နေပါတယ်။ မန်နေဂျာလဲ့ကို တွေ့ချင်တယ်တဲ့။ ဝင်ခွင့်ပေးလိုက်ရမလား" အတွင်းရေးမှူးက ပြောလိုက်သည်။
"ရှောင်လင်းယဲ့... အဲဒါ ဘယ်သူလဲ" လဲ့ကျုံးဇီ ချက်ချင်း သဘောမပေါက်လိုက်ပေ။ သို့သော် နာမည်ရင်းနှီးနေသဖြင့် စဉ်းစားလိုက်သည်။ "နေပါဦး ဘယ်သူလို့ပြောလိုက်တာ။ ရှောင်လင်းယဲ့ ဟုတ်လား"
"ဟုတ်ပါတယ်၊ သူ့နာမည် ရှောင်လင်းယဲ့ပါတဲ့" အတွင်းရေးမှူးက တာဝန်ကျေပွန်စွာ ဖြေလိုက်သည်။
ရှောင်လင်းယဲ့မှန်း သေချာသွားသောအခါ လဲ့ကျုံးဇီ ဒေါသထွက်သွားသည်။ အော်ဟစ်လိုက်သည်။ "ကောင်းပြီ... ဒီကောင်စုတ်လေး။ ငါ သွားမရှာရသေးဘူး၊ သူက ငါ့ဆီ ရောက်လာရဲတယ်ပေါ့။ ဝင်ခွင့်ပေးလိုက်။ သူ ဘာလုပ်ချင်လဲ ကြည့်ရသေးတာပေါ့"
"......" အတွင်းရေးမှူးက ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ"
စိတ်ထဲတွင်မူ "မန်နေဂျာလဲ့အသံက ဒေါသထွက်နေသလိုပဲ။ ရှောင်လင်းယဲ့ဆိုတဲ့ လူချောလေးနဲ့ ရန်ငြိုးရှိပုံရတယ်" ဟု တွေးနေသည်။
ဒါပေမဲ့ မန်နေဂျာလဲ့ရဲ့စိတ်ဓာတ်အရဆိုရင် ရန်ငြိုးရှိရင် လက်စားချေပြီးလောက်ပြီ။ အခုလို လာရှာတဲ့အထိ စောင့်နေစရာ အကြောင်းမရှိဘူး။
အတွင်းရေးမှူး သံသယဝင်နေသော်လည်း တာဝန်ကျေပွန်စွာ ပြုံးလျက် ပြောလိုက်သည်။ "မစ္စတာရှောင်၊ မန်နေဂျာလဲ့က အထဲဝင်ဖို့ ဖိတ်ခေါ်ပါတယ်"
သို့သော် ရှောင်လင်းယဲ့၏ ချောမောသော မျက်နှာကိုကြည့်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "ဖုန်းထဲမှာ မန်နေဂျာလဲ့ရဲ့လေသံ သိပ်မကောင်းဘူး။ သတိထားပါနော်"
ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်ပြီး အတွင်းရေးမှူးကို ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မ၊ ကျွန်တော် သိပါတယ်"
ပထမဆုံးတွေ့ဆုံကတည်းက ပြဿနာတက်ခဲ့တာ။ ပြီးတော့ သူက အစ်ကိုဖြစ်သူကို တိုင်တောခဲ့သေးတယ်။ လဲ့ကျုံးဇီက သူ့ကို ကောင်းကောင်းဆက်ဆံပါ့မလား။
ရှောင်လင်းယဲ့ လဲ့ကျုံးဇီရုံးခန်းထဲ ဝင်သွားသောအခါ ရုံးခန်းအပြင်အဆင်ကို အကဲခတ်လိုက်သည်။ အဖြူနှင့် အပြာ နှစ်ရောင်စပ်ထားသည်။ အဖြူရောင် ရုံးခန်းစားပွဲ၊ အဖြူရောင် စာအုပ်စင်၊ အပြာနှင့်အဖြူ ကွက်ကြား လိုက်ကာများဖြင့် ရိုးရှင်းပြီး ကြည့်ကောင်းသည်။
အနီရောင်ကြိုက်သူတစ်ယောက်အနေဖြင့် သူဝတ်ထားသော ဝိုင်နီရောင် ဝတ်စုံမှလွဲ၍ အနီရောင်အရိပ်အယောင် မတွေ့ရပေ။
ဒါကြောင့် လဲ့ကျွင်းရှန်ပြောတဲ့ လဲ့ကျုံးဇီ အနီရောင်ကြိုက်တယ်ဆိုတာကို ပိုသံသယဝင်မိတယ်။
လဲ့ကျုံးဇီသည် ရှောင်လင်းယဲ့ ဝင်လာသည်ကို မြင်သောအခါ ထိုင်ခုံမှ ထရပ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "ကောင်းပြီ... ရှောင်လင်းယဲ့၊ မင်းက ငါ့ရှေ့လာရဲသေးတယ်ပေါ့။ ငါ့အစ်ကိုကို တိုင်ရဲတယ်ပေါ့။ ဒီတစ်ခါ မင်းကို သွားကျိုးအောင် ရိုက်မယ်"
သူက အစ်ကိုဖြစ်သူ ဆူပူခံရတာကို မကျေမနပ်ဖြစ်နေတာပဲ။
ရှောင်လင်းယဲ့က လည်စည်းကို ဖြေလျှော့လိုက်ပြီး အင်္ကျီလက်စကို ပင့်တင်ကာ လေးနက်စွာ ပြောလိုက်သည်။ "ရန်ဖြစ်ချင်တာလား။ ကောင်းပြီ... လိုက်လျောပေးမယ်"
"......" လဲ့ကျုံးဇီ ဒေါသထွက်သွားသည်။ "ဖြစ်တာပေါ့၊ ဘယ်သူက ကြောက်နေလို့လဲ"
ရှောင်လင်းယဲ့က လေးနက်စွာ ပြောလိုက်သည်။ "ရန်ဖြစ်လို့ရတယ်။ ဒါပေမဲ့ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ တောင်းဆိုချက်တစ်ခုကို ခြွင်းချက်မရှိ လိုက်လျောပေးရမယ်"
လဲ့ကျုံးဇီ - "......"
