ဝူယွမ်၏ ပြောင်ပြောင်တင်းတင်း လုယက်မှု
Vol. 18 Ch. 173
မူရင်းဇာတ်လမ်းအရ ပထမကာကွယ်စောင့်ရှောက်ရေးဂိုဏ်းဖြစ်သော တိဝူဂိုဏ်း ၏ အမွေအနှစ်ကို လင်းလန်တျန်းက ရရှိရမည်ဖြစ်သော်လည်း ယခုအခါ လင်းလန်တျန်း မှာ စောစောစီးစီး ဝူယွမ် ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသဖြင့် ထိုအမွေအနှစ်မှာ တျန်ကျန်း ၏ လက်ထဲသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခြင်းဖြစ်သည်။
ဝူယွမ် အနေဖြင့် ထိုအမွေအနှစ်ကို လွဲချော်ခဲ့ရသည့်အတွက် နှမြောတသဖြစ်ခဲ့ရသော်လည်း၊ ကံတရား၏ လှည့်ကွက်က တျန်ကျန်း က သူတို့အား လာရောက်ချောင်းမြောင်း ဆွပေးခဲ့ပြီး ထိုနောင်တကို အစားထိုးရန် အခွင့်အရေး ပေးလိုက်ခြင်းပင်ဖြစ်သည်။
လက်ရှိတွင် တျန်ကျန်း မှာ လေးလံသော ထောင်တောင်ထိပ်၏ ဖိနှိပ်မှုအောက်တွင် ပိတ်မိနေပြီး ပါးစပ်အပြည့် သွေးများ အန်ထုတ်နေရသည်။ သူ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခါးသီးမှုများ ပြည့်နှက်နေသည်။ သူရရှိထားသော တိဝူဂိုဏ်း အမွေအနှစ်မှာ လက်ထဲ၌ပင် မနွေးသေးမီ အတင်းအဓမ္မ လွှဲပြောင်းပေးရန် တောင်းဆိုခံရခြင်းကို သူ လက်ခံနိုင်ရန် အလွန်ခက်ခဲလှသည်။ သို့သော် သူ၏ အသက်မှာ သူတစ်ပါးလက်ထဲ ရောက်နေပြီ ဖြစ်သည်။
ဝူယွမ် ၏ ပြတ်သားသော လုပ်ရပ်များကို သိရှိထားသဖြင့် သူသာ အမွေအနှစ်ကို မပေးခဲ့ပါက ဝူယွမ် က သူ့အား ဧကန်မုချ သတ်ပစ်လိမ့်မည်ဟု တျန်ကျန်း သဘောပေါက်လိုက်သည်။
“ငါ... ငါ မင်းကို ပေးပါ့မယ်” ထန်ကျန်း က အံကြိတ်လျက် ခက်ခဲစွာ ပြောလိုက်ရသည်။
“အခုချက်ချင်း ထုတ်လိုက်စမ်း” ဝူယွမ် က အမိန့်ပေးလိုက်သည်။
တောင်ထိပ်၏ ဖိအားအောက်မှနေ၍ တျန်ကျန်း က အဝါရောင် အလင်းတံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ ဝူယွမ် က ထိုတံဆိပ်ကို ဖမ်းယူကာ သူ၏ ဝိညာဉ်စွမ်းအင် ဖြင့် စစ်ဆေးလိုက်သောအခါ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ “ဒါက တကယ်ပဲ အလယ်အလတ်အဆင့် ဝိညာဉ်သိုင်းပညာပဲ။ ဟားဟား... ‘လည်ပတ်နေသော ကောင်းကင်ဘုံပညာရပ်’ တဲ့လား... ဟားဟား… ကျေးဇူးပဲ”
သူက တံဆိပ်ကို သူ၏ ဒန်တျန်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး အခမဲ့ ပစ္စည်းလာပို့ပေးသော တျန်ကျန်း ကို လှောင်ပြောင်သည့်သဘောဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် ထန်ကျန်း ၏ ခန္ဓာကိုယ်မှ သိုလှောင်အိတ်ကိုပါ ယွမ်စွမ်းအင် လက်ဝါးဖြင့် ဆွဲယူလိုက်ပြီးမှ တောင်ထိပ်ကို ရုပ်သိမ်းကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ကဲ... အခုတော့ မင်း သွားချင်တဲ့နေရာကို သွားနိုင်ပြီ”
