← Chapters

အခန်း (၂၀၃၉-၂၀၄၀)

Vol. 144 Ch. 2039-2040

အခန်း (၂၀၃၉-၂၀၄၀)

Vol. 144 Ch. 2039-2040

အခန်း(၂၀၃၉)

ကျန်းချန်က ကွေးယွီရှန်းကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ငါတို့က ပြင်ပကနေ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ဆီကို အတွေ့အကြုံရှာဖို့ ရောက်လာတာပါ.. ဘာပြဿနာရှိလို့လဲ"

ကွေးယွီရှန်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ဒါဆို မင်းတို့က အနက်ရောင်မြူတောအုပ် ထဲကနေ အခုလေးတင် ထွက်လာကြတာပေါ့"

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် လူမျိုးစုများစွာ ရှိကြသည်။

ထိုမျိုးနွယ်စုများစွာထဲတွင် တောင်ဝိညာဉ် မျိုးနွယ်စုသည် အားနည်းသော မျိုးနွယ်စု ဖြစ်၍ အင်အားကြီးသော မျိုးနွယ်စု အချို့ကို အမှီပြု၍ ရှင်သန်ရသည်။

ဆိုရလျှင် တောင်ဝိညာဉ် မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာ နတ်မျိုးနွယ်စု ရှစ်ခုထဲမှ တစ်ခုဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ လက်အောက်ခံမျိုးနွယ်စု ဖြစ်သည်။

ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုက သူတို့ကို မျက်နှာသာပေးရသည့် အဓိက အကြောင်းရင်းမှာ တောင်ဝိညာဉ် မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွန်ဆုံး နေရာတွင် တည်ရှိပြီး အနက်ရောင်မြူ တောအုပ်နှင့် အလွန် နီးကပ်သောကြောင့် ဖြစ်သည်ကို တောင်ဝိညာဥ် မျိုးနွယ်စု၏ ခေါင်းဆောင်များ ကောင်းစွာ သိရှိထားကြသည်။

တောင်ဝိညာဉ်မျိုးနွယ်စုသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အတွက် အနက်ရောင်မြူတောအုပ်ကို စောင့်ကြပ်ပေးသည့် မျိုးနွယ်စု ဆိုလည်းမမှားပေ။

ယခုလေးတင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ထံမှ အနက်ရောင်မြူ တောအုပ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေပြီ ဆိုသော သတင်း ရောက်ရှိလာခဲ့သည်။

ယင်းက တောင်ဝိညာဉ်မျိုးနွယ်စု အတွက် ကြီးမားသော ကိစ္စရပ်ပင် ဖြစ်သည်။

ထို့ကြောင့် သူတို့က အနက်ရောင်မြူတောအုပ် ထဲတွင် ဖြစ်ပျက်ခဲ့သည်များကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းရလိမ့်မည် မဟုတ်ပါလား။

ထိုသို့မဟုတ်ဘဲ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အပြစ်ပေးခြင်းကို ခံရလျှင် တောင်ဝိညာဉ် မျိုးနွယ်စုသည် တောင့်ခံနိုင်မည် မဟုတ်ပေ။

သူ့ရှေ့ရှိ လူနှစ်ဦးသည် အနက်ရောင်မြူတောအုပ်ကို ဖြတ်၍ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသို့ ယခုလေးတင် ဝင်ရောက်လာသူများ ဖြစ်ရာ အနက်ရောင်မြူတောအုပ် ထဲ၌ ဖြစ်ပျက်ခဲ့သည့် အရာများကို သေချာပေါက် သိနိုင်လောက်၏။

ထို့ကြောင့် သူက ဤလူနှစ်ဦးကို ဖမ်းဆီးကာ နှိပ်စက်မေးမြန်းရန် စီစဥ်ထားခဲ့သည်။

"အကိုကျန်းချန် .. တောင်ဝိညာဉ် မျိုးနွယ်စုက သာမန်မျိုးနွယ်စု တစ်ခုပဲ ဆိုပေမဲ့ သူတို့က မဟာ နတ်မျိုးနွယ်စု ရှစ်ခုထဲက ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုနဲ့ ပတ်သက်မှု ရှိနေပုံရတယ်.. သူတို့နဲ့ ပြဿနာ မဖြစ်တာ ပိုကောင်းမယ် ထင်တယ်"

