မိသားစုအသစ်
Vol. 51 Ch. 829
သက်ကယ်မိုးအိမ်များ၏ ထူးခြားချက်များကို လေ့လာပြီးနောက် လဲ့ကျုံးဇီသည် အခြားထူးခြားချက်များကိုလည်း စိတ်ဝင်စားလာသည်။
ထို့နောက် ရှောင်လင်းယဲ့သည် သူတို့ညီအစ်ကိုနှစ်ယောက်ကို မှိုတောင်ကုန်းနှင့် စားသောက်ဆိုင်ကြီးသို့ လိုက်ပို့ပေးသည်။ ထောင်ယွမ်ရွာတွင် လည်ပတ်စရာများပြားသဖြင့် ခဏလောက် လျှောက်လည်ရုံဖြင့် မိုးချုပ်သွားသော်လည်း လဲ့ကျွင်းရှန်တို့ညီအစ်ကိုသည် မဝသေးပေ။
"ဆရာ၊ လဲ့ကော၊ ၅ နာရီခွဲနေပြီ။ ညစာစားဖို့ ပြန်ရအောင်" ရှောင်လင်းယဲ့က အချိန်ကို ကြည့်ပြီး ပြောလိုက်သည်။
ထမင်းစားချိန်ရောက်ပြီဟု ကြားရသောအခါ နေ့လည်က စားခဲ့ရသော အရသာရှိလှသည့် ထမင်းဟင်းများကို သတိရပြီး သွားရည်ကျလာကြသည်။
"မိုးချုပ်နေပြီပဲ။ ပြန်ပြီး ညစာစားကြတာပေါ့" လဲ့ကျုံးဇီက ပြောလိုက်သည်။ အလှအပတွေ ဘယ်လောက်လှလှ အရသာရှိတဲ့ အစားအစာလောက် မမီပါဘူး။
အိမ်ပြန်လမ်းတွင် လဲ့ကျုံးဇီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ရှောင်လင်းယဲ့၊ မင်းတို့အိမ်မှာ ညစာ ဘာဟင်းတွေ ချက်လေ့ရှိလဲ"
ရှောင်လင်းယဲ့က ပြောလိုက်သည်။ "ပုံမှန် ထမင်းဟင်းတွေပါပဲ။ ဩော်... ဒါနဲ့ ခင်ဗျားတို့က မြို့တော်က လာတာဆိုတော့ ဖက်ထုပ်ကြိုက်မယ်ထင်လို့ ဒီည ဖက်ထုပ်လုပ်စားကြမယ်"
လဲ့ကျုံးဇီသည် ပုံမှန်ဆိုလျှင် ဖက်ထုပ်ကြိုက်သော်လည်း မနက်က အမေရှောင်၏လက်ရာကို မြည်းစမ်းပြီးနောက် ဖက်ထုပ်ဆိုတာ သာမန်ပဲ ဖြစ်သွားသည်။ ထမင်းဟင်းက ပိုစားကောင်းမယ်လို့ ထင်တယ်။
လဲ့ကျွင်းရှန်ကတော့ ကုန်းထျန်းဟောက် ပြောပြဖူးသဖြင့် ရှောင်မိသားစု၏ဖက်ထုပ်လက်ရာကို သိထားသည်။ "အဒေါ်တို့ ဖက်ထုပ်လုပ်တာ အရမ်းကောင်းတယ်လို့ ကြားဖူးတယ်"
ရှောင်လင်းယဲ့က ဂုဏ်ယူစွာ ပြောလိုက်သည်။ "ကျွန်တော့်အမေက ဖက်ထုပ်လုပ်တာတင်မကဘူး၊ ဘာလုပ်လုပ် စားကောင်းတယ်။ အမေက လက်ရာမြောက်တယ်။ ရိုးရှင်းတဲ့ အစားအစာတွေတောင် သူ့လက်ရာနဲ့ဆိုရင် အရသာရှိသွားတာပဲ"
