လင်းတုန် ။ အစ်ကိုကြီး... များလိုက်တဲ့ ဆေးလုံးတွေ
Vol. 18 Ch. 171
ဝူယွမ်နှင့် လင်းတုန်တို့နှစ်ဦးက ဗဟိုခန်းမဆောင်ကြီးရှိရာသို့ တဟုန်ထိုး ဦးတည်ပျံသန်းသွားကြသည်။ မုချန်ချန်နှင့် အပေါင်းအပါများသည်လည်း မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းရှိ လူအင်အားကို ချက်ချင်းစုစည်းကာ ဝိညာဉ်ဆေးပင်များအား သယ်ယူပြောင်းရွှေ့ရန် အဆောတလျင် ပြင်ဆင်နေကြလေသည်။
မူလရူန်း၏ လှည့်စားမှုအောက်တွင် ဆေးပင်လယ်ကြီး၏ အတွင်းပိုင်း မြင်ကွင်းတစ်ခုလုံးက ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေကာ ဖုံးကွယ်ခံထားရပေသည်။ ဝူယွမ်စီစဉ်ထားသည့် ဤအစီအရင်ကို ဖျက်ဆီးနိုင်လောက်သည့် မူလရူန်း အပြည့်အစုံကို ပိုင်ဆိုင်ထားသူမှလွဲ၍ ပြင်ပလူ မည်သူတစ်ဦးတစ်ယောက်ကမျှ အတွင်းမှ အခြေအနေကို ရိပ်မိမည် မဟုတ်ချေ။
ဤနည်းအားဖြင့် ဝူယွမ်က မဟာရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်းရှိ လူတိုင်းကို လှုပ်ရှားစေပြီး ဤကျယ်ပြောလှသော ဆေးပင်စိုက်ခင်းကြီးအား ကျောက်တိုင်နယ်မြေအတွင်းသို့ ပြောင်းရွှေ့ယူဆောင်နိုင်ပြီ ဖြစ်သည်။
မူလဇာတ်ကြောင်းတွင်မူ လင်းတုန်က ‘သေခြင်း-ရှင်ခြင်း သံသရာဆေးလုံး’ ကို လုယူရန်အတွက် ဤဝိညာဉ်ဆေးပင်များကို ရင်နာစွာဖြင့် လက်လွှတ်ခဲ့ရဖူးသည်။ သို့သော် ယခုအချိန်တွင် ဝူယွမ်၌ ၎င်းတို့အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ဤအရာများကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။
ဆင်းရဲသားများက ပို၍ မွဲတေလာပြီး ချမ်းသာသူများက ပို၍ ကြွယ်ဝလာတတ်သည့် သဘောတရားအတိုင်းပင် ဖြစ်၏။ လူတစ်ယောက်၏ စွမ်းအားက အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာသည်နှင့်အမျှ အရင်းအမြစ်များ စုဆောင်းမိခြင်းက နှင်းလုံးကြီး တစ်လိမ့်လိမ့် ကြီးထွားလာသကဲ့သို့ ပို၍ ပို၍ ကြီးမားလာစမြဲ ဖြစ်သည်။
ရွှမ်ဆုက သတင်းရရှိသည်နှင့် တပြိုင်နက် ဟင်းလင်းပြင်တံခါးပေါက်မှတစ်ဆင့် လှမ်းထွက်လာခဲ့ရာ သင်းပျံ့လှသော ဆေးရနံ့များကို ချက်ချင်းဆိုသလို ရှူရှိုက်မိလိုက်သည်။ သူမ ကြည့်လိုက်သည့် နေရာတိုင်းတွင် အဆင့်မြင့် ဝိညာဉ်ဆေးပင်များဖြင့် ပြည့်နှက်နေကာ မျိုးစုံလှသော ဝိညာဉ်ဆေးပင်တို့က စိမ်းလန်းစိုပြေလျက် ရှိကြပြီး မျက်စိတစ်ဆုံး မြင်ရသမျှမှာ ဆေးပင်စိုက်ခင်းများသာ ဖြစ်လေသည်။ ဤဝိညာဉ်ဆေးပင်များထဲတွင် အညံ့စားဟု သတ်မှတ်နိုင်သည်မှာ အဆင့်ကိုး ဝိညာဉ်ဆေးပင်များ ဖြစ်ကြသည်။ မြေကမ္ဘာအဆင့်နှင့် အထက်သို့ ရောက်ရှိနေသော ဆေးပင်များလည်း အမြောက်အမြား ရှိနေပေသည်။
ရွှမ်ဆုက အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူမ၏ ရင်အစုံက နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေပြီး ရုတ်တရက် မြင်တွေ့လိုက်ရသော အရာကြောင့် ကြည်နူးပီတိ ဖြစ်နေရသည်။
“မောင်လေး ဝူယွမ်ကတော့ တကယ်ကို စွမ်းဆောင်နိုင်လွန်းပါပေတယ်... ဒီလောက်ကြီးမားတဲ့ ဆေးပင်စိုက်ခင်းကြီးကို ရှာတွေ့ခဲ့တာပဲ...”