ကျီလင်ဝေက တောင်ဝိညာဉ်မျိုးနွယ်စုဝင်များကို ကြည့်ကာ ကျန်းချန်ကို တိုးတိုးလေး ပြောလိုက်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် အလျှို့ဝှက်ဆုံး မျိုးနွယ်စု ဖြစ်သည်။

ကျန်းချန်က အင်အားကြီးမားပြီး အနက်ရောင်မြူ တောအုပ် ထဲမှ နယ်မြေနတ်ဘုရား အဆင့် ဝိညာဉ်ဆိုးများကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စုနှင့် မလိုအပ်ဘဲ ပြဿနာ မဖြစ်လိုချေ။

"မင်းတို့က ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကလား.."

ကျန်းချန်၏ စိတ်ထဲ၌ ထိတ်လန့်သွားမိသည်။

တောင်ဝိညာဉ် မျိုးနွယ်စု ခေါင်းဆောင် ကွေးယွီရှန်းသည် အနက်ရောင်မြူတောအုပ်မှ ကိစ္စကြောင့် ရောက်လာခြင်း ဖြစ်ရန်မှာ အခွင့်အရေး အလွန် များပြားသည်။

သို့သော်လည်း ကျန်းချန်က သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

သေးနုတ်သော တောင်ဝိညာဉ် မျိုးနွယ်စုကို မဆိုထားနှင့်၊ ဝိညာဥ်ဝါးမျိုသူ မျိုးနွယ်စု ကိုယ်တိုင် ရောက်ချလာပြီး သူ့ကို ပြဿနာ ရှာဝံ့လျှင် ငရဲကို အခမဲ့ ပို့ပစ်လိုက်မည်သာ။

"ဟုတ်တယ်.. ငါတို့ အနက်ရောင်မြူတောအုပ်ကို ဖြတ်ပြီး ဒီကို ရောက်လာတာပဲ .. ငါတို့က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ အကြောင်း သိပ်မသိလို့ မင်းတို့ဆီကနေ သတင်းအချို့ လာမေးတာပါ"

ကျန်းချန်၏ မျက်ဝန်းများက တည်ငြိမ်နေခဲ့ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ကျန်းချန်၏ စကားအဆုံးတွင် တောင်ဝိညာဉ်မျိုးနွယ်ဝင် အများအပြားသည် ကျန်းချန် ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ကြသည်။

မျိုးနွယ်စုစစ်ပွဲ ဆိုသည်မှာ နယ်မြေနတ်ဘုရားများပင် ရှောင်ရှားကြသည့် အရာ ဖြစ်သည်။

သို့သော် ဤနှစ်ယောက်ကမူ သတင်းစုံစမ်းရန် တိုက်ပွဲစစ်မြေပြင်ဆီသို့ ရောက်လာခဲ့ကြသည်။

ယင်းက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ခုန်ချလိုက်သည်နှင့် မခြားပေ။

"ဟားဟား.. မင်းတို့ လာတာ တကယ့်ကို အချိန်ကိုက်ပဲ.. ငါလည်း မင်းတို့ကို မေးစရာ ရှိနေတာနဲ့ အတော်ပဲ.. ငါနဲ့အတူ တောင်ဝိညာဉ် မျိုးနွယ်ဆီကို လိုက်ခဲ့ပါ"

ကွေးယွီရှန်းက အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်တို့ နှစ်ဦး ငြင်းပယ်၍မရသော လေသံဖြင့် ပြောလိုက်သည်။

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် လှောင်ပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

"ငါ့ကို မင်းနဲ့အတူ လိုက်ခဲ့ခိုင်းတိုင်း ငါက လိုက်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"

"ရိုင်းလှချည်လား.. လူသားကောင်လေး.. ငါတို့ မျိုးနွယ်စုခေါင်းဆောင်ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတယ် ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"

"မျိုးနွယ်စုခေါင်းဆောင်.. ဒီကောင်က ခေါင်းဆောင် အပေါ် မလေးမစား လုပ်ရဲတယ်.. ကျွန်တော် အခုပဲ သူ့ကို သတ်လိုက်ပါ့မယ်"

".........."