လဲ့ကျုံးဇီ ကြားလိုက်ရသောအခါ အားကျသွားသည်။ "ရှောင်လင်းယဲ့၊ မင်းမှာ လှပပြီး တော်တဲ့ အမေတစ်ယောက်ရှိတာ တကယ် အားကျစရာပဲ" သူတို့ညီအစ်ကိုနှစ်ယောက်က ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရတော့ မိဘဆိုတာ ဘယ်လိုပုံစံလဲတောင် မမှတ်မိတော့ဘူး။
ရှောင်လင်းယဲ့က ရုတ်တရက် လဲ့ကျုံးဇီပခုံးကို ဖက်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "လဲ့ကော၊ ခင်ဗျား သဘောကျရင် ကျွန်တော့်အမေကို ခင်ဗျားအမေအဖြစ် သတ်မှတ်လို့ရပါတယ်"
ထို့နောက် သူက အကြံတစ်ခု ရသွားပြီး ပြောလိုက်သည်။ "လဲ့ကော... ဒီလိုလုပ်ပါလား။ ကျွန်တော့်မိဘတွေကို မွေးစားမိဘအဖြစ် တော်ခိုင်းလိုက်ရင် ကောင်းမလား"
လဲ့ကျုံးဇီ မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "ရလို့လား"
ထို့နောက် အစ်ကိုဖြစ်သူကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။
လဲ့ကျွင်းရှန်လည်း ဒီအကြံကို စိတ်ဝင်စားသွားသည်။
သူတို့ ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရတော့ ဖေဖေ၊ မေမေလို့ မခေါ်ရတာ ကြာပြီ။
ရှောင်လင်းယဲ့ရဲ့မိဘတွေက သဘောကောင်းကြတယ်။ သူတို့မှတ်ဉာဏ်ထဲက မိဘတွေနဲ့ တူတယ်။ သူတို့ကို မွေးစားမိဘအဖြစ် တော်လိုက်ရင် သူတို့မှာလည်း မိဘတွေ ရှိလာမှာပေါ့။
မိဘရှိတဲ့နေရာက အိမ်ပါပဲ။
ဒါပေမဲ့ လဲ့ကျွင်းရှန် တွန့်ဆုတ်နေသည်။ "ယဲ့အာ၊ ဒီကိစ္စကို မင်းမိဘတွေနဲ့ အရင်တိုင်ပင်သင့်တယ် ထင်တယ်"
ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်၊ ဖေဖေမေမေနဲ့ တိုင်ပင်ရမှာပေါ့။ ဒါပေမဲ့ သူတို့ သဘောတူမှာ သေချာပါတယ်။ သားနှစ်ယောက် အပိုရလာတာပဲလေ"
လဲ့ကျွင်းရှန် တွေးမိတာတစ်ခုက ရှောင်လင်းယဲ့မိဘတွေကို မွေးစားမိဘအဖြစ် တော်လိုက်ရင် ကုန်းထျန်းဟောက်ရှေ့မှာ သူ့ရာထူးက ယောက်ဖအဖြစ် ပြောင်းလဲသွားမှာ။
ကုန်းထျန်းဟောက်က သူ့ကို အစ်ကိုလို့ ခေါ်ရမယ့်အဖြစ်ကို တွေးမိပြီး စိတ်လှုပ်ရှားသွားသည်။
ဒီအကြံအစည်ကြောင့် သုံးယောက်သား အိမ်ပြန်လမ်းတွင် စိတ်လှုပ်ရှားနေကြသည်။
.....
