← Chapters

အခန်း (၂၀၃၅-၂၀၃၆)

Vol. 144 Ch. 2035-2036

အခန်း (၂၀၃၅-၂၀၃၆)

Vol. 144 Ch. 2035-2036

အခန်း(၂၀၃၅)

"ငါ့နာမည်က ကျန်းချန်ပါ.. မင်း ငါနဲ့အတူ လိုက်ခဲ့လို့ရတယ်"

ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျီလင်ဝေကို မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆီသို့ ခေါ်သွားခဲ့သည်။

ကျီလင်ဝေသည် ဤနေရာတွင် သူ့အား လမ်းပြနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ရုံတင်မက သူ့အမေနှင့်လည်း သွေးသားတော်စပ်နိုင်ခြေ အလွန်မြင့်မား၏။

ထို့ကြောင့် ကျန်းချန် အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။

သူက ကျီလင်ဝေ ထံမှတစ်ဆင့် သူ့အမေ၏ ဘဝ အတွေ့အကြုံများနှင့် ပတ်သက်သည့် သတင်း အချက်အလက် အချို့ကို ရရှိကောင်း ရရှိနိုင်သည် မဟုတ်ပါလား။

"ဒီနှစ်ကောင်ကတော့ တကယ်ကို သေချင်နေတာပဲ"

ကျန်းချန်တို့က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် ကျင့်ကြံသူများက မထီမဲ့မြင် လှောင်ပြုံးများဖြင့် လှောင်ပြောင်လိုက်ကြသည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆိုသည်မှာ သတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေသည့် ရှုပ်ထွေးပြီး အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။

နယ်မြေနတ်ဘုရား ဦးဆောင်သည့် အဖွဲ့ ဆိုလျှင်ပင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် အခွင့်အရေးမှာ ၆၀ ရာခိုင်နှုန်းအောက်သာ ရှိပေသည်။

ထို့ကြောင့် ကောင်းကင်နတ်ဘုရား အဆင့်မှ ပုရွက်ဆိတ်နှစ်ကောင် ဝင်သွားခြင်းသည် ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ခုန်ချလိုက်သည်နှင့် မခြားပေ။

ကျန်းချန်က ကျီလင်ဝေကို ခေါ်ဆောင်ကာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ ဝင်ရောက်လာ၏။

မကြာမီမှာပင် အနက်ရောင် မြူများ ထူထဲစွာ ဖုံးလွှမ်းနေသည့် တောအုပ်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ဤနယ်မြေသည် တစ်နှစ်ပတ်လုံး မြူများ ဖုံးလွှမ်းနေ၍ ပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်တရာ မှောင်မိုက် အုံ့မှိုင်းနေခဲ့၏။

နယ်မြေနတ်ဘုရား အဆင့်ရှိသူများပင် ဤနေရာတွင် အာရုံခံနိုင်စွမ်း အတော်လေး ကန့်သတ်ခံထားရသည်။

ကျန်းချန်က အမှောင်ထဲတွင် ပုန်းကွယ်နေသည့် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ခံစားမိခဲ့၏။

၎င်းတို့က သူ့နှင့် ကျီလင်ဝေကို အသေအချာ ပစ်မှတ်ထားနေပုံရသည်။

သူတို့ ဤနေရာသို့ ခြေချလိုက်သည့် အချိန်မှစ၍ အမှောင်ထဲရှိ အရာများက သူတို့အား သားကောင်အဖြစ် သတ်မှတ်လိုက်ကြခြင်းပင်။

ကျန်းချန်က လေထဲမှတဆင့် ပြင်းထန်သော သွေးညှီနံ့ကို ရနေပြီး မြေပြင်ပေါ်တွင်လည်း ဤနေရာသို့ လာရောက်ခဲ့ကြသည့် ကျင့်ကြံသူများ၏ အလောင်းများက ပြန့်ကျဲနေကာ အချို့ဆိုလျှင် သိပ်မကြာခင်ကမှ သေသွားပုံရ၏။