ဒီလူက ဘာလာလုပ်တာလဲ။ ရန်ဖြစ်ဖို့ သက်သက် လာတာလား။ တောင်းဆိုချက်တစ်ခု လိုချင်လို့လား။
ဒါပေမဲ့ လဲ့ကျုံးဇီက ရန်ဖြစ်ရာမှာ ယုံကြည်မှုရှိတယ်။ ရှောင်လင်းယဲ့လို စာပေသမားပုံစံပေါက်နေတဲ့သူကို အထင်မကြီးဘူး။
သူက သရော်လိုက်သည်။ "ဟမ့် လက်ခံတယ်။ ဘယ်သူက ကြောက်နေလို့လဲ"
ပြောပြီးသည်နှင့် အင်္ကျီအပေါ်ထပ်ကို ချွတ်လိုက်သည်။
ရှောင်လင်းယဲ့ကတော့ ဝတ်စုံကို မချွတ်ပေ။
အပြင်ဘက်တွင် ရပ်နေသော အတွင်းရေးမှူးသည် ရုံးခန်းထဲမှ "ဒုန်း... ဒိုင်း..." အသံများ ကြားနေရသဖြင့် စပ်စုချင်စိတ်ရော စိုးရိမ်စိတ်ပါ ဖြစ်ပေါ်လာသည်။
ဝင်သွားတဲ့လူက ဘယ်သူလဲ။ ဝင်တာနဲ့ ရန်ဖြစ်သံတွေ ကြားနေရတယ်။
ဒါပေမဲ့ မန်နေဂျာလဲ့က လုံခြုံရေး မခေါ်ဘူးဆိုတော့ ကိုယ့်ဘာသာ ဖြေရှင်းနေတာဖြစ်မယ်။
"အတွင်းရေးမှူးချင်၊ မန်နေဂျာလဲ့ ရုံးခန်းထဲက ဘာသံတွေလဲ" အခြားဝန်ထမ်းများ ဖြတ်သွားရင်း သံသယဖြင့် မေးလိုက်ကြသည်။ "ရန်ဖြစ်နေသံနဲ့ တူလိုက်တာ။ လုံခြုံရေး ခေါ်လိုက်ရမလား။ မန်နေဂျာလဲ့ ထိခိုက်ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"
မန်နေဂျာလဲ့က စိတ်ဆိုးလွယ်ပေမယ့် ဝန်ထမ်းတွေအပေါ် တကယ်ကောင်းတယ်။
အတွင်းရေးမှူး မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ မန်နေဂျာလဲ့က လူမခေါ်ဘူးလေ"
"အသံတွေ နားထောင်ကြည့်ပါဦး... ပြင်းထန်နေတယ်။ နောက်ကျမှ လူခေါ်ရင် ဘယ်လိုဖြစ်သွားမလဲ မသိနိုင်ဘူး။ လုံခြုံရေးခေါ်ပြီး ဒီနားမှာ စောင့်ခိုင်းထားတာ ပိုကောင်းမယ်။ လိုအပ်ရင် ဝင်ကယ်လို့ရတာပေါ့" တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။
အတွင်းရေးမှူးချင် စဉ်းစားပြီး ပြောလိုက်သည်။ "ကောင်းပြီ... လုံခြုံရေး ခေါ်လိုက်မယ်။ မန်နေဂျာလဲ့ရဲ့အမိန့်ကို စောင့်ကြတာပေါ့"
ထို့နောက် အတွင်းရေးမှူးချင် တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည်။ "ရန်ဖြစ်ရင် မန်နေဂျာလဲ့ ရှုံးမယ်လို့ ဘာလို့ ထင်ကြတာလဲ။ တကယ်လို့ တစ်ဖက်လူ မနိုင်လို့ မန်နေဂျာလဲ့က လူမခေါ်တာဆိုရင်ရော"
အားလုံး ကြောင်သွားကြသည်။ - "......" ဟုတ်သားပဲ။ မန်နေဂျာလဲ့က ရန်ဖြစ် တော်တယ်လေ။
အတွင်းရေးမှူးချင်က ရုံးခန်းထဲဝင်သွားတဲ့ ရှောင်လင်းယဲ့ကို စိုးရိမ်လာသည်။ "အဲဒီ ရှောင်လင်းယဲ့က လူချောလေး။ မန်နေဂျာလဲ့ ရိုက်လို့ ဝက်ခေါင်းလို ဖြစ်မသွားပါစေနဲ့"
