အခန်း (၂၀၃၇-၂၀၃၈)
Vol. 144 Ch. 2037-2038
အခန်း(၂၀၃၇)
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အတူ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အတွင်းအကျဆုံး နေရာရှိ ကျောင်းဆောင် တစ်ခု ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
အလွန်လျင်မြန်စွာပင် သူတို့နှစ်ဦးသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ရှေးဟောင်းကျောင်းဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုအခါ ကျောင်းဆောင် အတွင်းရှိ သွေးပျက်ဖွယ် မြင်ကွင်းသည် သူတို့၏ အမြင်အာရုံထဲသို့ ချက်ချင်းပင် ဝင်ရောက်လာခဲ့၏။
ခန့်ညားထည်ဝါသော ကျောင်းဆောင် အတွင်း၌ ကိုးကွယ်ပူဇော်ထားသော ကြီးမားလှသည့် နတ်ရုပ်တုကြီး တစ်ခု ရှိနေခဲ့သည်။
၎င်းကို နတ်ရုပ်တုဟု ဆိုရသည်ထက် မိစ္ဆာရုပ်ထုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
ဤမိစ္ဆာရုပ်ထုသည် ကြောက်မက်ဖွယ်ရာ ကောင်းသော မျက်နှာ အသွင်အပြင် ရှိပြီး နဖူးပေါ်တွင်လည်း ထူးဆန်းသော အနက်ရောင် ဦးချိုတစ်ချောင်း ပေါက်နေ၏။
၎င်းက ငရဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ သေခြင်းတရား အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ထိုမိစ္ဆာရုပ်ထုကြီးသည် အသက်ဝင်နေခဲ့၏။
၎င်းက ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုဝင် တစ်ဦးကို လက်တစ်ဖက်ဖြင့် ကိုင်မြှောက်ထားလိုက်ပြီးနောက် ခွန်အားကို အသုံးပြုကာ အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်သည်။
သွေးမိုးများက ကောင်းကင်အနှံ့ ကျဆင်းလာခဲ့ပြီး ကျောင်းဆောင် တစ်ခုလုံးသည် သွေးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက သူ့ ရှေ့မှ အခြေအနေကို ကြည့်နေသော်လည်း အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့သည်။
သူက မိစ္ဆာရုပ်တုကို ဦးညွှတ်ကာ ပြောလိုက်သည်။
"ဘိုးဘေး.. ဘယ်လို ကိစ္စများ ရှိလို့ အခုလို ဒေါသထွက်နေရတာလဲဆိုတာ ကျွန်တော်မျိုး သိပါရစေ"
မိစ္ဆာရုပ်တုက သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုကို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် ဒေါသတကြီး ကြုံးဝါးသံသည် ကျောင်းဆောင် အတွင်း ပေါက်ကွဲထွက်လာခဲ့၏။
"အနက်ရောင်မြူတောအုပ်.. ငါ အနက်ရောင်မြူတောအုပ် ထဲမှာ ဖမ်းဆီးထားတဲ့ ဝိညာဉ်တွေကို တစ်တစ်ယောက်ယောက်က သတ်ပစ်လိုက်ပြီ"
ထိုအခိုက်အတန့်တွင် ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားများက သမုဒ္ဒရာကြီးတစ်ခု ကဲ့သို့ လှိုင်းထန်လာပြီး ကျောင်းဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတို့ နှစ်ဦးပင်လျှင် သူတို့၏ ဦးနှောက်များ ပွင့်ထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်များ ပြိုလဲမတတ် ဖြစ်သွားခဲ့သည်။
"ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အနက်ရောင်မြူတောအုပ် ဆိုတာ ဘိုးဘေးရဲ့ ဝိညာဉ်စွမ်းအား အထောက်အပံ့နဲ့ ဖန်တီးထားတဲ့ ပြိုင်ဘက်ကင်း အစီအရင်တစ်ခု ဖြစ်တဲ့အပြင် အဲဒီထဲက ဝိညာဉ်ဆိုးတွေက အနက်ရောင်မြူတောအုပ် ထဲမှာဆိုရင် မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်.. သူတို့ကို ဘယ်လိုလူက ဖျက်ဆီးလိုက်တာလဲ"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက ထိတ်လန့်တကြား အမူအရာဖြင့် ပြောလိုက်သည်။
