← Chapters

အခန်း (၂၀၃၃-၂၀၃၄)

Vol. 144 Ch. 2033-2034

အခန်း (၂၀၃၃-၂၀၃၄)

Vol. 144 Ch. 2033-2034

အခန်း(၂၀၃၃)

"နောက်ဆုံးတော့ ငါ မြို့ကို မြင်ရပြီ"

ကျန်းချန်က အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး ထိုအခိုက်အတန့်တွင် တွေဝေမနေတော့ဘဲ သူ့ရှေ့မှ မြို့ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ဤမြို့သည် မကြီးမားလှဘဲ သာမန်လောက်သာ ဖြစ်သည်။

သို့သော်လည်း လမ်းမပေါ်တွင်မူ ကျင့်ကြံသူ များစွာ အဆုံးမရှိ သွားလာ လှုပ်ရှားနေကြသည်။

ကျန်းချန်က တစ်ချက် ကြည့်လိုက်ရုံဖြင့် အားနည်းဆုံးသူမှာ ကောင်းကင်နတ်ဘုရား အဆင့် နီးပါး ဖြစ်ပြီး သာမန် နယ်မြေနတ်ဘုရား အဆင့်ကို နေရာအနှံ့တွင် မြင်တွေ့ခဲ့ရ၏။

ထို့အပြင် မြေကြီးအရှင် အဆင့် သို့မဟုတ် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများကိုပါ တွေ့ခဲ့ရသည်။

ဤနေရာသည် နတ်ဘုရား နယ်မြေ ပျက်စီးသွားပြီးနောက်တွင် ကျန်ရှိနေသည့် အပြည့်စုံဆုံး အစိတ်အပိုင်းဟု ခေါ်ဆိုထိုက်ပေသည်။

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က မြို့ထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်လာခဲ့ပြီး လူစည်ကားသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ရှာဖွေကာ လက်ဖက်ရည် သောက်ရင်း သတင်း စုံစမ်းရန် ပြင်ဆင်လိုက်သည်။

သူက ယခုမှ ရောက်ရှိလာခြင်း ဖြစ်ပြီး နတ်ကုန်းမြေတိုက် အကြောင်း ဘာမှ မသိသေးပေ။

လက်ဖက်ရည်ဆိုင် ဆိုသည်မှာ ကျင့်ကြံသူ အများအပြား စုဝေးပြီး စကားစမြည် ပြောဆိုလေ့ရှိသော နေရာ ဖြစ်၍ ထိုနေရာတွင် သတင်း အချက်အလက် များစွာကို ရရှိနိုင်မည် မဟုတ်ပါလား။

သူက သူ့ဆရာ ရွှယ်သောင်း နှင့် လမ်းခွဲခဲ့စဥ်တွင် ရွှယ်သောင်းက သူ့ကို နတ်ကုန်းမြေတိုက်သို့ ရောက်ရှိလာလျှင် အရှေ့ဘက်ဒေသရှိ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် တိုက်ရိုက် လာရောက် ရှာဖွေရန် မှာကြားခဲ့သည်။

ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံးအရာမှာ သူ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိရန် ဖြစ်သည်။

သူ့ ဆရာနှင့် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်း သတင်းကို သိရှိနိုင်လျှင်မူ အကောင်းဆုံးပင်။

"မင်းတို့ သိပြီးပြီလား.. တုန်းဖန်းချန်ယန်က စန်းယွင်ဂိုဏ်းကို ဓားချက် တစ်ချက်တည်းနဲ့ အမြစ်ဖြတ် သုတ်သင်လိုက်တယ်တဲ့"

"ဟုတ်တယ်.. ငါလည်း ကြားတယ်.. တုန်းဖန်းချန်ယန်ရဲ့ ဓားချက်က စန်းယွင်ဂိုဏ်းက နယ်မြေနတ်ဘုရား ဆယ်ပါးကို ပိုင်းဖြတ်လိုက်ရုံတင် မကဘဲ စန်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူကိုတောင် တစ်ခါတည်း ပိုင်းဖြတ်ပစ်လိုက်တာတဲ့"

"ဒီအတိုင်းဆို တုန်းဖန်းချန်ယန်က အရှေ့ဘက်ဒေသရဲ့ ပါရမီရှင်စာရင်းထဲမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီသွားပြီ ထင်တယ်"

"............"