ကြီးမားသော စိတ်သက်သာရာရမှုနှင့် ကျေနပ်အားရမှုတို့င သူမ၏ ရင်ထဲတွင် ဖြစ်ပေါ်လာသည်။ ယန်မြို့တွင် ရှိနေစဉ်ကာလက ဝူယွမ်အတွက် အဆင့် ခြောက် ဝိညာဉ်ဆေးပင်များကို စုဆောင်းပေးရန် ရွှေတစ်သောင်းကုန်သည်အသင်း တစ်ခုလုံးကို အသုံးပြုပြီး ရှာဖွေခဲ့ရသည်ကို သူမ ပြန်လည်အမှတ်ရမိသည်။ ယခုအချိန်တွင်မူ နှစ်နှစ်မျှသာ ကြာမြင့်ခဲ့သေးသည်။ ဤအဆင့်မြင့် ဝိညာဉ်ဆေးပင်များက သူမ၏ မျက်မှောက်တွင် ပေါင်းပင်များသဖွယ် ထူထပ်များပြားစွာ ပေါ်ထွက်လာခဲ့ချေပြီ။ အခြေအနေအရပ်ရပ်က ယခင်နှင့် မတူ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မောင်ငယ်လေးက အားကျဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသော အမျိုးသားတစ်ဦးအဖြစ်သို့ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။
“အစ်မကြီး ရွှမ်ဆု... ဝိညာဉ်ဆေးပင်တွေကို နေရာချဖို့ မြန်မြန် စီစဉ်ပေးပါဦး...”
ရွှမ်ဆုတစ်ယောက် ငေးမောတွေဝေနေသည်ကို မြင်လိုက်ရသဖြင့် ပိုင်ယွမ်က လှမ်းခေါ်လိုက်သည်။
“ဪ... အေးအေး... ဖြစ်စေရမယ်...”
ဝူယွမ်၏ လက်ထောက်တစ်ဦးအနေဖြင့် ရွှမ်ဆုက ဝူယွမ်မရှိခိုက်တွင် မဟာရှေးဟောင်းဂိုဏ်း၏ ကိစ္စအဝဝကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းပေးရသူ ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်းတွင် မထူးချွန်လှသော်လည်း ဂိုဏ်း၏ ရင်းမြစ်ခွဲဝေမှုများကို စီမံခန့်ခွဲရာတွင်မူ အလွန်ကျွမ်းကျင်လိမ္မာသူ ဖြစ်ပေသည်။ သူမသည် အခြေအနေကို လျင်မြန်စွာ သုံးသပ်ပြီး ဂိုဏ်းသားများအား ညွှန်ကြားချက်များ ပေးကာ ဤဝိညာဉ်ဆေးပင်များကို တစ်ကွက်ပြီးတစ်ကွက် သတ်မှတ်ထားသော ဆေးပင်စိုက်ခင်းများဆီသို့ ရွှေ့ပြောင်းစေလေသည်။
ဝူယွမ်သည် ‘လက်ဖဝါးထဲကကောင်းကင်ပုလင်း’ ကို စတင်ရရှိစဉ်ကတည်းက ကမ္ဘာ့သစ်ပင်ဝန်းကျင်ရှိ ကျယ်ပြန့်သော မြေနေရာကို ရှင်းလင်းပြီး ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် ပြင်ဆင်ခဲ့ဖူးသည်။ ဆေးပင်စိုက်ခင်းများက ကမ္ဘာသစ်ပင်မှ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင်များဖြင့် အမြဲမပြတ် အာဟာရဖြည့်တင်းပေးထားသဖြင့် မြေဆီလွှာမှာ မြေဩဇာ အလွန်အမင်း ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် အချိန်ကြာမြင့်စွာ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး ဝိညာဉ်ဆေးပင်များစွာ အမြစ်တွယ်ခြင်း မရှိခဲ့ချေ။ ယခုမူ ဤဆေးပင်ပင်လယ်ကြီး ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလိုပင် ကြွယ်ဝပြည့်စုံသွားတော့မည် ဖြစ်သည်။
မုလဲ့၊ ကျန်းလဲ့၊ ဖုရီတောင်း၊ ရှား၀မ်ကျင်းနှင့် အခြားသူများက သူတို့၏ ဂိုဏ်းတစ်ခုလုံးကို ပုံအောကာ ဝူယွမ်နောက်သို့ လိုက်ပါခဲ့ကြသူများဖြစ်ပြီး ယခုအခါတွင် သူတို့၏ မျက်နှာများမှာ ပျော်ရွှင်မှုကြောင့် ပါးစပ်နားရွက်တပ်မတတ် ပြုံးရွှင်နေကြလေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များက နိဗ္ဗာန်အဆင့်အောက်တွင်သာ ရှိသေးပြီး ဤမျှများပြားသော ဝိညာဉ်ဆေးပင်များကို တစ်ခါဖူးမျှ မမြင်တွေ့ခဲ့ဖူးကြပေ။
ဤဝိညာဉ်ဆေးပင်များက နိဗ္ဗာန်အဆင့် ကျင့်ကြံသူများအပေါ်တွင် ပြင်းထန်သော အာနိသင်သက်ရောက်မှု ရှိရာ နိဗ္ဗာန်အဆင့်သို့ မရောက်သေးသော သူတို့အတွက်မူ အကျိုးသက်ရောက်မှုကို ပြောဖွယ်ရာပင် မလိုတော့ချေ။ အပင်တိုင်း၊ အပင်တိုင်းက သူတို့အတွက် အလွန်တန်ဖိုးရှိသော ရတနာများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ မဟာယန်ပြည်ထောင်စုတွင် ရှိနေသေးပါက ဤနေရာရှိ ဝိညာဉ်ဆေးပင် တစ်ပင်တည်းကို ရရှိရန်အတွက်ပင် သေလုမတတ် တိုက်ခိုက်လုယူကြမည်မှာ မလွဲဧကန်ပင်။
သို့သော် ယခု သူတို့ရှေ့မှောက်တွင် ရှိနေသည်မှာ ရေတွက်၍ပင်မကုန်နိုင်သော၊ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေသည့် အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ဖြစ်သည်။ ဤအရာအားလုံးက ဝူယွမ်နောက်သို့ လိုက်ပါရန် ရွေးချယ်ခဲ့ကြသည့် သူတို့၏ ဆုံးဖြတ်ချက်ကြောင့်ပင် ဖြစ်သည်။
မုလဲ့၏ အိုမင်းနေသော မျက်နှာကြီးမှာ ဂန္ဓမာပန်းပွင့်ကြီးပမာ ပြုံးရွှင်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။ “အရင်တုန်းက နိဗ္ဗာန်ဆေးလုံးမြစ်ကြီးတုန်းကလည်း ကျုပ်ဆို အံ့သြလွန်းလို့ နေ့တွေညတွေ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရတယ်။ နေ့တိုင်း အဲ့ဒီ နိဗ္ဗာန်ဆေးလုံးမြစ်ကြီးကို သွားသွားကြည့်နေခဲ့ရတာ... အခုတော့ ဆေးပင်စိုက်ခင်းကြီးတစ်ခုလုံးကို တိုက်ရိုက် ရွှေ့ပြောင်းလာပြန်ပြီ... ကျုပ်တို့ ဂိုဏ်းချုပ်ကတော့ ရှေးဟောင်းစစ်မြေပြင်တစ်ခုလုံးကို မွှေနှောက်သိမ်းပိုက်တော့မှာပဲ...”