"အကိုကျန်းချန်.. ဒါက နာမည်ကျော် အနက်ရောင်မြူတောအုပ်ပဲ.. ဒီတောအုပ်ကို ဖြတ်ကျော်ပြီးမှ​ပဲ တောရိုင်းနယ်မြေထဲကို အမှန်တကယ် ဝင်ရောက်နိုင်လိမ့်မယ်"

"အနက်ရောင်မြူ တောအုပ်ထဲမှာ လူတွေရဲ့ ဝိညာဉ်ကို ဝါးမြိုတတ်တဲ့ အရမ်း ထူးဆန်းတဲ့ သတ္တဝါတစ်မျိုး ရှိတယ်"

"ဒီသတ္တဝါတွေကို တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. မြေကြီးအရှင် တွေတောင် ဒီနေရာမှာ အတော်လေး သတိထားရတယ်"

ကျီလင်ဝေက ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်သည်။

အနက်ရောင်မြူတောအုပ်သည် သာမန် ကောင်းကင်နတ်ဘုရား အဆင့် အတွက် သေတွင်းတစ်ခု ကဲ့သို့ ဖြစ်သည်။

ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် မဟာ ကောင်းကင်နတ်ဘုရား တစ်ပါးပင် ဤတောအုပ်ကို တစ်ယောက်တည်း ဖြတ်ကျော်လျှင် သေဆုံးရန် ကိုးဆယ် ရာခိုင်နှုန်း သေချာ၏။

ကန့်သတ်ချက်ကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ထားသည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်ပင် ဤတောအုပ်ထဲတွင် တစ်ယောက်တည်း လျှောက်လှမ်းရန် အရည်အချင်း ပြည့်မီရုံမျှသာ ဖြစ်သည်။

သို့သော် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့် ပါရမီရှင် ဆိုသည်မှာ သူတို့ ကျီမျိုးနွယ်စုမှာပင် လက်ချိုးရေတွက်၍ရသည့် အထွတ်အထိပ် ပါရမီရှင် အဆင့် ဖြစ်သည်။

သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေပါသလော။

ကျီလင်ဝေက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူမက ကျန်းချန် နှင့်အတူ ဤနေရာသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သောကြောင့် ကျန်းချန်ကို ယုံကြည်ရန်သာ ရှိတော့သည် မဟုတ်ပါလား။

"ဒီလောက် များပြားတဲ့ ဝိညာဉ်တွေကို မွေးဖွားပေးနိုင်တယ် ဆိုတော့ ဒီအနက်ရောင်မြူ တောအုပ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ကျန်းချန် က အနက်ရောင်မြူတောအုပ် ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများထဲတွင် ဆန်းကြယ်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။

ဤအနက်ရောင်မြူတောအုပ်သည် အာရုံခံနိုင်စွမ်းကို အလွန်အမင်း အားနည်းသွားစေသော်လည်း သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် ကျော်လွန်နေသည့် ကျန်းချန် ၏ စွမ်းအားဖြင့် ဆိုလျှင် တောအုပ်ထဲတွင် လှည့်လည်နေသည့် ဝိညာဉ်များကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့သည်။

နတ်ကုန်းမြေတိုက်ရှိ ကျင့်ကြံသူများ၏ ဝိညာဉ်များသည် မူလကတည်းကပင် အလွန်တရာ စွမ်းအားကြီးမားကြသည်။

ကျင့်ကြံသူများသည် ရုပ်ခန္ဓာ ပျက်စီးသွားလျှင်ပင် ဝိညာဉ် မပျက်စီးသရွေ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ကြ၏။

သာမန်အားဖြင့် ပကတိ နတ်ဘုရားများ၏ ဝိညာဉ်များတွင်ပင် ပြည့်စုံသော အသိစိတ် ရှိကြသည်။

သို့သော် အနက်ရောင်မြူတောအုပ် အတွင်းရှိ ဝိညာဥ် အများစုကမူ ကောင်းကင်နတ်ဘုရား အဆင့် စွမ်းအားများ ရှိနေကြသော်လည်း ၎င်းတို့တွင် ကိုယ်ပိုင် အသိစိတ် လုံးဝ မရှိကြဘဲ ဝါးမျိုရန်နှင့် သတ်ဖြတ်ရန်သာ သိသည့် ဝိညာဉ်များ အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ကြသည်။

