ဝူယွမ်: တျန်းကျန်း၊ မင်း နောက်ထပ် လက်ဆောင်တစ်ခု ယူလာပြန်ပြီ!
Vol. 18 Ch. 179
ရှောင်တျောင်းနှင့် အခြားသူများက ပိတ်ချောအဝတ်အစား ဝတ်ဆင်ထားသော အဘိုးအိုအား သတိထား ကြည့်ရှုနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအိုထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသောကြောင့် ဖြစ်သည်။ ကိုယ်ခန္ဓာကို ပြန်လည်ပုံသွင်းပြီးသားဖြစ်သော ရှောင်တျောင်းပင်လျှင် ထိုသူအား ယှဉ်ပြိုင်နိုင်စွမ်းရှိမည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ မရှိချေ။
သို့သော်လည်း ဝူယွမ်မှာမူ များစွာစိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ သူက ထိုအဘိုးအို၏ နောက်ခံအကြောင်းခြင်းရာကို သိထားပြီးသား ဖြစ်သကဲ့သို့ သူတို့အား ဘေးဥပဒ်ပြုမည့် အကြံအစည်မရှိဟုလည်း ယုံကြည်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုသူနှင့် ထိပ်တိုက်တွေ့ဆုံခဲ့လျှင်ပင် ရှောင်တျောင်းနှင့် သူတို့အဖွဲ့ ပေါင်းစည်း၍ ခုခံနိုင်စွမ်းရှိသည်ဟု တွက်ဆထားလေသည်။
ယခုအချိန်တွင် ဝူယွမ်၏ စွမ်းအားမှာ မည်မျှအထိ တိုးတက်နေပြီကို အတိအကျ မခန့်မှန်းနိုင်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် လျှို့ဝှက်ချက်များအရ ထိုအဘိုးအိုကို ကိုင်တွယ်ဖြေရှင်းရန် များစွာခက်ခဲမည်မဟုတ်ဟု ယူဆရသည်။ ထို့အပြင် ဤရွှမ်နန်းတော်လေးခုအတွင်း သူက အစီအရင်များကို ထိန်းချုပ်ထားနိုင်သဖြင့် အချိန်မရွေး ထိုသူအား နှင်ထုတ်နိုင်စွမ်း ရှိပေသည်။
ထို့အပြင် ဝူယွမ်တွင် ပိုစွမ်းအားကြီးမားသော နည်းလမ်းတစ်ခုရှိသေးသည်။ ယင်းမှာ မဟာရှေးဟောင်းကျောက်တိုင် ပင် ဖြစ်သည်။ ကမ္ဘာသစ်ပင်ဖြင့် ခိုင်ခံ့တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ကျောက်တိုင်ဝိညာဉ်မှာ ပိုအစွမ်းထက်လာပြီး အဆင့်မြင့် ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်တျောင်း၏ မျက်ဝန်းများအတွင်း ခရမ်းရောင်နှင့် အနက်ရောင်အလင်းတန်းများ ရောစပ် စုစည်းလာပြီး ပြင်းထန်သော အရှိန်အဝါများ မြင့်တက်လာသည်။ အနည်းငယ် သဘောထားကွဲလွဲသည်နှင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် အနေအထားပင်။
“ငါ မင်းတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ မင်းက ကောင်းကင်မြွေပါ ဖြစ်ပေမယ့် မင်းရဲ့ ကိုယ်ခန္ဓာက အသစ်ပြန်လည် တည်ဆောက်ထားရတာဆိုတော့ မင်းက အထွတ်အထိပ်ခွန်အားရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးဘူး။ ဒါကြောင့် မင်းက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး” ဟု အဘိုးအိုက ပြုံးလျက်ပင် ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားရဲ့ ပြိုင်ဘက် ဟုတ်မဟုတ်ဆိုတာ တိုက်ကြည့်ပြီးမဇ သိမှာပေါ့။ ကျွန်တော် တစ်ယောက်တည်း မနိုင်ရင်တောင် ကျွန်တော့်အစ်ကိုကြီးနဲ့ ပေါင်းလိုက်ရင် ခင်ဗျားကို နှိမ်နင်းဖို့က သေချာပေါက် ဖြစ်နိုင်တယ်” ဟု ရှောင်တျောင်းက ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။