လုံချန်းကလည်း ဝင်ပြောလိုက်သည်။ “ယွမ်အာရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်း ပိုပိုကြီးမားလာတာပဲ... ဒီလူအိုကြီးတောင် သွေးတွေ ဆူပွက်လာသလို ခံစားနေရပြီ... မဟာရှေးဟောင်းဂိုဏ်းကြီး ကြီးပွားတိုးတက်လာမယ့်နေ့က လက်တစ်ကမ်းအလိုမှာပဲ ရှိတော့တယ်...”
ကျန်းလဲ့ကလည်း မနေနိုင်စွာ ဝင်ပြောသည်။ “အစ်ကိုကြီး လုံချန်းကတော့ တကယ့်ကို တော်တဲ့ သားတစ်ယောက်ကို မွေးစားထားနိုင်တာပဲ... တကယ် အားကျဖို့ကောင်းတယ်ဗျာ...”
လုံချန်းသည် သဘောကျစွာ ရယ်မောလိုက်ပြီး ရွှင်လန်းစွာဖြင့် ပြောလိုက်သည်။ “ဟားဟား... ခင်ဗျားတို့ အဘိုးကြီးနှစ်ယောက်က ပိုတော်ပါသေးတယ်ဗျာ... ခင်ဗျားတို့နှစ်ယောက်လုံးက သမီးကောင်းရတနာလေးတွေကို ပျိုးထောင်ထားကြတာ မဟုတ်လား...”
သူတို့၏ သမီးများအကြောင်းကို ထည့်သွင်းပြောဆိုလိုက်သည့်အခါတွင် ကျန်းလဲ့နှင့် မုလေတို့၏ မျက်နှာများ ညှိုးကျသွားပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်ကြသည်။ “ဟွန့်... အဲ့ဒါတွေအကုန်လုံး ခင်ဗျားရဲ့ ဝူယွမ်အတွက် အကျိုးရှိသွားတာ မဟုတ်ဘူးလား...”
အခြားကိစ္စများ အဆင်ပြေနေသော်လည်း သမီးကိစ္စ ပြောလာလျှင် မုလေနှင့် ကျန်းလေတို့မှာ အနည်းငယ် စိတ်နာကြသည်။ သူတို့၏ သမီးပျိုလေးများသည် နိုင်ငံကျော် အလှပဂေးလေးများဖြစ်ပြီး မင်းသမီးလေးများသဖွယ် လိုလေသေးမရှိ ဖြည့်ဆည်းပြုစု ပျိုးထောင်လာခဲ့ရသော်လည်း ယခုအခါတွင်မူ ဝူယွမ်အတွက်သာ ဖြစ်နေချေပြီ။
သူတို့နှစ်ဦးလုံးက အမြော်အမြင်ရှိသော လူအိုကြီးများ ဖြစ်ကြသည်။ ဝူယွမ်က ကျန်းယွဲ့၊ မုချန်ချန်တို့နှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း မျက်စိပါသူတိုင်းက သူတို့၏ ဆက်ဆံရေးမှာ ရိုးရှင်းခြင်း မရှိကြောင်း ကြည့်ရုံဖြင့် သိမြင်နိုင်ပေသည်။ သူတို့၏ သမီးများမှာ အလွန်ထူးချွန်ထက်မြက်သူများ ဖြစ်သော်လည်း ဝူယွမ်ကြောင့် နစ်နာနေရသည်ဟု ခံစားနေရသည်။ အကယ်၍ ဝူယွမ်က တစ်ဦးတည်းကိုသာ ရွေးချယ်ပါက ရွေးချယ်ခံရသည့်ဘက်မှ ကျေနပ်ဝမ်းမြောက်ကြမည် ဖြစ်သော်လည်း ယခုအခြေအနေတွင် လုံချန်းတစ်ယောက်သာ ပျော်ရွှင်နေရသည်။
သူ့သားက အကုန်လုံးကို လိုချင်နေသည် မဟုတ်ပါလော။
“အစ်ကိုကြီး လုံချန်း... လူကြီးတစ်ယောက်အနေနဲ့ ခင်ဗျားက ဝူယွမ်ကို စောင့်ကြည့်ထိန်းကျောင်းပေးသင့်တယ်နော်... အပြင်မှာ လျှောက်ပြီး ပွေရှုပ်မနေအောင် ပြောပေးဦး... ချန်ချန် နဲ့ ယွဲ့အာ တို့ကို ကောင်းကောင်း ဆက်ဆံပါလို့...” မုလဲ့က လုံချန်းကိုသာ သက်ပြင်းချကာ ပြောနိုင်ရှာသည်။ ယခုချိန်တွင် သူက သူ့သမီး အချစ်ပေါ့သွားမည်ကို စိုးရိမ်ရသောကြောင့် ဝူယွမ်ကို ထိုစကားများ သွားပြောရန် မလုပ်ရဲပေ။ ဝူယွမ်၏ လက်ရှိစွမ်းအားနှင့် အဆင့်အတန်းမှာ ဧကရာဇ်မင်းများထက် မနိမ့်ကျတော့ရာ ထူးချွန်ထက်မြက်သော အမျိုးသမီး မည်မျှပင် ဖြစ်ပါစေ သူက တန်တန်းစွဲ လိုအပ်လိမ့်မည် မဟုတ်။
ယခုသူတို့ ရင်ဆိုင်နေရသော အမှန်တရားမှာ ဝူယွမ်က သူတို့ကို လိုအပ်နေခြင်း မဟုတ်ဘဲ သူတို့ကသာ ဝူယွမ်ကို မှီခိုနေရခြင်း ဖြစ်သည်။
“စိတ်မပူကြပါနဲ့ဗျာ... အဲ့ဒီကောင်လေးကို တွေ့ရင် ကျုပ် သေချာပေါက် ဆုံးမပေးပါ့မယ်... တည်တည်ငြိမ်ငြိမ်နေဖို့နဲ့ ကျုပ်ကို မြေးအဝဖြိုးဖြိုးလေးတွေ မြန်မြန်ချီခွင့်ရအောင် လုပ်ပေးဖို့ ပြောလိုက်ပါ့မယ်...”