လက်ဖက်ရည်ဆိုင်ရှိ ကျင့်ကြံသူများ၏ ပြောစကားများကို ကြားရလျှင် ကျန်းချန် ပျော်ရွှင်သွားခဲ့သည်။

ထာဝရဘုရားကျောင်း၏ နေရာလွတ် အစီအရင်က သူ့ကို နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသသို့ ပို့ဆောင်ပေးခဲ့ပုံရပြီး ယင်းက သူ့ကို ဒုက္ခများစွာ သက်သာစေခဲ့သည်။

ဟန်ယွဲ့နန်းတော်တွင် ရှိနေစဉ်က သူ့ဆရာ ရွှယ်သောင်းသည် နတ်ကုန်းမြေတိုက်နှင့် ပတ်သက်သည့် အချက်အလက် အချို့ကို ရှင်းပြခဲ့ဖူးသည်။

နတ်ကုန်းမြေတိုက်ကို အဓိကအားဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ် ဟူ၍ ဒေသငါးခု ပိုင်းခြားထား၏။

ထိုဒေသငါးခု စလုံးသည် အတိုင်းအဆမရှိ ကျယ်ပြောလှ၏။

မဟာမြေရိုင်းနယ်မြေ ကဲ့သို့ နယ်မြေများ၏ အကျယ်အဝန်းသည် နတ်ကုန်းမြေတိုက်၏ တစ်ရာခိုင်နှုန်းအောက်သာ ရှိပေသည်။

အကယ်၍ သူသာ အခြား နယ်မြေလေးခုတွင် ပေါ်ပေါက်ခဲ့လျှင် သူ့ဆရာနှင့် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းကို ရှာဖွေရန် အရှေ့ဘက်ဒေသသို့ လာရောက်ဖို့ အလွန် ခက်ခဲပေလိမ့်မည်။

ယခုမူ အရှေ့ဘက်ဒေသတွင် တိုက်ရိုက် ပေါ်ပေါက်လာသောကြောင့် ပို၍ လွယ်ကူသွားခဲ့ပြီ မဟုတ်ပါလား။

"ဆရာ ပြောခဲ့တဲ့ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရင် အဆင့် အင်အားစုတစ်စုပဲ ဖြစ်ရမယ်.. စုံစမ်းဖို့ သိပ်မခက်လောက်ဘူး ထင်တာပဲ"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

နတ်ဘုရင် အဆင့် အင်အားစု ဆိုသည်မှာ နတ်ဘုရင် အဆင့် ကျင့်ကြံသူ ရှိသည့် အင်အားစု ဖြစ်သည်။

နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင် အဆင့် အင်အားစု များစွာ ရှိပြီး ထိုကဲ့သို့ အင်အားစုများသည် နတ်ကုန်းမြေတိုက်ပေါ်ရှိ နယ်မြေများကို လွှမ်းမိုးနိုင်သည့် စွမ်းအားများ ရှိကြသည်။

ထို့ကြောင့် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းသည် အရှေ့ဘက်ဒေသတွင် နာမည်မရှိသည့် အဖွဲ့အစည်း မဟုတ်လောက်ပေ။

"တုန်းဖန်းချန်ယန် ကိစ္စက ဘာမှမဟုတ်ပါဘူး.. နတ်ဘုရင် အင်အားစု ဖြစ်တဲ့ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းမှာ ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တာကို မင်းတို့ သိပြီးကြပြီလား"

အခြား တစ်ယောက်က လက်ကို ဝှေ့ယမ်းကာ အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀က နာမည်ကျော်ကြားခဲ့တဲ့ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ကူရွှယ်သောင်း ပြန်ပေါ်လာပြီ ဆိုတာ မင်းတို့ သိကြလား"

ထိုစကားကို ကြားလိုက်ရလျှင် လက်ဖက်ရည် သောက်နေသော ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထာဝရဘုရားကျောင်း၏ နေရာလွတ် အစီအရင်က သူ့ကို အရှေ့ဘက် ဒေသဆီ ပို့ဆောင်ပေးခဲ့ရုံတင် မကဘဲ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းနှင့် မဝေးလှသော နေရာသို့ ပို့ဆောင်ပေးခဲ့မည်ဟု ကျန်းချန် လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူက ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်း၏ သတင်းကို ကြားသိခဲ့ရသည်။