ဖိအားများ ကင်းစင်သွားသောအခါ တျန်ကျန်း ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက် ပြင်းပြင်းရှူနေရသည်။ သူက ဝူယွမ် ကို မလိုလားသော အကြည့်ဖြင့် စိုက်ကြည့်ကာ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။ “ ဝူယွမ် ... ဒီအရှက်တရားအတွက် မင်းကို ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ပြန်ပေးဆပ်စေရမယ်!” ဟု သူ၏ ရင်ထဲတွင် တိတ်တိတ်လေး ကျိန်ဆိုနေမိသည်။
ဝူယွမ် က တျန်ကျန်း ကို မသတ်ဘဲ လွှတ်ပေးလိုက်ရခြင်းမှာ သူသည် နောင်တွင် ပိုမိုကြီးမားသော လက်ဆောင်များကို သယ်ဆောင်လာပေးမည့် “ပစ္စည်းပို့သမား” တစ်ဦး ဖြစ်လာနိုင်သည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
သူတို့အဖွဲ့သည် ကျွန်းအနက်ပိုင်းသို့ ဆက်လက်ပျံသန်းလာရာ ရှေ့မလှမ်းမကမ်းတွင် နေရာလွတ်များ ပုံပျက်နေပြီး ပြင်းထန်သော လေဟာနယ်လှိုင်း အတက်အကျများ ပျံ့နှံ့နေသည့် နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ကြီးမားသော ရှေးဟောင်းရင်ပြင်ကြီးတစ်ခု ရှိနေသည်။
“အဲဒီနေရာက ဂိုဏ်းကြီးလေးဂိုဏ်း ရဲ့ အမွေအနှစ် တည်ရှိရာနေရာပဲ ဖြစ်ရမယ်” လင်းတုန် က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ရင်ပြင်ပေါ်သို့ ရောက်သောအခါ ထိုနေရာ၏ ခမ်းနားထည်ဝါမှုမှာ ဝူယွမ် ကိုပင် အထင်ကြီးသွားစေခဲ့သည်။ ရင်ပြင်ထက်တွင် ခွန်အားကြီးမားသော ကျင့်ကြံသူ အများအပြား ရောက်ရှိနေကြပြီး အားလုံးမှာ နိဗ္ဗာန်အဆင့်တစ် အထက်တွင် ရှိကြသည်။
ဝူယွမ်က လူအုပ်ထဲတွင် ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရသည် - အနီရောင်ဝတ်စုံနှင့် မုဟုန်လင်း နှင့် အဖြူရောင်ဝတ်ရုံနှင့် လျူပိုင် တို့ပဲဖြစ်သည်။ လျူပိုင် တို့အဖွဲ့မှာ ဤနေရာသို့ စောစောစီးစီး ရောက်ရှိနေခြင်းပဲ ဖြစ်သည်။
လျိူပိုင် တို့နှင့် မဝေးသောနေရာတွင် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ပမာ သန်မာပြီး ဧရာမ အနက်ရောင်ပုဆိန်ကြီးကို ကိုင်ဆောင်ထားသူတစ်ဦး ရှိနေသည်။ သူမှာ အနောက်မြောက်ဒေသ၏ အရှင်သခင်လေးဦးအနက် တစ်ဦးဖြစ်သော “တောင်ခွဲ ပုဆိန်” ကျန်းရှန် ပင် ဖြစ်သည်။ သူ၏ဘေးတွင် ပိန်ပါးသော်လည်း မျက်လုံးများမှာ စူးရှထက်မြက်လှသည့် “သားရဲလက်သီး” မုလိ လည်း ရှိနေသည်။ ခဏအကြာတွင် တျန်ကျန်း လည်း ရောက်ရှိလာပြီး ဝူယွမ် ကို မြင်သောအခါ သတိထားလျက် လူအုပ်ထဲတွင် ရောနှော ပုန်းကွယ်လိုက်သည်။
ဤသို့ဖြင့် အနောက်မြောက်ဒေသ၏ အရှင်သခင်လေးပါးစလုံး စုံညီစွာ ရောက်ရှိလာကြပြီ ဖြစ်သည်။ သို့သော် ဝူယွမ် ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သူမှာ လူအုပ်ထဲတွင် ပုန်းကွယ်နေသည့် အနက်ရောင်ရှပ်အင်္ကျီဝတ်၊ ဖြူဖျော့သော မျက်နှာနှင့် ထူးဆန်းသော အဖြူရောင် မျက်လုံးအိမ်ရှိသည့် လူတစ်ယောက်ပင် ဖြစ်သည်။