အဖေရှောင်နှင့် ရှောင်ကြီးဦးတို့သည် သူတို့ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။ "ဆရာလဲ့၊ ရှောင်လဲ့ ပြန်လာပြီလား။ ပျော်ခဲ့ရဲ့လား"
လဲ့ကျုံးဇီသည် အဖေရှောင်ကို ကြည့်ပြီး မျက်လုံးများ အရောင်လက်နေသည်။ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှုများ ရောထွေးနေသည်။
လဲ့ကျုံးဇီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... အရမ်းပျော်ဖို့ကောင်းပါတယ်"
ထို့နောက် ရှောင်လင်းယဲ့ကို ကြည့်လိုက်သည်။ ရှောင်လင်းယဲ့ စကားစမလားလို့ပေါ့။
အဖေရှောင်က သူတို့၏အမူအရာကို ကြည့်ပြီး နားမလည်နိုင်ဖြစ်နေသည်။
ရှောင်လင်းယဲ့ လျှောက်လာပြီး ပြောလိုက်သည်။ "ဖေဖေ၊ အဖေနဲ့အမေတို့ ကျွန်တော့်ဆရာနဲ့ လဲ့ကောကို မွေးစားသားအဖြစ် လက်ခံနိုင်မလား"
ရှောင်လင်းယဲ့ စကားကြောင့် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အားလုံး ကြောင်သွားကြသည်။
လဲ့ကျွင်းရှန်တို့ သုံးယောက် အပြင်ထွက်လည်ပြီး ပြန်လာတော့ မွေးစားသားကိစ္စ ပါလာလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။
အဖွားရှောင်က အရင်ဆုံး သတိဝင်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "ကောင်းတာပေါ့"
ထို့နောက် လဲ့ကျွင်းရှန်တို့ညီအစ်ကိုကို ကြည့်ပြီး မေးလိုက်သည်။ "ဆရာလဲ့နဲ့ ရှောင်လဲ့က သူတို့ကို မိဘအဖြစ် သတ်မှတ်ချင်လို့လား"
လဲ့ကျုံးဇီက ချက်ချင်း ဖြေလိုက်သည်။ "အဘွား၊ ကျွန်တော်တို့ လိုချင်ပါတယ်"
အဖွားရှောင်က ရယ်မောကာ ပြောလိုက်သည်။ "ကောင်းပြီ... အရမ်းကောင်းတာပေါ့"
ထို့နောက် ရှောင်လင်းယဲ့ကို ပြောလိုက်သည်။ "ယဲ့အာ၊ မင်းအမေကို သွားခေါ်လိုက်"
"ဟုတ်ကဲ့" ရှောင်လင်းယဲ့ ဝမ်းသာအားရ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အမေရှောင်ကို ခေါ်လာသည်။
အဖွားရှောင်က အမေရှောင်ကို မြင်သောအခါ လေးနက်စွာ မေးလိုက်သည်။ "ကျန်းယန်၊ ချိုးယင်း နင်တို့က ဆရာလဲ့နဲ့ ရှောင်လဲ့ကို မွေးစားသားအဖြစ် လက်ခံချင်လား"
အမေရှောင် ကြောင်သွားပြီးနောက် ပြုံးလျက် ဖြေလိုက်သည်။ "အမေ၊ သမီးတို့ လက်ခံတာပေါ့။ နောက်ဆို သမီးနဲ့ ကျန်းယန်မှာ သားနှစ်ယောက် တိုးလာပြီပေါ့"