ပိတ်ချောအင်္ကျီဝတ် အဘိုးအိုက ဝူယွမ်ကို သေချာ စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် စူးစမ်းလိုစိတ်နှင့် အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ဝူယွမ်က နိဗ္ဗာန်အဆင့်သုံးနှင့် ကောင်းကင်အဆောင်သခင်အဆင့်သုံး သာ ရှိသေးသည်ကို သူမြင်နိုင်သည်။ သို့သော်လည်း ဝူယွမ်၏ ကိုယ်ခန္ဓာထံမှ သိမ်မွေ့သော ဖိအားတစ်ခုကို သူ ခံစားနေရသည်။
မူလက သူသည် ဝါးမျိုခြင်းဘိုးဘေးအဆောင် ကို ပိုင်ဆိုင်ထားသော လင်းတုန်အကြောင်းကိုသာ စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ဝူယွမ်၏ ပေါ်ထွက်လာမှုက သူ့ကို ပို၍ အံ့အားသင့်စေခဲ့သည်။ ဘိုးဘေးအဆောင် ပိုင်ဆိုင်သူ ပါရမီရှင်တစ်ဦး၊ ကောင်းကင်မြွေပါ တစ်ကောင်နှင့် အလားအလာရှိသော နတ်ဆိုးကျား နှစ်ကောင်တို့က ဤလူငယ်လေးကို သူတို့၏ အစ်ကိုကြီးအဖြစ် အသိအမှတ်ပြုကာ လေးစားနေကြခြင်းမှာ ထူးခြားလှပေသည်။
“ရှောင်တျောင်း အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း လုပ်စမ်း။ ဒီစီနီယာက ငါတို့ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် မရှိပါဘူး။ တိုက်ခိုက်သတ်ဖြတ်ဖို့ပဲ မတွေးနဲ့၊ ငါတို့က လူတွေကို ကိုယ်ကျင့်တရားနဲ့ နှိမ်နင်းရမှာ” ဟု ဝူယွမ်က ရှောင်ကျောက်အား ဆုံးမလိုက်ပြီး အဘိုးအိုဘက်သို့ လှည့်ကာ “စီနီယာက ကျွန်တော်တို့ကို ဒုက္ခပေးဖို့ မဟုတ်ဘူးဆိုရင် ဘာကြောင့် တိတ်တိတ်လေး စောင့်ကြည့်နေရတာလဲ” ဟု မေးမြန်းလိုက်သည်။
“ငါက ဒီနေရာအကြောင်းကို အတော်လေး စပ်စုချင်နေလို့ပါ။ နှစ်ပေါင်းများစွာ ဒီထဲကို ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးမှာ တားဆီးခံခဲ့ရတယ်။ အခုမှပဲ နတ်သားရဲလေးကောင် ပျောက်ကွယ်သွားလို့ ငါဝင်နိုင်ခဲ့တာ။ အထဲမှာ ဘာရှိလဲဆိုတာ စပ်စုချင်ယုံသက်သက်ပါ” ဟု အဘိုးအိုက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
“အခုတော့ ငါက မင်းတို့နှစ်ယောက်ကို ပိုပြီး စိတ်ဝင်စားသွားပြီ။ တစ်ယောက်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားတယ်၊ နောက်တစ်ယောက်ကိုတော့ ငါတောင် အကဲမဖြတ်နိုင်ဘူး။ ဟားဟား၊ တကယ်ကို စိတ်ဝင်စားစရာပဲ။ မင်းတို့နှစ်ယောက်သာ ရှိနေရင် ဒီတစ်ခါ နိဗ္ဗာန် ရွှေစာရင်း ကတော့ တကယ်ကို ကြည့်ရတာ ထိုက်တန်မှာ သေချာတယ်။ အထူးပြည်ထောင်စုတွေက လူတွေက ပြည်ထောင်တစ်ရာတိုက်ပွဲ ရဲ့ နိဗ္ဗာန် ရွှေစာရင်းကို နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ကြတာ။ အဆင့်နိမ့်ပြည်ထောင်စုတွေက မင်းတို့နှစ်ယောက် အဲဒီစာရင်းမှာ ပေါ်လာရင် သူတို့ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ ငါတွေးမိတယ်”
အဘိုးအိုက ဆက်လက်၍ “သူငယ်ချင်းလေးတို့၊ ငါ မင်းတို့ကို တစ်ခုတော့ သတိပေးမယ်။ မင်းတို့ဘေးက ကောင်းကင်မြွေပါနဲ့ နတ်ဆိုးကျားနှစ်ကောင်ရဲ့ အထောက်အထားကို အရှေ့ပိုင်းရွှမ်ဒေသမှာ မဖော်ပြမိဖို့ သတိထားပါ။ မဟုတ်ရင် မင်းတို့ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။ အရှေ့ပိုင်းရွှမ်ဒေသနဲ့ နတ်ဆိုးနယ်မြေက ငြိမ်းချမ်းမှု မရှိကြဘူး။ နှစ်ဖက်စလုံး အကြိမ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ အရှေ့ပိုင်းရွှမ်ဒေသရဲ့ ထိပ်တန်းဂိုဏ်းအချို့ရဲ့ အဓိကအဖွဲ့ဝင်အများအပြားက နတ်ဆိုးနယ်မြေထဲမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ သတ်ဖြတ်တာခံခဲ့ကြတယ်။ ဒီထဲမှာ ကောင်းကင်မြွေပါ မျိုးနွယ်စုက အရက်စက်ဆုံးဖြစ်ပြီး သွေးကြွေးအများဆုံးရှိတယ်” ဟု မှာကြားခဲ့လိုက်သည်။