လျူပိုင် က ဝူယွမ် ထံသို့ လျှောက်လာပြီး “ညီလေး ဝူယွမ် ... အဲဒီလူက အနောက်တောင်ဒေသက အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ပဲ နိဗ္ဗာန်အဆင့်သတ်မှတ်ချက် မှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီထားတယ်” ဟု လာရောက်သတိပေးလိုက်သည်။
နိဗ္ဗာန်အဆင့်သတ်မှတ်ချက် ဆိုသည်မှာ ရှေးဟောင်းတိုက်ပွဲကွင်းအတွင်းရှိ ထိပ်တန်းပြိုင်ပွဲဝင်များ စာရင်းဖြစ်ပြီး ထိုစာရင်းဝင်မှသာ ပြည်ထောင်တစ်ရာတိုက်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ယင်းစာရင်းထဲသို့ ဝင်နိုင်ရန် အနည်းဆုံး နိဗ္ဗာန်အဆင့်သုံး တိုက်ခိုက်ရေးစွမ်းအား ရှိရန် လိုအပ်သည်။
ထိုအချိန်တွင် “မြေအောက်ဘုရင်” ယန်ဆန်(အနက်၀တ်လူ)က ပုံပျက်နေသော နေရာလွတ်အတွင်းသို့ သူ၏ ပြင်းထန်သော ယွမ်စွမ်းအင် များကို ထုတ်ဖော်လျက် အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားသည်။ ထိုမြင်ကွင်းက ရင်ပြင်ပေါ်ရှိ လူများကို စိတ်လှုပ်ရှားသွားစေပြီး အချို့မှာ နောက်မှ လိုက်သွားကြသော်လည်း လေဟာနယ်အက်ကွဲကြောင်း များကြောင့် လူအချို့မှာ သွေးမိုးရွာသကဲ့သို့ ခန္ဓာကိုယ်များ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားကြရသည်။ ဂိုဏ်းကြီးလေးဂိုဏ်း၏ အမွေအနှစ်ကို ရယူရန်မှာ ထင်သလောက် မလွယ်ကူလှပေ။
“သွားကြစို့!” ဝူယွမ်က လင်းတုန် ၊ ရှောင်ယန် နှင့် ပိုင်ယွမ် တို့ကို ဦးဆောင်ကာ ရှေ့သို့ တိုးထွက်လိုက်သည်။ သူက ရှေးဦးအာကာသရူန်း များကို အသုံးချကာ လေဟာနယ်ကို တည်ငြိမ်စေလျက် ပုံပျက်နေသော နေရာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
သူတို့လေးဦးက နောက်ထပ် ရင်ပြင်တစ်ခုသို့ ရောက်ရှိသွားကြရာ ထိုနေရာ၏ အလယ်ဗဟိုတွင် ရှေးဟောင်း ကြေးတံခါးကြီး လေးခုက ခိုင်ခံ့စွာ ပိတ်ထားသည်ကို တွေ့ရသည်။ လူအများ၏ အကြည့်များက ထိုတံခါးများဆီသို့ ရောက်သွားကြသည်။ ၎င်းတို့မှာ ဂိုဏ်းကြီးလေးဂိုဏ်း ၏ အမွေအနှစ်ဆီသို့ သွားရာ လမ်းစပင် ဖြစ်ရမည်။
ကျင့်ကြံသူတစ်ဦးက ကြေးတံခါးကို အတင်းအဓမ္မ တိုက်ခိုက်ခဲ့သော်လည်း တံခါးက တိုက်ခိုက်မှုကို နှစ်ဆတိုး၍ ပြန်လည် တန်ပြန်ခဲ့သဖြင့် ထိုသူမှာ သွေးများအန်ကာ လေဟာနယ်အက်ကွဲကြောင်းထဲသို့ လွင့်စဉ်သေဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်မှာ ကြေးတံခါးများကို အတင်းအကြပ် ဖွင့်၍မရကြောင်း သက်သေပြလိုက်ခြင်းပင်။