"နတ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ လက်ချက်များလား"
"လုံးဝ မဖြစ်နိုင်ဘူး"
"မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆိုတာ မင်္ဂလာမရှိတဲ့ နိမိတ်ဆိုးနေရာပဲ.. ပြင်ပက နတ်ဘုရင် အဆင့် ကျင့်ကြံသူ တွေက ဒီနေရာကို အလွယ်တကူ ကျူးကျော်ဖို့ မဝံ့ရဲကြဘူး"
"ကြည့်ရတာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲက လူတွေ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်.. လက်သည်တရားခံကို ချက်ချင်း ရှာဖွေပါ .. ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ အစီအစဥ်ကို ဖျက်ဆီးရဲမှတော့ ငါ လုံးဝ အပြတ်ရှင်းပစ်မယ်"
မိစ္ဆာရုပ်တုကြီးက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"ဘိုးဘေး စိတ်ချပါ ... ကျွန်တော်မျိုး ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းပါ့မယ်"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျောင်းဆောင်မှ ထွက်ခွာလာခဲ့ပြီးနောက်တွင် သူ၏ ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားကို လေးနက်သော အမူအရာဖြင့် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"တောင်ဝိညာဉ်မျိုးနွယ်စု ဆီကို ချက်ချင်း စာပို့လိုက်ပါ .. သူတို့ကို အနက်ရောင်မြူတောအုပ်ဆီ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်.. ပြီးရင် တခြား နတ်မျိုးနွယ်စုတွေကိုလည်း စောင့်ကြည့်ထား.. သူတို့ဆီမှာ မကြာသေးခင်က အပြောင်းအလဲ တစ်ခုခု ရှိလား ဆိုတာပါ စစ်ဆေးလိုက်"
ထိုစကားကို ကြားလျှင် လူလတ်ပိုင်းအရွယ် အမျိုးသားက ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင်.. ဒီကိစ္စက တခြား နတ်မျိုးနွယ်စုတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိနေတာလား"
"ငါတို့ ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုတွေရဲ့ ဘိုးဘေးကို ပြန်လည်ရှင်သန်အောင် လုပ်မယ့် အစီအစဉ်က ဖုံးကွယ်ထားတယ် ဆိုပေမဲ့ တခြား နတ်မျိုးနွယ်စုတွေကို လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်ဖို့တော့ မလွယ်ဘူး"
"ဘိုးဘေးသာ ပြန်လည် ရှင်သန်လာပြီ ဆိုရင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ရဲ့ တစ်ဦးတည်းသော နတ်ဘုရင် ဖြစ်လာလိမ့်မယ်.. အဲဒီအချိန်ကျရင် တောရိုင်းနယ်မြေ တစ်ခုလုံးက ငါတို့ ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုရဲ့ ခြေဖဝါးအောက်မှာ ဒူးထောက်ရလိမ့်မယ်"
"ဘာလဲ... တခြား နတ်မျိုးနွယ်စုတွေက ငါတို့ ဘိုးဘေး ပြန်လည် ရှင်သန်လာတာကို ဒီအတိုင်း ထိုင်ကြည့်နေကြမယ်လို့ မင်း ထင်နေတာလား"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
လူလတ်ပိုင်း အရွယ် အမျိုးသား၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒါပေမဲ့ အနက်ရောင်မြူတောအုပ်က ဘိုးဘေး ကိုယ်တိုင် ဖန်တီးထားတာ ဆိုတော့ တခြား နတ်မျိုးနွယ်စုတွေက အနက်ရောင်မြူတောအုပ်ကို ဖျက်ဆီးချင်ကြတယ် ဆိုရင်တောင် သူတို့မှာ အနက်ရောင်မြူတောအုပ်ကို ဖျက်ဆီးနိုင်တဲ့ နည်းလမ်း မရှိဘူးထင်တယ်"
"မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ထဲက နတ်မျိုးနွယ်စုတွေမှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိဘူး ဆိုပေမဲ့ သူတို့ဆီမှာ နတ်ဘုရင် အမွေအနှစ်တွေတော့ ရှိကြတယ်.. ဒါကြောင့် သူတို့ကို အထင်သေးလို့ မဖြစ်ဘူး"
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"အခု ချက်ချင်း သွားလုပ်လိုက်စမ်း.. ဘယ်သူပဲဖြစ်ဖြစ် ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲရင် ငါအဲဒီလူကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
--------------------
ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အသုံးပြုကာ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဝိညာဉ်များကို သတ်ဖြတ်ခဲ့သည်။
တစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် အနက်ရောင်မြူတောအုပ်ကို ဖြတ်ကျော်ကာ မျိုးနွယ်စု တစ်ရာ တောရိုင်းနယ်မြေ၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
"ဟူး... နောက်ဆုံးတော့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ထဲကို ရောက်လာခဲ့ပြီ"
အနက်ရောင်မြူတောအုပ် ထဲမှ ချောမွေ့စွာ ထွက်လာနိုင်သည်ကို မြင်လိုက်ရလျှင် ကျီလင်ဝေသည် အသက်ဝဝ ရှူလိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆိုသည်မှာ နတ်ဘုရင် အဆင့် ကျင့်ကြံသူများ အတွက် တားမြစ်နယ်မြေ တစ်ခု ဖြစ်သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ အလွယ်တကူ ကျူးကျော် ဝင်ရောက်ဝံ့သည့် နတ်ဘုရင် တစ်ပါးမျှ မရှိချေ။
ထို့ကြောင့် အနက်ရောင်မြူ တောအုပ်၏ နောက်ကွယ်ရှိ နတ်ဘုရင်အဆင့် ကျင့်ကြံသူသည် သူတို့ကို ပြဿနာရှာရန် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ အလွယ်တကူ ဝင်ရောက်ဝံ့လိမ့်မည် မဟုတ်ပေ။
အနည်းဆုံးတော့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်း၌ သူတို့သည် ခေတ္တခဏ ဘေးကင်းသွားပြီ ဖြစ်သည်။
"မစိုးရိမ်ပါနဲ့.. ငါ ထွက်လာဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက မလိုလားအပ်တဲ့ ပြဿနာတွေကို မဖြစ်ချင်လို့ပါ.. အနက်ရောင်မြူတောအုပ်ရဲ့ နောက်ကွယ်က လူကို ကြောက်လို့ မဟုတ်ပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"မင်းကို ဘေးကင်းအောင် စောင့်ရှောက်မယ်လို့ ငါ ပြောထားပြီးမှတော့ ဘယ်သူကမှ မင်းကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ကျီလင်ဝေက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ကျန်းချန်ကို မေးလိုက်သည်။
"အကိုကျန်းချန်.. အစ်ကိုက တကယ်ပဲ လူသားဧကရာဇ် နန်းတော်ရဲ့ ကျန်းမိသားစုဝင် မဟုတ်ဘူးလား"
"ဟုတ်ရင်လည်း ဟုတ်မယ်.. မဟုတ်ရင်လည်း မဟုတ်ဘူး.. ငါလည်း သေချာ မသိဘူး.. ငါက တကယ်တော့ အဆင့်နိမ့် နယ်မြေက လာခဲ့တာပါ.. လူသားဧကရာဇ် စည်းတံဆိပ်ကိုလည်း အဆင့်နိမ့် နယ်မြေမှာပဲ သင်ယူခဲ့တာ"
ကျန်းချန်က ပြောရင်း သူ၏ သွေးစွမ်းအားကို လှုံ့ဆော်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"ငါက လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမိသားစုဝင် တကယ်ဟုတ်မဟုတ် ငါမသိပေမဲ့ သေချာတာ တစ်ခုကတော့ ငါက မင်းနဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိရမယ်"