ကုန်းထျန်းဟောက်နှင့် ရှောင်လင်းယွီ ပြန်ရောက်လာသောအခါ အမေရှောင်က သားနှစ်ယောက် တိုးလာပြီဟု ပြောနေသည်ကို ကြားလိုက်ရသဖြင့် သံသယဖြင့် မေးလိုက်သည်။ "အမေတို့ ဘာတွေ ပြောနေတာလဲ။ ဘာသားနှစ်ယောက် တိုးလာတာလဲ"
မေးရင်းနှင့် လဲ့ကျွင်းရှန်တို့ညီအစ်ကိုကို စူးရှစွာ ကြည့်လိုက်သည်။
ရှောင်လဲ့ထုံနှင့် ရှောင်လင်တို့သည် သူတို့နောက်မှလိုက်လာပြီး လူကြီးများ စကားပြောနေသည်ကို ကြားသောအခါ အပြေးအလွှား ရောက်လာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "ဖွားဖွား၊ သားနှစ်ယောက် တိုးလာမယ်ဆိုတော့ သားနဲ့ လင်အာမှာ ဦးလေးနှစ်ယောက် တိုးလာမှာလား"
ရှောင်လင်းယဲ့က ရှောင်လဲ့ထုံကို ပွေ့ချီလိုက်ပြီး အမေရှောင်က ရှောင်လင်ကို ပွေ့ချီလိုက်သည်။ ရှောင်လင်းယဲ့က ပြုံးလျက် ပြောလိုက်သည်။ "ဟုတ်တယ် ထုံထုံ၊ သားနဲ့ လင်အာမှာ ဦးလေးနှစ်ယောက် တိုးလာတော့မယ်။ ကြိုက်လား"
"ကြိုက်တယ်" ရှောင်လဲ့ထုံက ဖြေလိုက်သည်။
"ကြိုက်တယ်" ရှောင်လင်ကလည်း ထပ်တူဖြေလိုက်သည်။
ကုန်းထျန်းဟောက် ရုတ်တရက် သူ့ရာထူး ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။
အထူးသဖြင့် လဲ့ကျွင်းရှန်က သူ့သူငယ်ချင်းဘဝကနေ ယောက်ဖဘဝကို ကူးပြောင်းသွားတော့ အဆင့်အတန်းလည်း ပြောင်းလဲသွားပြီ။
နောက်ဆို သူက လဲ့ကျွင်းရှန်ကို အစ်ကိုကြီးလို့ ခေါ်ရတော့မယ်။
ဟားဟား... ကုန်းထျန်းဟောက် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
အဖိုးရှောင်က ပြုံးလျက် ပြောလိုက်သည်။ "အားလုံး သဘောတူမှတော့ ရက်ကောင်းရက်မြတ် ရွေးပြီး မွေးစားပွဲလုပ်ကြတာပေါ့။ နောက်ဆို အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီ။ ဆရာလဲ့၊ ရှောင်လဲ့ ဘာပြောချင်သေးလဲ"
လဲ့ကျွင်းရှန် ပြုံးလျက် ပြောလိုက်သည်။ "အဘိုး သဘောပါပဲ"
အဖိုးရှောင် ဝမ်းသာအားရ ရယ်မောလိုက်သည်။ "ကောင်းပြီ၊ နောက်ဆို ငါ့မှာ မြေးနှစ်ယောက် တိုးလာပြီပေါ့"
တစ်မိသားစုလုံး ပျော်ရွှင်နေကြသည်။
အထူးသဖြင့် လဲ့ကျုံးဇီက စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။ ကလေးတစ်ယောက်လိုပင်။
ရှောင်လင်းယဲ့က လဲ့ကျုံးဇီရှေ့သို့ လျှောက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "လဲ့ကော၊ နောက်ဆို ဖေဖေ မေမေလို့ ခေါ်ရတော့မယ်နော်။ နောက်ဆို ကျွန်တော်က ခင်ဗျားကို အစ်ကိုလတ်လို့ ခေါ်မယ်။ ဩော်... ဆရာက..."