လုံချန်းသည် ပြုံးလျက်ပင် သူတို့ကို ချော့မော့ပြောဆိုလိုက်သည်။
တစ်ကယ်ေတာ့ သူက ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း။ အပြင်ပန်းတွင် သူတို့စကားကို ထောက်ခံနေသော်လည်း စိတ်ထဲတွင်မူ ဝူယွမ်ကို ပို၍ များများ လက်ထပ်စေချင်နေသည်။ ဝူယွမ်က မိဘမဲ့တစ်ဦးဖြစ်ပြီး လုံမိသားစုသည်လည်း မျိုးဆက်နည်းပါးလှသဖြင့် လုံချန်းက သူ့မျိုးဆက်တစ်ခုလြူံ သားသမီးမြေးမြစ်များဖြင့် စည်ပင်ထွန်းကားလာမည့် အချိန်ကို အိပ်မက်မက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ပြင် ဝူယွမ်က သူ အားအထားရဆုံးသော မျိုးဆက်ပွားပေးနိုင်မည့် အကောင်းဆုံး ကိုယ်စားလှယ်လောင်းလေး ဖြစ်ပေသည်။
အရင်တုန်းကတော့ သူက အရည်အချင်းမရှိ၍ ဇနီးမယားများစွာ မယူနိုင်ခဲ့သော်လည်း ယခုအခါ သူ၏မွေးစားသားမှာ အောင်မြင်ကျော်ကြားနေပြီဖြစ်ရာ များလေ ပိုကောင်းလေဟုသာ ယူဆထားသည်။
ထိုအရာကယောက်ျားချင်းသာ နားလည်နိုင်သော ကိစ္စပင်။
မုလဲ့တို့က သမီးများအတွက် အပြင်ပန်းတွင် ညည်းညူနေသော်လည်း ကျန်းလဲ့နှင့် မုလဲ့တို့ အဘိုးကြီးနှစ်ယောက် စိတ်ထဲတွင် တိတ်တခိုး ဝမ်းသာနေကြသည်ကို လုံချန်း ကောင်းကောင်းကြီး သိနေသည်။ တကယ့်တကယ် ဝမ်းနည်းနေကြရသူများမှာ လင်းကျန့်တျန်း၊ ရှား၀မ်ကျင်းနှင့် မြို့စားသခင်ရှီတို့သာ ဖြစ်ကြသည်။ ထိုသုံးဦးက သူ့ကို မကြာခဏ သီးသန့်လာရောက်တွေ့ဆုံကာ အရက်သောက်ရင်း ခမည်းခမက်တော်ချင်ကြောင်း အရိပ်အမြွက် ပြောလေ့ရှိသည်။
ရှေးဟောင်းကျောက်တိုင်နယ်မြေ အတွင်းရှိ မိန်းမပျိုလေးတိုင်းလိုလို သူ၏ သားအပေါ်တွင် မရိုးသားသော အတွေးများ ရှိနေခဲ့ကြသည်။ လုံချန်း ဤအချက်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်းသိနေသည်။ သို့သော် သူက ဤကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ ဝူယွမ်ကိုသာ ကိုယ်တိုင်ရွေးချယ်စေမည် ဖြစ်သည်။
မည်သို့ပင် ရွေးချယ်စေကာမူ သူကတော့ ရှုံးနိုင်စရာ အကြောင်းမရှိပေ။
“ဝုန်း...
ဝိညာဉ်ဆေးပင်များကို အလျင်အမြန် သယ်ယူပို့ဆောင်နေကြစဉ် အပြင်ဘက်မှ အသံကြီး တစ်ခု ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာပြီး အစီအရင်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
အပြင်ဘက်ရှိ ယွမ်စွမ်းအင် လှိုင်းဂယက်များမှာ အလွန်ပြင်းထန်နေပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေပုံရသည်။
“ဘာဖြစ်တာလဲဟ... ဘာလို့ ဒီနေရာမှာ ဆေးဝိညာဉ်အလောင်းကောင်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ... ဒါက ဂိုဏ်းကြီးလေးခုက ဆေးပင်စိုက်ခင်းကို စောင့်ကြပ်ဖို့ စီစဉ်ထားတဲ့ နည်းလမ်းလား...”
“မဟုတ်ဘူး... ဒီအစီအရင်ရဲ့ အငွေ့အသက်က ဒီနေရာက ဟာနဲ့ မတူဘူး... ဒါက အသစ်ချထားတဲ့ အစီအရင်ပဲ... တစ်ယောက်ယောက်က ဒီနေရာကို အရင် ဦးအောင် သိမ်းပိုက်ထားပြီးပြီ...”