တောင်ဝိညာဉ် မျိုးနွယ်ဝင် အများအပြားသည် ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ဒေါသထွက်နေကြပြီး ကျန်းချန်ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ချင်သည့် စိတ်များပင် ပေါက်လာကြသည်။

"ကောင်လေး.. မင်းက စကားကောင်း ပြောလို့မရဘူး ဆိုမှတော့ ငါကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး.. ငါ့ကို အပြစ်မတင်နဲ့တော့"

ကွေးယွီရှန်း၏ အမူအရာက အေးစက်သွားခဲ့သည်။

"ဘယ်သူ သူ့ကို ဖမ်းပေးမလဲ.. သတ်တော့ မသတ်နဲ့ဦး.. ငါ သူ့ကို အသက်ရှင်လျက် လိုချင်တယ်"

"မျိုးနွယ်စုခေါင်းဆောင် စိတ်ချပါ.. ကျွန်တော့်ကိုသာ လွှဲထားလိုက်"

တောင်ဝိညာဉ် မျိုးနွယ်စုမှ လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ တစ်ဦးက ချက်ချင်းပင် ရှေ့သို့ တက်လာခဲ့ပြီး သူ၏ ကြောက်မက်ဖွယ်ရာ ကောင်းသော နယ်မြေနတ်ဘုရား အင်အားဖြင့် ကျန်းချန် တို့ကို အစွမ်းကုန် ဖိနှိပ်လိုက်သည်။

တောင်ထိပ်ပေါ်ရှိ နွားလား မျိုးနွယ်စုမှ နယ်မြေနတ်ဘုရား တစ်ပါးက ဤမြင်ကွင်းကို ကြည့်နေရင်း ခေါင်းဆောင်ဖြစ်သည့် နွားလားကို ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်.. တောင်ဝိညာဉ် မျိုးနွယ်စုက လူသားနှစ်ယောက်နဲ့ ပြဿနာ ဖြစ်နေတယ်.. ကျွန်တော်တို့ ဝင်ကူလိုက်ရမလား"

နွားလားက တည်ငြိမ်စွာပင် ပြောလိုက်သည်။

"သူများကိစ္စ ဝင်မပါနဲ့.. ဒီတောင်ကိုပဲ အခိုင်အမာ စောင့်ကြပ်ပါ"

တောင်ဝိညာဉ် မျိုးနွယ်စု၏ အင်အားသည် နွားလား မျိုးနွယ်စုထက် မနိမ့်ကျပေ။

ယခု တောင်ဝိညာဉ်မျိုးနွယ်စုက ဆုတ်ခွာပေးလိုခြင်းသည် နွားလား မျိုးနွယ်စု အတွက် ကောင်းမွန်သော အချက် ဖြစ်ရာ နွားလားသည် ပြဿနာ အသစ်များ မဖန်တီးလိုခဲ့ပေ။

အကယ်၍ ဤလူသားနှစ်ဦးသာ နယ်မြေနတ်ဘုရား အဆင့်အင်အား ရှိလျှင် သူက တောင်ဝိညာဉ်မျိုးနွယ်စုကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ရန် အတွက် ၎င်းတို့နှင့် ပူးပေါင်းဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပေလိမ့်မည်။

သို့သော် လူသားနှစ်ဦးက ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိ၍ သူတို့ ဝင်ကူပေး၍လည်း ဘာမှ အကြောင်းထူးမည် မဟုတ်ပေ။

"နယ်မြေနတ်ဘုရား အဆင့်ထဲကို အခုမှ ဝင်လာတဲ့ နယ်မြေနတ်ဘုရား တစ်ပါးက ငါ့ကို တိုက်ခိုက်ရဲတယ်လား"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ မမြင်နိုင်သော လက်သီးစွမ်းအားသည် တခဏအတွင်းမှာပင် အရာအားလုံးကို ကျော်ဖြတ်သွားခဲ့သည်။

တောင်ဝိညာဉ် မျိုးနွယ်စုမှ လူလတ်ပိုင်း အရွယ် ကျင့်ကြံသူက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည့် လက်သီးချက်ဖြင့် ထိမှန်ခံလိုက်ရသည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ တောင်ဝိညာဉ်မျိုးနွယ်မှ လူလတ်ပိုင်း အရွယ် ကျင့်ကြံသူ၏ ရင်ဘတ်သည် ပွင့်ထွက်သွားခဲ့သည်။