"အစ်ကိုကြီးလို့ ခေါ်လေ" လဲ့ကျွင်းရှန်က ခပ်တည်တည် ပြောလိုက်သည်။ "နောက်ဆို ငါက မင်းရဲ့ အစ်ကိုကြီး၊ ပြီးတော့ ဆရာပဲ"
"ဟုတ်ကဲ့ အစ်ကိုကြီး" ရှောင်လင်းယဲ့ ပြုံးလျက် ခေါ်လိုက်သည်။
"ဟုတ်တယ်၊ ပွဲမလုပ်ရသေးပေမယ့် ဖေဖေ မေမေလို့ အရင်ခေါ်ထားလိုက်" အဖွားရှောင်က အကြံပြုလိုက်သည်။
အဖေရှောင်နှင့် အမေရှောင်ကလည်း ပြောလိုက်သည်။ "ဟုတ်တယ်၊ ကျွင်းရှန်၊ ရှောင်ဇီ အခုကစပြီး ဖေဖေ မေမေလို့ ခေါ်ကြတော့"
ထို့နောက် အမေရှောင် သတိရသွားသည်။ "ဩော်... ဟုတ်သားပဲ၊ အန်ပေါင်း ပြင်ဆင်ရဦးမယ်။ နှုတ်ဆက်ကြေး အန်ပေါင်းပေးရမယ်လေ"
"ဟုတ်တယ် အန်ပေါင်း အရင်ပြင်ဆင်လိုက်မယ်" အကြီးဆုံးဒေါ်လေးရှောင်က ပြောလိုက်သည်။
ထို့နောက် အကြီးဆုံးဒေါ်လေးရှောင်နှင့် အမေရှောင်တို့ အခန်းထဲဝင်ပြီး အန်ပေါင်း ပြင်ဆင်ကြသည်။
အဖေရှောင်က ညီအစ်ကိုနှစ်ယောက်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ကျွင်းရှန်၊ ရှောင်ဇီ နောက်ဆို ဒီအိမ်က မင်းတို့အိမ်ပဲ။ အိမ်ပြန်ရောက်ရင် စိမ်းသက်မနေနဲ့။ အားမနာနဲ့။ နေချင်သလောက် နေကြ"
ကုန်းထျန်းဟောက် - "......"
နေ့တစ်ဝက်အတွင်း ဘာတွေ ဖြစ်ကုန်တာလဲ။ မျက်တောင်တစ်ခတ်အတွင်း ယောက်ဖနှစ်ယောက် တိုးလာပါလား။
ဒါပေမဲ့ လဲ့ကျွင်းရှန်ရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ သူ ဝမ်းသာပါတယ်။
လဲ့ကျွင်းရှန်တို့ညီအစ်ကိုက ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရတယ်။ ဆင်းရဲဒုက္ခတွေ အများကြီး ကြုံခဲ့ရတယ်။ သူတို့ကို ချစ်မယ့်သူ မရှိခဲ့ဘူး။
နောက်ပိုင်း လဲ့ကျွင်းရှန် ချမ်းသာလာတော့ ဆွေမျိုးတွေ ရောက်လာပြီး သွေးစုပ်ကောင်တွေလို ပိုက်ဆံတောင်းကြတယ်။ လဲ့ကျွင်းရှန် သည်းမခံနိုင်တော့ဘဲ အဆက်အသွယ် ဖြတ်လိုက်တယ်။
အဆက်အသွယ်ဖြတ်လိုက်တော့ အကျိုးအမြတ်မရနိုင်တော့တဲ့ ဆွေမျိုးတွေက သူတို့ကို အပုပ်ချကြတယ်။ ချမ်းသာလာတော့ ဆွေမျိုးမေ့တယ်၊ ကျေးဇူးကန်းတယ်၊ ရက်စက်တယ်ဆိုပြီး သတင်းထောက်တွေခေါ်ပြီး ဖွကြတယ်။
အဲဒီတုန်းက လဲ့ကျွင်းရှန်တို့ညီအစ်ကို ဒုက္ခရောက်ခဲ့ရတယ်။
နောက်ပိုင်း သတင်းထောက်တွေက အမှန်တရားကို ဖော်ထုတ်လိုက်မှ သူတို့ နာမည်ပြန်ကောင်းလာတာ။
တကယ်တော့ ကုန်းထျန်းဟောက် သိပါတယ်။ လဲ့ကျွင်းရှန်တို့ညီအစ်ကိုက မိသားစုနွေးထွေးမှုကို လိုချင်နေကြတာ။
အခု ဆန္ဒပြည့်ဝသွားပြီဆိုတော့ သူလည်း ဝမ်းသာပါတယ်။
***