“ဒီတံခါးတွေကို ဖွင့်ဖို့ သော့တွေ ရှိရမယ်” ဟု လူတစ်ယောက်က ပြောလိုက်သောအခါ အားလုံး၏ အကြည့်များသည် ဝူယွမ် ဆီသို့ စုပြုံရောက်ရှိလာကြသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ရှေးဟောင်းနတ်ဘုရားနန်းတော်တွင် ဝူယွမ်က အင်အားကြီးမားသော ပြည်ထောင်စုငါးစုကို နှိမ်နင်းပြီး ရှေးဟောင်းသော့လေးခုလုံးကို သိမ်းပိုက်ထားခဲ့သောကြောင့် ဖြစ်သည်။
ဝူယွမ် က အားလုံးကို ကြည့်ပြီး ပြုံးလိုက်ကာ... “ဟီးဟီး... အားလုံးပဲ တောင်းပန်ပါတယ်ဗျာ။ ခင်ဗျားတို့က ဒီကို အလကား လာခဲ့ကြတာပဲ။ ဒီမှာ လူလေးယောက်နဲ့ သော့လေးချောင်း ရှိတယ်... ဒါဟာ ကျွန်တော်တို့အတွက်ပဲ ကွက်တိပဲ” ဟု ပေကာလိုက်သည်။
သို့သော် ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူ တစ်ရာကျော်မှာ ဝူယွမ် တို့ကို ဝိုင်းရံထားကြပြီး သော့များကို လုယူရန် ပြင်ဆင်နေကြသည်။
“မင်း ဘာပြောလိုက်တယ်.. မင်းတို့ ယန်ပြည်ထောင်စု တစ်ခုတည်းက ဂိုဏ်းကြီးလေးဂိုဏ်း ရဲ့ အမွေအနှစ်ကို လက်ဝါးကြီးအုပ်ချင်တာလား”
“မင်း လောဘကြီးလွန်းရင် အဆုံးသတ်မကောင်းဘူးနော်။ သော့သုံးချောင်းကို မပေးရင် ငါတို့အားလုံးက သဘောတူမှာ မဟုတ်ဘူး”
ကျန်းရှန်း ၊ မုလိ နှင့် ယန်ဆန် တို့ကလည်း ဝူယွမ် အား သော့သုံးချောင်းကို လွှဲပြောင်းပေးရန်နှင့် မဟုတ်ပါက အသက်အန္တရာယ် ရှိနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုလာကြသည်။
လျူပိုင် ကမူ ထွက်လာပြီး “ညီလေး ဝူယွမ် ... ငါ မင်းနဲ့ ရန်သူ မဖြစ်ချင်ဘူး။ မင်းသာ သော့တစ်ချောင်းကို ငါ့ကိုပေးရင် ကျန်တဲ့သော့သုံးချောင်းကို မင်းကာကွယ်နိုင်ဖို့ ငါ ကူညီပေးမယ်။ ဘယ်လိုလဲ” ဟု ကမ်းလှမ်းလာသည်။
သို့သော် ဝူယွမ် က လျူပိုင်၏ အကူအညီကိုပါ ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ “ညီအစ်ကို လျူပိုင် ... မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သော့က လေးချောင်းပဲ ရှိတာ... ငါတို့ လေးယောက်လုံးအတွက် အဲဒါတွေ အကုန်လိုအပ်တယ်။”
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ဝူယွမ် ၏ မာနကြီးမှုနှင့် လောဘကြီးမှုကြောင့် ရူးသွပ်နေပြီဟု ယူဆကာ ဒေါသထွက်ကုန်ကြသည်။ မုဟုန်လင်းလည်း ဝူယွမ် ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။
“သူဘာတွေတွေးနေတာလဲ လူအုပ်ကြီးကို တစ်ယောက်တည်း ချမလို့တော့မဟုတ်ဘူးမလား”
ဝူယွမ် က ဆက်လက်၍ “ညီအစ်ကို လျူပိုင် ... မင်းအနေနဲ့ ဒီတိုက်ပွဲမှာ မပါဝင်ဖို့ ဆုံးဖြတ်ချက်က အမှန်ကန်ဆုံး ရွေးချယ်မှုပဲ။ အခု နောက်ဆုတ်လိုက်ပါ... ငါ သူတို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သေချာ စောင့်ကြည့်နေလိုက်တော့”
ထိုစကားကို ကြားသော် လူအုပ်ကြီးမှာ ဒေါသပုန်ထလာပြီး အမူအရာများ လေးနက်သွားကြသည်။
“မာနကြီးလှချည်လား၊ အားလုံး အတူတူ တိုက်ခိုက်ကြစမ်း!”