“ဒါဆို ဒီ ဆေးဝိညာဉ်အလောင်းကောင်တွေကရော...”
“ဘယ်သူလဲဟ... လက်ကြီးလိုက်တာ... ဒီလောက်များတဲ့ ဆေးဝိညာဉ်အလောင်းကောင်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတော့... သူက ဒီဆေးပင်ဥယျာဉ်ကြီးတစ်ခုလုံးကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေတာပဲ...”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“အထူးပြည်ထောင်စု တစ်ခုခုများ ရောက်နေတာလား...”
“အထူးပြည်ထောင်စုကလွဲရင် အနောက်မြောက်ဒေသမှာ ဘယ်သူကများ ဒီလို စွမ်းဆောင်နိုင်မှာလဲဆိုတာ ငါတော့ စဉ်းစားလို့တောင် မရဘူး...”
လူအုပ်ကြီးက အစီအရင်ကို ဝိုင်းရံထားကြပြီး ဆေးဝိညာဉ်အလောင်းကောင်များနှင့် တိုက်ခိုက်နေကြကာ အစီအရင်၏ စွမ်းအင်အတားအဆီးကို ဖြိုခွင်းရန် အဆက်မပြတ် ကြိုးစားနေကြသည်။
သူတို့၏ စိတ်ထဲတွင် အမျိုးမျိုးသော ထင်ကြေးပေးမှုများ ပေါ်ပေါက်လာသော်လည်း မကျေမနပ် ဖြစ်နေကြသည်။ ယခုလေးတင် လူများစွာက ဤနေရာမှ ထွက်ပေါ်လာသော သင်းပျံ့လှသည့် ဆေးရနံ့များကို အာရုံခံမိခဲ့ကြသော်လည်း သူတို့ ရောက်ရှိလာသောအခါတွင် တစ်စုံတစ်ယောက်က ဦးအောင်ရယူထားပြီး အစီအရင်ဖြင့် ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူတို့ခေါင်းပေါ်သို့ ရေအေးတစ်ခွက်ဖြင့် လောင်းချလိုက်သကဲ့သို့ပင် ဖြစ်သည်။
ဤအရာအားလုံးကို အထူးပြည်ထောင်စုတစ်ခုခုမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ဟု လူတိုင်းက ခန့်မှန်းနေကြသည်။
ထိုအချိန်တွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“အထူးပြည်ထောင်စု ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ငါသိသလောက်တော့ အနောက်မြောက်ဒေသမှာ ဘယ်အထူးပြည်ထောင်စုမှ ပေါ်မလာသေးဘူး...”
ထိုသို့ အတိအကျ ပြောဆိုလိုက်သူမှာ ရုတ်တရက် ပေါ်လာသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူက တောက်ပသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝိုးတဝါး သွေးညှီနံ့များ သူ့ထံမှ ပျံ့လွင့်ထွက်ပေါ်နေသယောင် ရှိသည်။ သူ၏ မျက်နှာထားမှာ အေးစက်ခက်ထန်နေပြီး သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
“ခက်ထန်သောဝံပုလွေ တျန်းကျန်းပဲ...”
တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားပြီး အံ့သြတကြီး အော်ဟစ်လိုက်သည်။
“သူပဲဟ...”
လူများစွာက အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားကို ကြည့်လိုက်ကြပြီး မျက်လုံးအရောင်များ တောက်ပလာကြသည်။ အချို့က သူ့ကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း သူ့ဂုဏ်သတင်းကိုတော့ ကြားဖူးကြသည်မှာ သေချာသည်။
အနောက်မြောက်ဒေသ၏ အရှင်သခင်လေးဦး -
နတ်ဆိုးလှံ လျူပိုင်၊ တောင်ဖြိုပုဆိန် ကျန်းဆန်၊ သားရဲလက်သီး မုလိ၊ နှင့် သူ... ခက်ထန်သောဝံပုလွေ တျန်းကျန်း။
“ညီအစ်ကို တျန်းကျန်း... အထူးပြည်ထောင်စု မဟုတ်ရင် ဘယ်သူများဖြစ်နိုင်မလဲ...” လူအုပ်ထဲက တျန်းကျန်း၏ စကားကို ယုံကြည်သော လူတစ်ယောက်က ကောက်ကာငင်ကာ မေးလိုက်သည်။
တျန်းကျန်းက ရှင်းပြလိုက်သည်။ “ငါ မဟာချန် ပြည်ထောင်စုက လူတွေနဲ့ အဆက်အသွယ် ရှိတယ်... ဒါကြောင့် ဒီ ရှေးဟောင်းရတနာတိုက်ကို ဘယ်အထူးပြည်ထောင်စုမှ လာမရှာကြဘူးဆိုတာ ငါသိတယ်... ဒါကြောင့် မင်းတို့တွေ စိတ်ပူစရာ မလိုဘူး... အပြင်မှာ စောင့်ကြပ်နေတဲ့ ဒီ ဆေးဝိညာဉ်အလောင်းကောင်တွေက အခုလေးတင်မှ လူတစ်ယောက်က ပြုပြင်ဖန်တီးထားတာပဲ... ငါထင်တာတော့ အထဲမှာ ရုပ်သေးတွေနဲ့ အစီအရင်တွေကို ကျွမ်းကျင်တဲ့ ကောင်းကင်အဆောင်သခင် တစ်ယောက် ရှိနေလိမ့်မယ်... ဒါကြောင့်ပဲ ဒီအရာအားလုံးကို စီစဉ်နိုင်တာပေါ့... တကယ်လို့သာ အထူးပြည်ထောင်စု ဟုတ်နေရင် ဒီလောက် ဒုက္ခခံနေမှာ မဟုတ်ဘူး... ဒီနေရာကို သိမ်းပိုက်လိုက်ပြီလို့ ကြေညာလိုက်ရုံနဲ့ ဘယ်သူကများ သူတို့ကို ယှဉ်ရဲမှာလဲ... ဒါကြောင့် ငါခန့်မှန်းတာက အထဲကလူတွေရဲ့ ကိုယ်ပိုင်စွမ်းအားက မကြီးမားဘဲ ဒီရုပ်သေးတွေနဲ့ အစီအရင်တွေကိုပဲ အားကိုးနေရတာ ဖြစ်မယ်... ငါတို့အနေနဲ့ ဒီဆေးပင်စိုက်ခင်းနဲ့ ဆေးလုံးမြစ်ကို ဝေစုခွဲယူချင်ရင် အစီအရင်ကို ပူးပေါင်းဖြိုခွင်းမှ ရလိမ့်မယ်... တစ်ကိုယ်တော် လှုပ်ရှားမယ်ဆိုရင်တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘဲ နောက်ဆုံးကျရင် သူတို့ စိတ်ကြိုက်ယူသွားတာကိုပဲ ထိုင်ကြည့်နေရလိမ့်မယ်...”