"ကျီ.. ကျီမျိုးနွယ်စုရဲ့ သွေးစွမ်းအားပါလား"
ကျီလင်ဝေ၏ မျက်ဝန်းများက မှုန်မှိုင်းသွားခဲ့သည်။
သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"အစ်ကိုကျန်းချန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျွန်မတို့ ကျီမျိုးနွယ်စုရဲ့ သွေးစွမ်းအား ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
ကျန်းချန်က ပြုံး၍ လိုက်သည်။
"ဒီအကြောင်းကို မင်းက ငါ့ထက် ပိုသိမယ်လို့ ထင်တယ်"
ကျီလင်ဝေ၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
သူမ သိထားသလောက် ရှေးကာလက ကျန်း တော်ဝင်မျိုးနွယ်စုနှင့် ကျီမိသားစုတို့ ကြားတွင် လက်ထပ် ထိမ်းမြားမှုများ ရှိခဲ့ကြပြီး မင်္ဂလာမောင်နှံ နှစ်ဦးစလုံးသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းတွင် လူသားဧကရာဇ် နန်းတော်၌ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့၏။
ထိုကြီးမားသော အပြောင်းအလဲတွင် မင်္ဂလာမောင်နှံ ကျဆုံးခဲ့ရပြီး ထိုအချိန်မှစ၍ ကျန်းမျိုးနွယ်စုနှင့် ကျီမိသားစု တို့သည်လည်း ခွာပြဲသွားခဲ့ကာ ရန်သူများ ဖြစ်လာခဲ့ကြသည်။
ယနေ့ကာလတွင် ကျန်းမျိုးနွယ်စုသည် ကျီမိသားစုကို သေတွင်းထဲသို့ ပို့ရန်ပင် စိတ်အားထက်သန်နေကြပြီ ဖြစ်၏။
ယခုတစ်ကြိမ် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ ကျီလင်ဝေ လာခဲ့ခြင်းမှာ ဘေးဒုက္ခ ကျရောက်နေသော ကျီမိသားစုကို ကယ်တင်ရန်အတွက် တစ်စုံတစ်ခုကို ရှာဖွေရန် ဖြစ်သည်။
သူမ ရှေ့ရှိ ကျန်းချန်သည် ကျန်းမျိုးနွယ်စု နှင့် ကျီမျိုးနွယ်စုမှ ဘိုးဘေးများ၏ အဆက်အနွှယ်များ ဖြစ်နေနိုင်ပါသလော။
ကျီလင်ဝေက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အကိုကျန်းချန်.. ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကနေ ထွက်သွားပြီးရင် အစ်ကို ကျွန်မနဲ့အတူ ကျီမိသားစုဆီကို လိုက်လာခဲ့ရမယ်နော်"
"အေးပါ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
ကျီမျိုးနွယ်စုက သူ၏ မိခင်နှင့် ပတ်သက်နေရန် အခွင့်အလမ်း ရှိနေသဖြင့် သူက ကျီမျိုးနွယ်စု ဆီသို့ သွားကာ စုံစမ်းလိုခဲ့သည်။
စကား တပြောပြောဖြင့် သူတို့နှစ်ဦးက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းသို့ ဝင်လာခဲ့ကြသည်။
ဤအခိုက်အတန့်တွင် မိုင်ပေါင်း ထောင်ချီဝေးသော နေရာ၌ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်လှိုင်းများသည် ဒီရေကဲ့သို့ ကောင်းကင်ယံတွင် လျှံတက်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျီလင်ဝေ၏ လှပသော မျက်နှာလေးက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"အကိုကျန်းချန်.. မျိုးနွယ်စုနှစ်ခု တိုက်ပွဲဖြစ်နေတဲ့ပုံပဲ.. ကျွန်မတို့ ဒီကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားကြရအောင်"
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်း၌ မျိုးနွယ်စုများစွာ ရှိကြပြီး အားနည်းဆုံးသော မျိုးနွယ်စုသည်ပင် မြေကြီးအရှင် အဆင့် ကျင့်ကြံသူများ အုပ်ချုပ်သော မျိုးနွယ်စုများ ဖြစ်ကြသည်။
ထို့အပြင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ အုပ်ချုပ်သည့် မျိုးနွယ်စုများမှာလည်း မရေမတွက်နိုင်အောင် ရှိ၏။