“သူ့ကို တစ်ခုမှ သိမ်းထားခွင့်မပေးနဲ့၊ အကုန်လုယူကြ!”
ဟိန်းဟောက်သံများနှင့်အတူ ကျန်းရှန် က ပထမဆုံး စတင်တိုက်ခိုက်လိုက်သည်။ သူ၏ ဧရာမပုဆိန်ကြီးမှာ လေထုကို ဖြတ်သန်းလျက် ဝူယွမ် နှင့် သူ၏အပေါင်းအပါသုံးယောက်ကို ပြင်းထန်စွာ ခုတ်ထစ်ရန် ဆင်းသက်လာသည်။ အလားတူပင် မုလဲ့သည်လည်း အားကောင်းလှသော လက်သီးအရိပ်များကို မရပ်မနား ထုတ်လွှတ်လိုက်ရာ အစွမ်းထက်သော သိုင်းပညာရပ် အလင်းတန်း ဒါဇင်ပေါင်းများစွာက ရှေ့သို့ တိုးဝင်လာကြသည်။
သို့သော် ဝူယွမ်ကမူ ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်သော အပြုံးဖြင့်သာ ပြောလိုက်သည်။
“တစ်ခုပြောချင်တာက... ကျွန်တော်က ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ အထင်သေးတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမှာရှိတဲ့ ခင်ဗျားတို့ အားလုံးက အမှိုက်တွေ ကြီးဘဲ”
ဝူယွမ်က လေထဲသို့ ပျံတက်သွားပြီး သူ၏ အင်္ကျီလက်အတွင်းမှ နီရဲနေသော ပုံရိပ်များကို စတင်ထုတ်လွှတ်လိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်!
ဆေးဝိညာဉ်အလောင်းများ တစ်ခုပြီးတစ်ခု ပျံထွက်လာကြရာ ခဏအတွင်းမှာပင် ဆေးဝိညာဉ်အလောင်း တစ်ထောင်ကျော်က ရင်ပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ဝိညာဉ်ရတနာအမျိုးမျိုးကို ကိုင်ဆောင်ထားသည့် ဤအလောင်းစစ်သည်တော်ကြီးများက အရပ်မျက်နှာအားလုံးသို့ ချီတက်ကာ သတ်ဖြတ်မှုများကို စတင်လိုက်ကြသည်။
ထို့ပြင်ဝူယွမ်က သွေးတိမ်နှင့် ကောင်းကင်မိကျောင်း အရိုးရုပ်သေး တို့ကိုပါ ဆင့်ခေါ်လိုက်ရာ ရင်ပြင်ပေါ်တွင် တိုက်ပွဲမှဖြသ်ပေါ်လာသော ယွမ်စွမ်းအင် လှိုင်းလုံး အတက်အကျများ ဖြစ်ပေါ်လာတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ! ဆေးဝိညာဉ်အလောင်း တွေ ဒီလောက်တောင် များတာလား!”
“သူက အစကတည်းက အကုန်ပြင်ဆင်ထားတာပဲ! ငါတို့အားလုံး ပူးပေါင်းမှာကို သူ မကြောက်တာ အံ့ဩစရာ မရှိတော့ဘူး!”