ဝူယွမ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သူသိထားသော လျှို့ဝှက်ချက်အချို့ကိုလည်း အဘိုးအိုအား ပြန်လည်မျှဝေပေးခဲ့သည်။ ထို့နောက် အဘိုးအိုက ဟင်းလင်းပြင်အတွင်းသို့ ခြေလှမ်းလှမ်းကာ ရွှမ်နန်းတော်လေးခုမှ ထွက်ခွာသွားတော့သည်။
“အစ်ကိုကြီး၊ အဲဒီအဘိုးကြီးက တကယ်ပဲ အထူးဂိုဏ်းကလား”
“ဘာမှ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာရှိတဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက အထူးဂိုဏ်းတွေနဲ့ ဒီနေရာအတွက် ယှဉ်ပြိုင်ဖို့ စိမ့်ဝင်လာတဲ့ တခြားရွှမ်းဒေသတွေက လူတွေပဲ။ အခုပဲ တခြားရွှမ်းဒေသက လူတွေအကြောင်း သတင်းအချက်အလက်တွေကို သူ့ဆီ ပေါက်ကြားစေခဲ့တယ်။ သူသာ သူတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့ရင် ငါတို့ကို သတ်ဖို့ ဒါမှမဟုတ်ရင် မဟာမိတ်ဖွဲ့ဖို့ သေချာတယ်။ ဒါကြောင့် သူက အရှေ့ပိုင်းရွှမ်ဒေသက အထူးဂိုဏ်းကဆိုတာ ရှင်းနေတာပဲ”
ဝူယွမ်က တစ်ဖက်လူမှာ အမှန်စင်စစ် တာအိုဂိုဏ်းမှ ဖြစ်သည်ကို သိရှိသော်လည်း ရှောင်တျောင်း၊ လင်းတုန်နှင့် အခြားသူများအား စိတ်ချလက်ချဖြစ်စေရန် တမင်တကာ ရှင်းပြလိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီ၊ ရှောင်တျောင်း၊ လူသားပုံစံ ပြောင်းလိုက်ပါဦး။ မင်းရဲ့ ကောင်းကင်မြွေပါပုံစံက နည်းနည်းတော့ မျက်စိကျစရာ ကောင်းလွန်းတယ်”
“ဟီးဟီး၊ ကျွန်တော့်ရဲ့ ကောင်းကင်မြွေပါရဲ့ တကယ့်ပုံစံက ခမ်းနားထည်ဝါလှတယ် မဟုတ်လား”
ရှောင်တျောင်းက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်ပြီး နောက်ဆုံးတွင် လင်းတုန်နှင့် အခြားသူများကို ကောင်းကင်မြွေပါ၏ တကယ့်ပုံစံကို မျက်မြင်တွေ့ခွင့် ပေးလိုက်သည်။ သူတို့၏ အံ့အားသင့်ပြီး အားကျနေသော အကြည့်များကို မြင်သော် ရှောင်တျောင်းမှာ သဘောကျလျက် ရှိသည်။
ဝူယွမ်: “အဲဒီအဘိုးကြီး ပြောခဲ့တာတွေက မှန်တယ်။ အရှေ့ရွှမ်ဒေသက လူတွေက မင်းရဲ့ အထောက်အထားကို မသိစေဖို့ သတိထားရမယ်။ ငါတို့ရဲ့ လက်ရှိအင်အားက ဒီအထူးဂိုဏ်းတွေနဲ့ ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်သေးဘူး။ နောက်ပိုင်းမှာ အထူးဂိုဏ်းတစ်ခုခုထဲ ဝင်တဲ့အခါ နတ်ဆိုးနယ်မြေနဲ့ ရန်ငြိုးမရှိတဲ့ ဂိုဏ်းကိုပဲ ရွေးချယ်ရမယ်”
“ဟုတ်ကဲ့ပါ အစ်ကိုကြီး!”
ရှောင်တျောင်းက ပြန်လည်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ သိပ်သည်းသော ခရမ်းနက်ရောင် အလင်းတန်းများ လျင်မြန်စွာ ထွက်ပေါ်လာပြီး သူ၏ ဧရာမပုံသဏ္ဌာန်က လျင်မြန်စွာ ကျုံ့သွားခဲ့သည်။ အလင်းရောင်များ ကွယ်ပျောက်သွားသည်နှင့် ရှောင်တျောင်း၏ ကိုယ်ခန္ဓာမှာ လူသားအရွယ်အစားအဖြစ် ပြောင်းလဲသွားလေသည်။
“အိုး... ရှောင်တျောင်း... မင်း!”