ဤအနက်ရောင်မြူတောအုပ်ကို တစ်စုံတစ်ယောက်က ထိတ်လန့်ဖွယ်ရာ ကောင်းသော အစီအရင် တစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်ဟု ကျန်းချန် ခံစားမိခဲ့သည်။

ထို့အပြင် ဝိညာဉ်များသည် အနက်ရောင်မြူတောအုပ်ကို ဖန်တီးခဲ့သူက ဖမ်းဆီး မွေးမြူထားသည့် အကျဉ်းသားများ ဖြစ်နိုင်လောက်၏။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ ဝင်ရောက်လိုကြသည့် ကျင့်ကြံသူများသည် ဤနေရာတွင် မွေးမြူထားသော ဝိညာဉ်များအတွက် အာဟာရများသာ ဖြစ်ကြသည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး နံဘေးရှိ ကျီလင်ဝေကို မေးလိုက်သည်။

"လင်ဝေ.. မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲက မျိုးနွယ်စုတွေထဲမှာ ဝိညာဉ်လမ်းစဉ်ကို အဓိကထား ကျင့်ကြံတဲ့ မျိုးနွယ်စု ရှိလား"

"ရှိတယ်.. တောရိုင်းနယ်မြေထဲမှာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုလို့ ခေါ်တဲ့ မျိုးနွယ်စု ရှိတယ်.. သူတို့က တောရိုင်းနယ်မြေရဲ့ အစွမ်းထက်ဆုံး မျိုးနွယ်စုတွေ ထဲက တစ်ခုပဲ"

ကျီလင်ဝေ ခဏမျှ ကြောင်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်သည်။

"ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု.."

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

အနက်ရောင်မြူတောအုပ်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ဖန်တီးထားနိုင်ခြေ အလွန် များပြားသည်။

ကျန်းချန် စိတ်ထဲတွင် အတွေးနက် နေစဉ်မှာပင် ဝိညာဉ်ဝါးမြိုခြင်း အရှိန်အဝါများ ထုတ်လွှတ်နေသည့် ဝိညာဉ် တစ်ခုသည် လေထုကို ကျော်ဖြတ်ကာ သူတို့နှစ်ဦးဆီ ရောက်ရှိလာခဲ့၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်တစ်ချက် ဝှေ့ယမ်းကာ သတ်ဖြတ်ရန် ရောက်ရှိလာသော ဝိညာဉ်ကို ရိုက်ခွဲပစ်လိုက်သည်။

သို့သော် ကျန်းချန် ရိုက်ခွဲပစ်လိုက်သည့် ဝိညာဉ်သည် ပျောက်ကွယ်မသွားဘဲ မကြာမီမှာပင် တစ်ဖန် ပြန်လည် စုစည်းသွားခဲ့ကာ ကျန်းချန် တို့ကို ထပ်မံ တိုက်ခိုက်လာပြန်သည်။

"အကိုကျန်းချန် .. အနက်ရောင်မြူ တောအုပ်ထဲက ဝိညာဥ်တွေကို သတ်လို့မရဘူး .. ကျွန်မတို့ ဒီဝိညာဥ်တွေနဲ့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး.. အနက်ရောင်မြူ တောအုပ်ထဲကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားမှဖြစ်မယ်"

ကျီလင်ဝေက အလျင်အမြန် သတိပေးလိုက်သည်။

ဤအနက်ရောင်မြူတောအုပ် အတွင်းရှိ ဝိညာဉ်များသည် အင်အား သိပ်မကြီးမားကြပေ။

အင်အားအကြီးဆုံး ဝိညာဉ်သည်ပင် ကောင်းကင် နတ်ဘုရားအဆင့်နှင့် နှိုင်းယှဉ်၍ရသော စွမ်းအားသာ ရှိသည်။