ကျန်းချန်ကို အံ့အားအသင့်ဆုံး ဖြစ်စေခဲ့သည်မှာ ထိုလူပြောခဲ့သည့် စကားများပင် ဖြစ်သည်။

[လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀က နာမည်ကျော်ကြားခဲ့တဲ့ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် ကူရွှယ်သောင်း]

သူဆရာ့၏ အမည်မှာ ရွှယ်သောင်း ဖြစ်ပြီး မဟာမြေရိုင်း နယ်မြေတွင် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီ ကတည်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကာ နတ်ကုန်းမြေတိုက်သို့ ပြန်လာခဲ့သည်မှာလည်း မကြာသေးပေ။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀က ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ကူရွှယ်သောင်းသည် သူ့ဆရာ ဖြစ်နိုင်ချေများ၏။

"ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရားသားတော် ကူရွှယ်သောင်းလား.. ဒါ .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းချန် အပြင် လက်ဖက်ရည်ဆိုင်ရှိ လူတိုင်းကလည်း အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။

ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းသည် အနီးနားရှိ မိုင်ပေါင်း ထောင်သောင်းချီသော နယ်မြေကို အုပ်စိုးသည့် နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀၀ က ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းတွင် ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် တစ်ပါး မွေးဖွားခဲ့ပြီး နှစ်ပေါင်း တစ်ထောင် မပြည့်မီမှာပင် ထိုနတ်ဘုရားသားတော်သည် အရှေ့ဘက်ဒေသ၏ ထိပ်တန်း ပါရမီရှင် ဆယ်ဦး ထဲတွင် ပါဝင်လာခဲ့သည်။

နောက်ပိုင်းတွင် ထိုပြိုင်ဘက်ကင်း နတ်ဘုရား သားတော်သည် အကြောင်းပြချက် မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး ထိုအချိန်မှစ၍ မည်သည့် သတင်းအစအနမှ မရရှိတော့ပေ။

ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းကမူ ထိုနတ်ဘုရားသားတော်က ထာဝရဟင်းလင်းပြင် ထဲတွင် ကျင့်ကြံရင်း ကျဆုံးသွားခဲ့ပြီဟု လူသိရှင်ကြား ကြေညာခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်း ၃၀၀၀၀ တိုင်အောင် ပျောက်ကွယ်နေခဲ့သည့် နတ်ဘုရားသားတော် ပြန်လည် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

"ဒီသတင်းက အမှန်ပဲ.. ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းက နတ်ဘုရားသားတော် ပြန်ရောက်နေတာကို တွေ့ရှိခဲ့ပြီး သူ့ကို လိုက်လံသတ်ဖြတ်ဖို့ အင်အားကြီး ကျင့်ကြံသူတွေကို စေလွှတ်ထားတယ်လို့ သိရတယ်.. အခု ကူရွှယ်သောင်းက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ ရှိနေတယ်"

ထိုလူက အခိုင်အမာ ပြောဆိုလိုက်သည်။

ထိုစကားကို ကြားလျှင် လူတိုင်းသည် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ကူရွှယ်သောင်း ပျောက်ကွယ်သွားခြင်းသည် မူလကတည်းက ထူးဆန်းမှုများ ရှိနေခဲ့၏။

ယခု သူက ရုတ်တရက် ပြန်ပေါ်လာသော်လည်း ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းမှ အင်အားကြီး ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်။

ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ကူရွှယ်သောင်း ပြန်လည် ရောက်ရှိလာခြင်းသည် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းရှိ လူတချို့၏ အကျိုးစီးပွားကို ထိခိုက်စေပုံရ၏။

"နှစ်ပေါင်း ၃၀၀၀၀ ကြာ ပျောက်ကွယ်နေခဲ့တဲ့ လူတစ်ယောက်က ရုတ်တရက်ကြီး ပြန်ပေါ်လာတာ ဆိုတော့ ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းလည်း ငြိမ်သက်နေတော့မှာ မဟုတ်ဘူး ထင်တယ်"

"ရှူး.. ဒီမှာတင် တော်လိုက်ကြတော့.. ဒါက ငါတို့ ဝေဖန်ရမယ့် ကိစ္စမျိုး မဟုတ်ဘူး.. ကိုယ့်ဒုက္ခ ကိုယ်မရှာမိအောင် သတိထားစမ်း"

".............."