လင်းတုန်မှာ အံ့သြလွန်း၍ စကားပင် မဆိုနိုင်တော့ဘဲ တံတွေးမြိုချလိုက်မိသည်။ လူသားပုံစံဖြင့် ရှောင်တျောင်းက သူ၏မှတ်ဉာဏ်ထဲရှိ ကြီးမားသောအနက်ရောင်ကြွက်မဲကြီးနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ လူပုံသဏ္ဌာန် ရှောင်တျောင်းမှာ သူတို့အရွယ်မျှသာရှိပြီး ခရမ်းနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားကာ အလွန်နူးညံ့သိမ်မွေ့ပုံပေါက်၍ ချောမောလှပလွန်းနေသည်။ သူ၏မျက်နှာတွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာပြီး ဆွဲဆောင်မှုရှိသော အရိပ်အယောင်ကို ပေးစွမ်းနေကာ ကြည့်ရသူအပေါင်းအား နှစ်လိုဖွယ်ဖြစ်သွားစေသည်။
အမှတ်အရဆို သူက မိုလင်းထက်ပင် သုံးမှတ်ခန့် ပိုမိုချောမောလှပသည်။ ဤကဲ့သို့သော ရုပ်ရည်မျိုးမှာ မြင်သူမိန်းကလေးတိုင်းကို မှင်သက်သွားစေနိုင်သည်။ ဟုတ်ပေသည်။၊ ပိုင်ယွမ်မှအပပေါ့.. အဘယ်ကြောင့်ဆိုသော် ပိုင်ယွမ်၏မျက်လုံးထဲတွင် ဝူယွမ်တစ်ယောက်တည်းသာ ရှိသောကြောင့် ဖြစ်သည်။
“မင်းက မဆိုးဘူးဘဲ” ဝူယွမ်က ပြုံး၍ စနောက်လိုက်သည်။
“ဟီးဟီး” ရှောင်တျောင်းက ရယ်ပြလိုက်ပြီး အနည်းငယ် ရှက်နေပုံရသည်။
လင်းတုန်က ရှောင်တျောင်း၏ ပခုံးပေါ် လက်တင်ကာ သူနှင့် ပိုနီးကပ်အောင် ဆွဲယူလိုက်ပြီး “မင်းက အသက်ရာနဲ့ချီတယ်လို့ ပြောပေမဲ့ ဒီလောက်အသက်မကြီးနိုင်ဘူးလို့ ငါပြောပြီးသားပဲ။ မင်းတို့နတ်ဆိုးမျိုးနွယ်ရဲ့ အသက်အရွယ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ မင်းက အရမ်းနူးညံ့သိမ်မွေ့ပုံပေါက်ပေမယ့် မင်းကိုယ်မင်း အရှင်သခင်တျောင်း လို့ ခေါ်ရဲသေးတယ်လား”
“ဟုတ်တယ်၊ အစ်ကိုသုံးက ငါ့ထက်တောင် ငယ်တံ့ပုံပေါက်သေးတယ်” ဟု ရှောင်ယန်က သူ၏သန်မာသော ကိုယ်ခန္ဓာနှင့် တက်ကြွသော အရှိန်အဝါဖြင့် ဝင်ပြောလိုက်သည်။ သူက ရှောင်တျောင်းထက်ပင် အများကြီး ပိုမိုရင့်ကျက်ပုံ ပေါက်နေသည်။
ရှောင်တျောင်းက လင်းတုန်နှင့် ရှောင်ယန်ကို တွန်းထုတ်ကာ ညည်းညူလိုက်သည် “ဖယ်ကြစမ်း! ငါက ကြီးထွားမှုကာလမှာပဲ ရှိသေးပေမယ့် မင်းတို့အဘိုးတွေထက် ငါပိုအသက်ရှည်တယ်။ မင်းတို့က ငါ့ကို အရှင်သခင်တျောင်း လို့ ခေါ်တာ အရှုံးမရှိဘူး”
လင်းတုန်: “ဟီးဟီး၊ မင်းက ငါ့ကို အစ်ကိုနှစ်လို့ ခေါ်ရင် ပိုသင့်တော်မယ်”
ရှောင်ယန်: “ငါ အစ်ကိုသုံး ဖြစ်နိုင်မယ် ထင်တယ်!”