တောရိုင်းနယ်မြေ အတွင်းရှိ အရင်းအမြစ် များစွာကို ရယူနိုင်ရန်အတွက် မျိုးနွယ်စုများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော မျိုးနွယ်စု စစ်ပွဲများကို မကြာခဏ ဆင်နွှဲတတ်ကြသည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းရှိ မျိုးနွယ်စု စစ်ပွဲတစ်ခုတွင်သာ ပိတ်မိသွားလျှင် သေချာပေါက် အလွန်တရာ ဒုက္ခများသွားနိုင်ပေသည်။
အခန်း(၂၀၃၇) ပြီး၏
အခန်း(၂၀၃၈)
"ကိစ္စမရှိဘူး.. ငါတို့ အနားသွားပြီး ကြည့်ရအောင်"
ထိုစကားကိုပြောရင်း ကျန်းချန်က သူ၏ရှေ့ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ လှုပ်ခတ်နေသည့် နေရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် မျိုးနွယ်စု များစွာ ရှိကြသော်လည်း နတ်ဘုရင်အဆင့် မျိုးနွယ်စုကြီး တစ်ခုမျှ မရှိချေ။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ အင်အားအကြီးဆုံး မဟာနတ်မျိုးနွယ်စု များတွင်ပင် သူတို့၏ ဘိုးဘေးများလက်ထက်ကသာ နတ်ဘုရင် အဆင့် ကျင့်ကြံသူ ရှိခဲ့ဖူး၏။
ယင်းကလည်း နှစ်ကာလ အလွန်အမင်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်နေလျှင်ပင် ကျန်းချန်ကို ခြိမ်းခြောက်ရန် လွယ်ကူမည် မဟုတ်ပေ။
သို့ဖြစ်ရာ သူ၏ရှေ့မှ မျိုးနွယ်စု စစ်ပွဲလောက်ကို အဘယ်ကြောင့် စိုးရိမ်စရာ လိုအပ်ပါမည်နည်း။
ထို့အပြင် ယခုအကြိမ် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ သူ ဝင်ရောက်လာရသည့် အဓိက ရည်ရွယ်ချက်မှာ သူ့ဆရာ ရွှယ်သောင်းကို ရှာဖွေရန် ဖြစ်သည်။
သူ့ဆရာ၏ သတင်းကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေလိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အတွင်းရှိ မျိုးနွယ်စု များ၏ စွမ်းအားကို အသုံးချခြင်းသည် သံသယဖြစ်ဖွယ်ရာ မရှိ အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။
အလွန်လျင်မြန်စွာပင် မတ်စောက်သော တောင်တန်းကြီး တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
တောင်ထိပ်ပေါ်တွင် နဖူး၌ ဦးချိုနှစ်ချောင်းစီ ရှိပြီး ရွှေရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူတစ်စုက စောင့်ကြပ်နေကြ၏။
သူတို့၏ ဆန့်ကျင်ဘက်တွင်မူ ထူးဆန်းသော အရှိန်အဝါများရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူတစ်စုသည် တောင်ပေါ်ရှိ လူများကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။
"သတ်ကြဟေ့"
နှစ်ဖက်စလုံးတွင် မြေကြီးအရှင် အဆင့် ရှိသည့် ကျင့်ကြံသူ တစ်ဦးစီ ရှိနေကြ၏။
တိုက်ပွဲအတွင်း သာမန် နယ်မြေနတ်ဘုရား ဆယ်ဦးထက်မနည်း ပါဝင်ကာ ကောင်းကင်နတ်ဘုရား ထောင်ပေါင်းများစွာ ပါဝင်နေကြသည်။
"ဝုန်း.. ဝုန်း.. ဝုန်း..."
ကောင်းကင်ယံရှိ လေထုထဲတွင် တောက်ပသော အလင်းတန်းများသည် အဆက်မပြတ် ရိုက်ခတ်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ပေါက်ကွဲသံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
အားနည်းသော ကောင်းကင်နတ်ဘုရား အချို့မှာ အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင် ပေါက်ကွဲမှုများ အတွင်း ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ကြသည်။