“ဒါက မဖြစ်နိုင်တာပဲ! ဒီလောက်များပြားတဲ့ အလောင်းစစ်တပ်နဲ့ဆိုရင် တိုက်ပွဲတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တယ်!”
“မြန်မြန်... မြန်မြန် ဆုတ်ခွာကြ!”
လူတိုင်းမှာ အံ့ဩတုန်လှုပ်ကုန်ကြသည်။ နီရဲနေသော ပုံရိပ်များဖြင့် ပြည့်နှက်နေသည့် ဤဧရာမ စစ်တပ်ကြီးကို ရင်ဆိုင်ရင်း သူတို့အားလုံး နောက်ဆုတ်ရန် ကြိုးစားနေကြသည်။ ဤ ဆေးဝိညာဉ်အလောင်း များမှာ သေခြင်းကိုလည်းကောင်း၊ နာကျင်မှုကိုလည်းကောင်း မသိကြဘဲ မကောင်းဆိုးဝါး စွမ်းအင်များဖြင့် ပြည့်နှက်နေသူများဖြစ်သည်။ တိုက်ပွဲတွင် နိဗ္ဗာန်အဆင့်နှစ် ရှိသူပင် အခက်တွေ့ရမည့်အရာမျိုးကို ဝူယွမ် က တစ်ထောင်ကျော် ဆင့်ခေါ်လိုက်ခြင်းဖြစ်ရာ ရန်သူအရေအတွက်၏ ဆယ်ဆနီးပါး ရှိနေခဲ့သည်။
လူအချို့က ချက်ချင်း ဆုတ်ခွာရန် ကြိုးစားသော်လည်း ဝူယွမ် က ထိုမျှလွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ သူတို့အားလုံးမှာ သူ့ကို အရင်တိုက်ခိုက်ခဲ့သူများဖြစ်ရာ ထိုက်တန်သော တန်ဖိုးပေးဆပ်မှုမရှိဘဲ ထွက်သွားခွင့်မရှိပေ။
သူက ပိုင်ယွမ် ၊ လင်းတုန် နှင့် ရှောင်ယန် တို့ကို ပုံပျက်နေသော နေရာမှ ထွက်ပေါက်သို့ တိုက်ရိုက်စေလွှတ်ကာ စောင့်ကြပ်စေသည်။ ဝူယွမ် ကိုယ်တိုင်မူ ဘယ်ဘက်လက်တွင် လေးလံ အကျင်းထောင်တောင်ထိပ် ၊ ညာဘက်လက်တွင် မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို ကိုင်ဆောင်လျက် ထွက်ပေါက်ကို ပိတ်ဆို့လိုက်သည်။
သူက အေးစက်သော အပြုံးဖြင့် သူတို့အားလုံးကို ပြောင်ပြောင်တင်းတင်းပင် လုယက်လိုက်တော့သည်။
“အမှိုက်တွေအားလုံး... ထွက်သွားချင်ရင် မင်းတို့ရဲ့ သိုလှောင်အိတ်တွေနဲ့ ဝိညာဉ်ရတနာ အားလုံးကို ချထားခဲ့ကြ။ မဟုတ်ရင်တော့... ငါ့ရဲ့ ဆေးဝိညာဉ်အလောင်း တွေနဲ့ပဲ သေတဲ့အထိ ကခုန်နေကြပေတော့”
လျူပိုင် ၊ မုဟုန်လင်း နှင့် အခြားတိုက်ပွဲတွင် မပါဝင်ခဲ့သူများမှာ သူတို့၏ အစောပိုင်းဆုံးဖြတ်ချက်အတွက် အလွန်ကျေးဇူးတင်နေကြပြီး တံတွေးများကိုပင် မသိမသာ မြိုချလိုက်ကြကာ သူတို့ ရင်ထဲတွင် သက်ပြင်းချလိုက်မိကြသည်။ ဝူယွမ်က တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။ သူက သော့လေးချောင်းလုံးကို သိမ်းပိုက်ရုံသာမက၊ ဒီနေရာကို ရောက်လာသူ အားလုံးကိုပါ တစ်ပါတည်း လုယက်ရန် စီစဉ်ထားခြင်းပင် ဖြစ်သည်။