“ဖျတ်”
ရှောင်တျောင်းက ချက်ချင်းထ၍ ရှောင်ယန်၏ခေါင်းကို ရိုက်လိုက်သည် “မင်းက ငါ့ခေါင်းပေါ်တောင် တက်ချင်သေးတယ်ပေါ့”
ဝူယွမ်: “ကောင်းပြီ၊ ရှောင်တျောင်း၊ အခု မင်းပုံစံပြောင်းသွားပြီဆိုတော့ မင်းရဲ့အစီအစဉ်က ဘာလဲ”
“ဟီးဟီး၊ အခုတော့ အစ်ကိုကြီးနောက်ပဲ လိုက်ပါ့မယ်။ ကျွန်တော်ခွန်အား ပြန်လည်ကောင်းမွန်လာရင်တော့ နတ်ဆိုးနယ်မြေကို ပြန်သွားဖို့ စဉ်းစားမယ်” ရှောင်တျောင်းက ရိုးရှင်းသော အပြုံးဖြင့် ပြောလိုက်သည်။ သူ၏ အစ်ကိုကြီးနောက်သို့ လိုက်ပါခြင်းက သူ၏မျိုးနွယ်စုထံ ပြန်ရောက်နေခြင်းထက် ပိုမိုမြန်ဆန်စွာ ကြီးထွားလာစေမည်ဟု သူခံစားမိသည်။ ပြီးတော့ သူက ညီအစ်ကိုများနှင့် အတူနေထိုင်ရသည်ကိုလည်း နှစ်သက်ပေသည်။
“အင်း... ကောင်းပြီ။ ဒါဆို ငါ အခု ရွှမ်နန်းတော်လေးခုကို သိမ်းဆည်းလိုက်တော့မယ်”
“ရွှမ်နန်းတော်လေးခုကို သိမ်းဆည်းမယ်လား” လင်းတုန်မှာ ကိုယ့်နားကိုပင် မယုံနိုင်ဘဲ အစ်ကိုကြီးအား ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
ဝူယွမ်က ရှင်းပြမနေဘဲ ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ ထို့နောက် သူက မဟာရှေးဟောင်းကျောက်တိုင် ကို ထုတ်ယူကာ အာကာသတံခါးတစ်ခုကို ဖန်တီး၍ ရွှမ်နန်းတော်လေးခုထဲသို့ ပေါင်းစပ်လိုက်သည်။ ထို့နောက် ရှေးဟောင်းသော့လေးချောင်းက ဝူယွမ်ပတ်လည်တွင် ဝဲပျံနေသည်ကို တွေ့ရသည်။ ဝူယွမ်က ရူန်း များ ထုတ်လွှတ်လိုက်သည်နှင့် လေဟာနယ်က တုန်ခါသွားပြီး ရွှမ်နန်းတော်လေးခုက အလင်းတန်းများအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားကာ ရှေးဟောင်းသော့လေးချောင်းအဖြစ် ပေါင်းစည်းသွားပြီး နောက်ဆုံးတွင် မဟာရှေးဟောင်းကျောက်တိုင်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။
ရှောင်တျောင်း၊ လင်းတုန်နှင့် အခြားသူများက အံ့အားသင့်တုန်လှုပ်သွားကြသည်။ အစ်ကိုကြီးက အမှန်စင်စစ် ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့ လုံးဝမသိခဲ့ကြပေ။ အမွေအနှစ်ရရုံမျှဖြင့် မကျေနပ်ဘဲ အဆောက်အအုံတစ်ခုလုံးကိုပါ သိမ်းယူသွားခဲ့ခြင်း ဖြစ်သည်။
“မိုးပြာနဂါးခန်းမရဲ့ မိုးကြိုးပင်လယ်၊ အဖြူရောင်ကျားခန်းမရဲ့ အလောင်းပင်လယ်၊ ဗာမီလီယံငှက်ခန်းမရဲ့ မီးပင်လယ်နဲ့ အနက်ရောင်လိပ်ခန်းမရဲ့ အနက်ရောင်ပင်လယ်တွေက တစ်ကယ်ကောင်းမွန်တဲ့ လေ့ကျင့်ရေးကွင်းတွေပဲ။ ရှေးဟောင်းကျောက်တိုင် အာကာသထဲမှာ နိဗ္ဗာန်အဆင့် အစွမ်းထက်ကျင့်ကြံသူတွေအတွက် လေ့ကျင့်ရေးနေရာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပြည့်စုံတယ်။ ပြီးတော့ အဲဒီထဲက ဆေးမြစ် ကလည်း အလွန်ကောင်းမွန်တဲ့ အရင်းအမြစ်တွေပဲ။ ဒါတွေကို မယူသွားရင် နှမြောစရာပဲ!”