ထို့နောက်တွင် လူလတ်ပိုင်း အရွယ် နယ်မြေနတ်ဘုရား၏ ဝိညာဉ်ခန္ဓာကိုယ်ကပါ ချက်ချင်းဆိုသလို အပိုင်းပိုင်း ကွဲထွက်သွားခဲ့ပြီး ကောင်းကင်ယံကနေ သွေးမိုးများ သဖွယ် ကျဆင်းလာခဲ့သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

တောင်ဝိညာဉ်မျိုးနွယ်စု ဖြစ်စေ၊ နွားလား မျိုးနွယ်စု ဖြစ်စေ၊ အားလုံးသည် တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး အချိန်အတော်ကြာအောင် မှင်တက်ရာကနေ ပြန်လည်သတိ ဝင်မလာခဲ့ကြချေ။

"လက်သီး တစ်ချက်တည်းနဲ့ နယ်မြေနတ်ဘုရား တစ်ပါကို အလွယ်တကူ သတ်ပစ်လိုက်တယ်လား"

ထိုကဲ့သို့သော စွမ်းအားမျိုးသည် သာမန် ကောင်းကင်နတ်ဘုရား အဆင့် ပိုင်ဆိုင်သော စွမ်းအားမျိုး လုံးဝမဟုတ်ပေ။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

"မင်းက ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ငါ မင်းကို အထင်သေးခဲ့မိတာပဲ"

ကွေးယွီရှန်းက လှောင်ပြောင် ရယ်မောလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ တောင်ဝိညာဉ် မျိုးနွယ်စုဝင်ကို သတ်ရဲမှတော့ ဒီနေ့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့"

"သေချာလို့လား"

ကျန်းချန် က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေရင်း ကွေးယွီရှန်းကို ခပ်ထေ့ထေ့ ကြည့်လိုက်သည်။

"ငါ မင်းကို သတိပေးလိုက်မယ်.. မင်းရဲ့ တောင်ဝိညာဉ်မျိုးနွယ်စု တစ်ခုလုံး မျိုးဖြုတ်ခံရတာမျိုး မဖြစ်ချင်ဘူး ဆိုရင် ငါ့ရှေ့မှာ အေးအေးဆေးဆေး နေလိုက်တာ အကောင်းဆုံးပဲ"

"မင်း မောက်မာလှချည်လား"

ကွေးယွီရှန်းက ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော နယ်မြေနတ်ဘုရား စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလို သူ၏ ကျောဘက်တွင် ဧရာမ လက်ခြောက်ဖက် ဝိညာဥ်နတ်ဘုရား ထွက်ပေါ်လာခဲ့သည်။

သူ့ရှေ့ရှိ ကောင်လေးက နယ်မြေနတ်ဘုရားကိုပင် လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသဖြင့် အနည်းဆုံး မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နိုင်လောက်၏။

ထိုသို့မဟုတ်ဘဲ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ထားသည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်လည်း ဖြစ်နေနိုင်သည်။

ထိုကဲ့သို့သော ပါရမီရှင်မျိုးကို သာမန် နယ်မြေနတ်ဘုရားများက ယှဉ်နိုင်တော့မည် မဟုတ်ရာ ကွေးယွီရှန်းသည် တွန့်ဆုတ်မနေဘဲ ကိုယ်တိုင် လှုပ်ရှားရန် ရွေးချယ်လိုက်ခြင်းပင်။

သူက စတင် လှုပ်ရှားလိုက်သည်နှင့် တောင်ဝိညာဉ်မျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ကိုယ်ခံပညာရပ်ကို တစ်ခါတည်း ထုတ်ဖော်လိုက်သည်။

"ကောင်လေး.. သေပေတော့"

ကွေးယွီရှန်း၏ မျက်နှာက အေးစက်နေခဲ့ပြီး သူ၏လက်များကို ရင်ဘတ်ရှေ့တွင် ကပ်၍ လက်ဟန်များ အလျင်အမြန် ထုတ်ဖော်လိုက်ရာ သူ၏ ကျောဘက်ရှိ လက်ခြောက်ဖက် ဝိညာဥ်နတ်ဘုရားသည် စတင် လှုပ်ရှားလာခဲ့သည်။