လူတိုင်းက တျန်းကျန်း၏ စကားကို ပြီးဆုံးအောင် နားထောင်ပြီးနောက် သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံး တျန်းကျန်း၏ စကားမှာ အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ခံစားနေကြရသည်။
“ညီအစ်ကို တျန်းကျန်း ပြောတာ မှန်တယ်... ရတနာတွေကို ဝေစုရချင်ရင် ငါတို့ ပူးပေါင်းမှ ရမယ်... ငါတို့တွေ ဒီအထိ ရောက်လာခဲ့ရတာ မလွယ်ဘူး... ဘယ်သူမှတော့ လက်ဗလာနဲ့ မပြန်ချင်ကြဘူးမလား... ဒီနေရာမှာ ညီအစ်ကို တျန်းကျန်းက အသန်မာဆုံးပဲ... ဒါကြောင့် ငါတို့အားလုံး ညီအစ်ကို တျန်းကျန်းရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပြီး အစီအရင်ကို အတူတူ ဖြိုခွင်းကြဖို့ ငါ အကြံပြုတယ်... မဟာအစီအရင်ကြီး ပျက်စီးသွားမှပဲ အထဲက ရတနာတွေကြိ ကိုယ့်အရည်အချင်းအလိုက် လုယူကြတာပေါ့...”
တျန်းကျန်း၏ နောက်လိုက်တစ်ဦးက ချက်ချင်း ထွက်လာပြီး တျန်းကျန်းကို ထောက်ခံပြောဆိုလိုက်သည်။
“အဓိပ္ပာယ်ရှိတယ်.. ညီအစ်ကို တျန်းကျန်း.. အမိန့်ပေးပါတော့.. အားလုံးကို ဦးဆောင်ပြီး အစီအရင်ကို မြန်မြန် ဖျက်ဆီးပစ်ရအောင်...”
“ကျွန်ေတာ်တို့အားလုံး ခင်ဗျားစကား နားထောင်ပါ့မယ်...”
လူအုပ်ကြီး၏ ထောက်ခံမှုကို ရရှိလိုက်သောအခါ တျန်းကျန်း၏ နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားပြီး သွေးဆာနေသော အပြုံးတစ်ခု ပေါ်လာသည်။
“ဒီ ဆေးပင်လယ်ကြီး တစ်ခုလုံးကို တစ်ယောက်တည်း ဝါးမျိုချင်လောက်အောင် ဘယ်သူကများ အစာအိမ်ကြီးနေလဲဆိုတာ ငါကြည့်ရသေးတာပေါ့...”
တျန်းကျန်းက လက်မောင်းကို မြှောက်၍ အော်ဟစ်လိုက်သည်
“အားလုံးပဲ... ငါ့ကိုကူပြီး ဆေးဝိညာဉ်အလောင်းကောင်တွေကို ထိန်းထားပေးကြ... ငါ အစီအရင်ကို ဖျက်ဆီးပစ်မယ်...”
တျန်းကျန်းအမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် လူအများက စနစ်တကျ တိုက်ခိုက်လိုက်ကြတော့သည်။
လူအုပ်စုကြီး တစ်ခုလုံးက ဆေးဝိညာဉ်အလောင်းကောင်ငါးရာကို ထိန်းချုပ်ထားရန် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ ဤနေရာသို့ ရောက်ရှိလာနိုင်သူ အများစုမှာ ယွမ်နိဗ္ဗာန် တစ်ဆင့် ဝန်းကျင်ရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။ အားလုံး ပူးပေါင်းလိုက်သောအခါ ဆေးဝိညာဉ်အလောင်းကောင်များကို ခေတ္တမျှ တားဆီးထားနိုင်ခဲ့သည်။
တျန်းကျန်းက အစီအရင်၏ ပတ်လည်မှနေ၍ စတင်တိုက်ခိုက်တော့သည်။
သို့သော် ဝူယွမ် စီစဉ်ထားသော အစီအရင်မှာ ထင်သလောက် လွယ်ကူစွာ ပျက်စီးမည့်အရာ မဟုတ်ပေ။
‘သွေးရောင်တိမ်တိုက်’ နှင့် ‘ကောင်းကင်မိကျောင်းအရိုးရုပ်သေး’ တို့ ပင် မထွက်လာသေးပေ။
တျန်းကျန်း ကျေနပ်အားရနေစဉ်မှာပင်...