ရွှမ်နန်းတော်လေးခုကို သိမ်းဆည်းပြီးနောက် ဝူယွမ်က သူတို့ကို ဂိုဏ်းကြီးလေးခုဧ။ါ အပျက်အစီးများထဲမှ ခေါ်ထုတ်လာခဲ့သည်။ ဤအချိန်တွင် စနစ်၏ အကြောင်းကြားချက် ထပ်မံထွက်ပေါ်လာသည်။
【Ding, Check-in နေရာသစ် ပြောင်းလဲလိုက်ပါပြီ။ ကျေးဇူးပြု၍ ပြည်ထောင်တစ်ရာတောင်တွင် တိုက်ပွဲ၀င်ပါ။】
ရှေးဟောင်းရတနာသိုက် ဖွင့်လှစ်ခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရတနာသိုက်အတွင်းသို့ လူများစွာ ပိုမိုဝင်ရောက်လာကြပြီး အခြားဒေသများမှ အဆင့်မြင့်ပြည်ထောင်စုများစွာသည်လည်း သတင်းကြားသိ၍ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။ ယခုအခါ ရှေးဟောင်းရတနာသိုက်တစ်ခုလုံးကို လုံးဝနီးပါး ရှာဖွေပြီးသား ဖြစ်နေပြီဖြစ်သည်။
ဝူယွမ်နှင့် သူ၏အဖွဲ့က အနောက်မြောက်ပိုင်း၏ အဓိကအရှင်သခင်လေးပါးအား လုယက်ကာ လေးပါးဂိုဏ်း၏ အမွေအနှစ်ကို လက်ဝါးကြီးအုပ်ထားသည်ဟူသော သတင်းသည်လည်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ယခုအခါ အနောက်မြောက်ဒေသ တစ်ခုလုံးက ဝူယွမ်၊ လင်းတုန်နှင့် မဟာယန်ပြည်ထောင်စု တို့၏ အမည်များကို သိရှိနေကြပြီ ဖြစ်သည်။
လုယက်ခံခဲ့ရသူများက သဘာဝအတိုင်း မကျေနပ်ကြပေ၊ အထူးသဖြင့် အကြိမ်ကြိမ် လုယက်ခံခဲ့ရပြီး ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရသော အာဏာရှင်ဝံပုလွေ တျန်းကျန်း ဖြစ်သည်။ သူသည် မဟာယန်ပြည်ထောင်စုကို ပြန်လည်ပေးဆပ်ရန် ကတိပြုထားသည်။ ထို့ကြောင့် သူက သူ၏အထူးပြည်ထောင်စုဖြစ်သော မဟာချန်းပြည်ထောင်စုကို အကူအညီတောင်းခံကာ မဟာယန်ပြည်ထောင်စုကို နှိမ်နင်းရန် ကြံစည်လိုက်လေသည်။
အထူးပြည်ထောင်စုများဆိုသည်မှာ အခြားပြည်ထောင်စုများစွာကို အုပ်စိုးသော တည်ရှိမှုများဖြစ်သည်။ အထူးဂိုဏ်းများက အရှေ့ပိုင်းရွှမ်ဒေသ၏ ဘုရင်များဖြစ်ပါက အထူးပြည်ထောင်စုများက အရှေ့ပိုင်းရွှမ်ဒေသ၏ အရှင်သခင်များ ဖြစ်ကြသည်။ မဟာချန်းပြည်ထောင်စုတွင် ဘုရင်သုံးပါးနှင့် စစ်သူကြီးလေးပါး ရှိကာ သူတို့အားလုံးမှာ နိဗ္ဗာန်အဆင့် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤတစ်ခါတော့ တျန်းကျန်းက ယုံကြည်မှုအပြည့်ဖြင့် စစ်သူကြီးလေးဦးကို ဆင့်ခေါ်လိုက်ပြီး ဝူယွမ်နှင့် သူ၏အဖွဲ့ကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်ထားသည်။