လက်ခြောက်ဖက် ဝိညာဥ်နတ်ဘုရားက တုန်လှုပ်ဖွယ် ဝိညာဉ်စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန်ကို သတ်ဖြတ်ရန် ရောက်ရှိလာခဲ့သည်။

အခန်း(၂၀၃၉) ပြီး၏

အခန်း(၂၀၄၀)

"မျိုးနွယ်စုခေါင်းဆောင်.. အဲဒီကောင်လေးက တော်တော်လေး သန်မာတာပဲ.. သူက လက်သီးတစ်ချက်တည်းနဲ့ တောင်ဝိညာဉ်မျိုးနွယ်က နယ်မြေနတ်ဘုရား တစ်ပါးကို သတ်ပစ်လိုက်တယ်.. ဒါ အခွင့်အရေးပဲ.. ကျွန်တော်တို့ လှုပ်ရှားကြမလား"

တောင်ထိပ်ပေါ်ရှိ နွားလား မျိုးနွယ်စုမှ နယ်မြေနတ်ဘုရား တစ်ပါးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

နွားလား မျိုးနွယ်စု နှင့် တောင်ဝိညာဉ်မျိုးနွယ်စု တို့သည် နယ်နိမိတ်ချင်း ထိစပ်နေကြပြီး အမြဲတစေ ပွတ်တိုက်မှုများ ရှိခဲ့ကြသည်။

ဤနှစ်ပေါင်းများစွာအတွင်း နွားလား မျိုးနွယ်စုမှ မရေမတွက်နိုင်သော တပည့်များသည် တောင်ဝိညာဉ် မျိုးနွယ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

ဆိုရလျှင် တောင်ဝိညာဉ်မျိုးနွယ်ဝင်များ အပေါ်တွင် နွားလား မျိုးနွယ်စုဝင်များသည် ဟိုးအရင်ကတည်းကပင် နာကျည်းနေခဲ့ကြ၏။

ယခု တောင်ဝိညာဉ်မျိုးနွယ်က နယ်မြေနတ်ဘုရားတစ်ပါး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သလို အမျက်ထွက်နေသော ကွေးယွီရှန်း သည်လည်း လူသားကောင်လေးကို ကိုယ်တိုင် လှုပ်ရှား၍ တိုက်ခိုက်နေရပြီ ဖြစ်သည်။

သူတို့ နွားလား မျိုးနွယ်ကသာ ယခုအချိန်တွင် တိုက်ခိုက်မည်ဆိုလျှင် တောင်ဝိညာဉ်မျိုးနွယ်ကို တစ်ချီတည်းဖြင့် အလဲထိုးနိုင်မည်မှာ သေချာသလောက်ပင်။

ယင်းက တကယ့်ကို ရွှေရောင် အခွင့်အလမ်းပင် ဖြစ်၏။

နွားလား၏ ရွှေရောင်မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။

"ခဏလောက် စောင့်ဦး.. အဲဒီ လူသားကောင်လေး ရှုံးနိမ့်မယ့် အရိပ်အယောင် ပြလာတာနဲ့ ငါတို့ ချက်ချင်း လှုပ်ရှားကြမယ်"

နွားလားက တောင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင် ကွေးယွီရှန်းကို အတော်လေး စိုးရိမ်နေခဲ့သည်။

ကွေးယွီရှန်းသည့ ဝိညာဉ်လမ်းစဉ်ကို အထူးပြု ကျင့်ကြံသူဖြစ်၍ အလွန်ကို ကိုင်တွယ်ရခက်သော ပြိုင်ဘက်တစ်ဦးလည်း ဖြစ်သည်။

ဤနှစ်ပေါင်းများစွာ အတွင်း သူက ကွေးယွီရှန်း နှင့် တစ်ကြိမ်မက တိုက်ခိုက်ခဲ့ဖူးသော်လည်း အသာစီးရခဲ့ဖူးခြင်းမျိုး မရှိသလောက်ပင်။

ထိုလူသားကောင်လေးက နယ်မြေနတ်ဘုရား အဆင့်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်ခြင်းကြောင့် အင်အား မသေးလောက်ပေ။