သို့သော် ၎င်းတို့၏ အစွမ်းထက်ဆုံး အချက်မှာ မသေနိုင်သည့် စွမ်းရည်ရှိနေပြီး မည်သို့မျှ သတ်ဖြတ်၍ မရခြင်းပင်။

ဤနေရာတွင် မြေကြီးအရှင် အဆင့် ရှိသူပင် ဖြစ်ပါစေ၊ အချိန်အကြာကြီး နေမိလျှင် အဆုံးသတ်၌ ထိုဝိညာဉ်များ၏ ဝါးမြိုခြင်းကို ခံရကာ အသက်ပျောက်သွားဖို့သာ ရှိ၏။

"မဟာလမ်းစဥ်စွမ်းအား"

သူ့ရှေ့ရှိ အခြေအနေကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဤအနက်ရောင်မြူ တောအုပ် အတွင်း၌ ဝိညာဉ်လမ်းစဥ် မဟာစွမ်းအားများ ရှိနေပြီး ဝိညာဉ်များကို မသေနိုင်သည့် စွမ်းရည် ပေးထားခြင်းပင် ဖြစ်သည်။

ယင်းက ဝိညာဉ်များကို အနက်ရောင်မြူတောအုပ် အတွင်း၌ ထာဝရ ရှင်သန်နေစေပြီး ၎င်းတို့ကို ဤနေရာတွင် မွေးမြူထားရခြင်း၏ ရည်ရွယ်ချက်လည်း ဖြစ်ပေလိမ့်မည်။

"ဝိညာဉ်လမ်းစဉ် မဟာစွမ်းအားက ဝိညာဉ်လမ်းစဉ်ကို အထူးပြု ကျင့်ကြံကြတဲ့ နတ်ဘုရင်တွေသာ ထိန်းချုပ်နိုင်တဲ့ စွမ်းအားမျိုးပဲ.. ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုထဲမှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရှိနေတာ ဖြစ်နိုင်မလား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူသိထားသလောက် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် နတ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်နေပြီမှန်းပင် မသိရတော့ပေ။

သို့ဖြစ်ရာ ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုတွင် နတ်ဘုရင်အဆင့် ​ကျင့်ကြံသူ မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။

ယခုအတိုင်းဆိုလျှင် တောရိုင်းနယ်မြေ အတွင်းရှိ အခြေအနေများက သူ ထင်မှတ်ထားသည်ထက် ပိုမို ရှုပ်ထွေးနေပုံရ၏။

ထိုအချိန်တွင် ကျန်းချန်က တစ်စုံတစ်ရာကို တွေးမိခဲ့ပြီး ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ သူ့ကို တိုက်ခိုက်လာသည့် ဝိညာဉ်ကို ဖိနှိပ်လိုက်သည်။

"ဝုန်း"

ဝိညာဉ်စွမ်းအား အလုံးစုံကို ဝါးမျိုနိုင်သည့် စွမ်းအားနှင့်အတူ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ထိုဝိညာဉ်ကို ချက်ချင်းပင် ဝါးမျို ဖျက်ဆီးပစ်လိုက်သည်။

"လူသားဧကရာဇ်နန်းတော်ရဲ့ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ်က တကယ်ကို အစွမ်းထက်တာပဲ.. ဒီလို သတ်လို့ မသေနိုင်တဲ့ ဝိညာဉ်တွေကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းတွင် အံ့ဩသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

အခန်း(၂၀၃၅) ပြီး၏

အခန်း(၂၀၃၆)

ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဉ်များကို ဖိနှိပ်ရာတွင် အလွန် အသုံးကျသည်ကို ကျန်းချန် ကောင်းစွာ သိရှိနားလည်ထားသည်။

အနက်ရောင်မြူတောအုပ် အတွင်း မွေးမြူထားသော ဝိညာဉ်များသည် နတ်ဘုရင် အဆင့်၏ မဟာလမ်းစဉ် စွမ်းအားဖြင့် ကောင်းချီးပေးခြင်းကို ခံထားရကာ မသေနိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