ဝူယွမ်တွင် အဆောင်ရုပ်သေး နှင့် ၀ိညာဥ်အလောင်းများစွာ ရှိသော်လည်း ပထမအဆင့် အဆောင်ရုပ်သေး၏ ခြိမ်းခြောက်မှုမှာ အထူးပြည်ထောင်စုများရှေ့တွင် ကြီးမားလှသည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အထုးပြည်ထောင်စုများတွင်လည်း စစ်ပွဲကြီးတွင် ပါဝင်ပတ်သက်နေသူ များစွာရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့နှင့် ဆက်နွှယ်နေသော အလယ်အလတ်နှင့် အဆင့်မြင့်ပြည်ထောင်စုများစွာလည်း ရှိပေရာ သူတို့ လက်ညှိုးညွှန်ရာသို့ လိုက်ပါမည့်သူ များစွာရှိသည်။
ယခုတစ်ကြိမ်တွင် မဟာချန်းပြည်ထောင်စု၏ စစ်သူကြီးလေးဦးမှာ အပြည့်အဝပြင်ဆင်ထားပြီး ဝူယွမ်၏ ရုပ်သေးအလုံးအရင်းကို ဟန့်တားရန် လုံလောက်သော အစွမ်းထက်ကျင့်ကြံသူ ရာပေါင်းများစွာကို ခေါ်ဆောင်လာခဲ့သည်။ ရှေးဟောင်းရတနာသိုက်၊ ရှေးဟောင်းနတ်ဘုရားနန်းတော် ဝင်ပေါက်တွင် မဟာချန်းပြည်ထောင်စုမှ လူများက စောင့်ဆိုင်းနေကြသည်။ ရတနာသိုက်ထဲသို့ ဝင်ရောက်လာသူတိုင်း ဤနေရာမှ ထွက်လာရမည်ဖြစ်သောကြောင့် သူတို့က ရှာဖွေရန် အထဲသို့ မဝင်ခဲ့ကြပေ။
အဓိကခန်းမကြီးထဲတွင် လူလေးယောက်က အဓိကနေရာများတွင် ထိုင်နေကြသည်၊ ၎င်းတို့မှာ မဟာချန်းပြည်ထောင်စုမှ စစ်သူကြီးလေးယောက်ပဲ ဖြစ်သည်။
လေစစ်သူကြီး- လျူဖန်၊ တောစစ်သူကြီး- ယန်ပိုင်ချွမ်း၊ မီးစစ်သူကြီး- ကျူးထျန်းဟုန် နှင့် တောင်စစ်သူကြီး- မူဟွမ် တို့ ဖြစ်ကြသည်။
လျိုဖန်: “တျန်းကျန်း၊ ငါတို့ ဒီမှာ နှစ်လနီးပါး ရှိနေပြီ။ ပြည်ထောင်တစ်ရာတိုက်ပွဲက စတင်တော့မှာ၊ ငါတို့ရဲ့အချိန်က အရမ်းတန်ဖိုးရှိတယ်ဆိုတာ မင်းသိသင့်တယ်”
“အစ်ကိုကြီးလျူဖန်၊ စိတ်မပူပါနဲ့။ ဒီတစ်ခါတော့ မဟာယန်ပြည်ထောင်စုကို လုယက်နိုင်သရွေ့ အရှုံးမရှိပါဘူး။ လေးပါးဂိုဏ်းတင်မကဘဲ စောင့်ရှောက်သူဂိုဏ်းငါးဂိုဏ်းထဲက နှစ်ဂိုဏ်းကိုပါ သူတို့ ရရှိထားတာပါ။ ဒါ့အပြင် ကောင်းကင်ဂိုဏ်းမဟာမိတ်အဖွဲ့ရဲ့ ဆေးစိုက်ခင်းကိုလည်း ဝူယွမ်က သိမ်းပိုက်ထားပါတယ်။ အဲဒီမှာ အဆင့်မြင့်ဝိညာဉ်ဆေးဝါးတွေ အမြောက်အမြားရှိတာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရပါတယ်။ သူတို့ရခဲ့တဲ့ နိဗ္ဗာန်ဆေးလုံး တွေနဲ့ လုယက်ခဲ့တာတွေက အနည်းဆုံး သန်းတစ်ရာလောက် ရှိမယ်ထင်ပါတယ်...”
တျန်းကျန်းက လျင်မြန်စွာ ရှင်းပြလိုက်ပြီး မဟာယန်ပြည်ထောင်စု၏ အကျိုးအမြတ်အားလုံးနီးပါးကို ထုတ်ဖော်ပြောကြားလိုက်သည်။ အဓိကခန်းမကြီးအတွင်းတွင် မိုလင်း နှင့် မဟာယန်ပြည်ထောင်စုမှ အခြားသူများကို သံလှောင်အိမ်ကြီးတစ်ခုအတွင်း ပိတ်လှောင်ထားကြသည်။ သူတို့ ထွက်လာသည်နှင့် မဟာချန်းပြည်ထောင်စုက ဖမ်းစီးလိုက်ပြီး သူတို့၏ သိုလှောင်အိတ် များနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြသည်။
မိုလင်းက အေးစက်စွာဖြင့် “ဟမ်း... တျန်းကျန်း၊ အစ်ကိုကြီးပေါ်လာရင် မင်းနောင်တရလိမ့်မယ်!”