လူတိုင်းသည် ဤကိစ္စကို ရှောင်လွှဲလိုက်ကြပြီး ဒေသတွင်း ဖြစ်ပျက်နေသည့် အခြားသော ကိစ္စရပ်များ အကြောင်းကိုသာ ပြောင်းလဲ ပြောဆိုလိုက်ကြသည်။

"မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ"

ပတ်ဝန်းကျင်မှ လူများ၏ ပြောစကားများကို နားထောင်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းက လိုက်လံဖမ်းဆီးနေသည့် နတ်ဘုရားသားတော် ကူရွှယ်သောင်းသည် သူ့ဆရာ ရွှယ်သောင်း ဖြစ်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေပြီ ဖြစ်၏။

သူ့ဆရာသည် ထိုအချိန်က မဟာမြေရိုင်းနယ်မြေတွင် နေထိုင်ခဲ့သည့် အကြောင်းရင်းမှာ ရိုးရှင်းပုံမရပေ။

ယခုအချိန်တွင် သူ့အတွက် အရေးတကြီး လုပ်ဆောင်ရမည့်အရာမှာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ အမြန်ဆုံးသွားရောက်ပြီး သူ့ဆရာနှင့် တွေ့ဆုံရန်ပင် ဖြစ်သည်။

သူ့ဆရာ ရွှယ်သောင်းသည် ဟန်ယွဲ့နန်းတော်၌ ရှိနေစဉ်ကပင် လူအများအား နက်နဲလှသော ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပြီး ၎င်း၏ ကျင့်ကြံခြင်း အဆင့်က မည်သည့်အဆင့်ကို ရောက်ရှိနေမှန်း မည်သူမျှ မသိရှိကြပေ။

သို့သော် ကျန်းချန် သေချာပေါက် သိထားသည့်အရာ တစ်ခုမှာ သူ့ဆရာသည် နတ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်ခြင်းပင်။

နတ်ဘုရင် အဆင့် ခွန်အား မရှိဘဲ သူ့ဆရာ တစ်ယောက်တည်းဖြင့် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းကို ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလား။

သူက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် နတ်ခရစ်စတယ် တချို့ကို ထုတ်ယူကာ ဘေးနားရှိ ကျင့်ကြံသူ တစ်ဦးအား မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အကြောင်းကို မေးမြန်းလိုက်သည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် အရှေ့ဘက်ဒေသတွင် နာမည် ကျော်ကြားသည့် ရှုပ်ထွေးလှသော နယ်မြေ တစ်ခု ဖြစ်သည်။

ထိုနေရာတွင် ရှေးဟောင်း လူမျိုးစု ရာပေါင်းများစွာ နေထိုင်ကြ၏။

နတ်ဘုရင် အင်အားစုများပင် ထိုနေရာကို အနည်းငယ် ကြောက်ရွံ့ကြရသည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ တည်နေရာ အတိအကျကို သိရှိပြီးနောက်တွင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေခဲ့ဘဲ မြို့ထဲမှ တိုက်ရိုက် ထွက်ခွာလာခဲ့ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ရှိရာဘက်သို့ ခြေဦးလှည့်ခဲ့သည်။

အခန်း(၂၀၃၃) ပြီး၏

အခန်း(၂၀၃၄)

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ သည် နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသ၊ အနောက်တောင်ဘက်ရှိ ရှေးဟောင်းနေရာတစ်ခုတွင် တည်ရှိသည်။

ထိုနေရာတွင် တောင်တန်းများသာ အများစုရှိသည်။

ဒဏ္ဍာရီများအရ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးသည် အဆုံးမရှိဘဲ သိန်းချီသော တောင်တန်းများ ဆက်တိုက် သွယ်တန်းကာ ဖွဲ့စည်းထားခြင်း ဖြစ်၏။

ကျန်းချန်က အနောက်တောင်ဘက်သို့ လဝက် ကြာအောင် လမ်းလျှောက်လာခဲ့ပြီးနောက် အဆုံးသတ်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နယ်စပ်သို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ တောရိုင်းနယ်မြေ၏ နယ်စပ်တွင် ကျင့်ကြံသူ များစွာ စုဝေးနေသည်ကို မြင်တွေ့လိုက်ရ၏။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် အရှေ့ဘက်ဒေသတွင် နာမည်ကြီးသော ရှုပ်ထွေးလှသည့် နေရာတစ်ခု ဖြစ်ရုံတင်မကဘဲ အခွင့်အလမ်းများစွာရှိသော နေရာတစ်ခုလည်း ဖြစ်သည်။