သူ့ရှေ့မှ အခြေအနေကို ကြည့်ရင်း ကျီလင်ဝေက ကျန်းချန်ကို တိုးတိုးလေး ပြောလိုက်သည်။
"အကိုကျန်းချန်.. ကျွန်မ ခန့်မှန်းချက်သာ မမှားရင် တိုက်ခိုက်နေတဲ့ မျိုးနွယ်စုက တောင်ဝိညာဥ်မျိုးနွယ်စု နဲ့ နွားလား မျိုးနွယ်စုပဲ ဖြစ်ရမယ်"
ကျီလင်ဝေက စာအုပ်များစွာ ဖတ်ရှုထားဖူးသဖြင့် နတ်ကုန်းမြေတိုက် အကြောင်းကို သာမန်လူများထက် ပိုမိုနားလည်ထားသည်။
အထူးသဖြင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ မလာရောက်မီ ကျီလင်ဝေသည် တောရိုင်းနယ်မြေရှိ အချက်အလက်အချို့ကို အထူးတလည် စုံစမ်းထားခဲ့သဖြင့် ဤနေရာတွင် နေထိုင်သည့် မျိုးနွယ်စုတိုင်းကို သိရှိထား၏။
"ဒီ နွားလား မျိုးနွယ်စုနဲ့ တောင်ဝိညာဥ် မျိုးနွယ်စုက ရူးနေကြတာလား"
ကျန်းချန်က သူ့ရှေ့မှ စစ်မြေပြင်ကို လှမ်းကြည့်ရင်း တိတ်တဆိတ် ပြောလိုက်သည်။
"ဒီမျိုးနွယ်စု နှစ်ခုလုံးရဲ့ အင်အားက အတူတူလောက်ပဲ.. ဒီအတိုင်းသာ ဆက်တိုက်နေမယ် ဆိုရင် နှစ်ဖက်စလုံး အထိနာဖို့ပဲ ရှိမယ်.. ဘယ်ဘက်ကမှ အကျိုးအမြတ် ရလိမ့်မယ်လို့ ငါမထင်ဘူး"
"နတ်ကုန်းမြေတိုက်မှာ အင်အားစုတွေ အများကြီးရှိပြီး မျိုးနွယ်စုပေါင်း တစ်သောင်းလောက် အတူယှဉ်တွဲ နေထိုင်နေကြတယ်.. ဒါကြောင့် ယှဉ်ပြိုင်မှုတွေက အတော် ပြင်းထန်တယ်.. အထူးသဖြင့် အရင်းအမြစ် အချို့အတွက် ဆိုရင် မျိုးနွယ်စုစစ်ပွဲ ဆင်နွှဲပြီး တိုက်လေ့ရှိကြတယ်.. မတိုက်ရင်လည်း မျိုးနွယ်စု ကျဆုံးမဲ့ အန္တရာယ်က ရှိနေတယ်လေ"
ကျီလင်ဝေက စိတ်ရင်းအတိုင်း ခံစားကာ ပြောလိုက်သည်။
ကျီလင်ဝေ၏ စကားကို ကျန်းချန် မငြင်းပယ်နိုင်ခဲ့ပေ။
နွားလား မျိုးနွယ်စုနှင့် တောင်ဝိညာဉ်မျိုးနွယ်စု တို့သည် ဤတောင်တန်း အတွက် တိုက်ပွဲဝင်ရန် တွန့်ဆုတ်မနေခြင်းမှာ ဤတောင်တန်းတွင် သူတို့ အလွန် နှစ်သက်သော အရင်းအမြစ်များ ရှိနေ၍ ဖြစ်မှန်း ထင်ရှား၏။
တစ်ဖက်ဖက်ကသာ ဤအရင်းအမြစ်များကို ရရှိပြီး အင်အားတိုးတက်လာလျှင် ကျန်တစ်ဖက် အတွက် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်တို့ နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် တောင်ဝိညာဉ်မျိုးနွယ်စုသည် တစ်ချီ တိုက်ခိုက်ပြီးနောက် အောင်မြင်မှု မရရှိသဖြင့် တောင်ထိပ်မှ ခေတ္တ ဆုတ်ခွာသွားခဲ့သည်။
"မျိုးနွယ်စုခေါင်းဆောင်.. ဒီအတိုင်း ဆက်တိုက်နေလို့တော့ မဖြစ်ဘူး.. နွားလား မျိုးနွယ်စုက ခုခံတဲ့နေရာမှာ တော်ကြတယ်.. အခု သူတို့က နေရာကောင်းကိုလည်း ရထားသေးတယ်.. ငါတို့တွေ တောင်ပေါ်ကို တက်တိုက်ဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး"
တောင်ဝိညာဉ် မျိုးနွယ်စုဘက်မှ ဝိညာဉ်တစ်ကောင် ကဲ့သို့ ဖြူဖျော့နေသော မျက်နှာအသွင်အပြင် ရှိသည့် အနက်ရောင်ဝတ်စုံဝတ် အဘွားအိုတစ်ဦးက ခေါင်းဆောင်ဖြစ်သည့် အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကို ပြောလိုက်သည်။
အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းသည် ထိုအဘွားအို၏ စကားကို လျစ်လျူရှုလိုက်ပြီး သူ၏ စူးရှသော မျက်ဝန်းများဖြင့် နွားလား မျိုးနွယ်စုဘက်မှ ဦးဆောင်လာသည့် ခန့်ညားထည်ဝါသော ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကို စိုက်ကြည့်လိုက်၏။