လူသားကောင်လေးက ကွေးယွီရှန်း၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင်ပင် ကွေးယွီရှန်း၏ စွမ်းအားများကို များစွာ ကုန်ဆုံးသွားစေနိုင်လိမ့်မည်။

ထိုအချိန်ကျမှ သူက လှုပ်ရှားမည်ဆိုလျှင် ကွေးယွီရှန်းကို အနိုင်ယူရန် များစွာ ပို၍ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

နွားလားနှင့် အခြားသူများက တန်ပြန် အစီအစဉ်များကို ဆွေးနွေးနေကြစဉ်မှာပင် လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရားသည် ကြောက်မက်ဖွယ် စွမ်းအားများနှင့်အတူ ကျန်းချန်၏ ဦးခေါင်း အထက်သို့ ရောက်ရှိလာခဲ့သည်။

ထိုခဏတွင် မိုင်ပေါင်းရာချီသော နေရာလွတ်သည် ဝိညာဉ်နယ်မြေတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့၏။

ကျန်းချန်က သူ့ကို သတ်ဖြတ်ရန် ဆင်းသက်လာသော လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရားကို အေးစက်စွာ ကြည့်လိုက်ပြီး လက်ညိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

ထိုစွမ်းအား ပေါ်ထွက်လာသည်နှင့် လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရားသည် သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားလိုက်ရပြီး ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

ဓားစွမ်းအားက အမြုတေ ကြယ်တစ်လုံး လမင်းကို ပြေးဆောင့်သကဲ့သို့ အလင်းတန်းရှည်ကြီး တစ်ခုကို ချန်ရစ်ခဲ့ကာ လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရား ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့၏။

လက်ခြောက်ဖက် ဝိညာဥ်နတ်ဘုရားက သူ၏ လက်ခြောက်ဖက်ကို အလျင်အမြန် ဝှေ့ယမ်း၍ သူ၏ရှေ့တွင် ဝိညာဉ်စွမ်းအား အကာအကွယ် အလွှာ ခြောက်ခုကို ဖန်တီးလိုက်သည်။

သို့သော်လည်း သူ၏ ကာကွယ်မှုများသည် ကျန်းချန်၏ ဓားစွမ်းအားအောက်တွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် အကာအကွယ်အလွှာ ခြောက်ခုစလုံးသည် ဓားစွမ်းအားကြောင့် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရား၏ လက်ခြောက်ဖက်နှင့် ကြီးမားသော ခန္ဓာကိုယ်ကြီးပင်လျှင် ထိုဓားချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရ၏။

အဆုံးသတ်တွင် ဝုန်းခနဲ မြည်သံနှင့်အတူ လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားခဲ့ပြီး အနက်ရောင် မြူခိုးများ အဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်မျောသွားခဲ့သည်။

"ဝေါ့"

လက်ခြောက်ဖက် ဝိညာဉ်နတ်ဘုရားက ကျန်းချန်၏ ဓားစွမ်းအားဖြင့် အသတ်ခံလိုက်ရသဖြင့် ကွေးယွီရှန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် တောင်ဝိညာဉ်မျိုးနွယ်စု ဖြစ်စေ၊ နွားလား မျိုးနွယ်စု ဖြစ်စေ အားလုံးသည် ကျောက်ရုပ်များကဲ့သို့ မှင်သက်ကာ ရပ်နေမိကြသည်။

ထိုခဏတွင် ကမ္ဘာကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။

တောင်ဝိညာဉ်မျိုးနွယ်စု ခေါင်းဆောင် ကွေးယွီရှန်းက တစ်ကွက်ထဲဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

"မင်း.. မင်း ဘယ်သူလဲ"

ကွေးယွီရှန်းက ဖြူဖျော့နေသော မျက်နှာဖြင့် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ အဆုံးသတ်၌ ပေါ်လာခဲ့၏။

သူက မြေကြီးအရှင် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး တောင်ဝိညာဉ် မျိုးနွယ်စု၏ ထိပ်တန်း ကိုယ်ခံပညာရပ်ကို အပြည့်အဝ ထုတ်ဖော်ခဲ့သည့် တိုင်အောင် သူ့ရှေ့ရှိ ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသည့် ကောင်လေး၏ တိုက်ခိုက်မှုအောက်တွင် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရသည်။

ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ထားသည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ပင် ထိုမျှအထိ လုပ်ဆောင်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

"သူတော်စင်ကောင်းကင် နတ်ဘုရား အဆင့်လား"

သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ထားသည့် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်ရန် အခွင့်အလမ်း အလွန်များပြား၏။

ကွေးယွီရှန်းသည် ကောင်းကင်အရှင် နှင့် ယှဉ်နိုင်စွမ်းရှိသည့် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါးကို သွားရောက် ရန်စမိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါးသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ သို့ ရောက်ရှိလာခဲ့ပြီး ၎င်း ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အနက်ရောင်မြူတောအုပ် ထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကွေးယွီရှန်းသည် သံသယအချို့ ဝင်လာခဲ့သည်။

အနက်ရောင်မြူတောအုပ် အတွင်း ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများသည် သူ့ရှေ့ရှိ သူတော်စင် ကောင်းကင် နတ်ဘုရားနှင့် သက်ဆိုင်နေလောက်၏။

"သွားကြစို့"

ကွေးယွီရှန်းသည် သူ၏ စိတ်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ ကျန်းချန်ကို ဆက်လက် ရင်ဆိုင်ရန် မဝံ့ရဲတော့ဘဲ ချာခနဲလှည့်ကာ တောင်ဝိညာဉ် မျိုးနွယ်စုဝင်များကို ခေါ်၍ ဤနေရာမှ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။

သူက ဤသတင်းကို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဆီသို့ တတ်နိုင်သမျှ အမြန်ဆုံး ပေးပို့ရမည် မဟုတ်ပါလား။

"ဟားဟား.. ကွေးယွီရှန်း.. မင်းတို့ တောင်ဝိညာဉ် မျိုးနွယ်စုက မတရားမှုတွေ အများကြီး ကျူးလုပ်ခဲ့တယ်.. အခုတော့ မင်းတို့တွေ ကိုယ့်အကုသိုလ်နဲ့ကိုယ် သေရတော့မယ်.. ဒီနေ့ ငါက မိုးကောင်းကင် ကိုယ်စား တရားစီရင်ပြီး မင်းတို့ တောင်ဝိညာဉ် မျိုးနွယ်စုတွေကို အမြစ်ပြတ် သုတ်သင်မယ်"

ဤအခိုက်အတန့်တွင် နွားလားက ရူးသွပ်စွာ ရယ်မောလိုက်ပြီး နွားလား မျိုးနွယ်ဝင်များကို တိုက်ရိုက် ဦးဆောင်ကာ တောင်ဝိညာဉ်မျိုးနွယ်စု ဆီသို့ ရက်စက်စွာ သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။

မူလအစီအစဥ်အရ လူသားကောင်လေးက ကွေးယွီရှန်း၏ အင်အားအချို့ကို ကုန်ဆုံးစေရန် စောင့်ဆိုင်းပြီးမှ လှုပ်ရှားရန် စိတ်ကူးခဲ့သော်လည်း ထိုကောင်လေးက ဤမျှအထိ နတ်ဆိုးဆန်လွန်းပြီး ကွေးယွီရှန်းကို တစ်ကွက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန် ရစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါ တောင်ဝိညာဉ် မျိုးနွယ်စုသည် နယ်မြေနတ်ဘုရားတစ်ပါး ကျဆုံးခဲ့ရသလို မြေကြီးအရှင်အဆင့် ကွေးယွီရှန်း ကိုယ်တိုင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်ရာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားပြီဟု ဆိုနိုင်သည်။

ဤသည်မှာ သူတို့ နွားလား မျိုးနွယ်စု အတွက် တောင်ဝိညာဉ်မျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ရန် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်၍ နွားလား အနေဖြင့် တစ်သက်တွင် တစ်ခါသာရရှိမည့် အခွင့်အရေးကို အဘယ်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

"နွားလား.. မင်း လုပ်ရဲလား"

နွားလား နှင့် အခြားသူများ သတ်ဖြတ်ရန် ပြေးဝင်လာသည်ကို မြင်လျှင် ကွေးယွီရှန်း၏ အမူအရာသည် ဒေါသရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