ဤနေရာတွင် ကမ္ဘာပေါ်ရှိ ရှားပါးသော ရတနာများ ထွက်ပေါ်သည့်အပြင် ရှေးခေတ်ကာလက ကျန်ရစ်ခဲ့သည့် ပြိုင်ဘက်ကင်း အမွေအနှစ် များစွာလည်း ရှိနေ၏။

ထိုအချက်ကြောင့်ပင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ နေ့စဉ် လာရောက်ကြသော ကျင့်ကြံသူများသည် အဆုံးမဲ့ စီးဆင်းနေသော ရေအိုင်ကဲ့သို့ ဖြစ်နေခဲ့သည်။

ယင်းအပြင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ဖိနှိပ်ထားနိုင်သည့် ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေပုံရသဖြင့် နတ်ဘုရင်များပင် အလွယ်တကူ မပတ်သက်ရဲကြပေ။

အချိန်ကြာလာသည်နှင့်အမျှ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် ကျင့်ကြံသူ များစွာ အတွက် ခိုလှုံရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

အထူးသဖြင့် နတ်ဘုရင် အင်အားစုများကို ပြစ်မှားထားသူများသည် အသက်ရှင်သန်ရန် အတွက် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ ထွက်ပြေးရန် ရွေးချယ်တတ်ကြသည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် အခွင့်အလမ်းများစွာ ရှိပြီး နတ်ဘုရင်အဆင့် အင်အားစုများ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းနိုင်သော်လည်း အလွန်ပင် အန္တရာယ်များသည်။

ဤနေရာတွင် မျိုးနွယ်စုများက မကြာခဏ တိုက်ခိုက်လေ့ ရှိကြပြီး စစ်ပွဲများက အစဉ်မပြတ် ရှိနေခဲ့၏။

ထို့အပြင် ပြင်ပကမ္ဘာမှ ရောက်လာသော ကျင့်ကြံသူများစွာ စုဝေးနေခြင်းကလည်း ဤနယ်မြေကို အလွန်အမင်း ရှုပ်ထွေးသွားစေခဲ့သည်။

သာမန် နယ်မြေနတ်ဘုရားများပင် ဤနေရာတွင် အသက်ရှင်ရန် မလွယ်ကူပေ။

ထို့ကြောင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ ရောက်လာကြသော ကျင့်ကြံသူ အများစုသည် ပိုမို ကောင်းမွန်စွာ ရှင်သန်နိုင်ရန် အတွက် အဖွဲ့ငယ်လေးများ ဖွဲ့လေ့ ရှိကြသည်။

"စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. ဒီမျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေက နိဗ္ဗာန်မြို့တော်ရဲ့ ဆိတ်ငြိမ်နယ်မြေ နဲ့ တော်တော်လေး ဆင်တူတာပဲ"

ကျန်းချန်က သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန် ရောက်ရှိလာသော်လည်း မည်သူကမှ အာရုံမစိုက်ခဲ့ပေ။

လူအများစုက သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်ကြသည်။

သူ့ကို သူတို့၏ အဖွဲ့ထဲသို့ ဖိတ်ခေါ်ရန် မစဉ်းစားခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား အဆင့် မျှသာ ဖြစ်သောကြောင့်ပင်။

ဤနေရာတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သည် အသေခံတပ်သား နှင့် သိပ်မကွာခြားပေ။

မဟာကောင်းကင်နတ်ဘုရား သို့မဟုတ် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ပါရမီရှင် တစ်ယောက် ဖြစ်လျှင်မူ တစ်မျိုး ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်များကို အင်အားကြီး အဖွဲ့အစည်းများက ဂရုတစိုက် ပျိုးထောင်ထားလေ့ရှိပြီး တောရိုင်းနယ်မြေသို့ လာရောက်လျှင်ပင် နံံဘေး၌ အင်အားကြီး အစောင့်အရှောက်များ ရှိနေမည် ဖြစ်၏။

ဆိုရလျှင် ယခုကဲ့သို့ တစ်ယောက်တည်း လာရောက်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့ ရှေ့မှ လူငယ်က ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ထားသူ မဖြစ်နိုင်ဟု သူတို့ယူဆခဲ့ကြခြင်းပင်။