“ဟား..ဟားး… ဒီမှာရှိတဲ့ အစ်ကိုကြီးလေးယောက်နဲ့ဆိုရင် ဝူယွမ်ထွက်လာတဲ့အခါ နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ မဟုတ်ရင် ဒီနေရာက သူ့ရဲ့သင်္ချိုင်းမြေ ဖြစ်သွားလိမ့်မယ်” တျန်းကျန်းက ကျေနပ်အားရစွာ ဆိုလိုက်သည်။ ဝူယွမ်က သုံးလအတွင်း စစ်သူကြီးလေးဦးကို ကိုင်တွယ်နိုင်လောက်အောင် ခွန်အားကြီးမားလာလိမ့်မည်ဟု သူမယုံကြည်ပေ။ စစ်သူကြီးလေးဦးတွင် တောင်နှင့် မီးစစ်သူကြီးတို့မှာ နိဗ္ဗာန်အဆင့်သုံး အထွတ်အထိပ်တွင်ရှိပြီး လေနှင့် တောစစ်သူကြီးတို့မှာ အဆင့်လေးသို့ပင် ရောက်ရှိနေပြီဖြစ်သော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။
“ဝူယွမ် ထွက်လာပြီ”
ရုတ်တရက် လူတစ်ယောက် ခန်းမကြီး၏ အပေါ်ထပ်တွင် ပေါ်လာပြီး အော်ဟစ်လိုက်သည်။ ချက်ချင်းပင် အထက်တွင် ထိုင်နေကြသော စစ်သူကြီးလေးဦးစလုံး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်လိုက်ကြသည်။
“ဟီးဟီး၊ သားကောင်က နောက်ဆုံးတော့ ပေါ်လာပြီပေါ့”
ရှေးဟောင်းနတ်နန်းတော် တစ်ခုလုံးရှိ လူတိုင်း၏ အကြည့်များက ကောင်းကင်ရှိ အာကာသ၀ဲဂယက်ဆီသို့ လှည့်သွားကြသည်။ အချို့မှာ ကြည့်ရှုရန် ရောက်ရှိနေကြသူများ ဖြစ်သော်လည်း အချို့မှာ ဝူယွမ်၏ လုယက်ခြင်း ခံထားရသူများဖြစ်၍ သူတို့၏ အကြည့်များမှာ စပ်စုချင်စိတ်အပြင်၊ လောဘနှင့် ဒေါသများဖြင့် ပြည့်နှက်နေပေသည်။
မရေမတွက်နိုင်သော မျက်လုံးများ၏ အကြည့်အောက်တွင် လှည့်ပတ်နေသော အာကာသဝဲဂယက်သည် တဖြည်းဖြည်း ခိုင်မာလာပြီးနောက် ပုံရိပ်ငါးခုက လူတိုင်း၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။ ထိုအချိန်တွင် မြို့တစ်မြို့လုံး ခဏတာ တိတ်ဆိတ်သွားသလို ခံစားရလေသည်။
“အိုး... လူတွေ အများကြီးပါလား!” ဝူယွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။ ယခုအချိန်တွင် ရှေးဟောင်းနတ်နန်းတော်ရှိ လူအရေအတွက်မှာ စတင်ဖွင့်လှစ်ချိန်ကထက်ပင် ပိုများနေဟန်ရသည်။
“မင်းက မဟာယန်ပြည်ထောင်စုရဲ့ ဝူယွမ်ပဲ” အသံတစ်ခုက ဝူယွမ်နှင့် သူ၏အဖွဲ့၏ အာရုံကို ချက်ချင်စဆွဲဆောင်သွားသည်။
ဝူယွမ်က စကားပြောနေသော လျူဖန်ကို လျစ်လျူရှုကာ ရင်းနှီးနေသော တျန်းကျန်းကို ကြည့်၍ ပြုံးလျက် “အာဏာရှင်ဝံပုလွေ ထျန်းကျန်း၊ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ။ ဒီတစ်ခါရော မင်း ငါ့အတွက် ဘာလက်ဆောင်တွေ ယူလာပေးတာလဲ”
တျန်းကျန်း၏ နှုတ်ခမ်းများမှာ တွန့်လိမ်သွားပြီး စကားမဆိုရဲဘဲ တင်းတင်းစေ့ထားမိသည်။
“ဟွန်း... ဝူယွမ်၊ မင်းက သေခါနီးမှာတောင် မာနထောင်လွှားရဲသေးတယ်ပေါ့။ လေးပါးဂိုဏ်းရဲ့ အမွေအနှစ်၊ သိုလှောင်အိတ်နဲ့ တခြားပစ္စည်းတွေကို နာခံမှုရှိရှိ အပ်နှံမယ်ဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်” လျူဖန်က အေးစက်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“အစ်ကိုကြီး၊ ဟိုမှာ ကြည့်ပါဦး၊ မိုလင်းနဲ့ တခြားသူတွေ”
ဝူယွမ်က အောက်ထပ်ရှိ ခန်းမကို ငုံ့ကြည့်လိုက်သော် မိုလင်းနှင့် အခြားသူများမှာ သံလှောင်အိမ်အတွင်း ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဘေးကင်းကြောင်း သိရသဖြင့် စိတ်သက်သာရာ ရသွားသည်။ သူက လျိုဖန်တို့ဘက် လှည့်၍ “ကောင်းပြီ၊ မင်းတို့ ငါ့အဖော်တွေကို မထိခိုက်စေခဲ့တဲ့အတွက် မင်းတို့ရဲ့ အသက်ကိုတော့ ချမ်းသာပေးမယ်။ အခု မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ပေးစမ်း၊ ငါ မင်းတို့ကို ခက်ခဲအောင် မလုပ်ဘူး” ဟု ပြန်လည် တုံ့ပြန်လိုက်လေသည်။