သူက ကံစမ်းလိုသော စိတ်ဆန္ဒလေး တစ်ခုဖြင့်သာ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ်သော်လည်း သူ့ရှေ့ရှိ ဝိညာဉ်ကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လူသားဧကရာဇ်နန်းတော်၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ်မှာ သူထင်မှတ်ထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေပုံရ၏။

"အကိုကျန်းချန်.. အစ်ကိုက အနက်ရောင်မြူတောအုပ် ထဲက ဝိညာဉ်တွေကို တကယ်ပဲ ဖျက်ဆီးပစ်နိုင်တယ်လား"

ကျီလင်ဝေ၏ မျက်ဝန်းများက မှုန်မှိုင်းနေခဲ့ပြီး ဤတုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

ကျီလင်ဝေသည် ကျင့်ကြံခြင်း ပါရမီ သိပ်မကောင်းသော်လည်း မရေမတွက်နိုင်သော ရှေးဟောင်း စာအုပ်များနှင့် မှတ်တမ်းများစွာကို ဖတ်ရှုဖူးသူ ဖြစ်သည်။

သူမက ကျီမျိုးနွယ်စု၏ စာကြည့်တိုက်ရှိ စာအုပ်အားလုံးနီးပါးကို ဖတ်ရှုထားသည် ဖြစ်ရာ သူမ၏ ဗဟုသုတသည် သာမန်လူများထက် များစွာ သာလွန်နေသည်ဟု ဆိုနိုင်၏။

ထို့ကြောင့် သူမက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် နေထိုင်ဖူးခြင်း မရှိသော်လည်း ဤတောရိုင်းနယ်မြေနှင့် ပတ်သက်၍ အတော်အတန် သိရှိထားသည်။

သူမ သိထားသလောက်ဆိုလျှင် အနက်ရောင်မြူ တောအုပ်သည် နတ်ဘုရင် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားနှင့် ဆက်နွှယ်ပတ်သက်နေခြင်း ဖြစ်သည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ ကိုယ်တိုင် မလှုပ်ရှားသ၍ သာမန် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများပင် အနက်ရောင်မြူတောအုပ် အတွင်းမှ မသေနိုင်သော ဝိညာဉ်များကို မဖျက်ဆီးနိုင်ချေ။

သို့သော်လည်း သူမ ရှေ့ရှိ ကျန်းချန်ကမူ အေးအေးဆေးဆေးပင် ဤနေရာရှိ ဝိညာဉ်များ၏ မသေနိုင်သော ခန္ဓာကိုယ်ကို ဖျက်ဆီးကာ လုံးဝအမြစ်ပြတ် သုတ်သတ်ပစ်ခဲ့သည်။

ယင်းက အတော်လေး မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။

ဤအခိုက်အတန့်တွင် ကျီလင်ဝေသည် သူမရှေ့မှ လူက ကောင်းကင်နတ်ဘုရား အဆင့် အဖြစ် ဟန်ဆောင်ထားသည့် နတ်ဘုရင် တစ်ပါးများ ဖြစ်နေမလားဟုပင် သံသယဝင်လာမိသည်။

စင်စစ် ထိုကဲ့သို့ စွမ်းအားမျိုးသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ပိုင်ဆိုင်နိုင်သည့် စွမ်းအားမျိုး လုံးဝမဟုတ်ပေ။

"လင်ဝေ.. သွားကြစို့"

ဝိညာဉ်ကို သတ်ဖြတ်ပြီးနောက် ကျန်းချန်က ကျီလင်ဝေကို တိုက်ရိုက် ခေါ်ဆောင်ကာ အနက်ရောင်မြူ တောအုပ်၏ အတွင်းပိုင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။

လမ်းတစ်လျှောက်တွင်လည်း ကျန်းချန် တို့သည် ဝိညာဉ်များစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဝိညာဥ်များသည် ကောင်းကင်နတ်ဘုရားအဆင့် ၊ နယ်မြေနတ်ဘုရား အဆင့် သို့မဟုတ် မြေကြီးအရှင် အဆင့်မှ ဝိညာဉ်များ ဖြစ်သော်လည်း ကျန်းချန်၏ စည်းတံဆိပ် အောက်တွင် အစအနပင်မကျန် သတ်ဖြတ်ခံခဲ့ရသည်။