တစ်စုံတစ်ယောက်က မေးလိုက်သည်။ "အတွင်းရေးမှူးချင်... မန်နေဂျာလဲ့နဲ့ ရန်ဖြစ်နေတဲ့သူက ရုပ်ချောလား"
အတွင်းရေးမှူးချင် ခေါင်းညိတ်လိုက်သည်။ "အင်း... အရမ်းချောတယ်"
လုံခြုံရေး ရောက်လာသောအခါ ရုံးခန်းထဲမှ အသံများ တိတ်ဆိတ်သွားသည်။ ထို့နောက် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ "ဟာကွာ... ရှောင်လင်းယဲ့... ရန်ဖြစ်ရင် မျက်နှာမရိုက်ရဘူးဆိုတာ မသိဘူးလား။ မင်း ဘာလို့ ငါ့မျက်နှာကိုပဲ ရွေးရိုက်နေတာလဲ"
ထို့နောက် စိမ်းသက်ပြီး ငယ်ရွယ်သော အသံတစ်ခုက ပြန်ပြောလိုက်သည်။ "ခင်ဗျားက အရင် စရိုက်တာလေ။ ခင်ဗျား မရိုက်ရင် ကျွန်တော်လည်း မရိုက်ဘူး"
အပြင်ဘက်မှ လူများ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ လုံခြုံရေး ဝင်သင့် မဝင်သင့် ဝေခွဲမရ ဖြစ်နေကြသည်။
အတွင်းရေးမှူးချင် တံခါးခေါက်လိုက်ပြီး မေးလိုက်သည်။ "မန်နေဂျာလဲ့၊ အဆင်ပြေရဲ့လား"
ထိုအချိန်တွင် လဲ့ကျုံးဇီ၏မျက်လုံးတစ်ဖက် မည်းညိုနေပြီး ပါးတစ်ဖက် ရောင်ရမ်းနေသည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်လိုက်ပြီး အော်ပြောလိုက်သည်။ "အဆင်ပြေတယ်။ မင်းတို့ ဝင်မလာနဲ့" အခုဝင်လာရင် သူ့မျက်နှာကို မြင်ပြီး လှောင်ကြမှာ သေချာတယ်။
အတွင်းရေးမှူးချင်သည် မန်နေဂျာလဲ့၏စကားကို ကြားသောအခါ လုံခြုံရေးကို ပြောလိုက်သည်။ "ပြန်သွားကြတော့။ မင်းတို့လည်း အလုပ်သွားလုပ်ကြတော့။ မန်နေဂျာလဲ့ မြင်ရင် ဆူလိမ့်မယ်"
အားလုံး စပ်စုချင်သော်လည်း အတွင်းရေးမှူးချင် ပြောတာ မှန်သဖြင့် မတတ်သာဘဲ ထွက်ခွာသွားကြသည်။
လဲ့ကျုံးဇီသည် ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် မှီထိုင်နေသည်။ အဝတ်အစား မဖရိုဖရဲ၊ ပြုံးရွှင်နေသော ရှောင်လင်းယဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ ရှုံးပြီ။ မင်း ဘာတောင်းဆိုချင်လဲ ပြော"
ရှောင်လင်းယဲ့သည် ပင့်တင်ထားသော အင်္ကျီလက်စကို ပြန်ချလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော့်မှာ ဘာတောင်းဆိုချက်မှ မရှိပါဘူး။ မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေပေးရင် ရပါပြီ"
လဲ့ကျုံးဇီ သံသယဖြင့် မေးလိုက်သည်။ "ဘာမေးခွန်းလဲ"
"ခင်ဗျား အပြာရောင် ကြိုက်လား" ရှောင်လင်းယဲ့ တိုက်ရိုက် မေးလိုက်သည်။
လဲ့ကျုံးဇီ ကြောင်သွားသည်။ "အမ်..." ဒါ ဘာမေးခွန်းလဲ။
***