သာမန် ကောင်းကင်နတ်ဘုရား တစ်ပါးကို မည်သူက ဂရုစိုက်ပါမည်နည်း။

ကျန်းချန်ကလည်း ထိုအဖွဲ့များထဲသို့ ဝင်ရန် အစီအစဉ်မရှိပေ။

ထိုအဖွဲ့များထဲ ဝင်ခြင်းသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးများသာ ဖြစ်လာစေလိမ့်မည် မဟုတ်ပါလား။

သို့သော် သူက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အကြောင်း ဘာမှမသိသေးသဖြင့် ဤအတိုင်း ဝင်သွားခဲ့လျှင် အခက်အခဲများ ရှိလာနိုင်သည်။

ထိုနေရာအကြောင်း ရင်းနှီးသူတစ်ဦးက လမ်းပြပေးလျှင် အကောင်းဆုံးဖြစ်မည်ဟု သူ တွေးမိလိုက်၏။

ထို့နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အကြောင်း ရင်းနှီးတဲ့သူရှိရင် ငါ့ကို လမ်းပြပေးပါ.. အဲဒီလူကို တောရိုင်းနယ်မြေ ထဲမှာ ဘေးကင်းအောင် ငါကာကွယ်ပေးပါ့မယ်"

ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ များ၏ အကြည့်အားလုံးက သူ့ဆီသို့ ရောက်လာခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသည်ကို မြင်လိုက်ရလျှင် သူတို့က အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်ကြသည်။

"ဟားဟား.. ဒီကောင်လေးကတော့ ဦးနှောက်ပျက်နေပြီ ထင်တယ်"

"ကောင်းကင်နတ်ဘုရား အဆင့်လေးကများ လေလုံးထွားရဲတယ်.. သူကိုယ်သူ အနှိုင်းမဲ့ ပါရမီရှင်လို့ ထင်နေတဲ့ပုံပဲ"

"................"

ကျန်းချန်ကမူ တည်ငြိမ်သော အမူအရာ ရှိနေပြီး ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများကို လျစ်လျူရှုထားခဲ့သည်။

လမ်းပြပေးမည့်သူ ရှာတွေ့လျှင် အကောင်းဆုံး ဖြစ်သော်လည်း လမ်းပြပေးမည့်သူ မရှိလျှင်မူ သူတစ်ယောက်တည်း စူးစမ်းစွာ သွားရန်သာ ရှိတော့၏။

"ဟိုက အကို.. ကျွန်မ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အကြောင်း တော်တော်များများ သိပါတယ်.. ကျွန်မ လမ်းပြပေးလို့ ရမလား"

ယင်းအခိုက်အတန့်တွင် အားနည်းသော အသံတစ်သံက ဘေးဘက်မှ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းကို အနည်းငယ် ငဲ့၍ ကြည့်လိုက်ရာ သူ့ဆီသို့ လာနေသည့် အသက် ၁၈ သို့မဟုတ် ၁၉ နှစ်ခန့် ရှိသော မိန်းကလေး တစ်ဦးကို မြင်လိုက်ရသည်။

ထိုမိန်းကလေးတွင် ကြည်လင်သော မျက်ဝန်းများနှင့် ရှည်လျားကော့ညွှတ်နေသော မျက်တောင်များ ရှိသော်လည်း ယခုအခါ သူမ၏ လှပသော မျက်နှာလေးသည် အနည်းငယ် ဖြူဖျော့နေ၍ လူမမာ နှင့်ပင် တူနေခဲ့သည်။

"ကျီလင်ဝေ ပါလား"

"ဒီမိန်းကလေးက ဒီတောရိုင်းနယ်မြေရဲ့ နယ်စပ်မှာ ရှိနေတာ ကြာပြီ.. ဘယ်သူကမှ သူမကို အဖွဲ့ထဲ မခေါ်ကြဘူး.. ဒီမိန်းကလေးက မသာပေါ်ချင်လို့ သေချင်ဇောနဲ့ လမ်းပြဖို့ ကြိုးစားနေတာပဲ"

"ဒီမိန်းကလေးက ကောင်းကင်နတ်ဘုရား တတိယအဆင့် အမှိုက်ပဲ.. ဘယ်သူက ဒီလို ဝန်ထုပ်ဝန်ပိုးကို ခေါ်သွားမှာလဲ"

"ကောင်းကင်နတ်ဘုရား တစ်ပါးက သူမကို ကာကွယ်နိုင်မယ်လို့ တကယ်ပဲ ယုံကြည်နေတာလား.. ရယ်စရာပဲ"

"..............."