ကျီလင်ဝေက ကျန်းချန်၏ နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားရင်း ကျန်းချန်က လက်ဟန်များ ထုတ်ဖော်ကာ လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြု၍ ဝိညာဉ်ဆိုးများအား တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေသည်ကို ကြည့်နေမိသည်။

သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ခံစားနေရ၏။

အစပိုင်းတွင် ကျီလင်ဝေသည် ကျန်းချန်၏ ဝိညာဉ်ဆိုးများကို သတ်ဖြတ်နိုင်စွမ်း အပေါ်တွင် အလွန်အမင်း တုန်လှုပ်နေခဲ့၍ ကျန်းချန်၏ စည်းတံဆိပ်ကို သိပ်သတိမထားမိခဲ့ပေ။

သို့သော် ကျန်းချန်က ထပ်ခါတလဲလဲ အသုံးပြုလာသောအခါတွင် ကျန်းချန် အသုံးပြုနေသည့် စည်းတံဆိပ်က သူမ ကောင်းစွာ သိထားသည့် ကိုယ်ခံပညာရပ် တစ်ခုနှင့် အလွန် တူညီနေကြောင်း အဆုံးသတ်၌ ကျီလင်ဝေ ရှာဖွေ တွေ့ရှိသွားခဲ့သည်။

ဤကိုယ်ခံပညာရပ်မှာ လူသားဧကရာဇ် နန်းတော်မှ တော်ဝင်မျိုးနွယ်စု ဖြစ်သည့် ကျန်းမျိုးနွယ်စု၏ ကိုယ်ခံပညာရပ် ဖြစ်သည်။

ယင်းအခိုက်အတန့်တွင် ကျီလင်ဝေသည် ကျန်းချန် က အဘယ်ကြောင့် အနက်ရောင်မြူတောအုပ် အတွင်းရှိ ဝိညာဉ်ဆိုးများကို အလွယ်တကူ သတ်ဖြတ်နိုင်မှန်း နားလည်သွားခဲ့သည်။

အနက်ရောင်မြူတောအုပ်၏ အစီအရင်သည် နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားနှင့် ဆက်နွှယ်နေသော်လည်း သန္ဓေအဆင့် ကိုယ်ခံပညာရပ် ဆိုသည်မှာ နတ်ဘုရင်အဆင့်ကို လုံးဝ ကျော်လွန်နေသော ကိုယ်ခံပညာရပ် ဖြစ်သည်။

ဒဏ္ဍာရီအရ လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်တွင် စည်းတံဆိပ် သုံးခု ရှိပြီး စည်းတံဆိပ် တစ်ခုချင်းစီတွင် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားများ ရှိကြသည်။

ထို့အပြင် လူသား ဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်ထဲရှိ စည်းတံဆိပ်တစ်ခုသည် ကမ္ဘာပေါ်ရှိ ဝိညာဉ်များကို ဖိနှိပ်နိုင်စွမ်း ရှိ၏။

အနက်ရောင်မြူတောအုပ်၏ နောက်ကွယ်တွင် နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားဖြင့် စီရင်ထားသောကြောင့် ဤနေရာရှိ ဝိညာဉ်ဆိုးများသည် မသေနိုင်သော စွမ်းရည်များ ရှိနေကြသည်။

သို့သော်လည်း ထိပ်တန်းအဆင့် ကိုယ်ခံ ပညာရပ်နှင့် ရင်ဆိုင်ရသောအခါတွင်မူ ဖျက်ဆီးခံရမည့် ကံကြမ္မာ ပါလာခဲ့ချေပြီ။

"လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်.. ကျန်းချန်.. လူသားဧကရာဇ် နန်းတော်က ကျန်း တော်ဝင်မျိုးနွယ်စု.."

သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ရင်း ကျီလင်ဝေ၏ လှပသော မျက်ဝန်းလေးထဲတွင် ဖြူဖျော့သော အရိပ်အယောင်များ ပေါ်လာခဲ့၏။

လူသားဧကရာဇ်နန်းတော်မှ ကျန်းမိသားစုဝင်များသည် အကြောင်းရင်းမရှိဘဲ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တွင် ပေါ်လာရန် မဖြစ်နိုင်ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် သူမ ရှေ့ရှိ ကျန်းချန်သည် သူမကို ရည်ရွယ်၍ ရောက်လာနိုင်ခြေ အများဆုံး ဖြစ်သည်။

"အကိုကျန်းချန် .. အစ်ကို ခုနက ထုတ်ဖော်လိုက်တဲ့ ကိုယ်ခံပညာရပ်က လူသားဧကရာဇ်နန်းတော်ရဲ့ ကိုယ်ခံပညာရပ် မဟုတ်လား"

ကျီလင်ဝေက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"အကိုကျန်းချန်က လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမိသားစုဝင် တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"

ကျန်းချန်က ကျီလင်ဝေကို ကြည့်လိုက်သည်။

"မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမိသားစု အကြောင်းကိုလည်း သိတာပဲလား"

"အကိုကျန်းချန်လည်း ကျွန်မက ကျီမျိုးနွယ်စုကမှန်း ခန့်မှန်းမိပြီးသား ဖြစ်မှာပါ"

ကျီလင်ဝေက ဝမ်းနည်းစွာ ပြုံးလိုက်သည်။

"အကိုကျန်းချန်က ကျန်းမိသားစုဝင် တစ်ယောက် ဖြစ်နေမှတော့ လူသားဧကရာဇ်နန်းတော် နဲ့ ကျီမိသားစုရဲ့ ဇစ်မြစ်ကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ.. အကိုကျန်းချန် ကျွန်မကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ"

ကျန်းမိသားစုကို ရှောင်ရှားရန်အတွက် ကျီမျိုးနွယ်စုသည် မည်သူမှ သတိမထားမိအောင် သူမ ကဲ့သို့ သာမန်အရည်အချင်းသာ ရှိသည့် လူကို ဤတာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သူမက ယခုတစ်ကြိမ် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ လာသောအခါတွင် အလွန်အမင်း သတိထားခဲ့သော်လည်း ကျန်းတော်ဝင်မိသားစု၏ သတိပြုမိခြင်းကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျန်းမိသားစုသည် သူတို့ ကျီမျိုးနွယ်စုကို မည်သည့်အခွင့်အရေးမှ ပေးရန် အစီအစဉ် မရှိသည်မှာ ထင်ရှားနေခဲ့၏။

"ငါက မင်းကို ဘာလို့ ဒုက္ခပေးရမှာလဲ"

ကျန်းချန်က ကျီလင်ဝေကို ကြည့်လိုက်ပြီးနောက် အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

"လင်ဝေ.. ငါက လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမိသားစုနဲ့ ဆက်နွှယ်မှု တချို့ ရှိနိုင်ပေမဲ့ အနည်းဆုံးတော့ ငါက လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်း တော်ဝင်မျိုးနွယ်စုကတော့ မဟုတ်ဘူး"

ထိုစကားကို ပြောနေစဉ်တွင် ကျန်းချန်၏ စိတ်ထဲ၌ သံသယများ ပေါ်လာခဲ့သည်။

သူ ယခု သိထားသော သဲလွန်စများအရ သူ့ဖခင် ကျန်းဝူရသည် လူသားဧကရာဇ်နန်းတော်၏ ကျန်းမိသားစုဝင် ဖြစ်ရန် အလွန် နီးစပ်ပြီး သူ့မိခင်ကမူ ကျီလင်ဝေ နှင့် တော်စပ်သော ကျီမိသားစုနှင့် ပတ်သက်နေရန် အလွန် နီးစပ်သည်။