သူ၏ နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သော စကားသံသည် ပတ်ဝန်းကျင်တွင် ပျံ့လွင့်သွားခဲ့သည်။
"နွားလား .. မင်းတို့ နွားလား မျိုးနွယ်စုနဲ့ ငါတို့ တောင်ဝိညာဉ်မျိုးနွယ်စုက ဒီလိုပဲ အဆုံးထိ တိုက်ကြမှာလား.. ဒီတိုက်ပွဲကို ဆက်တိုက်နေမယ် ဆိုရင် မင်းရော ငါရော ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး ဆိုတာ မင်းနားလည်မယ်လို့ ငါထင်တယ်"
နွားလား မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သူ နွားလားက အနက်ရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းကို အေးစက်စက် ကြည့်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ကွေးယွီရှန်း.. ဒီနေရာကို နွားလား မျိုးနွယ်စုက အရင်ဆုံး တွေ့ခဲ့တာပဲ.. မျိုးနွယ်စု နှစ်ခုကြားက တိုက်ပွဲက ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာ မင်းသိတယ်ဆိုရင် မင်းရဲ့ တောင်ဝိညာဉ် မျိုးနွယ်စုဝင်တွေကို ခေါ်ပြီး အခု ချက်ချင်း ထွက်သွားလိုက်တော့"
နွားလား၏ ယဉ်ကျေးမှု ကင်းမဲ့သော စကားများကို ကြားလျှင် တောင်ဝိညာဉ် မျိုးနွယ်စု၏ ခေါင်းဆောင် ကွေးယွီရှန်း၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားခဲ့သည်။
တောင်ဝိညာဥ် မျိုးနွယ်စု နှင့် နွားလား မျိုးနွယ်စု တို့၏ အင်အားမှာ အတူတူနီးပါး ဖြစ်ပြီး နှစ်ဖက်စလုံးသည် ဤတိုက်ပွဲတွင် ထူးချွန်သော တပည့်များစွာကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သည်။
စစ်ပွဲကိုသာ ဆက်လက် ဆင်နွှဲနေမည်ဆိုလျှင် နှစ်ဖက်စလုံးသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
မျိုးနွယ်စု နှစ်ခုလုံး၏ အင်အားများသာ ဆိုးရွားစွာ ထိခိုက်သွားခဲ့လျှင် တခြားမျိုးနွယ်စုများ၏ ဝါးမြိုခြင်းကို ခံရမည့် ဘေးအန္တရာယ်နှင့်လည်း ရင်ဆိုင်ရနိုင်၏။
ထို့ကြောင့် ကွေးယွီရှန်းသည် နွားလား မျိုးနွယ်စုနှင့် အဆုံးအထိ တိုက်ခိုက်လိုခြင်း မရှိပေ။
သို့သော်လည်း ဤတောင်တန်းပေါ်ရှိ အရင်းအမြစ်များကို ကွေးယွီရှန်းသည် အလွယ်တကူ လက်မလွှတ်နိုင်ချေ။
နွားလား မျိုးနွယ်စုသာ အရင်းအမြစ်များကို ရရှိသွားလျှင် နွားလား မျိုးနွယ်စု၏ အင်အားက အဆင့်တစ်ဆင့် မြင့်တက်သွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ တောင်ဝိညာဉ် မျိုးနွယ်စုသည် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည် မဟုတ်ပါလား။
ကွေးယွီရှန်းက ဆုံးဖြတ်ရခက်နေသည့် အချိန်တွင် စိတ်ထဲ၌ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မသိမသာ တုန်ယင်သွားခဲ့သည်။
ခဏအကြာတွင် ကွေးယွီရှန်း၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး သူ၏ နံဘေးရှိ တောင်ဝိညာဉ်မျိုးနွယ်စုမှ အဆင့်မြင့် ကျင့်ကြံသူများကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"အားလုံးပဲ.. တပ်ဆုတ်မယ်"
"ဘယ်လို.. တပ်ဆုတ်မယ် ဟုတ်လား"
တောင်ဝိညာဉ် မျိုးနွယ်စု၏ အဆင့်မြင့် ကျင့်ကြံသူ အချို့က မျက်နှာပျက်သွားခဲ့ပြီး မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ကွေးယွီရှန်းကို ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် .. ကျွန်တော်တို့ ဒီတောင်ပေါ်က အရင်းအမြစ်တွေကို နွားလား မျိုးနွယ်ဆီ တကယ်ပဲ ပေးလိုက်တော့မှာလား"