"ငါတို့ တောင်ဝိညာဉ်မျိုးနွယ်စုက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ လက်အောက်ခံပဲ.. မင်းသာ ငါတို့မျိုးနွယ်စုကို ဖျက်ဆီးဝံ့ရင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ယခုအခါ တောင်ဝိညာဉ်မျိုးနွယ်က သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကြောင့် အထိနာနေပြီ ဖြစ်ရာ နွားလား မျိုးနွယ်စုနှင့် ယှဉ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

အကယ်၍ နွားလား မျိုးနွယ်စုကသာ ယခုအချိန်တွင် လှုပ်ရှားမည်ဆိုလျှင် သူတို့ တောင်ဝိညာဉ် မျိုးနွယ်စုသည် လုံးဝ ဇာတ်သိမ်းသွားပေလိမ့်မည်။

"မေဘေး ကွေးယွီရှန်း.. ငါ့ကို လာခြိမ်းခြောက်မနေနဲ့.. မင်းတို့ နောက်ကွယ်မှာ လူရှိနေသလို ငါတို့ နွားလား မျိုးနွယ်စု နောက်ကွယ်မှာလည်း လူမရှိဘူးလို့ မင်း ထင်နေတာလား.. ဒီနေ့တော့ မင်းတို့ တောင်ဝိညာဉ် မျိုးနွယ်စု ပျက်စီးဖို့ ကံပါလာခဲ့ပြီ.. အားလုံးပဲ သတ်ကြစမ်း"

နွားလားက အေးစက်စက် ပြုံးလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့ကာ သူ၏ လက်ထဲရှိ ရွှေရောင် ပုဆိန်ကြီးကို တိုက်ရိုက် ဝှေ့ယမ်း၍ ကွေးယွီရှန်းကို ခုတ်ချလိုက်သည်။

ပုဆိန်ချက်ဖြင့် အခုတ်ခံလိုက်ရသော ကွေးယွီရှန်း၏ အမူအရာက အလွန်အမင်း အကျည်းတန်သွားခဲ့သည်။

အကယ်၍ သူသာ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် နွားလားကို အနည်းငယ်မျှပင် စိုးရိမ်စရာ လိုလိမ့်မည် မဟုတ်ပေ။

သို့သော် သူက ယခုလေးတင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ရာ သူ၏ အထွတ်အထိပ် အခြေအနေမှ တိုက်ခိုက်ရေးစွမ်းရည်၏ ၇၀ ရာခိုင်နှုန်းကိုပင် အသုံးမပြုနိုင်တော့ချေ။

သူ၏ ယခု အခြေအနေဖြင့် နွားလား နှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

သို့သော်လည်း နွားလား၏ အစွမ်းကုန် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကွေးယွီရှန်း အနေဖြင့် အတွေးများနေရန် အချိန်မရှိတော့ပေ။

သူက သူ၏ခန္ဓာကိုယ်အတွင်းရှိ နယ်မြေနတ်ဘုရား စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းနိုင်သည့် ဧရာမ ဝိညာဉ်လက်တစ်ဖက် အဖြစ် ပြောင်းလဲကာ နွားလား ခုတ်ချလိုက်သည့် ကြောက်မက်ဖွယ် ပုဆိန်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် သူတို့နှစ်ဦးကို ဗဟိုပြု၍ ပျံ့နှံ့သွားခဲ့သည်။

ကွေးယွီရှန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး တစ်ကိုယ်လုံးသည် ပေပေါင်း ရာချီ နောက်ပြန် လွင့်စင်သွားခဲ့သည်။

သူ၏မျက်နှာကလည်း တခဏအတွင်း ပို၍ ဖြူဖျော့သွားခဲ့၏။

သူ၏ အနောက်ရှိ တောင်ဝိညာဉ် မျိုးနွယ်စုဝင် အများအပြားသည်လည်း ပျံ့နှံ့လာသည့် အဖျက်စွမ်းအင် မုန်တိုင်းကြောင့် လွင့်ထွက်ကုန်ကြသည်။

အားနည်းသော တောင်ဝိညာဉ်မျိုးနွယ်စုမှ တပည့် အချို့ဆိုလျှင် ထိုအဖျက်စွမ်းအင် မုန်တိုင်း၏ ရိုက်ခတ်မှုအောက်တွင် အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၀၄၀) ပြီး၏

All Chapters