အစီအရင်အတွင်းမှ သွေးရောင်ခန္ဓာကိုယ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး မိုးမွှန်သော သတ်ဖြတ်ခြင်း အော်ရာများကို ထုတ်လွှတ်ကာ တျန်းကျန်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
“ဘာကောင်ကြီးလဲ...” သွေးဝိညာဉ်ရုပ်သေးကို မြင်လိုက်ရသော တျန်းကျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
သူ့အတွက် အဖြေစကားအဖြစ် ပြန်လည်ရရှိလိုက်သည်မှာ ကြီးမားသော အနက်ရောင် ဓားအလင်းတန်းများပင် ဖြစ်သည်။
‘သွေးတိမ်’ က သတ်ဖြတ်ခြင်းကိုသာ နားလည်သော စက်ရုပ်ဟု ပြောလို့ရသည်။ သူ၏ကိုယ်မ* ယွမ်စွမ်းအင်များ လှိုင်းထလာကာ အနောက်မှ ဓားအစီအရင်သန္ဓေသားကို လှုံ့ဆော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများဖြင့် တျန်းကျန်းကို အဆက်မပြတ် တိုက်ခိုက်လေသည်။ တစ်ချိန်တည်းမှာပင် လက်ထဲရှိ ‘သွေးနတ်ဆိုးအသူရာလှံ’ မှာလည်း သွေးရောင်အလင်းများ တောက်ပလာပြီး လှံရိပ်များကို ထုတ်လွှတ်လိုက်သည်။
တျန်းကျန်းမှာ ထိတ်လန့်သွားပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကာ သိုင်းပညာရပ်ကို အသုံးပြု၍ အလျင်အမြန် ခုခံကာကွယ်ရတော့သည်။
“ဟွန့်... အဆင့်နှစ် ဝိညာဉ်ရုပ်သေး တစ်ရုပ်ပါလား...”
သိပ်မကြာမီ သူက သွေးတိမ်ဦ၏ လျှို့ဝှက်ချက်ကို မြင်သွားသည်။ သူက နိဗ္ဗာန်အဆင့်နှစ်တွင် ရှိနေသော်လည်း အနောက်မြောက်ဒေသ၏ အရှင်သခင်လေးဦးထဲမှ တစ်ဦးဖြစ်သည့်အလျောက် သာမန် နိဗ္ဗာန်အဆင့်နှစ် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်လောက်က သူ့အတွက် ပြိုင်ဘက် မဟုတ်ပေ။ သူက တတိယ နိဗ္ဗာန်ကပ်ဘေးကို အချိန်မရွေး ဖြတ်ကျော်နိုင်သော၊ နိဗ္ဗာန်အဆင့်သုံးသို့ ရောက်ခါနီး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
သို့သော် တဖြည်းဖြည်းနှင့် တျန်းကျန်းက မျက်နှာပျက်လာခဲ့သည်။
ဤ အဆင့်နှစ် ဝိညာဉ်ရုပ်သေးမှာ ကြောက်ခမန်းလိလိ စွမ်းအားကြီးလွန်းလှကည သူက လုံးဝ ဖိနှိပ်ခံနေရပြီး ရှောင်တိမ်းရန်မှလွဲကာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ထိုအချိန်တွင် အစီအရင်မှာ တုန်ခါသွားပြီး ကြီးမားသော အရိုးစုကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
အဆင့်နှစ် ကောင်းကင်မိကျောင်းအရိုးရုပ်သေး။
တျန်းကျန်းက ဧရာမ အရိုးရုပ်သေးကြီးကို မြင်လိုက်ရသောအခါ ပါးစပ်အနည်းငယ် ဟသွားပြီး မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်။
“တောက်... နောက်ထပ် အဆင့်နှစ် ဝိညာဉ်ရုပ်သေး တစ်ကောင် ထပ်လာပြန်ပြီလား...”
တျန်းကျန်းက ငိုမဲ့မဲ့ ဖြစ်သွားခဲ့သည်။ ကြက်သီးမွေးညင်းများ ထောင်ထလာပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကောင်းကင်မိကျောင်းအရိုးရုပ်သေးကလည်း လျင်မြန်စွာ ပျံသန်းလာပြီး ၎င်း ကြီးမားသော အရိုးလက်ဝါးကြီးဖြင့် သူ့ကို ရိုက်ချလိုက်သည်။
“ဝုန်း...”
လက်ဝါးချက်တစ်ချက်တည်းဖြင့် တျန်းကျန်း လွင့်ထွက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် သွေးတိမ်၏ ဓားအလင်းတန်းများနှင့် လှံရိပ်များမှာလည်း လျင်မြန်စွာ ရောက်ရှိလာပြီး သူ့ကို ထိမှန်သွားသည်။
“ဖူး...”
တျန်းကျန်း ပါးစပ်မှ သွေးတစ်လုပ် အန်ထွက်လာသည်။
“ပြေးမှဖြစ်မယ်…”
တျန်းကျန်းက အခြေအနေမဟန်သည်က်ု မြင်သောအခါ တွေဝေမနေတော့ဘဲ ချက်ချင်းပင် လှည့်ပြေးတော့သည်။ ယခုမပြေးလျှင် ဤနေရာတွင် ထာဝရ နေရလိမ့်မည်ဖြစ်ကြောင်း သူကောင်းကောင်းသိထားသည်။
“ညီအစ်ကို တျန်းကျန်း... ဘာဖြစ်တာလဲ...” “ဘာလို့ ထွက်ပြေးတာလဲ...”
တျန်းကျိးန်း ရုတ်တရက် ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ ဆေးဝိညာဉ်အလောင်းကောင်များနှင့် တိုက်ခိုက်နေကြသော လူများမှာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။
သို့သော် တျန်းကျန်းမှာ နောက်လှည့်ကြည့်ရန်ပင် သတ္တိမရှိဘဲ တစ်ဟုန်ထိုး ထွက်ပြေးသွားလေသည်။ ယခုအချိန် သူ့အတွေးထဲတွက် ထွက်ပြေးလွတ်မြောက်ဖို့က အဓိကဖြစ်ကာ တခြားသူများကို ဂရုစိုက်မနေနိုင်ပေ။
“ဝုန်း...”