သို့ဆိုလျှင် ကျန်းမိသားစုနှင့် ကျီမိသားစု တို့၏ ဆက်ဆံရေးသည် နီးစပ်သော ဆက်ဆံရေး ဖြစ်သင့်သည် မဟုတ်ပါလော။

ကျီလင်ဝေ၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ မျိုးနွယ်စုနှစ်ခုကြားတွင် နက်ရှိုင်းသော ရန်ငြိုးများ ရှိနေပုံရ၏။

"မဖြစ်နိုင်တာ.. ကျန်းမိသားစုဝင် မဟုတ်ရင် လူသား ဧကရာဇ် နန်းတော်ရဲ့ ကိုယ်ခံပညာရပ်ကို ဘယ်လိုလုပ် တတ်မြောက်နိုင်မှာလဲ"

ကျီလင်ဝေ၏ လှပသော မျက်ဝန်းလေးထဲတွင် မယုံကြည်နိုင်သော အမူအရာများ ရုတ်တရက် ပေါ်လာခဲ့သည်။

"ဒါက ပြောရရင် ရှည်တယ်.. နောက်မှပဲ မင်းကို ဖြည်းဖြည်းချင်း ရှင်းပြမယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ငါအခု ဒီက ဝိညာဉ်ဆိုးတွေကို ဖျက်ဆီးပစ်လိုက်ပြီ ဆိုတော့ ဒီမှာ ဆက်နေဖို့ မသင့်တော်တော့ဘူး.. ဒီကနေ အရင် ထွက်သွားကြရအောင်"

ထိုစကားကိုကြားလျှင် ကျီလင်ဝေ အနည်းငယ် မှင်တက်သွားသည်။

အနက်ရောင်မြူတောအုပ်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖန်တီးထားခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ယခု ကျန်းချန်က ဝိညာဉ်ဆိုးများကို ဖျက်ဆီးလိုက်ခြင်းသည် နတ်ဘုရင်၏ အမျက်ဒေါသကို ဆွလိုက်သကဲ့သို့ပင် မဟုတ်ပါလား။

နတ်ဘုရင်သာ ရောက်ရှိလာလျှင် သူတို့အနေဖြင့် ထွက်သွားနိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သူတို့နှစ်ဦးက တွန့်ဆုတ်မနေဘဲ အနက်ရောင်မြူ တောအုပ်ကို အလျင်အမြန် ဖြတ်ကျော်ကာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ ဦးတည်သွားခဲ့ကြသည်။

---------------------

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံး နေရာရှိ အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းနေသည့် ဧရာမ တောင်တန်းကြီးတစ်ခုတွင် မဟူရာ နန်းတော်တစ်ခု တည်ရှိနေသည်။

ဤသည်မှာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သော ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု နေထိုင်သည့် နေရာ ဖြစ်သည်။

ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ရာ ကောင်းသော ကြုံးဝါးသံ တစ်သံသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အတွင်းအကျဆုံး နေရာရှိ ရှေးဟောင်းကျောင်းဆောင် တစ်ခုကနေ ထွက်ပေါ်လာခဲ့သည်။

ထိုအသံက ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စု တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

"မကောင်းတော့ဘူး.. ဘိုးဘေးက မမျှော်လင့်ဘဲ နိုးထလာခဲ့ပြီ.. ဘယ်အရာက ဘိုးဘေးကို ဒီလို ဖြစ်စေခဲ့တာလဲ"

ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စု၏ ဗဟိုခန်းမတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ကာ တင်ပျဉ်ခွေ၍ ကျင့်ကြံနေသော အဘိုးအို တစ်ဦးသည် သူ၏ မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ရေးကြီးသုတ်ပြာ ပြေးဝင်လာခဲ့ကာ အဘိုးအိုကို ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်.. မကောင်းတော့ဘူး .. ဘိုးဘေးက ခန်းမထဲမှာ ဒေါသ အတော်လေး ထွက်နေတယ်"

"ငါတို့ ဘိုးဘေးဆီ သွားကြစို့"

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက မတ်တတ်ရပ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။

အခန်း(၂၀၃၆) ပြီး၏

All Chapters