"မျိုးနွယ်စုခေါင်းဆောင်.. တပ်ဆုတ်လို့ မဖြစ်ဘူး.. ဒီနေရာက အရင်းအမြစ်တွေကို နွားလား မျိုးနွယ်ဆီ အလွယ်တကူ လက်လွှတ်လိုက်လို့ မဖြစ်ဘူး"
အစောပိုင်းက အဘွားအိုကလည်း မကျေမနပ် ပြောလိုက်သည်။
"နွားလား မျိုးနွယ်စုက ဒီနေရာက အရင်းအမြစ်တွေကို တစ်ဦးတည်း ဝါးမျိုချင်နေမှတော့ ငါတို့ တောင်ဝိညာဉ်မျိုးနွယ်စုဝင်တွေ ဆိုးဆိုးရွားရွား ထိခိုက်သွားရင်တောင် သူတို့ကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
"တော်ကြစမ်း.. အခုလေးတင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီက သတင်းပေးပို့လာတယ်.. ငါတို့ လုပ်ရမယ့် အရေးကြီးတဲ့ ကိစ္စတွေ ရှိနေပြီ.. ဒီနေရာမှာ နွားလား မျိုးနွယ်စုတွေနဲ့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး .. နွားလား မျိုးနွယ်စုကို ဒီနေရာ ခဏ ပေးထားလိုက်မယ်"
ကွေးယွီရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကွေးယွီရှန်း၏ စကားကို ကြားလျှင် အဆင့်မြင့် ကျင့်ကြံသူ များ၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ဆုတ်ခွာရန် အမိန့်အပေါ် မည်သည့် အထွန့်တက်မှုမှ မရှိကြတော့ပေ။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဆိုသည်မှာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စု ရှစ်ခုထဲမှ တစ်ခု ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်း မျိုးနွယ်စုကြီး တစ်ခုလည်း ဖြစ်သည်။
ဆိုရလျှင် သူတို့ တောင်ဝိညာဉ်မျိုးနွယ်စုသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ လက်အောက်ခံ အင်အားစု တစ်ခုမျှသာ ဖြစ်၏။
နွားလား မျိုးနွယ်စုနှင့် အရင်းအမြစ်များ အတွက် ယှဉ်ပြိုင်ခြင်းထက် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခြင်းက ပိုမို အရေးကြီးသည် မဟုတ်ပါလား။
ထိုသို့မဟုတ်ဘဲ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အပြစ်တင်ခြင်းကို ခံရလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် သူတို့ တောင်ဝိညာဉ်မျိုးနွယ်စု အတွက် နေစရာ နေရာ ရှိတော့မည် မဟုတ်ပေ။
"နွားလား.. ဒီနေ့တော့ ငါ ကွေးယွီရှန်း အလျော့ပေးလိုက်မယ်.. ဒီတောင်ပေါ်က အရင်းအမြစ်တွေကို မင်းတို့ နွားလား မျိုးနွယ်စု တစ်စုတည်းက အပိုင်စီးနိုင်မယ်လို့တော့ မထင်နဲ့"
ကွေးယွီရှန်းက နွားလား မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သည့် နွားလားကို နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး နောက် သူ၏ လက်ကို ဝှေ့ယမ်းကာ သူ၏ လူများကို ခေါ်ဆောင်၍ ဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူ လှည့်ထွက်လိုက်သည့် အခိုက်အတန့်မှာပင် ကောင်းကင်နတ်ဘုရား အဆင့် လူသားနှစ်ဦးသည် သူတို့နှင့် နွားလား မျိုးနွယ်စုတို့ တိုက်ခိုက်နေသည့် နေရာဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။
ဤလူသားနှစ်ဦးမှာ တခြားသူများ မဟုတ်ဘဲ ကျန်းချန် နှင့် ကျီလင်ဝေ တို့ပင် ဖြစ်သည်။
ကွေးယွီရှန်း၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး ကျန်းချန်ကို အေးစက်စက် မေးခွန်းထုတ်လိုက်၏။
"ကောင်လေး.. မင်း ဘယ်သူလဲ.. ဘယ်က လာတာလဲ"
အခန်း(၂၀၃၈) ပြီး၏