ကောင်းကင်မိကျောင်းအရိုးရုပ်သေးနှင့် သွေးတိမ်တို့က အပြင်ဘက်သို့ လိုက်ထွက်လာသည်နှင့် လူအများ ဒုက္ခနှင့်လှလှ တွေ့ကြရတော့သည်။
“ပြေးကြ... အဆင့်နှစ် ဝိညာဉ်ရုပ်သေးတွေဟေ့...” “ဘုရားရေ... ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ အဆင့်နှစ် ဝိညာဉ်ရုပ်သေးတွေ ရှိနေရတာလဲ...” “တျန်းကျန်း ဆိုတဲ့ ခွေးကောင်... သူ ငါတို့ကို ဒုက္ခပေးသွားပြီ...”
လူတိုင်း ဆဲရေးတိုင်းထွာပြီး ထွက်ပြေးကြရင်း တျန်းကျန်း၏ ဆယ့်ရှစ်ဆက်မြောက် ဘိုးဘေးများအထိ တိုင်တည်ကာ မေတ္တာပို့သနေကြလေသည်။
တျန်းကျန်း၏ ရင်ထဲတွင်မူ ဖော်ပြမရနိုင်သော ခါးသီးမှုများ ပြည့်နှက်နေသည်။ သူ့ဂုဏ်သတင်းကတော့ သေချာပေါက် ပျက်စီးသွားပြီဖြစ်ကြောင်း သူသိနေသည်။ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တျန်းကျန်း စိတ်ငြိမ်သွားပြီး ပြန်လည်သုံးသပ်ကြည့်လိုက်ရာ အချက်တစ်ချက်ကို လျင်မြန်စွာ သတိထားမိလိုက်သည်။
“အဲ့ဒီ အဆင့်နှစ် ဝိညာဉ်ရုပ်သေးနှစ်ရုပ်က မဟာယန်ပြည်ထောင်စုက ဝူယွမ် ပိုင်တာတွေပဲ...”
ရှေးဟောင်းနတ်နန်းတော်တုန်းက ဝူယွမ်က ရှီကွမ်း၊ ဟုန်ကျုံးနှင့် အဆင့်မြင့် ပြည်ထောင်စုငါးခုကို တိုက်ခိုက်စဉ်က ၎င်းတို့ကို အသုံးပြုခဲ့ဖူးသည်။
သို့သော် ထိုအချိန်က ဤ ဝိညာဉ်ရုပ်သေး နှစ်ရုပ်မှာ အဆင့်တစ်သာ ရှိသေးသည်။
ယခု ရှေးဟောင်းရတနာတိုက်ထဲသို့ ဝင်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် အဆင့်နှစ် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုမျှသာမက အလွန်စွမ်းအားကြီးမားသော အဆင့်နှစ် ဝိညာဉ်ရုပ်သေးများ ဖြစ်လာခဲ့သည်။
ဒီတစ်ခါတော့ တျန်းကျန်း မျက်နှာအိုးမဲသုတ်ခံလိုက်ရပြီ ဖြစ်သည်။
တျန်းကျန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကြုံးဝါးလိုက်သည်။ “ဝူယွမ်... ငါ မင်းကို လက်စားမချေရမချင်း အနားယူမှာ မဟုတ်ဘူး...”
အပြင်ဘက်တွင် လူအုပ်ကြီး ဖရိုဖရဲ ထွက်ပြေးနေကြချိန်တွင် အစီအရင် အတွင်းပိုင်း၌မူ ရွှမ်ဆုနှင့် အခြားသူများက ဝိညာဉ်ဆေးပင်များကို ပျော်ရွှင်စွာ သယ်ယူနေကြပြီး အေးချမ်းလျက် ရှိသည်။
ဝူယွမ်နှင့် လင်းတုန်တို့က ယွမ်စွမ်းအင် အဓိကနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွမ်စွမ်းအင် အဓိကနေရာကတော့ ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးတစ်ခုပဲ ဖြစ်သည်။ ဝူယွမ်နှင့် လင်းတုန်တို့က အတွင်းသို့ ဆင်းသက်လိုက်သည့်နှင်ါ ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်များ ထောင်းကနဲ လွင့်ပျံတက်လာရာ ဤနေရာက နှစ်ပေါင်းများစွာကတည်းက ပိတ်ထားခံခဲ့ရကြောင်း ထင်ရှားနေသည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နန်တော်အတွင်း၌ ကြီးမားသော ဆေးခန်းမပေါင်းများစွာကို စီတန်းလျက် တွေ့မြင်လိုက်ရသည်။
လင်းတုန်က ဆေးခန်းမတံခါးတစ်ခုပေါ်ရှိ ရူန်းအစီအရင်ကို ပေါ့ပေါ့ပါးပါးပင် ဖျက်ဆီးဖွင့်လှစ်လိုက်သည်။ ထိုအခါ ဆေးခန်းမအတွင်းမှ နိဗ္ဗာန်ဆေးလုံးများက ဒီရေလှိုင်းလုံးကြီးပမာ ဒလဟော စီးကျလာခဲ့သည်။ ကြက်သွေးရောင် အရောင်အဝါများက သူ၏ အမြင်အာရုံကို လွှမ်းမိုးသွားပြီး နိဗ္ဗာန်စွမ်းအင်များက လေထုထဲသို့ ပျံ့လွင့်လာခဲ့သည်။
လင်းတုန်မှာ ထိုသည်ကိုမြင်ကာ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး အာခေါင်ခြစ်အော်ဟစ်လိုက်မိတော့သည်။
“အစ်ကိုကြီး... များလိုက်တဲ့ နိဗ္ဗာန်ဆေးလုံးတွေ…. အများကြီးပါလား...”