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူ များက ကဲ့ရဲ့ဝေဖန်ခဲ့ကြသည်။

ကျန်းချန်၏ အကြည့်က ထိုအမျိုးသမီး၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် အံ့ဩဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်။

အကြောင်းရင်းကို မသိရသော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ရလျှင် သူနှင့် သွေးသားဆက်နွှယ်မှု တူညီနေသလို ခံစားလိုက်ရသည်။

"ဒီအမျိုးသမီးက ဘယ်သူလဲ.. ငါနဲ့ ဘယ်လို ပတ်သက်နေတာလဲ"

ကျန်းချန် ထိတ်လန့်သွားခဲ့သည်။

သူမသည်လည်း လူသားဧကရာဇ် နန်းတော်မှ ကျန်းမိသားစုဝင်တစ်ဦး ဖြစ်နေပါသလော။

"မဟုတ်ဘူး .. ဒီသွေးစွမ်းအားက ကျန်းမိသားစုရဲ့ သွေးစွမ်းအား မဟုတ်ဘူး"

ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်မှ လူများ ခေါ်ဆိုသည့် အမည်ကို သတိရလိုက်သည်။

[ကျီလင်ဝေ.. မျိုးရိုးအမည် ကျီ]

[ဒီအမျိုးသမီးက ငါ့အမေနဲ့ ပတ်သက်နေတာများလား]

ထိုသို့ တွေးမိသည်နှင့် ကျန်းချန်က စိတ်လှုပ်ရှားလာခဲ့သည်။

ဖခင်ဖြစ်သူ ကျန်းဝူရသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားစု ဖြစ်သော လူသားဧကရာဇ် နန်းတော် နှင့် ပတ်သက်နေနိုင်ပြီး မိခင်ဖြစ်သူ ကျီဝူရွှယ် သည်လည်း နတ်ကုန်းမြေတိုက် မှ ဖြစ်နေနိုင်သည်ဟု သူ တွေးလိုက်မိသည်။

အဆင့်နိမ့်နယ်မြေမှ သူ့မိဘများတွင် ယခုကဲ့သို့ ဆန်းကြယ်သော နောက်ခံများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ကျီလင်ဝေကို ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်.. မင်း ငါ့ကို လမ်းပြပေးသရွေ့ ငါ မင်းကို မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲမှာ ကာကွယ်ပေးမယ်"

"ကျေးဇူးတင်ပါတယ်"

ကျီလင်ဝေက အလွန်အမင်း ဝမ်းသာစွာဖြင့် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

သူမ၏ အင်အားက နည်းပါးလှသဖြင့် တောရိုင်းနယ်မြေထဲသို့ ဝင်ရန် ခက်ခဲသလို သူမ လိုအပ်သော အရာများကို ရှာဖွေရန်လည်း မဖြစ်နိုင်မှန်း သိသည်။

သူမက ဤနေရာတွင် နေလာသည်မှာ ကြာပြီ ဖြစ်သော်လည်း မည်သူကမှ သူမကို ခေါ်မသွားခဲ့ပေ။

ယခု ကျန်းချန်က လမ်းပြရှာနေသည်ဖြစ်ရာ သူမသည် သတ္တိမွေးကာ ရှေ့သို့ ထွက်လာခဲ့ခြင်းပင်။

ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့်သာ ဖြစ်သော်လည်း သာမန် မဟုတ်ကြောင်း ကျီလင်ဝေ ခံစားမိသည်။

ထို့အပြင် တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ကျန်းချန် နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူမသည် ကျန်းချန် ထံမှ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါတစ်ခုကို ခံစားနေရသည်။

ထို့ကြောင့်ပင် သူမသည် ကျန်းချန် နှင့်အတူ မျိုးနွယ်စု တစ်ရာ တောရိုင်းနယ်မြေ ထဲသို့ ဝင်ရန် တွေဝေမှုမရှိ ရွေးချယ်ခဲ့ခြင်း ဆိုလည်းမမှားပေ။

အခန်း(၂၀၃၄) ပြီး၏

All Chapters